ယင်းသည် ပထမဆုံးအကြိမ်အဖြစ် ရွှီချင်း အားကုန်ထုတ်သုံးဖူးခြင်း ဖြစ်သည်။ ထိုလက်သီးချက်သည် တဝုန်းဝုန်းမြည်ဟည်းနေပြီး ဖက်တီးရှန်၏ခန္ဓာကိုယ်ကြီးထံ ဘုန်းခနဲ ကျရောက်သွားသည်။
ဖန်တီးရှန်၏ခန္ဓာကိုယ်ကြီး အရှိန်အဟုန်ပြင်းစွာ တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဖြစ်တည်နေသော လေအကာအကွယ်သည်လည်း တရစ်ချင်း ပျက်စီးနေပြီး သူ့ကိုယ်တွင်းအင်္ဂါများ ယမ်းခါနေသည်။
ဝေါ့ …
လတ်ဆတ်သော သွေးတစ်ပွက် အန်သံ ထွက်ပေါ်လာပြီး ရွှီချင်း၏မျက်ဝန်းများထဲရှိ လူသတ်ငွေ့များသည်လည်း ပို၍ပင် အားကောင်းလာတော့သည်။
မြှောက်ထားသော သူ့ညာဖက်လက်ထဲတွင် သံတုတ်တစ်ချောင်း ပေါ်လာပြီး နောက်သို့ ဒရောသောပါး ဆုတ်ခွာနေသော ဖက်တီးရှန်ဆီ တဟုန်ထိုး သူ ပြေးဝင်သွားသည်။ သံတုတ်သည် ဖက်တီးရှန်၏ ခေါင်းကို ချိန်ရွယ်ထားလေသည်။
ထိုအခိုက် ရွှီချင်းသည် ကွက်ခနဲ မျက်နှာပျက်သွားကာ နောက်သို့ ဝုန်းခနဲ ဆုတ်ခွာလိုက်သည်။
သူ နောက်ဆုတ်လိုက်သည့်အခိုက် ဖက်တီးရှန်၏မျက်ဝန်းများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။
ဖက်တီးရှန်၏နားနှစ်ဖက်မှ အနက်ရောင်အလင်းတန်းတစ်တန်း ထွက်လာပြီး ရွှီချင်း၏မျက်နှာဆီသို့ လေဟုန်ခွင်း၍ တိုးဝင်သွားလေသည်။
ထိုအနက်ရောင်အလင်းတန်းနှစ်တန်းသည် အတောင်ပံပေါက်နေသော ကင်းခြေများတွေမှလွဲ၍ တခြားမဟုတ်ချေ။ ၎င်းတို့၏အမြန်နှုန်းသည် လက်ဖျားခါရလောက်အောင် မြန်ဆန်ပြီး ရွှီချင်းထံ မျက်တောင်တစ်ချက်ခတ်အတွင်း ရောက်ရှိသွားသည်။ သို့သော်လည်း ရွှီချင်းသည် ဘယ်လက်ရှိ ဓားမြှောင်ကိုဝှေ့ယမ်းကာ ၎င်းတို့အား ပိုင်းဖြတ်လိုက်သည်။ နောက်ဆုံးတစ်ကောင်ကို သူနှင့် ခုနစ်လက်မအကွာတွင် သတ်ဖြတ်နိုင်လိုက်သည်။
ယင်းအန္တရာယ်အခြေအနေက ရွှီချင်း၏မျက်ဝန်းများထဲရှိ လူသတ်ငွေ့များကို ပို၍ ဆူဝေသွားစေပြီး နောက်တစ်ကြိမ် သူ ပြေးဝင်လာပြန်သည်။
ရွှီချင်း နောက်ဆုတ်သွားသည့်အချိန်အတွင်း ဖက်တီးရှန်၏ကိုယ်တွင်းအင်္ဂါများသည်လည်း ပြန်လည်တည်ငြိမ်လာခဲ့ပြီဖြစ်သည်။
ထိုစဉ် သူ၏လုံးဝန်းသော ခန္ဓာကိုယ်ကြီးသည် တရစပ် နောက်ဆုတ်နေသည်။ သူ့လက်များက လက်ဟန်များ ဖော်နေပြီး သူ့မျက်နှာကြီး နီမြန်းလာသည်။ ခဏအကြာ သူသည် အဆိပ်များကို ပါးစပ်မှ ရွှီချင်းထံ မှုတ်ထုတ်လိုက်သည်။
အဆိပ်ငွေ့လုံးကြီးက ရွှီချင်းထံ လွင့်မျော၍ ပြေးဝင်သွားသည်။
အဆိပ်ငွေ့လုံးကြီးအတွင်းမှ တဖျစ်ဖျစ်မြည်သံများ လွင့်ပျံ့နေပေရာ မည်မျှအဆိပ်ပြင်းကြောင်း မြင်နိုင်ပေသည်။
ဖက်တီးရှန်သည် ထိုသို့မှုတ်ထုတ်ပြီးသည်နှင့် သိသိသာသာ ဖြူဖျော့သွားကာ ပိန်ကျသွားသည်။ သူသည် နောက်သို့ ထပ်ဆုတ်လိုက်ပြန်သည်။ သူ့မျက်ဝန်းများထဲတွင် ကောက်ကျစ်သော အရိပ်အငွေ့များနှင့်အတူ ထိတ်လန့်ကြောက်ရွံ့နေသော အရိပ်အယောင်များပါ တွဲခိုလာသည်။
ရွှီချင်း၏ခွန်အားသည် သူခန့်မှန်းထားသည်ထက် ကျော်လွန်နေပေသည်။
သူသည် ချီစုစည်းခြင်းအဆင့်သုံးသို့ ရောက်ရှိနေသည့်အပြင် အဆိပ်များဖြင့် တိုက်ခိုက်ခဲ့ပါသော်လည်း ရွှီချင်းအား မသတ်ဖြတ်နိုင်အောင် ဖြစ်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထို့ပြင် ထိုအဆိပ်ငွေ့များသည် သူ၏သက်စောင့်လူသတ်နည်းဖြစ်သည်။ ထိုအဆိပ်ငွေ့ဖြင့် သူ့ရန်သူကို မသတ်နိုင်သေးပါက အကူအညီတောင်းခံကာ ရွှီချင်းကို သူ အာရုံထွေပြားသွားအောင် လုပ်ရပေမည်။
သို့သော်လည်း သူသာ အကူအညီတောင်းလိုက်လျှင် မြင်းလေး၏ပစ္စည်းကို ရယူရန် ခဲယဥ်းသွားတော့မည်ဖြစ်သည်။
အမှန်တွင် သူ အသုံးမပြုရသေးသော တားမြစ်ပစ္စည်းတစ်မျိုး ရှိနေသေးသည်။ ထိုပစ္စည်း၏ ဘေးထွက်ဆိုးကျိုးက လွန်စွာ ပြင်းထန်လှပါသော်လည်း သူ ထုတ်ယူလိုက်သည်။ ယင်းသည် ပယင်းအပိုင်းအစလေးတစ်ခုဖြစ်သည်။
သူသည် စိတ်ထဲတွင် လွန်ဆွဲနေပြီး ရွှီချင်းရှိနေသော အဆိပ်မြူခိုးများ ဖုံးလွှမ်းနေသည့်နေရာကို လှမ်းအကဲခတ်လိုက်သည်။
သို့သော် သူ ထိုသို့ ကြည့်နေစဉ် အဆိပ်မြူများသည် အရပ်မျက်နှာအနှံ့ ရုတ်တရက် လွင့်ပါးသွားပြီး ရွှီချင်း၏ခန္ဓာကိုယ် တဟုန်ထိုး ထွက်ပေါ်လာသည်။
သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်လှသည်ဖြစ်၍ ဖက်တီးရှန် ငေးကြောင်သွားသည်။ သူ ရင်တဒိန်းဒိန်းခုန်လာကာ ညာလက်ထဲရှိ ပယင်းကို ဖျက်ဆီးကာ အကူအညီတောင်းချင်စိတ် ပေါ်လာသည်။ သို့သော်လည်း ဝမ်းနည်းစွာပင် သူ နောက်ကျလွန်းသွားခဲ့လေပြီ။
စူးရှချွန်ထက်ကာ မည်းနက်တောက်ပြောင်နေသော သံတုတ်သည် ဓားပူပူတစ်လက်က ထောပတ်အား တိခနဲ ပိုင်းဖြတ်သွားသည့်ပမာ သူ၏ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သွေးစိမ်းများ ဖွာခနဲ ပန်းထွက်လာပြီး ဘေးရှိ ရွှီချင်းပေါ်သို့ ကျဆင်းသွားသည်။
ဖက်တီးရှန်၏ခန္ဓာကိုယ်ကြီး တောင့်တင်းသွားသည်။ သူ ခေါင်းလှည့်ချင်ပါသော်လည်း မရပေ။ ထိုသို့ြဖင့် သူ့အလောင်းကြီးမှာ တအိအိဖြင့် မြေပြင်သို့ ကျသွားကာ မလှုပ်မယှက်ဖြစ်သွားတော့သည်။ ရွှီချင်းသည် ဖက်တီးရှန်၏ခန္ဓာကိုယ်ကြီးကို တစ်ချက်မကြည့်ဘဲ ဘေးပတ်ဝန်းကျင်ကိုသာ သတိကြီးစွာ လှည့်ပတ်ကြည့်ရှုနေသည်။
ဤနေရာသည် လူသူအရောက်အပေါက်နည်းသော နေရာဖြစ်သည်။ မည်သည့်လူတစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုမခံရကြောင်း သေချာသွားသည်နှင့် သူသည် ဖက်တီးရှန်၏အလောင်းကြီးဆီ ခပ်သွက်သွက် လျှောက်သွားကာ သားရေအိတ်ရှုံ့ကို ယူလိုက်သည်။
သူသည် မြွေစွယ်ကို သုံးရန် ပြင်လိုက်စဉ် ဖက်တီးရှန်၏ညာလက်ထဲရှိ ပစ္စည်းတစ်ခုကို ရုတ်တရက် သတိထားမိသွားသည်။ သို့ဖြစ်၍ သူသည် ဖက်တီးရှန်၏လက်များကိုဖယ်၍ ကြည့်လိုက်ရာ တဝက်ကျိုးနေပြီဖြစ်သော ပယင်းအပိုင်းအစလေးတစ်ခုကို မြင်လိုက်ရသည်။
ယင်းပစ္စည်းသည် သာမန်သာရှိပြီး အထဲတွင် ကင်းမြီးကောက်အမြီးကို ထည့်ထားသည့်အချက်ကြောင့် အန္တရာယ်ရှိသော ပစ္စည်းတစ်ခု ဖြစ်ဟန်တူသည်။
ရွှီချင်းသည် ထိုပစ္စည်းကို ဂရုတစိုက် သိမ်းလိုက်သည်။ ထို့နောက် အလောင်းကို အရည်ဖျော်လိုက်ပြီး အလောင်းက သွေးအိုင်ကြီးအဖြစ် ပြောင်းလဲသွားသောအခါမှသာ သူ ထွက်ခွာသွားသည်။
သူသည် ထွက်လာရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစသွေးနများကို သုတ်ပစ်ကာ ညအမှောင်ထုထဲ တိုးဝှေ့ပျောက်ကွယ်သွားသည်။
ထိုစဉ် အမှတ်ခုနစ်သခင်ကြီးနှင့် အစေခံသည် အမှောင်ထုထဲမှ ထွက်လာကြ၏။ ထို့နောက် သူသည် ရွှီချင်း ပျောက်ကွယ်သွားသည့် လှမ်းကြည့်လိုက်သည်။ သူသည် ရွှီချင်းနှင့် ဖက်တီးရှန်ကြားရှိ တိုက်ပွဲနှင့်ပတ်သက်၍ စိတ်ဝင်စားခြင်း မရှိပေ။ သို့သော် ခဏကြာ တွေးနေပြီးနောက် သူ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန်တူသည်။
“ ဒီကောင်လေးက ဘာလို့ အဝတ်အစားသစ် မဝတ်တာလဲဆိုတာ အခုမှပဲ ငါ နားလည်တော့တယ်။ သူက သွေးစွန်းသွားမှာကို ကြောက်နေတာပဲ။ သူက ဖြစ်သလို နေထိုင်ခဲ့ရတော့ အဝတ်အစားအသစ်လေးကို တစ်ခုခု စွန်းထင်းသွားရင် စိတ်မသက်မသာ ဖြစ်သွားလိမ့်မယ် ”
ဘေးတွင် ရပ်နေသော အစေခံသည်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ယနေ့တစ်နေ့ခင်းလုံး အမှတ်ခုနစ်သခင်ကြီးသည် မည်သည့်အတွက် ထိုကလေး အဝတ်အစားသစ် မဝတ်သလဲဆိုသည်ကို တွေးတောနေခဲ့ပြီး နောက်ဆုံးတွင် အဖြေရသွားခဲ့လေပြီ။ သို့ဖြစ်ရာ မည်သည့်အတွက်ကြောင့် ဆိုသည့် အကြောင်းပြချက်နှင့်ပတ်သက်၍ အမှတ်ခုနစ်သခင်ကြီး၏ စကားများကို သူ ဆက်ကြားရတော့မည် မဟုတ်ပေ။