Switch Mode

အပိုင်း (၁၀၇၁)

ချင်းလင်

မူလတုန်းက ဝမ်လင်းသည် မြေနိမ့်လမ်းညွှန်၏ စွမ်းအားကို အသုံးချ၍ သည်ပုလင်းကမ္ဘာ၏ အပြင်ဘက်လမ်းကြောင်းကို ဖွင့်လှစ်ဖို့ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် တခြားဘက်မှ မိစ္ဆာစွမ်းအင်များ ဝဲကတော့အတွင်းသို့ ကျူးကျော်လာနေရင်း မြေနိမ့်လမ်းညွှန်သည် ထိန်းချုပ်မှု လွတ်ကင်းသွားသည်။

ဝမ်လင်းသည် နောက်သို့ ချက်ခြင်း ဆုတ်လိုက်တာတောင် သိပ်သည်းသောမိစ္ဆာစွမ်းအင်များကို ခံစားမိလိုက်သေး၏။ သူ့အသွင်က တုန်လှုပ်မှုန်သုန်သွားတော့သည်။

သူက မြေနိမ့်လမ်းညွှန်ကို အခုမှ ပထမဆုံးအသုံးပြုခြင်းလည်း ဖြစ်ကာ သူသည် သည်ဥမင်က သည်လိုခန်းမနေရာမျိုးသို့ ဦးတည်သွားစေလိမ့်မည်ဟုလည်း မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

သူ့အတွေ့အကြုံအရ မန်ဟိုင်ပြီးလျှင် ပြန့်ကြဲမိစ္ဆာများက မိစ္ဆာစွမ်းအင်အများဆုံးကို ပေးစွမ်းသူများ ဖြစ်ကြ၏။ သို့သော် ခုမြေနိမ့်လမ်းညွှန် ဝဲကတော့ထဲမှ ထွက်ပေါ်လာသည့် မိစ္ဆာစွမ်းအင်များသည် အလွန်သန့်စင်လို့နေ၏။

ဤစွမ်းအင်များက အဆုံးစွန်မိစ္ဆာစွမ်းအင်များဖြစ်ကာ မိစ္ဆာစွမ်းအင်များ၏ ဘိုးဘေးဟုပင် ဆိုနိုင်လောက်၏။

သည်မိစ္ဆာစွမ်းအင်များနှင့် နှိုင်းယှဉ်ပါက မန်ဟိုင်နှင့်ပြန့်ကြဲမိစ္ဆာတို့၏ မိစ္ဆာစွမ်းအင်များသည် လရောင်အောက်က ပိုးစိုးကြူးများကဲ့သို့ ဖြစ်သွားနိုင်ပေမည်။

သည်ခန်းမအတွင်း ပလ္လင်ပေါ်၌ ထိုင်နေသည့်သူက ဝမ်လင်း၏ ဦးရေပြားကိုပါ တင်းကြပ်သွားစေ၏။ တစ်ချက်ကြည့်မိရုံဖြင့် သူ့စိတ်နှလုံးသည် တုန်ယင်ရသည်။

ချက်ခြင်းပင် ဝမ်လင်း၏ နှလုံးခုန်သံတို့ မြန်လာကာ အသက်ရှုပင် ရပ်သွားမိ၏။ သူက အချိန်ဆွဲမနေတော့ဘဲ မြေနိမ့်လမ်းညွှန်နှင့် သူ့ကြားရှိ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်ရာ သူ့ရှေ့ရှိ ဝဲကတော့သည် စတင်ပျက်စီးလာ၏။

ဝဲကတော့ ပျက်စီးနေရင်း ဝမ်လင်းသတ်ခဲ့သော လူဆယ့်နှစ်ယောက်ကျော်၏ အရိပ်များ ပြန်ပေါ်လာနေ၏။သူတို့က ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၍ တစ္ဆေငြီးသံများကို ထုတ်လွှတ်နေ၏။ သူတို့က ဝဲကတော့ထဲကနေ ထွက်၍ ဝမ်လင်းကို ဝါးမြိုပစ်ချင်နေသည့်အလား။

ပလ္လင်ကြီးပေါ်၌ ထိုင်နေသော ပုံရိပ်က ဖြည်းဖြည်းချင်း ခေါင်းမော့လာ၏။မြူလွှာများကြားကနေ ရူးသွပ်ဖွယ်အကြည့်တစ်ခုသည် ဖြည်းဖြည်းချင် ထွက်ပေါ်လာသည်။ ၎င်းက ပြိုပျက်နေသောဝဲကတော့ကို ထွင်းဖောက်၍ ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက်လာသည်။ထိုရူးသွပ်ဖွယ်မျက်လုံးအကြည့်က ရုတ်တရက် အာရုံစိုက်သွား၏။

ထိုဆန်းကြယ်လှသည့်ပုံရိပ်၏ မျက်လုံးက အာရုံစူးစိုက်လိုက်သည့်အခိုက်၌ အပြာရောင်အလင်းတစ်ခုသည် ဝမ်လင်း၏ညာမျက်လုံးထဲကနေ ဖျပ်ခနဲ ထွက်ပေါ်လာ၏။ သူသည် တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်၏။ အဇူရာအလင်းဒိုင်းသည် သူ့ရှေ့တွင် ချက်ခြင်း ပေါ်လာသည်။

ချက်ခြင်းလိုလိုပင် ပလ္လင်ထက်ရှိ ပုံရိပ်က သူ့လက်ကို ပင့်မြှောက်လိုက်သည်။ သူ့လက်ထဲ၌ တစ်ခုခုကိုင်ထားသလို သူက ၎င်းကို ပစ်လွှတ်လိုက်သည်။

အဝါရောင်အလင်းတန်းတစ်ခုသည် ပျက်စီးပြိုပျက်နေသည့် ဝဲကတော့ထံသို့ တိုးဝင်လာ၏။ ထိုအဝါရောင်အလင်း ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည့်အခါ ကျယ်လောင်စွာ ပေါက်ကွဲ၍ ဝဲကတော့ပျက်စီးမှုက ပို၍ပင် မြန်ဆန်လာသေးသည်။ အဝါရောင်အလင်းသည် ဝဲကတော့ကို ထွင်းဖောက်သွားချိန်၌ ဝဲကတော့သည်လည်း လွင့်ပြယ်ပျောက်ကွယ်သွားတော့သည်။

ထိုအခါ အထဲရှိ ကြမ်းကြုတ်လှသည့်အရိပ်များသည်လည်း အနက်ရောင်အလင်းစက်များအဖြစ်သို့ ပေါက်ကွဲ၍ ပျောက်ကွယ်သွားတော့သည်။

အဝါရောင်အလင်းသည် ဝဲကတော့ထဲကနေ ထိုးထွက်လာကာ အဇူရာအလင်းဒိုင်းပေါ်သို့ ချက်ခြင်း ကျရောက်လာသည်။သို့ရာတွင် ၎င်းအလင်းက ဝဲကတော့ကို အတားအဆီးမရှိသည့်အလား တိုက်ရိုက် ဖြတ်ကျော်ကာ ဝမ်လင်းမျက်နှာနားသို့ ချက်ခြင်းလိုလို ရောက်ရှိလာသည်။ ၎င်းအလင်းက ဝမ်လင်းနှာခေါင်းနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွား၏။

ထိုအခိုက်အတန့်၌ ဝဲကတော့လည်း ပျောက်ကွယ်သွားပြီ ဖြစ်ရာ အနက်ရောင်မျှော်စင်သည် အရင်တိုင်း ပြန်ငြိမ်သက်သွားတော့သည်။

သို့ရာတွင် ဝမ်လင်းနှဖူးထက်၌ အေးစက်စက်ချွေးများ ပြန်နေ၏။ အဝါရောင်အလင်းကို အနီးကပ် ကြည့်မိသည့်အခါ သူက ၎င်းအထဲ၌ စိန်ပုံစံသလင်းတစ်ခု ရှိနေသည်ကို တွေ့သည်။

ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ဝမ်လင်းသည် သုန်မှုန်ကာ မရေရာမသေချာဟန် ဖြစ်ပေါ်နေ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူသည် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ထိုသလင်းသည် သူ့လက်ထဲသို့ ပျံသန်းလို့လာသည်။

“ငါက မြေနိမ့်လမ်းညွှန်ကို မှားပြီး အသုံးပြုတာ မဟုတ်ဘူးပဲ။ ဒါပေမဲ့ အခြားအားကောင်းတဲ့ မန္တာန်တစ်ခုက ကြားဖြတ်နှောက်ယှက်ခဲ့တာ။ ဒါ့ကြောင့် ငါက မြေနိမ့်လမ်းညွှန်ထိန်းချုပ်မှုကို ဆုံးရှုံးသွားပြီး ငါ မသိတဲ့နေရာကို တွေ့ရဖို့ ဖြစ်သွားတာပဲ…” ဝမ်လင်းသည် သူ့လက်ထဲရှိ သလင်းကို ကြည့်လိုက်၏။ သူ့ဉာဏ်ရည်ဖြင့် အနည်းငယ် စဉ်းစားကြည့်လိုက်သည့်နောက် သူသည် နားလည်သွားတော့သည်။

“ဒီဆန်းကြယ်လှတဲ့လူကပဲ ငါ့မြေနိမ့်လမ်းညွှန်ကို ကြားဝင်ဟန့်တားလိုက်တာ။ မြူနက်တွေတောင့် ငါ သူ့ပုံပန်းအသွင်ကို မမြင်လိုက်ရတာ ကံဆိုးတာပဲ။ဒီသလင်းကျောက်က သူ ငါ့ကို ပေးမှန်း သိသာတယ်…”

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။သူက မျက်မှောင်ကြုတ်မိနေပြန်သည်။ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူက အလွန်ထူးခြားဆန်းကြယ်နေသည်။ သူ ခန့်မှန်းနိုင်သည့်အရာများစွာ ရှိနေသည်လျှင်ပင် သူသည် အမြေမှန်ကို မရရှိသေးပေ။

“ဒီဆန်းကြယ်တဲ့ပုံရိပ်က…အင်ပါယာချင်းလင်များ ဖြစ်နေမလား…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားရင်း ခပ်တိုးတိုး ဆိုသည်။ “ဒီသလင်းကျောက် ငါ့ကို ပေးတဲ့ သူ့ရည်ရွယ်ချက်က ဘာများလဲ…”

သလင်းကျောက်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းသည် ၎င်းကို စစ်ဆေးကြည့်ရန် သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်ပေ။ထိုအစား သူက ၎င်းကို ဘေးတစ်ဖက်တွင် ထား၍ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ကျင့်ကြံရန် ထိုင်ချလိုက်သည်။

သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ဒဏ်ရာများစွာ ရရှိထားသလို သူ့သွေးများစွာလည်း ဆုံးရှုံးထားခြင်းက သူ့ကို အားနည်းမှုအား ခံစားနေစေပြီ မဟုတ်လား။ အန္တရာယ်ရှိသည်ဟု သူ့ကို အမှန်တကယ် ခံစားစေသည့်အရာက သူ့ထံ၌ မူလစွမ်းအင်များစွာ မကျန်ရှိတော့ခြင်းပင်။

သည်လိုဆိုလျှင်ပင် အခြေအနေက ဆိုးဆိုးဝါးဝါး မဖြစ်လွန်းသေပေ။ သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်ပါ ကုန်ခမ်းလုနီးပါး ဖြစ်နေခြင်းက သူ့အဖို့ အလွန်ဆိုးဝါးစေသည်။

“စီနီယာအစ်ကိုချင်းရွှေထံကနေ ကောင်းကင်ဘုံမူလစွမ်းအင် အများအပြား ငါ ရရှိခဲ့တယ်။ငါက ဒါက တတ်နိုင်သမျှ ပြန်ပြည့်တင်းအောင် လုပ်ဖို့ မြန်မြန် နည်းလမ်း ရှာရမယ်။ ဒီလောက်အန္တရာယ်များတဲ့ တိုက်ပွဲမျိုးက ငါ့ဘဝမှာ ကြုံတောင့်ကြုံခဲပဲ…”

မန်ဟိုင်အသုံးပြုခဲ့သည့် ကောင်းကင်ဘုံမန္တန် ကောင်းကင်ဘုံလောင်ကျွမ်းခြင်းကို ပြန်တွေးမိသည့်အခါ ဝမ်လင်းသည် မထိတ်လန့်မိဘဲ မနေနိုင် ဖြစ်ရသည်။သူက မျှော်စင်အပြင်ဘက်သို့ ကြည့်လိုက်ရာ မီးတောက်များဖုံးလွှမ်းနေသည်ကိုသာ တွေ့မြင်လိုက်ရ၏။

မျှော်စင်အတွင်း၌ သူသည် အပူဓာတ်ကို မခံစားမိသော်လည်း အပြင်သို့ ကြည့်လိုက်သည်နှင့် သူ့အမြင်ပင် အပူလှိုင်းက လာရိုက်ခတ်စေ၏။သူသည် ကြာကြာလှမ်းမကြည့်နိုင်ပေ။

“စစ်ထူနဲ့ တခြားသူတွေရော ဘာတွေများ လုပ်နေကြမလဲ ငါ သိချင်မိတယ်…” ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူက မျှော်စင်ထဲ၌ ရှိနေသည်။ပြင်ပကမ္ဘာမှာက မီးတောက်များသာ ဖုံးလွှမ်းနေ၏။ သည်လောက၌ သူတစ်ယောက်တည်း ကျန်နေခဲ့တော့သည့်အလားပင်။

အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက် ဝမ်လင်း မြိုချခဲ့သည့် ဆေးလုံးများသည် အစွမ်းပြလာကာ သူ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို တဖြည်းဖြည်းချင်း ပြန်ကုစားပေးလာ၏။ထို့နောက် သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နို့နှစ်ရောင်အလင်းတစ်ခု သူ့လက်ထဲ၌ ပါလာ၏။

ထိုနို့နှစ်ရောင်အလင်းအတွင်း၌ အလွန်သန့်စင်သည့် ကောင်းကင်ဘုံမူလစွမ်းအင် ရှိနေ၏။

“ ရွှမ်ပေါင်ရဲ့ မူလစိတ်ဝိညာဉ်က ခုချိန်မှာ အသုံးဝင်လာပြီ…” ဝမ်လင်းသည် ထိုအလင်းလုံးကို သူ့နှာခေါင်းနားတေ့၍ ရှိုက်သွင်းလိုက်၏။ ထိုအလင်းလုံးမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းနှစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်း၏ နှာခေါင်းပေါက်ကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ရက်အတော်အတန်ကြာပြီးနောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်များ ပြန်လည်ဖြည့်တင်းလာကာ အနည်းငယ်ပင် ပို၍ တိုးလာ၏။ သို့သော် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံစွမ်းအင်များစွာ သိမ်းဆည်းထားလို့ မရကြောင်းကို သိ၏။ မဟုတ်ပါက သူ့ဒန်တျန်သည် ပျောက်ကွယ်သွားနိုင်သည်။

ရှေးဟောင်းနတ်ဘုရားများ၏ ခန္ဓာကိုယ် ကုသခြင်းစွမ်းရည်မှာ ကောင်းမွန်သဖြင့် သူ့ဒဏ်ရာများအားလုံးလည်း ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ အားနည်းသည့်ခံစားမှုလည်း မရှိတော့ပေ။ သို့သော် ခုဝမ်လင်း ရင်ဆိုင်ရမည့် ပြဿနာက သူ့မူလစွမ်းအင်များ ပြန်ပြည့်ဖြိုးလာအောင် လုပ်ရဦးမည်ပင်။

သူသာ ပြင်ပတွင် ရှိနေပါက ထိုအရာက ပြဿနာ မဟုတ်ပေ။သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ကျင့်ကြံရင်း လောကရှိ မူလစွမ်းအင်များကို စုပ်ယူနိုင်၏။

သို့ရာတွင် သည်နေရာတွင်မူ ရက်အတော်အတန် ကျင့်ကြံပြီးသော်လည်း မူလစွမ်းအင် ပြန်ကောင်းမွန်သည့်နှုန်းက အလွန်နှေးကွေးနေသည်။ သူသည် ဤသဲနက်ကန္တာရ၌ မူလစွမ်းအင်များပြားစွာ မရှိမှန်း ခပ်ရေးရေး ခံစားမိသည်။ ကျန်ရှိသည့် မူလစွမ်းအင်များသည်ပင် ပြင်ပရှိ မီးပင်လယ်ကြား ပေါင်းစပ်သွားကြပြီ ဖြစ်၏။

ထို့အတွက်ကြောင့် ဝမ်လင်းအဖို့ စုပ်ယူရန် ခက်ခဲနေ၏။

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက မတ်တပ်ထရပ်ကာ သိပ်မဝေးသောနေရာရှိ အဝါရောင်သလင်းကို ကြည့်လိုက်၏။ သို့ရာတွင် သူက ၎င်းသလင်းကို လစ်လျူရှုရန် ရွေးချယ်လိုက်ပြီး မျှော်စင်ပြတင်းနားသို့ ရောက်လာကာ အပြင်သို့ လှမ်းကြည့်သည်။

မီးတောက်များက သူ့အမြင်ကို ဖုံးကွယ်နေတုန်းပင်။ကောင်းကင်ထက်မှလည်း အက်ကွဲသံများ ကြားနေရ၏။ မှန်ကဲ့သို့ အဖြူရောင်မျက်နှာပြင် ကောင်းကင်သည် လောင်ကျွမ်းနေသောမီးတောက်များမှ မီးခိုးငွေ့များနှင့် လွှမ်းနေ၏။

“ငါ့မူလစွမ်းအင်က ပြန်မကောင်းသေးဘူး။ဒါ့ကြောင့် ငါ့ကျင့်ကြံမှုအဆင့်ကလည်း အထွတ်အထိပ်မှာ ရှိမနေတော့ဘူး။ဒါ့ကြောင် ငါ က ဒီသလင်းကျောက်ကို လက်လွတ်စပယ် စူးစမ်းကြည့်လို့ မဖြစ်သလို ဒီနေရာကနေလည်း ထွက်သွားလို့ မရသေးဘူး…” ဝမ်လင်းသည် ကျင့်ကြံနေရင်း သူ့နတ်ဘုရားအာရုံကို အနက်ရောင်မျှော်စင်တစ်ခုလုံးသို့ ဖြန့်ကျက်၏။သို့သော် သူသည် သာမန်မဟုတ်တာ ဘာမှ မတွေ့မိပေ။

စဉ်းစားနေရင်းဖြင့် သူသည် မျှော်စင်ပြင်ပရှိ သိပ်သည်းသောမီးတောက်များကို ကြည့်ကာ တွက်ချက်နေ၏။ ထို့နောက် အံတင်းတင်းကြိတ်ကာ မျှော်စင်ပြင်ပသို့ ခြေတစ်လှမ်း လှမ်းသည်။

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းသည် မြေပြင်ထက်သို့ ရောက်သွား၏။ သူ့ခြေထောက်က မြေပြင်နှင့်ထိမိသည်နှင့် မီးတောက်များသည် သူ့ကို သတိပြုမိသွားသည်ဟု ထင်ရ၏။၎င်းတို့က ချက်ခြင်းပင် သူ့ကို ဝါးမြိုရန် တာဆူလာကြသည်။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ရှေ့သို့ ဆန့်ထုတ်၏။ မီးတောက်အစိတ်အပိုင်းတစ်ခုကို သူ့လက်ဖြင့် ဖမ်းယူလိုက်သည်။ထို့နောက် ချက်ခြင်း မျှော်စင်ရှိရာသို့ အမြန် ပြန်ဆုတ်သွားသည်။

သူမျှော်စင်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် မီးတောက်များက ရောက်ရှိလာကာ မျှော်စင်တစ်ခုလုံးကို ခြုံလွှမ်းလာသည်။အချိန်အတန်ကြာပြီးနောက်မှ မီးတောက်များသည် မျှော်စင်ကို မလောင်ကျွမ်းနိုင်မှန်း သိသွားသည့်အလား ဒီလှိုင်းများကဲ့သို့ ပြန်ဆုတ်သွား၏။

ဝမ်လင်းသည် မျှော်စင်အောက်ခြေတွင် ထိုင်နေ၏။သူ့မျက်နှာက ဖြူရောနေသည်။သူ့ညာလက်ထဲ၌ ပဲစေ့လောက်ရှိသည့် မီးတောက်တစ်ခု ရှိနေ၏။ထိုမျှသေးငယ်သော မီးတောက်ကပင် ပြင်းထန်သောအပူဓာတ်ကို ပေးစွမ်းနေသည်။အက်ကြောင်းများ ဝမ်လင်းလက်ပေါ်၌ ပေါ်လာသည်။

မီးတောက်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် နီရဲလာ၏။ မီးတောက်အလင်းရှေ့၌ သူ့အကြည့်က မသေချာမရောသလိုမျိုး ဖြစ်နေ၏။ဝမ်လင်းသည် ခုချိန်၌ ခက်ခဲသောရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မည်ကဲ့သို့ ပုံပေါ်နေသည်။

ခုနစ်မိနစ်ခန့်ကြာပြီးနောက် ဝမ်လင်းက ဆုံးဖြတ်ချက်ချ၏။

“ဒီမီးတောက်က အန္တရာယ်များပေမယ့်လည်း သိပ်များလှတာမှ မဟုတ်တာ။ ဒီတော့ ငါ့အတွက် ဘာပြဿနာမှ မဖြစ်လောက်ဘူး။ ငါတွေဝေမနေဘဲ ကြိုစားကြည့်တာပဲ ကောင်းတယ်…”

ဝမ်လင်းသည် သူ့ညာလက်ဖြင့် သူ့ခန္ဓာကိုယ်ကို ပြန်ရိုက်ချ၏။ သူ့သိုလှောင်အိတ်သည် ထောင့်တစ်ခုသို့ ပျံသန်းသွားသည်။ထို့နောက် သူက ၎င်းအပေါ်သို့ လွှမ်း၍ အတားအဆီးအချို့ကို နေရာချသည်။ အသက်ဝဝရှုသွင်းပြီးနောက် သူက ထိုမီးတောက်ကို ပါးစပ်ဝ၌ တေ့၍ ချက်ခြင်း မြိုချပစ်လိုက်တော့သည်။

မီးတောက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် သူ့ကိုယ်ထဲမှ သိပ်သည်းသောအပူဓာတ်တစ်ခု ပေါက်ကွဲထွက်လာ၏။ မီးတောက်ထံမှ အပူသည် အံ့မခန်းပင်။ ဤအခိုက်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် နီရဲလာ၏။ သူက ပါးစပ်ဟ၍ နာကျင်စွာ ဟစ်အော်လိုက်မိသည်။

တချိန်တည်းမှာပင် သူ့ဒွာရပေါက်များကနေ မီးတောက်မြောက်များစွာ ထွက်လာကာ သူ့အဝတ်အစားများပါ ပြာဖြစ်ကုန်၏။ မီးတောက်များသည် အထက်သို့ ဆန်တက်ကာ ဝမ်လင်းနှင့် ပေသုံးဆယ်အတွင်းကို ခြုံလွှမ်းထားသည်။

ဝမ်လင်းထံမှ ချွေးများသည် အဖြူရောင်အခိုးငွေ့များအဖြစ် ပြောင်း၍ သူ့ပတ်လည်၌ ရှိနေ၏။

အခုချိန်၌ သူသည် နီရဲရဲမီးသွေးတုံးကို မြိုချလိုက်ရသကဲ့သို့ ခံစားနေရ၏။ ရှေးဟောင်းနတ်ဘုရားချပ်ဝတ်ကြောင့် သူ့မူလစိတ်ဝိညာဉ်မှာမူ ဒဏ်ရာမရပေ။ သို့ရာတွင် သူ့ကျန်ရှိနေသည့် မူလစွမ်းအင်များသည် ထိုမီးတောက်နှင့် ရောက်ယှက်ကာ ဝမ်လင်း၏ခန္ဓာကိုယ်ကို လောင်ကျွမ်းနေစေသည်။

ဝမ်လင်းသည် နာကျင်မှုကို တင်းခံနေ၏။ မီးတောက်သည် သူ့မူလစွမ်းအင်နှင့် ရောယှက်ပြီးနောက် ၎င်းက သူ့မူလစိတ်ဝိညာဉ်ထံသို့ စတင် ရွှေ့လျားသွားသည်။

၎င်းကို သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ခွင့်ပြုမှသာ သူသည် မီးတောက်အတွင်းရှိ မူလစွမ်းအင်ကို စုပ်ယူနိုင်မည် မဟုတ်လား။ အနည်းငယ်တွက်ချက် စဉ်းစားပြီးနောက် ဝမ်လင်းမျက်လုံးထဲ၌ ပြတ်သားမှုတို့ ရှိလာ၏။ သူက သူ့ရင်ဘက်သို့ လက်ညွှန်လိုက်ရာ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် သူ့မူလစိတ်ဝိညာဉ်ကို ချန်၍ ပျံသန်းထွက်လာ၏။

ထိုချပ်ဝတ်မရှိသည့်အခါ မီးတောက်အတွင်းရှိ မူလစွမ်းအင်သည် သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset