ဝမ်လင်းသည် ကောင်းကင်ဘုံရဲ့ ကောင်းချီးကို လုယူခြင်း ဟု ဆိုလိုက်သည့်နောက် ပြင်ပကမ္ဘာမှ သူဆင့်ခေါ်လိုက်သည့် မူလစွမ်းအင်များသည် ပိတ်ဆို့ခြင်း ခံလိုက်ရသော်လည်း သူ့ကိုယ်ပိုင်မူလစွမ်းအင်သည် ရှေးဟောင်းနတ်ဘုရားစွမ်းအား၌ ရောယှက်၍ သူ့လက်သို့ စီးဆင်းလာသည်။
သူ့မူလစွမ်းအင် ထွက်ခွာသွားသည့်အခိုက် ဝမ်လင်းလက်ဟန်ကနေ အဖြူရောင်လိုင်းတစ်ခု ဖြစ်ပေါ်လာ၏။
“စကြဝဠာစိတ်ဝိညာဉ် ယူဆောင်ခြင်း…” ထို့နောက် ထိုစကားကြောင့် သဲနက်ကန္တာရထဲ၌ မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။ ပြင်းထန်သောလေပွေမုန်တိုင်းများသည် ကန္တာရတစ်လျှောက် တဝီဝီတိုက်ခိုက်လာရာ လောကရှိ အနက်ရောင်အခိုးငွေ့များက ဝမ်လင်းရှေ့တွင် အနက်ရောင်လိုင်းတစ်ခုအဖြစ် သိပ်သည်းလာသည်။
ထိုအဖြူနှင့်အနက်လိုင်းနှစ်ခုက တစ်ခုနှင့်တစ်ခု ယှက်လိမ်၍ စိန်ပုံစံမှော်စာလုံးအသွင် ဖြစ်ပေါ်၏။
၎င်းစာလုံးသည် အလွန်တရာ ရှုပ်ထွေးသည်။
“ရှေးအမိန့်စုစည်းခြင်း။ထာဝရအမှတ်ရခြင်း…” ဤနောက်ဆုံးစကားကို ဝမ်လင်း ပြောလိုက်သည့်အခိုက်တွင် စိန်စာလုံးသည် အဖြူနှင့်အနက်တောက်ပကာ ရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မြောသွားသည်။
၎င်းက လွင့်မြောနေရင်း စိန်စာလုံးသည် ပေတစ်သောင်းကျော်ထိ ချဲ့ကား မြင့်မားလာ၏။၎င်းက ရှေ့သို့ ဆက်၍ သွားနေသည်။
ဧရာမစိန်စာလုံးကြီးသည် ရှင်းလင်းစွာ ရှေ့သို့ ဆက်သွားနေရင်း ၎င်းရှေ့ရှိ အရာအားလုံးကို ဖျက်စီးပစ်သွား၏။
ဝမ်လင်းက ပင်ပန်းသည့်ပုံ ပေါ်နေ၏။ ခုလက်ရှိရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် သူ့အဖို့ ဤမန္တာန်ကို အသုံးပြုရသည်မှာ လွယ်လှသည်မဟုတ်ပါ။ထို့ကြောင့်လည်း သူက ၎င်းမန္တာန်ကို အရင်က လုံးဝ အသုံးမပြုခဲ့ခြင်း ဖြစ်၏။ ခုတိုက်ပွဲက သူ သည်နေရာကနေ ထွက်ခွာရ၊မထွက်ခွာရကို အဆုံးအဖြတ်ပေးနေသောကြောင့်သာ သူသည် ဤမန္တာန်ကို အသုံးပြုလိုက်ရခြင်းပင်။
မန်ဟိုင်ဆိုသည့်လူက နိဗ္ဗာနသန့်စင်ခြင်းအဆင့်လောက် သန်မာသည်ဆိုသော်လည်း သူအသုံးပြုသည့် မန္တာန်များ၊လက်နက်ရတနာများက ကောင်းကင်ကိုပါ တုန်ခါစေနိုင်သည်။
တုန်ဟီးသံများ မြည်ဟိန်းနေရင်း အဖြူရောင်ဓားငယ်သည် နောက်သို့ လွင့်စင်သွားကာ ကောင်းကင်ထက်၌ ဓားတေးသံများ ပဲ့တင်ထပ်သွား၏။
မျှော်စင်ရှိရာသို့ ပြန်လျှောက်လှမ်းနေသည့် မန်ဟိုင်သည် နောက်သို့ ဆတ်ခနဲ ပြန်လှည့်လာ၏။ သူက စိန်စာလုံး တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးတို့သည် တောက်ပလာ၏။
“မင်းက ရှေးဟောင်းနတ်ဘုရားဖြစ်ဖြစ် ချီကျင့်ကြံသူ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒီလိုမန္တာန်ကို ထုတ်ဖော်နိုင်တဲ့အတွက် မင်းဟာ အင်ပါယာချင်းလင် ငါ့ကို လက်ဆောင်ပေးခဲ့တဲ့ ဓားရဲ့ အစစ်အမှန် အရည်အသွေးကို တွေ့မြင်ရဖို့ အရည်အချင်း ပြည့်မှီသွားပြီ…”
သူက ထိုသို့ ပြောရင်း သူ့လက်ကို ရှေ့သို့ ညွှန်၏။နောက်ပြန်ဆုတ်နေရသော အဖြူရောင်ဓားသည် တုန်ယင်သွားကာ ကောင်းကင်ယံထိ ထိုးဖောက်နိုင်သည့် ဓားတေးသံကို ထုတ်လွှတ်၏။
ဤအခိုက်အတန့်၌ ကောင်းကင်တစ်ခုလုံးမှာ ဓားအရိပ်များနှင့် ခြုံလွှမ်းနေ၏။ ရှေးဟောင်းဓားစိတ်ဆန္ဒသည် လောက၌ ပြည့်နှက်လာကာ ရှေးဟောင်းအော်ရာကို ထုတ်လွှတ်လာသည်။ ထိုဓားငယ်က ရှေးဟောင်းဓားစိတ်ဆန္ဒကို ဆင့်ခေါ်၍ သဲနက်ကန္တာရပေါ်သို့ ကျဆင်းလာစေ၏။
ဓားစိတ်ဆန္ဒ သက်ဆင်းလာနေရင်း ကောင်းကင်ထက်ရှိ ဓားအရိပ်များအောက်၌ အမျိုးမျိုးသောပုံရိပ်များ ပေါ်လာကြသည်။ထိုပုံရိပ်များသည် ရှေးဟောင်းလူများ ဖြစ်ကာ သူတို့က လက်ထဲ၌ ဓားတစ်လက်စီ ကိုင်ဆောင်ထားကြသည်။ထို့နောက် အဖြူရောင်ဓားငယ်သည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲ၍ စိန်စာလုံးထံသို့ တိုးဝင်သွား၏။ကောင်းကင်ထက်ရှိ ပုံရိပ်များသည်လည်း စတင်လှုပ်ရှားလာကြ၏။
သူတို့ လှုပ်ရှားလာရင်း သိပ်သည်းများပြားသည့် ဓားစွမ်းအင်များကို ထုတ်လွှတ်သည်။ ဤအခိုက်၌ ကောင်းကင်သည် ဓားများ၏လောက ဖြစ်လာချေလေပြီ။
အဖြူရောင်ဓားငယ်၏ ဖိအားအောက်၌ ထိုဓားစွမ်းအင်များအားလုံးမှာလည်း စိန်စာလုံးနားသို့ ရောက်ရှိလာကြ၏။
အဖြူရောင်ဓားငယ်က အမြန်ဆုံးဖြစ်ရာ ၎င်းက ရုတ်တရက် စိန်စာလုံးနှင့် ရင်ဆိုင်မိ၏။စာလုံးတစ်လျှောက် လှိုင်းများ စတင် ပျံ့နှံ့ကုန်၏။ထို့နောက် ကောင်းကင်ထက်မှာ ဓားစွမ်းအင်များပါ သက်ဆင်းလာကြသည်။
မရေမတွက်နိုင်သောလူများ ဓားနည်းစနစ်မျိုးစုံကို အသုံးပြု၍ ဓားစွမ်းအားများကို ထုတ်လွှတ်စေလိုက်သည့်အလား။ ၎င်းဓားစွမ်းအင်များသည် မွန်းစတားဆန်သည့် ဓားစိတ်ဆန္ဒအဖြစ် အတူပေါင်းစပ်၍ စိန်စာလုံးထံသို့ တိုးဝင်လာ၏။
စိန်စာလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါ၏။ ဝမ်လင်း၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်ကာ သွေးအန်ထုတ်လိုက်ရသည်။ သူသည် ခုလက်ရှိအဆင့်ဖြင့် ယခုမန္တာန်ကို ထုတ်ဖော်လိုက်ရသည့်အတွက် တန်ပြန်ဒဏ် သက်ရောက်ခံလိုက်ရခြင်းပင်။
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတို့ ဖြစ်ပေါ်လာ၏။ သူက ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေသည်။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များက မြန်ဆန်စွာ လှည့်လည်နေရင်း စိန်စာလုံးအတွင်းသို့ ရှေးဟောင်းနတ်ဘုရားစွမ်းအားများစွာ ဝင်ရောက်နေ၏။ထိုကြောင့် စိန်စာလုံးသည် ရှေ့သို့ ဆက်၍ ရွှေ့လျားနေတော့သည်။
၎င်းက ရွှေ့လျားနေရင်း မြေပြင်ထက်မှ သဲနက်အားလုံးပါ ဖယ်ရှားခံရပြီး အဖြူရောင်မျက်နှာပြင်တစ်ခုပေါ်ထွက်လာ၏။ မှိန်ဖျော့ဖျော့ကောင်းကင်သည်လည်း သဲမြေပြင်ကဲ့သို့ ဖယ်ရှားခြင်းခံရ၏။
အဖြူရောင်ဓားငယ်ကြောင့် ဖြစ်ပေါ်လာသည့် မရေမတွက်နိုင်သောဓားအရိပ်များနှင့် ရှေးဟောင်းဓားစိတ်ဆန္ဒတို့ပါ နောက်သို့ အတင်းဆုတ်ရ၏။ ရှေးဟောင်းဓားစိတ်ဆန္ဒပင် ဤရှေးဟောင်းနတ်ဘုရားမန္တာန်ကို ရပ်တန့်ဖို့ငှာ မစွမ်းနိုင်ပေ။
ထို့အပြင် အဖြူရောင်ဓားငယ်က ရှေးဟောင်းဓားစိတ်ဆန္ဒအပြည့်အဝကို ပိုင်ဆိုင်ထားခြင်း မရှိဘဲ အစိတ်အပိုင်းအချို့သာ ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ထို့အတွက်ကြောင့် ၎င်းက ခုခံနိုင်စွမ်း မရှိ ဖြစ်ရ၏။
“မန်ဟိုင်၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ၏။ သူက စိန်စာလုံးကို စူးစိုက်ကြည့်နေ၏။ ထို့နောက် စိန်စာလုံးနောက်ရှိ ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ရယ်မောကာ ဆိုသည်။ ကောင်းတယ်။ ငါ ဒီလိုမန္တာန်မျိုး မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ငါ မင်းရဲ့ မေးခွန်းတွေထဲက တစ်ခုကို ဖြေပေးမယ်။ ဒါပေမဲ့ ငါထင်တာတော့ ခုချိန်မှာ မင်း အသိချင်ဆုံးက ဒီနေရာကနေ ဘယ်လို ထွက်သွားလို့ ရမလဲ ဆိုတာပဲ မလား…”
“ဒီနေရာက ကောင်းကင်ဘုံလှိုဏ်ဂူရဲ့ ပထမအလွှာ၊ ပုလင်းကမ္ဘာပဲ…။ ကောင်းကင်ဘုံအင်ပါယာရဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို စုစည်းပြီး ကောင်းကင်ဘုံစိတ်ဝိညာဉ်တွေ ဖြစ်ပေါ်စေတဲ့ နေရာလည်း ဖြစ်တယ်။ ပုလင်းကမ္ဘာလို့ ဘာလို့ ခေါ်ရလဲ ဆိုတော့ ဒီကမ္ဘာတစ်ခုလုံးက ပုလင်းတစ်ခုအတွင်းမှာ ရှိနေလို့ပဲ…။ဒီပုလင်းကလည်း ကောင်းကင်ဘုံအင်ပါယာ အစောပိုင်းနှစ်တွေတုန်းက သန့်စင်မွန်းမံခဲ့တဲ့ ရတနာတွေထဲက တစ်ခုပဲ…”
“ဒါပေမဲ့လည်း ကောင်းကင်ဘုံအင်ပါယာဟာ အပြင်းအထန် ဒဏ်ရာရထားခဲ့တဲ့အတွက် သူ့နတ်ဘုရားအာရုံကလည်း ပြိုပျက်ခဲ့တယ်။ နတ်ဘုရားအာရုံတစ်ခုက အင်ပါယာရဲ့ အထီးကျန်ကန္တာရာအခိုးအငွေ့ထဲကို ဝင်ရောက်ခဲ့ပြီး ဒီသဲနက်ကန္တာရ ဖြစ်လာခဲ့တာ။ မင်းကြုံခဲ့ရတဲ့ မီးခိုးရောင်အခိုးငွေ့တွေဟာ အင်ပါယာရဲ့ မန္တာန်ကြောင့် ဖြစ်ပေါ်လာခဲ့တာ…”
ဒီပုလင်းကမ္ဘာမှာ နယ်မြေပေါင်း(၉၉)ခု ရှိတယ်။တစ်ခုစီမှာလည်း ဒီလိုမျိုး သဲနက်တွေ ရှိကြတယ်။ မင်းရယ်၊ကျန်တဲ့လူတွေရယ်ဟာ ဒီနေရာရဲ့ မတူညီတဲ့နယ်မြေတွေကို စေလွှတ်ခြင်း ခံခဲ့ရတာလည်း ဖြစ်တယ်။ ဒါ့အပြင် မင်းကို ငါ ပြောပြနိုင်တာက ကောင်းကင်ဘုံအင်ပါယာရဲ့ အထီးကျန်ကန္တာရအခိုးအငွေ့ မန္တာန်ဟာ တောင်နဲ့မြစ်ပန်းချီကားကိုးခုထဲက တစ်ခုဖြစ်တဲ့ အထီးကျန်ကန္တာရအခိုးအငွေ့ ပန်းချီကားကို နားလည်ပြီး ဖန်တီးခဲ့တယ်ဆိုတာပဲ။ဒီပန်းချီကားကိုလည်း ဒီပုလင်းကမ္ဘာအတွင်းမှာပဲ ချိပ်ပိတ်ထားတယ်…”
“မင်း ကံစပ်ရင်တော့ ဒီပန်းချီကို ရယူနိုင်တယ်။ တကယ်တော့ အရင်ဆုံး မင်း ငါ့ကို သတ်နိုင်ဖို့ လိုသေးတယ်…” မန်ဟိုင်က ရယ်မောရင်း ရှေ့သို့ ခုန်ထွက်လာ၏။ သူက ကောင်းကင်ထက်သို့ လက်ညွှန်ကာ ဖြည်းဖြည်းချင်း ဆိုသည်။ “ငါ မန်ဟိုင်ဟာ ဒီပုလင်းကမ္ဘာရဲ့ နယ်မြေစိတ်ဝိညာဉ်တစ်ယောက်ပဲ။ ဖန်ကျူးဓားအပြင် ငါ့မှာ အင်ပါယာရဲ့ မန္တာန်လည်း ပိုင်ဆိုင်ထားသေးတယ်…”
“ကောင်းကင်ဘုံလောင်ကျွမ်းခြင်း…”
မန်ဟိုင်က ကောင်းကင်ထက်သို့ ရယ်မောကာ လက်ညွှန်သည်။ထို့နောက် သူ့ခန္ဓာကိုယ်အတွင်း၌ ကိုးရောင်စုံမီးတောက်တစ်ခု စတင် လောင်ကျွမ်းလာ၏။
၎င်းမီးတောက်သည် မန်ဟိုင်၏လက်ညွှန်ချက်နှင့်အတူ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ကောင်းကင်သည် ကြက်သွေးရောင်အလင်းဖြင့် အုံ့ဆိုင်းလာပြီး စတင် ကျွမ်းလောင်၏။
ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။ကြက်သွေးရောင်အလင်းတို့ ကောင်းကင်ထက်၌ ပြည့်နှက်လာရင်းဖြင့် အခြားအရောင်များသည်လည်း စတင်တောက်ပလာကြသည်။ ကိုးရောင်စုံမီးတောက်သည် ကောင်းကင်ထက်၌ ချက်ခြင်း ဖုံးလွှမ်းကာ မီးပင်လယ်ကြီး ဖြစ်လာသည်။
ကောင်းကင်ဘုံလောင်ကျွမ်းခြင်း။
လောင်ကျွမ်းကောင်းကင်။
ဤကောင်းကင်ကို လောင်ကျွမ်းစေသည့် မီးတောက် မန္တာန်ကို ဖန်တီးခဲ့သူမှာ အင်ပါယာချင်းလင် ဖြစ်ခဲ့၏။
ကောင်းကင်ထက်မှ အပူလှိုင်းများ သက်ဆင်းလာ၏။ အခုအခါ၌ မှိန်ဖျော့ဖျော့ကောင်းကင်သည် အဆုံးမဲ့မီးတောက်များနှင့် အစားထိုးလာချေပြီ။ ထိုသိပ်သည်းလှသော အပူဓာတ်အောက်၌ မြေပြင်ထက်ရှိ သဲများပင် အမှန်တကယ် ပြိုဆင်းကျရသည်။
သဲမှုန်များ ပြန့်ကြဲ၍ ချက်ခြင်းပင် ဝမ်လင်းရပ်နေသော သဲနက်ကန္တာရသည် ငရဲ ဖြစ်လာတော့၏။
သဲနက်များသည် တဖြည်းဖြည်း အပူဓာတ်ကြောင့် အရည်ပျော်၍ အနက်ရောင်ပင်လယ် ဖြစ်လာ၏။
ထိုတုန်လှုပ်ဖွယ်မြင်ကွင်းက ဝမ်လင်းကို ပင့်သက်ရှိုက်မိစေ၏။ သူသည် မီးတောက်နှင့် နီးကပ်နေသည် ဖြစ်ရာ ချက်ခြင်း အပူလှိုင်းကို ခံစားမိ၏။ သူ့အသားအရေသည်ပင် စတင် အင်ကွဲလာကာ သူ့ခန္ဓာကိုယ်မှ သွေးများပင် အနီရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်း၍ သူ့ဒွာရပေါက်များကနေ စိမ့်ထွက်လာကြရသည်။
သည့်အပြင် ဝမ်လင်းက သူ့မူလစွမ်းအင်၌ တစုံတစ်ခု ဖြစ်လာသည်ကို ချက်ခြင်း သတိပြုမိ၏။ သူ့မူလစွမ်းအင်မှာ မြန်ဆန်စွာ လွင့်ပြယ်နေခြင်းပင်။
မီးတောက်လောင်ကျွမ်းမှုကြောင့် ကောင်းကင်အနှံ့တွင် တစီစီအသံများ ထွက်ပေါ်နေ၏။ဝမ်လင်းသည် ကောင်းကင်ထက်၌ မီးနဂါးကိုးကောင် ဟိန်းသံ ပြုနေသည်ကိုပါ ခပ်ရေးရေး တွေ့မြင်နေရ၏။
ဤ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း မန္တာန်သည် အံ့မခန်းစွမ်းအား ပိုင်ဆိုင်နေ၏။ ကောင်းကင်ပင် ပြာမှုန်အဖြစ် ကျွမ်းလောင်ရမည် ဆိုပါက ကောင်းကင်အောက်ရှိ အခြားအရာများဆို ဖော်ပြရန်ပင် လိုတော့မည် မဟုတ်ပါ။
စိန်စာလုံးက ရှေ့သို့ ဆက်ရွှေ့နေရင်း ပျော်ဝင်နေသည့်သဲများကို တွန်းထုတ်နေ၏။ ကောင်းကင်ထက်ရှိ မီးတောက်များသည် စိန်စာလုံး၏ တွန်းထုတ်ခြင်းကို ခံနေရသည့်ပုံပင်။
သို့ရာတွင် ပိုသိပ်သည်းသည့် မီးတောက်များက ကောင်းကင်တွင် ခြုံလွှမ်းလာ၏။ ကောင်းကင်ကိုယ်တိုင် ပူပြင်းကာ အရည်ပျော်ကျလာသည့်အလား။
မီးတောက်များ ပိုပိုများပြားစွာ ကျဆင်းလာလေလေ ၎င်းတို့သည် စိန်စာလုံးရှေ့၌ အားလုံးကျွမ်းလောင်၏။
သိပ်သည်းသော အပူလှိုင်းနှင့် အနက်ရောင်အခိုးငွေ့များက ဝမ်လင်းစိတ်ကို တုန်ယင်စေသည်။
ဤအခိုက်၌ မန်ဟိုင်၏ရယ်မောသံကပါ ပဲ့တင်ထပ်လာ၏။
“ကောင်းကင်ကို လောင်ကျွမ်းတဲ့စွမ်းအားဟာ ငါ့ကောင်းကင်ဘုံမန္တာန် ဖြစ်လာပြီး အရာအားလုံးကို ဖျက်စီးပစ်မယ်…” မန်ဟိုင် ဤသို့ စကားသံ ထွက်ပေါ်လာသည့်အခါ ကောင်းကင်ထက်ရှိ မီးတောက်များသည် ရုတ်တရက် စုစည်းကာ စိန်စာလုံးထံသို့ ရိုက်ခတ်လာကြ၏။
ထိုမီးတောက်များက ကိုးရောင်စုံရှိ၏။ ကိုးရောင်စုံမီးတောက်များသည် စိန်စာလုံးကို စတင်လှည့်ပတ်၍ ကျွမ်းလောင်စေနေ၏။ မီးတောက်များ ပို၍ သက်ဆင်းလာလေလေ မြေပြင်သည်ပင် စတင် လောင်ကျွမ်းလာ၏။ သဲနက်မြေပြင်သ် မီးတောက်ငရဲအလား ပြောင်း၍ ဝမ်လင်းနှင့် စိန်စာလုံးတို့ကို ဝါးမြိုချင်သည့်အလား။
ဝမ်လင်းသည် မူလစွမ်းအင်များစွာ ဆုံးရှုံးထားခဲ့ပြီး ဖြစ်၏။ သူက စိန်စာလုံးအထက်၌ ထိုင်နေရင်း သူ့မျက်နှာသည် ဖြူရောနေ၏။ သို့ရာတွင် ပြင်းထန်သိပ်သည်းစွာ သက်ဆင်းလာသည့် မီးတောက်များက သူ့အောက်ရှိ စိန်စာလုံးကို တစစီ ဖြစ်အောင် လုပ်နေသည်။
ထိုစိန်စာလုံး ပြိုပျက်သွားချိန်၌ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ လက်ကျန်မူလစွမ်းအင်များသည် တုန်လှုပ်ဖွယ်လှိုင်းတစ်ခုကို ဖန်တီး၏။ထိုလှိုင်းက တစစီပြိုကွဲနေသည့် စိန်စာလုံးကို အရပ်မျက်နှာအနှံ့သို့ ပြန့်ကြဲစေသည်။
ထိုစာလုံးက ပြိုပျက်သွားရပြီ ဖြစ်သော်လည်း ရှေးဟောင်းနတ်ဘုရားစွမ်းအားတော့ ပါဝင်နေဆဲပင်။ ၎င်းစာလုံးက အပိုင်းပိုင်းအစစအဖြစ် ပြန့်ကြဲနေရင်း သည်မီးတောက်ပင်လယ်အတွင်း မုန်တိုင်းတစ်ခု ဖြစ်လာစေသည်။
ထိုမုန်တိုင်းက ပျံ့နှံ့ရင်း မီးတောက်များကို လွင့်စင်စေသည်။သို့ရာတွင် ဤအရာက ယာယီမျှသာ။ မုန်တိုင်း လွင့်ပြယ်သွားသည်နှင့် မီးတောက်များ ပြန်ရောက်ရှိလာကာ အရာရာကို ကျွမ်းလောင်ဖို့ ကြိုးစားပြန်သည်။
ဝမ်လင်းသည် သူ့ခန္ဓာကိုယ်သည် ချွေးများဖြင့် ရွဲနစ်နေသည်ကို လစ်လျူရှုရင်း သူ့ဒွာရပေါက်များကနေ သူ့သွေးများ အငွေ့ပြန်နေသည်ကို လစ်လျူရှုရင်း သူ့ သိုလှောင်အိတ်ကို ထိလိုက်၏။ သူ့မျက်လုံးသည် နီရဲလို့နေ၏။ သူက အော်ပြောလိုက်ချေသည်။ “နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား…”
ချက်ခြင်းပင် ငါးရောင်စုံအလင်းတစ်ခုသည် ဝမ်လင်း၏ သိုလှောင်အိတ်ထဲကနေ ပျံသန်းထွက်လာကာ ငါးရောင်စုံလိပ်ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
***