လန်လင်းအယ် ရွတ်ဆိုခဲ့သော စာပိုဒ်သည် လျှို့ဝှက်ချက်များ ထိန်းသိမ်းရန်အတွက် တာအိုကျမ်းသစ္စာ အမှန်တကယ် ဖြစ်လေသလော။
တဲအိမ်လေးထဲမှ ထွက်ခွာလာသောအခါ မူလက မဟူရာပုလဲလုံးလေးများသဖွယ် ရွှန်းစိုဝင်းလက်နေခဲ့သော လန်လင်းအယ်၏ မျက်ဝန်းလေးများ ရုတ်ချည်း အသက်မဲ့သွားသည်။ လမ်းလျှောက်လိုက်စဉ် လင်းအယ်၏ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီနေပြီး ခြေလှမ်းများ ယိမ်းယိုင်နေသည်။
“ ရော့ ”
လန်လင်းအယ်၏ရှေ့သို့ ဘေးမှနေ၍ လက်တစ်ဖက် ရုတ်ချည်း ကျရောက်လာပြီး လက်ဖဝါးပြင်ထက်တွင် အစိမ်းဖျော့ဖျော့ ဆေးလုံးတစ်လုံး ရှိနေသည်။
လီချန်ရှို့က နွေးထွေးစွာဖြင့် ဆိုသည်။
“ ချီစုစည်းဆေးလုံးလေ။ ဘာအဆိပ်အတောက်မှ မရှိဘူး။ ဆေးအာနိသင်က သိပ်ညင်သာတာ။ တစ်ခါမှ မကျင့်ကြံရသေးတဲ့လူတွေအနေနဲ့ ဒီဆေးကိုသောက်ပြီး အားအင်ဖြည့်တင်းကြတာ ”
လန်လင်းအယ်က တွေဝေတွန့်ဆုတ်စွာ ဖြေလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို ”
လန်လင်းအယ်သည် ဆေးလုံးကိုယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
လင်းအယ်၏ တံတွေးနှင့် ထိတွေ့သွားသောအခါ ဆေးလုံးက ချက်ချင်း အရည်ပျော်ကျသွားသည်။ ဆေးအရသာက နွေဦးသောက်ရေအလား ကြည်လင်ချိုအေးနေသည်။ လင်းအယ်၏နှုတ်ခမ်းဖျားမှ ဟင်းခနဲ သက်ပြင်းချသံလေး ထွက်ကျလာပြီး ချက်ချင်း အားပြန်ပြည့်သွားသည်။
‘ ဒီဆရာတူ ညီမလေးက နည်းနည်းတော့ ချစ်စရာကောင်းသားပဲ ’
လီချန်ရှို့၏လက်ကြီးက ဘေးမှနေ၍ လင်းအယ်၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး သူက နွေးထွေးစွာ ဆိုသည်။
“ နောက်ကျရင် လင်းအယ်က ချုံတောင်လေးရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာတော့မှာ။ အရင်ဆုံး ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် အစ်ကို လိုက်ပြမယ်။ ဆရာ ဆေးအာနိသင် ပျယ်သွားပြီဆိုတာနဲ့ အဲ … အဟမ်း … ဆရာ ချီတစ်ပတ် လှည့်ပတ်ပြီးတာနဲ့ ပဏာမကျင့်ကြံခြင်းနည်းလမ်းကို လင်းအယ်ကို သင်ပေးလိမ့်မယ်။ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာရှိရင် အစ်ကို့ကို လာမေးလို့ရတယ် ”
“ ကျေးဇူးအများကြီး တင်ပါတယ် ဆရာတူအစ်ကို ”
လန်လင်းအယ်က လက်နှစ်ဖက်ကို နောက်ပစ်၍ အသံစူးစူးလေးဖြင့် ဆိုသည်။
လီချန်ရှို့က လက်ကိုနောက်ပစ်ကာ ရေကန်ဆီ လျှောက်သွားလေသည်။
“ အရင်ဆုံး ကန်ထဲက ဝိညာဉ်ငါးတွေကို ကြည့်ကြတာပေါ့။ ဒါတွေအားလုံးက သိပ်အဖိုးတန်တာ၊ အစ်ကိုတို့ ချုံတောင်လေးရဲ့ မရှိမဖြစ်တဲ့အရာတစ်ခုပဲလေ ”
လန်လင်းအယ်က သူ့နောက်သို့ ခပ်သွက်သွက်ကလေး လိုက်လာပြီး မြက်ခင်းစိမ်းပေါ် နင်းကာ ခြေဖျားကလေး ထောက်၍ ရေကန်ကို ကြည့်လိုက်သည်။
ကန်ရေက ကြည်လင်စိမ်းလဲ့နေသည်။ ကန်ထဲရှိ ငါးကလေးများသည် ပူပင်သောကမရှိဘဲ ဟိုမှသည် ကူးခတ်နေ၏။
“ ဟိုမှာ ”
လီချန်ရှို့က ရောင်စုံအကြေးခွံများနှင့် ဝိညာဉ်ငါးအနည်းငယ်ကို ညွှန်ပြလိုက်သည်။
“ အဲဒီငါးလေးတွေ မလှဘူးလား ”
“ လှတယ် ”
လန်လင်းအယ်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်ငါးလေးတစ်ကောင်က သူမကို မမှိတ်မသုန် ကြည့်နေသည်ဖြစ်၍ သူမ၏နှုတ်ခမ်းဖျားမှ အံ့အားသင့်သွားသည့် အာမေဋိတ်သံကလေး ထွက်ကျလာသည်။
ထိုစဉ် ဘေးမှ ဆရာတူအစ်ကို၏ ကြင်နာသောအသံကို လင်းအယ် ကြားလိုက်ရသည်။
“ လင်းအယ် ချီအသက်တစ်ရှိုက်စာ လေ့ကျင့်ပြီးတာနဲ့ ဝိညာဉ်ငါးတစ်ကောင် စားသောက်ပွဲ အစ်ကိုတို့ လုပ်ကြမယ်။ ရောင်စုံအကြေးခွံတွေနဲ့ အဲဒီငါးလေးတွေကို မြွေခေါင်းတွေလို့ ခေါ်တာ။ အဲဒီငါးလေးတွေက အရသာရှိရုံတင်မကဘူး။ ကျော်စားစား၊ ချက်စားစား၊ ပြုတ်စားစား ရတယ်။ ပိုပြီး ရှားတာက အဲဒီငါးလေးတွေမှာ ကျင့်ကြံသူတစ်ယောက် ပထမဆုံး ထုတ်ဖော်နိုင်တဲ့ စိတ်တန်ခိုးအရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းရှိတယ် ”
လန်လင်းအယ်၏နဖူးကြောလေး သိသိသာသာ ကျုံ့သွားသည်။
“ အစ် … အစ်ကိုက အဲဒီငါးလေးတွေကို စားမှာလား ”
“ စားမှာပေါ့။ စားရအောင် အစ်ကိုတို့ မွေးထားတာလေ ”
လီချန်ရှို့က ဘယ်လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏အင်္ကျီဘယ်လက်က သူ့လက်လှုပ်ရှားမှုအတိုင်း လိုက်ပါသွားသည်။ သူက ဆန်လက်တစ်ဆုပ်စာ ဖြန့်ကျဲလိုက်ပြီး အော်ဟစ်လိုက်သည်။
“ အစာစားချိန်ရောက်ပြီဟေ့ ”
ဝိညာဉ်ငါးများစွာ နေရာအသီးသီးမှ ကူးခတ်လာကြပြီး ကန်ရေပြင် ချက်ချင်း လှိုင်းထသွားသည်။ လန်လင်းအယ်၏မျက်ဝန်းလေးများ ဝင်းလက်သွားသည်။
“ ရော့ ”
လီချန်ရှို့က ဖျင်ကြမ်းအိတ်ကို ကမ်းပေးလာသည်။
“ ဒါက ငါးစာပဲ။ လင်းအယ် သဘောကျရင် နေ့တိုင်း ငါးစာကျွေးရတဲ့တာဝန်ကို လင်းအယ်ကို ပေးမယ် ”
“ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို ”
လန်လင်းအယ်က အားရဝမ်းသာ ဖြေကြားလိုက်ပြီး ဖျင်ကြမ်းလွယ်အိတ်ကို လှမ်းယူလိုက်သည်။ လင်းအယ်က ဆန်အနည်းငယ် ထုတ်ကာ ကန်ပေါ် ဖြန့်ပက်လိုက်သည်။
ငါးစာက ဝိညာဉ်ငါးလေးများ၏ ရောင်စုံအကြေးခွံအား ထိခိုက်သွားမည်ကို စိုးရိမ်နေသည့်အလား လန်လင်းအယ် သတိကြီးကြီးထားနေဟန်တူသည်။
လင်းအယ်ဘေးရှိ လီချန်ရှို့က တည်ငြိမ်စွာ ပြုံးနေလေ၏။
ယခုအချိန်မှစ၍ သူ၏နေ့တဓူဝအလုပ်တစ်ခု လျော့နည်းသွားတော့မည်ဖြစ်ရာ ကျင့်ကြံခြင်းတွင် သူ အာရုံစိုက်နိုင်တော့မည် မဟုတ်ပါလော။
တခြားသောအမြင်မှကြည့်လျှင် ဆရာတူညီမလေးတစ်ယောက်ပိုင်ဆိုင်ထားရသည်မှာ အကြံကောင်းတစ်ခု ဖြစ်ဟန်တူသည်။
လန်လင်းအယ်က လက်ကလေးကို ဝှေ့ယမ်းလိုက်ပြီး တစ်ကြိမ်တွင် လက်တစ်ဆုပ်စာ ငါးစာဖြန့်ကျဲနေလေသည်။ ဝိညာဉ်ငါးလေးများက လင်းအယ်၏အနီးပတ်လည်တွင် အလုအယက် ကူးခတ်နေကြပြီး လင်းအယ်သည်လည်း ငါးစာကျွေးရသည်ကို လွန်စွာ ပျော်ရွှင်နေတော့သည်။
လင်းအယ်ဘေးတွင် စောင့်ကြည့်နေသော လီချန်ရှို့က လက်ချောင်းကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ကန်ရေပြင်တွင် ရေစီးကြောင်းလေးနှစ်ကြောင်း ပေါက်ကွဲထွက်လာပြီး မြွေခေါင်းနှစ်ကောင် ရေပြင်ထက် လွင့်ပျံတက်လာသည်။ သူက အဝေးထိန်းပညာရပ်ကို အသုံးချ၍ ၎င်းတို့အား ဆင့်ခေါ်ပြီး ရေလုံးထဲတွင် ရစ်ပတ်ကာ သူ့အင်္ကျီလက်ထဲ ထည့်လိုက်သည်။
ထိုအခြင်းအရာကြောင့် လန်လင်းအယ် မှင်သက်သွား၏။
“ ဆရာတူအစ်ကို … ဘာလို့ငါးတွေကို အင်္ကျီလက်ထဲ ထည့်လိုက်တာလဲဟင် ”
“ လက်ဆောင်ပေးမလို့ ”
လီချန်ရှို့က မထူးခြားစွာ ဖြေသည်။
“ တုနတ်ဝိဇ္ဇာဂိုဏ်းက အမတလမ်းကို လျှောက်လှမ်းနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းဆိုပေမဲ့ သာမန်လူတွေ လိုက်နာကျတဲ့ လူမှုရေးဓလေ့ထုံးစံတွေကို လိုက်နာကြတယ်။ ဒါပြီးရင် လင်းအယ်ကို စာရင်းသွင်းပေးဖို့ အစ်ကို ခေါ်သွားမှာ။ အဲဒီကို အစ်ကို လက်ဗလာနဲ့ သွားလို့မရဘူး ”
လန်လင်းအယ်က မျက်တောင်လေး တဖျပ်ဖျပ်ခတ်လိုက်သည်။ သူပြောသည့်စကားများကို အပြည့်အဝ နားမလည်ပါသော်ငြား ရိုသေစွာ ခေါင်းညိတ်၍ ပြောသည်။
“ အခုလို ကြိုးစားပေးတဲ့အတွက် ဆရာတူအစ်ကို့ကို ကျေးဇူးအများကြီး တင်ပါတယ် ”
“ သိပ်အရေးကြီးလှတယ်လဲ မဟုတ်ပါဘူး။ လင်းအယ် … ငါးတွေကို အစာကျွေးပြီးသွားရင် ဒီလာခဲ့ ”
လီချန်ရှို့က လက်ကိုနောက်ပစ်၍ ကန်အနီးရှိ ပရဆေးဥယျာဉ်ထံ ဦးတည်လိုက်သည်။ လန်လင်းအယ်က ကန်ထဲရှိ ငါးအုပ်ကြီးကို ကြည့်၍ လက်များကို ဝှေ့ယမ်းကာ နုှတ်ဆက်လိုက်ပြီး လီချန်ရှို့နောက် ခပ်သွက်သွက်ကလေး လိုက်သွားသည်။
ပရဆေးဥယျာဉ်ဘေးသို့ ရောက်သောအခါ လီချန်ရှို့က ဥယျာဉ်ထဲရှိ ဝိညာဉ်ဆေးပင်တစ်ရာကျော်အကြာင်းနှင့် ယင်းတို့၏ အသုံးဝင်မှုများကို အသေးစိတ် ရှင်းပြလိုက်သည်။
လန်လင်းအယ်က သူပြောသမျှအရာအားလုံးကို အတတ်နိုင်ဆုံး ကြိုးစားလိုက်မှတ်သည်။ ဆရာတူအစ်ကိုက ဥယျာဉ်မှူးအသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေသည်ကိုမူ လင်းအယ်လေး မသိပေ။ ဆရာတူအစ်ကို၏ နွေးထွေးသောလေသံအောက်ဝယ် ယင်းကဲ့သို့ နွေးထွေးကြင်နာစွာ ပြောဆိုတတ်သော အမေကိုသာ လန်လင်းအယ် သတိရတော့သည်။
ချုံတောင်လေး၏ ရှုခင်းက သာယာလှပပါသော်လည်း ထွေထွေထူးထူး မိတ်ဆက်နေရန် မလိုအပ်ပေ။
လီချန်ရှို့က ဆရာတူညီမအသစ်ကလေးနှင့်အတူ တဲအိမ်ပတ်ဝန်းကျင်အား နှစ်ပတ် ပတ်သွားပြီး တဲအိမ်အသစ်ဆောက်မည့်မြေနေရာအား သတ်မှတ်လိုက်သည်။ ပြီးသည်နှင့် သူက တိမ်ဖြူတစ်အုပ်အား ဆင့်ခေါ်ကာ လန်လင်းအယ်နှင့်အတူ တောင်များ၏ အလယ်ဗဟိုသို့ ပျံသန်းသွားလေသည်။
လင်းအယ်လေးက သိချင်နေစိတ်ကို ချုပ်တည်းမထားနိုင်ဘဲ မေးမြန်းလိုက်သည်။
“ ဆရာတူအစ်ကို၊ အစ်ကိုကြီးလည်း နတ်ကြိုးကြာတွေကို စီးနင်းနိုင်တာလား ”
“ စီးနိုင်တာပေါ့။ အရာဝတ္ထုတွေကို ဘယ်လိုထိန်းချုပ်ရမလဲ သိရင် လင်းအယ်လဲ စီးတတ်သွားမှာ ”
လီချန်ရှို့က တိမ်ဖြူကို ခြေထောက်နှင့် ထိလိုက်ရာ တိမ်ဖြူက ဂီးခနဲ စူးရှစွာ အော်မြည်၍ နတ်ကြိုးကြာကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ နတ်ကြိုးကြာကြီးက အတောင်ပံများကို တဖျပ်ဖျပ်ခတ်၍ သူတို့နှစ်ဦးကို သယ်ဆောင်သွားလေသည်။
လန်လင်းအယ်၏ မျက်ဝန်းဝိုင်းဝိုင်းလေးများ ချက်ချင်း ဝင်းလက်သွားပြီး အံ့အားသင့်သွား၍ ဆရာတူအစ်ကို၏ တာအိုဝတ်ရုံအား လက်သေးသေးလေးများနှင့် ဆွဲထားလေသည်။
“ ဒါက သာမန်ပုံရိပ်ယောင်ပညာရပ်လေးတစ်ခုပဲ ရှိသေးတယ်။ ဒါထက် ဂိုဏ်းထဲ ပျံသန်းတဲ့အခါ လင်းအယ်သိရမယ့်တခြားအရာတွေ ရှိသေးတယ် ”
“ ဘာတွေလဲဟင် ဆရာတူအစ်ကို ”
လီချန်ရှို့က လည်ချောင်းကိုရှင်း၍ ခေါင်းထဲတွင် ကြိုတင်စဉ်းစားထားပြီးသားဖြစ်သော သင်ခန်းစာများအား အမျိုးအစား ခွဲကာ ဆရာတူညီမလေးကို အနည်းငယ် အသေးစိတ် သင်ကြားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သို့ဖြစ်၍ သူက ရိုးသားပွင့်လင်းစွာ ဆိုသည်။
“ အရင်ဆုံး ဂိုဏ်းထဲမှာ ပျံသန်းရမယ့် အမြင့်ကို မှတ်သားထားရမယ်။ မြင့်မြင့်ပျံလို့မရသလို သိပ်နိမ့်လွန်းနေရင်လည်း မကောင်းဘူး။ ဝါရင့်ကျင့်ကြံသူတွေနဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေက အမြင့်မှာ ပျံသန်းကြတာ။ သူတို့နဲ့ ထိပ်တိုက်တွေ့ရင် အပြစ်လုပ်မိဖို့ သိပ်လွယ်တယ် ”
“ ဒီတော့ မှတ်ထား ဆရာတူညီမလေး၊ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဒါမှမဟုတ် ဝါရင့်ကျင့်ကြံသူတစ်ယောက်က သတိထားမိသွားရင် ညီမလေးကို တစ်ဝက် အထင်ကြီးသွားနိုင်သလို တစ်ဝက်က အပြစ်မြင်သွားနိုင်တယ် ”
“ အကောင်းမြင်သွားရင် ညီမအတွက် ဘာကောင်းကျိုးမှ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ အပြစ်မြင်သွားရင်တော့ အန္တရာယ်နဲ့ ကြုံတွေ့လာမှာ မလွဲဘူး ”
“ ဒီတော့ အကောင်းဆုံးက သူတို့ သတိမထားမိအောင် နေတာပဲ။ သူတို့နဲ့ မတော်တဆ ထိပ်တိုက်တွေ့ရင် ဂါရဝပြုနှုတ်ဆက်ပြီး နေမြဲအတိုင်း နေရင် လုံလောက်ပြီ ”
“ ဟုတ်ကဲ့၊ လင်းအယ် အဲဒါကို သေချာမှတ်သားထားပါ့မယ် ”
“ ပြီးတော့ သိပ်နိမ့်နိမ့်မှာလည်း ပျံလို့မရဘူး။ နိမ့်လွန်းနေရင် တောင်ထွတ်တွေပေါ်က အဆောင်အဦတွေနဲ့ တိုက်မိနိုင်ဖို့ အခွင့်အရေးများတယ် ”
“ ဂိုဏ်းက အပြင်ပန်းက ကြည့်ရင် တည်ငြိမ်အေးဆေးနေပေမယ့် အတွင်းထဲမှာ အပြိုင်အဆိုင်တွေ အများကြီးရှိတယ်။ လူတော်တော်များများက ဘာမဟုတ်တဲ့ အဆင့်သတ်မှတ်ချက်တွေကို သိပ်အလေးထားကြတာ။ ညီမလေးသာ နိမ့်နိမ့်ပျံလိုက်ရင် သူတို့ရဲ့ ပစ်မှတ်ဖြစ်သွားမှာ သေချာသလောက်ပဲ ”
“ ဒီတော့ နှစ်ပေါင်းတစ်ရာလောက် အစ်ကို လေ့လာပြီးတဲ့နောက် ဂိုဏ်းထဲ ပျံသန်းရမယ့်အမြင့်ကို အစ်ကို တွက်ချက်နိုင်ခဲ့တယ်။ အဲဒါက အစ်ကိုတို့အထက် ပေ ၃၀၀ ကနေ ပေ ၅၀၀ အကြားပဲ။ အဲဒီအမြင့်မှာ ဂိုဏ်းထဲက တခြားတပည့်တွေကို ညီမလေး တွေ့ရမှာ မဟုတ်သလို အစွမ်းထက်ကျင့်ကြံသူ နည်းနည်းပါးပါးလောက်ပဲ တွေ့ရမှာ ”
လန်လင်းအယ်သည် ဆရာတူအစ်ကို ပြောသည့် ရှည်လျားထွေပြားသော စကားများအား နှလုံးသားထဲတွင် စွဲမြဲစွာ မှတ်မိနေစေရန် ကြိုးစားလိုက်သည်။ ထိုသို့ မှတ်သားနေရင်း ခေါင်းကလေးကို မော့ကာ ဆရာတူအစ်ကို၏ ထင်းခနဲ ပေါ်လွင်သော ရုပ်ရည်သွင်ပြင်အား မကြည့်ရှုဘဲ မနေနိုင်အောင် ဖြစ်နေလေသည်။
‘ ဆရာတူအစ်ကိုက သိပ်ချောတာပဲ။ ပြီးတော့ အတွေးအခေါ်ကလည်း ကောင်းသေးတယ် ’
***
ဆရာတူအစ်ကိုက လမ်းတစ်လျှောက် သတိပေးစကားများ တတွတ်တွတ် ပြောကြားနေရင်းဖြင့် မကြာခင် လင်းအယ်တို့ တုနတ်ဝိဇ္ဇာဂိုဏ်းကို ရောက်သွားကြလေသည်။
ထိုတောင်ထွတ်သည် ဂိုဏ်းထဲရှိ တောင်များအားလုံး၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ယင်းက အမြင့်မားဆုံးနှင့် အမတ်စောက်ဆုံး တောင်တစ်တောင်လည်းဖြစ်ပြီး မိုးသားတိမ်စိုင်များကို ဖြတ်၍ ကောင်းကင်ကြီးအား ထိုးခွင်းဟန်ပြင်နေသော ဓားတစ်လက်နှင့် ဆင်တူသည်။
သို့ဖြစ်၍ ယင်းကို ကောင်းကင်ခွင်းတောင်ဟူ၍လည်း ခေါ်ကြသည်။
ကောင်းကင်ခွင်းတောင်၏ တောင်ခါးပန်းတွင် နတ်ဝိဇ္ဇာနန်းဆောင်တစ်ဆောင်ရှိပြီး ဂိုဏ်းခေါင်းဆောင်များ၊ အကြီးအကဲများနှင့် တောင်ထိပ်သခင်များ အစည်းအဝေးကျင်းပရာ နေရာဖြစ်၍ သာမန်အားဖြင့် ပျံသန်းခြင်းကို တားမြစ်ထားသည်။ ဂိုဏ်းထဲရှိ တပည့်များနှင့် တခြားလူများကို ထိုနေရာတွင် အခွင့်မရှိဘဲ သွားလာခြင်းမှ တားမြစ်ထားသည်။ ကောင်းကင်ခွင်းတောင်ထွတ်၏ တောင်စောင်းတစ်နေရာတွင် စံအိမ်တစ်လုံးနှင့် နန်းဆောင်တစ်ဆောင်ရှိပြီး နေ့စဉ် ဝင်ထွက်သွားလာနေသည့် လူများ ရှိလေသည်။
ဆရာတူအစ်ကို၏ မိတ်ဆက်စကားအရ ယင်းက ဂိုဏ်းတွင်းကိစ္စရပ်များကို ဆောင်ရွက်သော စီမံရေးရာဆောင်ဖြစ်သည်ကို လင်းအယ် သိလိုက်ရသည်။ တောင်ထွတ်အသီးသီးမှ တပည့်များက လစဉ်ထောက်ပံ့ကြေးလက်ခံရန်နှင့် ကျင့်ကြံခြင်းတိုးတက်နှုန်းအား တင်ပြရန် ယင်းနေရာသို့ တစ်လလျှင်တစ်ကြိမ် လာရောက်လေ့ရှိသည်။
လန်လင်းအယ်သည် မိုးပြာရောင်ကျောက်ခင်းလမ်းလေးအပေါ် လျှောက်လှမ်းနေရင်း သူမနှင့် ဆရာတူအစ်ကိုတို့နှစ်ယောက်အား တစ်ယောက်မှ မြင်ဟန်မတူသည့်အပေါ် အံ့အားသင့်နေရတော့သည်။ ဂိုဏ်းထဲတွင် တပည့်များစွာ ရှိနေပါလျက် ဘယ်သူမှ သူတို့ကို ဂရုတစိုက် မရှိကြပေ။
လူများ၏အကြည့်က သူတို့အပေါ် ဝေ့ဝဲကျရောက်လာသည့်တိုင်အောင် အဝေးသို့သာ ဆက်၍ ကြည့်လိုက်ကြလေသည်။
လီချန်ရှို့၏အသံက လင်းအယ်၏နားထဲ တိုးဝှေ့ဝင်ရောက်လာပြီး စိတ်ရှည်စွာ သင်ကြားပေးလေသည်။
“ လင်းအယ်၊ မှတ်ထားနော်၊ အာရုံစိုက်ခံရအောင် မနေနဲ့။ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နေ။ အဲဒါက ကမ္မနှောင်ကြိုးတွေကို ရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်းပဲ။ လူတစ်ယောက်ရဲ့ အငွေ့အသက်ကို ဖုံးကွယ်နိုင်တဲ့ တာအိုပညာရပ်တစ်မျိုးကို အစ်ကို မွမ်းမံထားတယ်။ လင်းအယ် စကျင့်ကြံပြီဆိုတာနဲ့ လင်းအယ်ကို အဲဒီပညာရပ် သင်ပေးမယ် ”
“ ဟုတ်ကဲ့၊ ကျေးဇူးအများကြီး တင်ပါတယ် ဆရာတူအစ်ကို ”
လီချန်ရှို့က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ အစ်ကို့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ လင်းအယ်ရဲ့ ဆရာတူအစ်ကိုတစ်ယောက်အနေနဲ့ ဒါက အစ်ကို လုပ်ပေးရမယ့်အရာပဲလေ ”
လီချန်ရှို့က လင်းအယ်ကို ဘေးသို့ ခေါ်ကာ ပိုင်ဖန်ခန်းမဟူ၍ စာလုံးကြီးများဖြင့် ရေးထိုးထားသော အဆောက်အဦထဲ ဝင်သွားလေသည်။
အဆောက်အဦထဲတွင် ဆရာတူအစ်ကိုက ဝိညာဉ်ငါးနှစ်ကောင်အား ထုတ်ကာ ဂိုဏ်းအတွင်း၌ စာရင်းအပ်လက်ခံရန် တာဝန်ယူထားသော သက်လတ်ပိုင်းတာအိုရသေ့နှင့် စကားလက်ဆုံကျနေသည်ကို မြင်လိုက်ရသည်။
‘ ဆရာတူအစ်ကိုကတော့ သိပ်ရင့်ကျက်တာပဲ … ’
***