Switch Mode

အပိုင်း (၁၀၆၇)

အထီးကျန်ကန္တာရအခိုးအငွေ့

ထိုအရိပ်က သူ့မျက်လုံးထဲ၌ ပိုပို ကြီးမားလာ၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိ၏။ ထိုအရိပ်သည် သူနှင့် ရင်းနှီးနေ၏။အလွန်ရင်းနှီးနေပေသည်။

၎င်းအရိပ်မှာ ဤသဲကန္တာရအတွင်း တည်ရှိနေသည့် အနက်ရောင်မျှော်စင်တစ်ခု ဖြစ်နေသည်။ ထိုမျှော်စင်က ရူးသွပ်ဖွယ်အော်ရာကို ခံစားမိစေမည့် များပြားသော မိစ္ဆာစွမ်းအင်များနှင့် ပြည့်လို့နေ၏။

ဝမ်လင်းသည် အရင်တုန်းကလည်း ဤကဲ့သို့ မျှော်စင်မျိုးကို တွေ့ခဲ့ဖူးပေ၏။ ကောင်းကင်နတ်ဆိုးနိုင်ငံတွင် နောက်ဆုံးအကြိမ် သူ ထိုနေရာတွင် ရှိခဲ့စဉ် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခုက သူ့ခန္ဓာကိုယ်ကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့ဖူးသည် မဟုတ်လား။

သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ထိုမျှော်စင်မှ မန္တာန်များ၏ လက်ကနေ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။သူသာ ကောင်းကင်ဘုံမြင့်တက်ခြင်းသစ်သီးများ၏ အာရုံလှုံ့ဆော်မှုကြောင့် မဟုတ်ခဲ့ပါ ထို ပျံ့ကြဲမိစ္ဆာ၏ မျှော်စင် နောက်ယောင်ခံမှုတွင် ကျရှုံးသွားခဲ့ရနိုင်သည် မဟုတ်လား။

“ပြန့်ကြဲမိစ္ဆာ…။အတိတ်တုန်းက ရှေးဟောင်းမိစ္ဆာတွေအောက်မှာ ပြန့်ကြဲမိစ္ဆာကိုးယောက် ရှိတယ်လို့ ပေလော ပြောခဲ့ဖူးတယ်။ ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ အခု ဒီနေရာမှာလည်း ပြန့်ကြဲမိစ္ဆာမျှော်စင်ကို လာတွေ့ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ရပ်တန့်လိုက်သည်။

သူ့အသွင်က အနည်းငယ် နီမြန်းနေ၏။ထိုအရာက သွေးလွတ်မြောက်ခြင်းကို အသုံးပြုခဲ့သည့်အတွက် တန်ပြန်ဒဏ် ခံရခြင်းပင်။ လေထဲရှိ ကျန်ရှိနေသေးသည့် မိစ္ဆာစွမ်းအင်များမှလည်း လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။

“ဒီနေရာမှာ ပြန့်ကြဲမိစ္ဆာမျှော်စင် ရှိနေတယ်။ရှေးဟောင်းနတ်ဆိုးပေလာကလည်း ဒီနေရာကို လာဖို့ စိတ်အားထက်သန်နေတယ်။ ပန်းကောင်းကင်ဘုံသား ပြောခဲ့တဲ့ပုံအရ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားတဲ့နောက် အင်ပါယာချင်းလင်ဟာ ဒဏ်ရာအပြင်းအထန် ရထားပြီး ဖြစ်တယ်တဲ့။ အဲ့အချိန်မှာ သူဟာ ပြင်ပကျူးကျော်သူနှစ်ယောက်နဲ့ ထပ်တိုက်ခိုက်ခဲ့ရသေးတယ်လို့ ဆိုတယ်။ ဒါ့ကြောင့် သူဟာ ဒီနေရာမှာ တံခါးပိတ်ကျင့်ကြံနေဖို့ အထိ ဖြစ်လာခဲ့ရတယ်…”

ဒီပြင်ပကျူးကျော်သူ နှစ်ယောက်က ရှေးဟောင်းနတ်ဆိုးပေလောနဲ့ ရှေးဟောင်းမိစ္ဆာတို့များ ဖြစ်နေနိုင်မလား….” ဝမ်လင်းသည် အနက်ရောင်မျှော်စင်ကို တွေ့မြင်လိုက်သည်နှင့် သူ့စိတ်ထဲ၌ အတွေးတစ်ခု ဖျပ်ခနဲ ပေါ်လာကာ ဉာဏ်အလင်းရသွားခဲ့သည်။

သူ့ခေါင်းထဲ၌လည်း အတွေးများစွာ တဖျပ်ဖျပ် ဖြစ်နေ၏။ဝမ်လင်းသည် သည်အခြေအနေ၏ အချို့အဝက်ကို ဖမ်းဆုပ်မိလာနိုင်ခဲ့သည်

“ရှေးဟောင်းနတ်ဆိုးပေလောဟာ အစိတ်အပိုင်းကိုးခု အဖြစ် ကွဲထွက်ပြီး ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲမှာ ချိပ်ပိတ်ခံထားခဲ့ရတယ်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးတဲ့နောက် မူလက ကောင်းကင်ဘုံနယ်မြေဟာ ဒီလိုနည်းနဲ့ နတ်ဆိုးကုန်းမြေ ဖြစ်လာခဲ့တာလား။ ဒီရှေးဟောင်းနတ်ဆိုးပေလောကို ဘယ်သူကများ ချိပ်ပိတ်ခဲ့တာလဲ။ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ပျံ့ကြဲမိစ္ဆာပဲ ရှိပြီး ရှေးဟောင်းမိစ္ဆာဘာကြောင့် ရှိမနေခဲ့ရတာလဲ…

“ဒါဆို ရှေးဟောင်းမိစ္ဆာက ဘယ်နေရာမှာလဲ။ အသေးစိတ်ပိုင်းခြားကြည့်ရင် ဒီရှေးဟောင်းမိစ္ဆာက အင်ပါယာချင်းလင် ရှိနေတဲ့ အခု ငါးခုမြောက်လှိုဏ်ဂူထဲမှာ ပဲ ရှိနေရမယ်…”

ရုတ်တရက် ဝမ်လင်းသည် သူအချိန်အတန်ကြာ သံသယရှိခဲ့သည့် အရာများ၏ အဖြေကို သိရှိလာခဲ့တော့သည်။

“ပြန့်ကြဲမိစ္ဆာ…ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ပျံ့ကြဲမိစ္ဆာတစ်ကောင်ကို တိုက်ခိုက်နိုင်လား၊မနိုင်ဘူးလား ငါ မသိဘူး…”

ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် ရွှေ့လျား၍ သွေးလွတ်မြောက်ခြင်းမှ တန်ပြန်ဒဏ် ရရှိခဲ့မှုကို ဖိနှိပ်ပေးထားသည်။

သူ့မျက်နှာထက်၌ ရန်လိုမှုတို့ ပြည့်နေ၏။ နှစ်ဝက်တာ စောင့်ဆိုင်းနေရခြင်းနှင့် မိစ္ဆာစွမ်းအင်သက်ရောက်မှုတို့က သူ့ကို သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နေစေသည်။အထူးသဖြင့် ခုချိန်တွင်ပင်။ သူ့အသွင်အပြင်က အလွန် ရန်လိုကြမ်းကြုတ်ဟန် ဖြစ်နေ၏။

ဝမ်လင်းသည် မျှော်စင်ရှိရာသို့ ခြေလှမ်းလိုက်၏။

မျှော်စင်က အတန်လှမ်းသည့် အကွာအဝေးတစ်ခုတွင် ရှိနေဆဲ ဖြစ်၏။သို့ရာတွင် ဝမ်လင်းအဖို့ ထိုအကွာအဝေးက မပြောပလောက်ပေ။

သို့ရာတွင် သူ ရှေ့သို့ လှမ်းလာသည်နှင့် အနက်ရောင်မျှော်စင်ရှေ့ရှိ သဲမြေထုသည် တုန်ယင်လာ၏။ မရေမတွက်နိုင်သော သဲမှုန့်များ စုစည်းလာပြီး သဲလူ ဆယ့်နှစ်ယောက်လောက် ပေါ်ထွက်လာ၏။

သူတို့အားလုံးမှာ ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားကြပြီး မိစ္ဆာစွမ်းအင်များနှင့် ပြည့်နေသည်။သူတို့၏ မိစ္ဆာစွမ်းအင်များသည် လေထဲ၌ အတူပေါင်းစပ်၍ ထူးဆန်းသောပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုပုံရိပ်မှာ အဘိုးအိုတစ်ယောက်ပင်။ သူက ဝမ်လင်းကို စူးရဲစွာ ကြည့်၍ လက်ညွှန်၏။ သဲလူဆယ့်နှစ်ယောက်လောက်သည် မာန်သွင်း၍ ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။

မန္တာန်အလင်းတန်းများက ကောင်းကင်ထက်၌ ပြည့်နှက်၏။ ၎င်းတို့က တဖျပ်ဖျပ် တောက်ပရင်း ဝမ်လင်းထံသို့ နီးကပ်လာကြ၏။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းသည် သဲလူတစ်ယောက်နားသို့ ရောက်ရှိသွားကာ သူ့လက်ညှိုးဖြင့် ထိုလူ့မျက်ခုံးနှစ်ခုကြားသို့ ကြမ်းတမ်းစွာ ဖိချလိုက်၏။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ သဲလူသည် တုန်ယင်သွးကာ သဲမှုန့်များအဖြစ် နေရာအနှံ့သို့ ပြန့်ကြဲသွားသည်။

“ရုပ်သေးကများ ငါ့ကို တားဆီးချင်နေတယ် ဟုတ်လား…” ဝမ်လင်း ခန္ဓာကိုယ်က ဖျပ်ခနဲ နောက်တစ်ယောက်နားသို့ ရောက်သွား၏။ သူ့လက်ချောင်းမှ မန္တာန်တစ်ခု ထွက်ပေါ်လာကာ ထိုရုပ်သေး သဲလူပေါ်သို့ ဖြတ်ကျော်ကာ ၎င်းကို ပျက်စီးသွားစေသည်။

ဤအခိုက်အတန့်၌ ရုပ်သေးသဲလူတို့၏ မန္တာန်များသည် ပုံစံအသွင် ဖြစ်ပေါ်စေ၍ ဝမ်လင်းနားသို့ ကပ်လာ၏။ ထိုသူတို့ နီးကပ်လာသည့်အခါ ဝမ်လင်းမျက်လုံးထဲ၌ အပြာရောင်အလင်း ဖျပ်ပြေးသွား၏။အဇူရာအလင်းဒိုင်းတစ်ခု ပေါ်လာကာ သည်ဧရိယာကို ခြုံလွှမ်းပြီး မန္တာန်များနှင့် ထိပ်တိုက်တွေ့ကာ ပေါက်ကွဲမှုများ ဖြစ်ကုန်သည်။

မန္တာန်များအားလုံးသည် ဝမ်လင်းနှင့် ဆယ်ပေအကွာတွင် ရပ်တန့်သွား၏။မန္တာန်တစ်ခုတစ်လေကမှ သူနှင့် ဆယ်ပေအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း မရှိပေ။ဝမ်လင်းသည် လျှပ်စီးတန်းအလား လှုပ်ရှား၍ သူ့ညာလက်ညှိုးကို သဲလူတစ်ယောက်ချင်းစီထံသို့ ဖြတ်သန်းစေသည်။

ဘုန်း…ဘုန်း…ဘုန်း…။ ဝမ်လင်းသည် လှုပ်ရှားနေရင်း ပေါက်ကွဲမှုများမှာ ရပ်တန့်မသွားတော့ပါ။ ပေါက်ကွဲမှုတစ်ခုချင်းစီက ရုပ်သေသဲလူတစ်ယောက် ပျက်စီးခြင်းကို ဆိုလိုပေ၏။

ဝမ်လင်းမျက်နှာပေါ်ရှိ ရန်လိုမှုက ပိုအားကောင်းလာ၏။ သူ့ခန္ဓာကိုယ်က နောက်ဆုံး ကျန်နေသည့် သဲလူဘေးနားသို့ ဖျပ်ခနဲ ရောက်ရှိသွားသည်။ သူ့လက်ဖြင့် ထိုရုပ်သေး၏ဦးခေါင်းကို ဖမ်းဆုပ်ကာ ကြမ်းတမ်းစွာ ညှစ်ချေ၏။ တုန်လှုပ်ဖွယ် မြည်ဟိန်းသံ တစ်ခု ပဲ့တင်ထပ်သွားပြီးနောက် သူက လေထဲသို့ ပျံဝဲတက်သည်။သို့သော် သူသည် ပေနှစ်ရာအကန့်အသတ်ကိုတော့ ကျော်လွန်ခြင်း မပြုပေ။

“လေဆင့်ခေါ်ခြင်း…” ဝမ်လင်း ပျံသန်းတက်သွားသည့်အခိုက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရုပ်သေးများ ထုတ်လွှတ်သော မိစ္ဆာစွမ်းအင်ကနေ ဖြစ်ပေါ်လာသည့် အဘိုးအိုထံသို့ လက်ညွှန်၏။

ထိုအဘိုးအို၏မျက်နှာမှာ တုန်လှုပ်မှုတို့ ပြည့်သွား၏။ အဖြစ်အပျက်က မြန်ဆန်လှသည်။ သူ တုန့်ပြန်နိုင်ခြင်း မရှိခင်မှာပင် သတ်ဖြတ်မှုက အရင် ရောက်လာခဲ့ချေပြီ။ သူ့အမြင်၌ သူ့ရှေ့ရှိ ကြမ်းကြုတ်သည့်လူငယ်မှာ သူ့ထက် မိစ္ဆာပိုဆန်နေတော့သည်။

မိစ္ဆာစွမ်းအင်များကို နှစ်ဝက်လောက် စုစည်းပြီးသည်နောက် သူ့ကိုယ်သူပင် မသိလိုက်ပါဘဲ ဝမ်လင်း၏ နတ်ဆိုးဘက်ခြမ်းသည် လွတ်လပ်စွာ ထွက်ပေါ်လာချေပြီ။

သူက လေဆင့်ခေါ်ခြင်း မန္တာန်ဟု ဆိုလိုက်သည့်နောက် အနက်ရောင်လေပြင်းထွက်ပေါ်လာပြီး နဂါးနက်လေးကောင် အဖြစ်သို့ ပြောင်းလဲ၏။သို့ရာတွင် နဂါးနက်လေးကောင်ထံ၌ ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။

နဂါးနက်လေးကောင်၏ ဦးခေါင်းထက်၌ ဂြိုဟ်တစ်ခုစီ ရှိနေကြခြင်းပင်။အရင်က အခုလိုမျိုး မရှိပါ။

“ဒါက ဘယ်လိုမျိုး ကောင်းကင်ဘုံနဂါးတွေလဲ။ ဒီကောင်တွေက မိစ္ဆာနဂါးတွေဆိုတာ ရှင်းနေတာပဲကို…”

မိစ္ဆနဂါးလေးကောင်သည် ပေါ်ထွက်လာသည့်အခါ ခါတိုင်းကဲ့သို့ အေးစက်စက်လေပြင်းများကို မှုတ်ထုတ်ခြင်း မပြုဘဲ ထိုအစား ရှိုက်သွင်းလိုက်ရာ သူတို့ပတ်လည်ရှိ အနက်ရောင်လေပြင်းသည် ဝါးမြိုခြင်း ခံရ၏။

၎င်းတို့က အနက်ရောင်လေပြင်းကို ဝါးမြိုပြီးသည့်နောက် သူတို့၏ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်၌လည်း အနက်ရောင်ချပ်ဝတ်တစ်ခုစီ ပေါ်လာသည်။

ထိုချပ်ဝတ်က ပြီးပြည့်စုံခြင်း မရှိဘဲ တစိတ်တပိုင်းသာ ပေါ်ထွက်လာရသေး၏။ သို့သော် ချပ်ဝတ်သည် ကြမ်းတမ်းလှသည့် ပုံပေါ်နေကာ မိစ္ဆာနဂါးများကို ပိုမို၍ မိစ္ဆာဆန်သည့်ပုံပေါ်နေသည်။

အဘိုးအိုသာမက ဝမ်လင်းသည်ပင် မင်သက်သွားရ၏။ သို့ရာတွင် သူတို့ ဤအဖြစ်အပေါ် တွေးနေဖို့ အချိန်မရှိပေ။ အခု သူ့ခေါင်းထဲ၌ စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေ၏။

“ဒါက ဘယ်လို ကောင်းကင်ဘုံမန္တာန်မျိုးလဲ။ဒါက နတ်ဆိုးပညာရပ်မှန်း သိသာနေတာကို…”

ဝမ်လင်း လက်ညွှန်လိုက်ရာ မိစ္ဆာနဂါးတို့သည် အဘိုးအိုထံသို့ တိုးဝင်လာကြ၏။ အဘိုးအို၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်ကို ဖော်ကာ မန္တာန်တစ်ခုကို အသုံးပြုလိုက်သည်။

သို့ရာတွင် ချက်ခြင်းလိုလိုပင် မိစ္ဆာနဂါးလေးကောင်မှာ လောကကို တုန်လှုပ်စေသည့် ဟိန်းသံကို ထုတ်လွှတ်၏။ သည်လောကရှိ သဲနက်များပင် လေထဲသို့ မြောက်ကြွလာရသည်။

ထိုဟိန်းသံက ဖန်တီးသည့် အသံလှိုင်းထဲ၌ မိစ္ဆာစိတ်ဆန္ဒ တစ်ခု ပါဝင်နေ၏။အဘိုးအို၏ မန္တာန်မှာ ၎င်းအသံ၏ ကြားဖြတ်နှောက်ယှက်ခြင်ကို ခံရသည်။ သူက နောက်သို့ အမြန်ဆုတ်ကာ အကွာအဝေးတစ်ခုရှိ အနက်ရောင်မျှော်စင်ရှိရာသို့ ပြန်ဆုတ်ရန် ပြင်၏။

မိစ္ဆာနဂါးလေးကောင်သည် နီးကပ်စွာ လိုက်လာ၏။ ၎င်းတို့၏ ဦးခေါင်းကြီးများ ကြမ်းကြုတ်သည့်သွားများ၊ ပါးစပ်မှ ကျနေသည့်သားရေများမှာ တုန်လှုပ်ဖွယ်ရာပင်။

ဝမ်လင်းသည်လည်း မိစ္ဆာနဂါးလေးကောင်နောက်ကနေ ပျံသန်းလိုက်ပါလာ၏။သို့ရာတွင် သူသည် ပေနှစ်ရာအောက်တွင်သာ ပျံသန်းဖို့ မမေ့ပေ။ မိစ္ဆာနဂါးလေးကောင်သည်လည်း ထို့အတူသာ ဖြစ်၏။

အဘိုးအိုသည် မျှော်စင်ရှိရာသို့ အရူးအမူး ပြန်ပြေးနေရင်း သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေ၏။ သို့ရာတွင် သူ့ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သာ ဖြစ်သည့်အတွက် သူသည် နဂါးများလက်ကနေ မလွတ်နိုင်ပေ။ နဂါးလေးကောင် နီးကပ်လာနေရင်း အဘိုးအိုသည် မျှော်လင့်တကြီး လှမ်းအော်၏။ “အရှင်လဲကျမိစ္ဆာ…ငါ့ကို ကယ်ပါ…”

သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ့အမြင်သည် မှောင်မဲကာ သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် နာကျင်မှု စီးဆင်းသွားစေပြီး အသိစိတ်လွတ်သွားစေသည်။

မိစ္ဆာနဂါးလေးကောင်သည် အစာကို လုသည့်အလား တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြသည်။ နောက်ဆုံးကျမှ ထိုနဂါးလေးကောင်ထဲမှ တစ်ကောင်သည် အဘိုးအိုကို ဝါးမြိုသွားတော့သည်။ထို့နောက် မျှော်စင်ထက်မှ နောက်ထပ်လူအချို့ ပျံသန်းထွက်လာကြ၏။ သူတို့အားလုံးသည် ဝတ်စုံနက်များ ဝတ်ဆင်၍ ခေါင်းထိ ဖုံးနေ၏။ သူတို့က မိစ္ဆာနဂါးလေးကောင်ကို အေးစက်စက် စူးစိုက်ကြည့်နေသည်။

“စုစုပေါင်း နတ်ဘုရားအာရုံအမျှင်တန်း (၃၂)ခု။သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ စောနက အဘိုးအိုကတော့ သေသွားခဲ့ပြီ။ဒါ့ကြောင့် (၃၁)ယောက်ကျန်သေးတယ်…” ဝမ်လင်းသည် သူ့အား ဖြတ်ကျော်သွားခဲ့သည့် နတ်ဘုရားအာရုံတစ်ခုချင်းစီကို မှတ်မိပေသည်။

မျှော်စင်ထက်မှ ပျံသန်းထွက်လာကြသည့် မည်သူကမျှ အားနည်းကြခြင်း မရှိပေ။ဝမ်လင်း၏မျက်နှာထက်၌လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြည့်နေ၏။ သူက သူသည် သည်နေရာက ထွက်ခွာသွားလိုပါက အဖြေအားလုံးသည် ဤမျှော်စင်တွင် ရှိသည်ကို နားလည်ထားသည်။

သူသည် သူတို့ကို မသတ်လျှင်ပင် သူတို့သည် သူ့ကို ထွက်သွားခွင့် ပေးကြလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက နဂါးလေးကောင်ကို သူ့အားလှည့်ပတ်စေရင်း ထိုလူများထံသို့ တိုးဝင်လာသည်။

“အရှင်မိစ္ဆာသတ်ဖြတ်သူ…” ဝတ်စုံနက်များထံမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။ သူတို့ထဲမှ တစ်ယောက်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။

ချက်ခြင်းလိုလိုပင် မိစ္ဆာစွမ်းအင်မြောက်များစွာ ထုတ်လွှတ်လာကာ သူတို့ထက်၌ မိစ္ဆာအရိပ်တစ်ခု ပေါ်လာသည်။

ထိုအရိပ် ဖြစ်ပေါ်နေသည့် အထိ စောင့်မနေဘဲ ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမရှိ ၎င်းထံသို့ လက်ညွှန်လိုက်ရာ မိစ္ဆာနဂါးလေးကောင်သည် မာန်ဟိန်း၍ ထိုပုံရိပ်ယောင်အရိပ်ထံသို့ တိုးဝင်သွားကြသည်။ဝမ်လင်းသည် ညစ်ကျယ်ကျယ်ပြုံး၍ ခပ်ရှရှဓားတစ်စင်းအလား ထိုလူအုပ်ထဲသို့ တိုးဝင်လာလေ၏။

သူသည် တိုးဝင်လာနေရင်း သူ့လက်ကို ဆန့်ထုတ်လိုက်ရာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ဖြစ်ပေါ်လာ၏။ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဝမ်လင်းသည် ထိုလှံကို ပစ်လွှတ်၏။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် နဂါးလေးကောင်ကိုပါ မှီလာ၏။ ၎င်းလှံသည် ငါးခုမြောက် နဂါးအဖြစ်သို့ ပြောင်းလဲ၍ အရိပ်နှင့်ထိပ်တိုက်တွေ့သည်။

ထို့ကြောင့် မြေပြင်တုန်ဟီးစေမည့် ပေါက်ကွဲသံကြီးပင် ထွက်ပေါ်လာရသည်။ကောင်းကင်ပင် ပြိုဆင်းကျမည့်အလား။

မိစ္ဆာနဂါးများသည် လွင့်ပြယ်သွားကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည်လည်း တစစိ ဖြစ်သွား၏။ မိစ္ဆာအရိပ်သည် မာန်သွင်းလိုက်ရာ ပြင်းထန်သောဖိအားကို ဖန်တီးပြီး ဝမ်လင်းကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။

မာန်သွင်းလိုက်ပြီးနောက် မိစ္ဆာအရိပ်သည် တွန့်ကြေကာ အပိုင်းပိုင်းအစစအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုမိစ္ဆာအရိပ်ကို ဖန်တီးသည့်သူသည်ပင် ပျက်စီးသွားရသည်။

သူတို့ပျက်စီးသွားပြီးနောက် ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ ဝတ်စုံနက်လူများ ရှေ့သို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။သူသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူတို့၏ဦးခေါင်းများအားလုံး ပျံဝဲထွက်ကုန်သည်။ ထိုခေါင်းအားလုံးသည် တူညီသည့်ပုံ မရှိဘဲ အနက်ရောင်အခိုးငွေ့များနှင့် ခြုံလွှမ်းထား၏။

“မင်းတို့ ခေါင်းတွေကို ငါ အသုံးချစရာ ရှိတယ်…” ထို့နောက် ဝမ်လင်းသည် သူ့ရှေ့ ပေတစ်ရာရှိ မျှော်စင်ထိပ်သို့ ကြည့်လိုက်၏။သူသည် ထိုနေရာ၌ လူတစ်ယောက်သည် တိတ်ဆိတ်စွာ ရပ်နေ၏။

“ငါက စီးဆင်းရေပျံ့ကျဲမိစ္ဆာ…မန်ဟိုင်ပဲ…။မင်း ငါ့ကို သတ်နိုင်ရင် မင်း အင်ပါယာချင်းလင်ရဲ့ တောင်နဲ့မြစ်ပန်းချီကား အထီးကျန်ကန္တာရအခိုးအငွေ့ ကို ရရှိနိုင်ဖို့ အခွင့်အရေး ရမယ်။

***

Comment

Leave a Reply

Options

not work with dark mode
Reset