ရုပ်တုတစ်ခုက ရှေးဟောင်းနတ်ဘုရားတစ်ပါးကို မည်သို့ နာခံစေနိုင်ပါ့မည်နည်း။ ရှေးဟောင်းနတ်ဘုရားစွမ်းအား သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်လာရင်း ဝမ်လင်းသည် မားမားရပ်နေ၏။သူ့အကြည့်သည် ရုပ်တုထံမှ အကြည့်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံသည်။
သူသည် စိတ်ထဲရှိ တုန်လှုပ်မှုမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည်ကို ခံစားမိသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေသော်လည်း မျက်လုံးထဲ၌ အညံ့မခံ၊ဒူးမထောက်သည့်အကြည့်တို့သာ ဖော်ကျူးနေ၏။
“ရှေးဟောင်းနတ်ဘုရားတွေကို အညံ့ခံအောင် လုပ်နိုင်တဲ့ အရာ မရှိဘူး။ ကောင်းကင်ဘုံလည်း မလုပ်နိုင်ဘူး။လောကရဲ့ ဥပဒေသတွေလည်း မလုပ်နိုင်ဘူး။သင်လည်း မလုပ်နိုင်ဘူး…” ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်နေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တစီစီအသံများကိုပါ ကြားနေရ၏။သူသည် အစစ်အမှန်ရှေးဟောင်းနတ်ဘုရားပုံစံအထိ ကြီးမားလာခြင်း မရှိသော်လည်း သူ့ရှေးဟောင်းနတ်ဘုရားခွန်အားကမူ မြန်ဆန်စွာ တိုးလာနေ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်မှ အညံ့မခံ၊ဒူးမထောက်သည့် အော်ရာတို့ ပေါက်ကွဲထွက်နေရင်း သူသည် မားမားရပ်နေ၏။
ထိုအော်ရာက ရုပ်တုမှ ဖိနှိပ်မှုကို ခုခံနေသည်။
တိတ်ဆိတ်သောလှိုင်းများ ဖြစ်ပေါ်လာကာ ဝမ်လင်းကို နောက်သို့ ထပ်ဆုတ်စေ၏။
ဝမ်လင်းသည် ရုပ်တုကို စူးစိုက်ကြည့်ရင်း မာန်သွင်း၍ ရပ်တန့်ရန် ကြိုးစား၏။သည်အခိုက်၌ ရုပ်တုသည် ပုံရိပ်ယောင်အသွင် အသက်ဝင်လာကာ သူ့ကို အေးစက်စွာ ကြည့်နေလေ၏။
“ယား…”
ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့၏။ ရှေးဟောင်းနတ်ဘုရား၏ မာန်သွင်းသံကို ထုတ်လွှတ်သည်။
သူ မာန်သွင်းသံ ထုတ်လွှတ်ချိန်၌ လှိုဏ်ဂူတစ်ခုလုံးသည် စတင် တုန်ဟီးလာရ၏။ တချိန်တည်းမှာ ဝမ်လင်းသည် သူ့ခြေထောက်ကို ပင့်မြှောက်ကာ ရှေ့သို့ ကြမ်းတမ်းစွာ လှမ်းသည်။
ထိုခြေလှမ်းက ရိုးစင်းသော်လည်း ဝမ်လင်းအဖို့ အလွန်ခက်ခဲနေ၏။ အံ့မခန်းဖိအားကို ရင်ဆိုင်နေရချိန်၌ လူတစ်ယောက်သည် နောက်ဆုတ်ဖို့သာ လမ်းရှိ၏။သို့ရာတွင် နောက်ဆုတ်ခြင်းမှာ အညံ့ခံခြင်း မည်၏။ သူက ထိုသို့ နောက်ဆုတ်လိုက်ပါက လုံးဝ အညံ့ခံသလို ဖြစ်မည်။
ရှေးဟောင်းနတ်ဘုရားများသည် ကောင်းကင်နှင့်မြေကြီး၊တာအိုတို့ကို ဖိဆန်ကြသူများသာ။ သူသာ သည်ရုပ်တုလောက်ကို အညံ့ခံပါက သူသည် စစ်မှန်သောရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာဖို့ အရည်အချင်း ပြည့်မှီတော့မည် မဟုတ်ပေ။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ တစစီဖြစ်နေသော ကြောက်မက်ဖွယ်အသံများကို ကြားလိုက်ရ၏။ထိုခြေလှမ်းကို လှမ်းခြင်းက သူသည် ဖိအားကို ဖိဆန်သည်ဟု ဆိုလို၏။
ထိုအရာကပင် ရှေးဟောင်းနတ်ဘုရားအမွေအနှစ်ကို ဆက်ခံထားသည့် ဝမ်လင်း လိုချင်သည့်အရာ မဟုတ်လား။
ခြေဆယ်လှမ်း၊အလှမ်းတစ်ရာ ဆုတ်၍ မားမားရပ်နေလျှင်ပင် ရုန်းကန်မှုကို ဆုံးရှုံးခြင်းမရှိလျှင်ပင် အားနည်းသောစိတ်ဆန္ဒသာ ဖြစ်နေပေလိမ့်မည်။ ထိုစိတ်ဆန္ဒမှာ ကောင်းကင်ဘုံ၏ဆန္ဒအတိုင်း လိုက်ပါခြင်းမျှသာ ဖြစ်သေး၏။
သို့ရာတွင် ခြေတစ်လှမ်းရှေ့သို့ လှမ်းခြင်းကမူ အလွန်ကွာခြားပေသည်။ဆိုလိုသည်က ဤခြေတစ်လှမ်းသည် ပုန်ကန်ခြင်း၊ အညံ့မခံ ဖိဆန်ခြင်းပင်။
ထိုခြေလှမ်း လှမ်းလိုက်ပြီးနောက် ရုပ်တုထံမှ ဖိအားသည် အဆများစွာ တိုးလာ၏။ မရေမတွက်နိုင်သော တောင်များ ဝမ်လင်းအပေါ်သို့ ပြိုဆင်းကျလာသကဲ့သို့ပင်။
သူ့နောက်ကျော၌ သွေးများပန်းထွက်နေ၏။သို့သော် သူသည် ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း လှမ်း၏။
“ငါ…ဝမ်လင်းဟာ ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူပဲ။ ငါက ကောင်းကင်နဲ့မြေကြီး၊ကံကြမ္မာကိုတောင် ဖိဆန်နိုင်တယ်။ ငါက ဒီနေရာကနေ ဘယ်လိုလုပ် နောက်ဆုတ်ပေးနိုင်ပါ့မလဲ…” ဝမ်လင်း၏ ခြေလှမ်းက ကောင်းကင်နှင့်မြေကြီးကို ဒေါသထွက်စေခြင်းနှင့် တူနေ၏။ ပိုများပြားသည့်ဖိအားက သူ့ထံသို့ ပြိုဆင်းကျနေ၏။
“တာအိုကိုရှာဖွေသူဟာ အာရုံဦးမှာ မွေးဖွားပြီး နေဝင်ချိန်မှာ သေဆုံးတယ်။ ကောင်းကင်ဘုံကို ဖိတ်ဆန်တဲ့ ကျင့်ကြံသူမှာ ခြားနားတဲ့နှလုံးသား ပိုင်ဆိုင်တယ်။ ဒါက ဘာကြောက်လန့်စရာလဲ။ သေရရုံ အပြင် ဘာရှိဦးမှာလဲ…”
ထိုအံ့မခန်းဖိအားအောက်၌ ဝမ်လင်း၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်နေ၏။ သူသည် သွေးများဖြင့် ရွှဲနစ်နေသည်။သို့သော် သူက ရယ်မောနေ၏။ သူ့ရယ်သံထဲ၌ အညံ့မခံ၊ဒူးမထောက်သည့် အော်ရာ ပြည့်နှက်လေ၏။
ခုလက်ရှိ ဝမ်လင်း စိတ်ထဲ၌ တစ်ခုသာ ရှိ၏။ထိုအရာမှာ ဖိဆန်ခြင်း ပင်။
သူက ရယ်မောနေရင်း နောက်ထပ် ခြေတစ်လှမ်းလှမ်း၏။ သူ တတိယမြောက် ခြေလှမ်းလိုက်သည့်အခိုက်တွင် နန်းတော်အတွင်းရှိ ဖိအားမှာ ဘယ်တုန်းကမျှ မတည်ရှိသကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ရုပ်တုအောက်ရှိ ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။
ဝမ်လင်း၏ ရယ်သံက နန်းတော်အတွင်း ပဲ့တင်ထပ်နေပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ဝမ်လင်းသည် သည်ရုပ်တုကို တွေ့မြင်ကတည်းက မည်သူမှန်း ခန့်မှန်းမိ၏။ ထိုလူ၏ ပုံပန်းသွင်ပြင်မှာ ချင်းရှောင်နှင့် ဆင်တူသည် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ သည်လူမှာ ရုပ်တုမျှသာ ဖြစ်သော်လည်း ခုလိုမျိုးပြင်းထန်သည့်ဖိအားကို ပေးစွမ်းနိုင်နေသည်။
“ကောင်းကင်ဘုံအင်ပါယာ ချင်းလင်…” ဝမ်လင်း၏ နောက်ကျော၌ ချွေးများ ရွှဲနစ်နေ၏။ စောနက သူခံစားမိသည့် အန္တရာယ်အာရုံမှာ ယောင်ပြမဟုတ်ခဲ့ပေ။ သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားစွမ်းအားသာ မရှိခဲ့ပါက သူသည် ထိုဖိအားကြောင့် ချက်ခြင်း ပေါက်ကွဲ၍ သေဆုံးသွားနိုင်သည်။
ဝမ်လင်းက အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို ကြည့်၏။သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
ထိုအမျိုးသမီးက ခေါင်းငုံ့၍ တိုးညင်းစွာ ဆိုသည်။ “နင် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပြီ…”
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်၏။ “သင်က ဘယ်သူလဲ…”
“အင်ပါယာကိုယ်လုပ်တော် ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ပန်းအင်ပါယာကိုယ်လုပ်တော် ဟန်ယန်ပါ…” ထိုအမျိုးသမီးသည် ရုပ်တုကို ကြည့်၏။ သူမ၏ အကြည့်တို့က နူးညံ့၍ နက်ရှိုင်းသောချစ်ခြင်းတရားတို့ ပါဝင်နေသည်။
သူမသည် သက်ပြင်းချ၍ သူမ၏ လက်ကို ဝေ့ယမ်းလိုက်သည်။ မြေပြင်သည် တုန်ယင်လာကာ ကြမ်းပြင်အုတ်ချပ်များက တုန်ခါ၍ လေထဲသို့ မြင့်တက်လာခဲ့၏။
ဆန်းကြယ်သောအားတစ်ခုက သည်ဧရိယာတွင် ပြည့်နှက်လာသကဲ့သို့ ကြမ်းပြင်အုတ်ချပ်များ လေထဲသို့ မြင့်တက်နေသည်။၎င်းတို့က ဝမ်လင်းနှင့်ထိုအမျိုးသမီးတို့ကြားတွင် ထူးဆန်းသောအစီအရင်တစ်ခု ဖြစ်ပေါ်လာစေသည်။
ကြမ်းပြင်အခင်းများ မရှိသည့်အခါ အောက်ခြေကြမ်းပြင်သည် ကြယ်ရောင်စုံကို ဖော်ကျူးနေချေ၏။နန်းတော်အမှောင်ထုက မရေမတွက်နိုင်သော ကြယ်စုကြယ်ဝေးများနှင့် ပြည့်လာသည့်အလား။
ထိုကြယ်များသည် ပုံသေရှိနေခြင်း မဟုတ်သည့်အပြင် တဖြည်းဖြည်းချင်း ရွှေ့လျားနေသေး၏။ထိုအဖြစ်က ဝမ်လင်း၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။
“ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေဟာ ကောင်းကင်ဘုံလှိုဏ်ဂူပဲ။ဒီလှိုဏ်ဂူဟာ အာကာသဟင်းလင်းပြင်ထဲကနေ အထူးနည်းလမ်းတစ်ခု အသုံးပြုပြီး ဆွဲထုတ်ထားတာ။ နင်တွေ့မြင်နေရတာက ပုံရိပ်ယောင် မဟုတ်ဘူး။ အစစ်အမှန်ပဲ…”
“ဒီအစီအရင်ထဲကို ဝင်လိုက်ရင် နင်က ချိပ်ပိတ်ထားတဲ့ ကုန်းမြေကို ဝင်ရောက်နိုင်လိမ့်မယ်။ နင့်မှာ ဒါကို ဖွင့်လှစ်နိုင်တဲ့ စွမ်းရည်ရှိရင် အစစ်အမှန်ကောင်းကင်လှိုဏ်ဂူထဲကို ဝင်နိုင်လိမ့်မယ်…”
“အဲ့ကောင်းကင်ဘုံလှိုဏ်ဂူက ကောင်းကင်ဘုံအင်ပါယာချင်းလင် ရှိနေတဲ့ နေရာလား…”
အဖြူရောင်အမျိုးသမီးက တိတ်ဆိတ်စွာ စဉ်းစားသွား၏။သူက ရုပ်တုကို ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူမသည် တိုးညင်းစွာ ဆိုလာသည်။ “သူ ပြန်ရောက်လာတဲ့ အချိန်တုန်းက ဒဏ်ရာ ရထားခဲ့ပြီ။အဲ့နောက်မှာ သူဟာ နိမ့်ကျတဲ့ ကျူးကျော်သူနှစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကိုလည်း ခံလိုက်ရတယ်။ သူ ပြန်ရောက်လာပြီးတဲ့နောက် သူဟာ ဒဏ်ရာကုသဖို့ ကောင်းကင်ဘုံလှိုဏ်ဂူကို အသက်သွင်းလိုက်တာ…”
“အစတုန်းက ဒီနေရာမှာ ဝင်ပေါက်မရှိခဲ့ဘူး။ဒါပေမဲ့ သူဟာ ဝင်ပေါက်လေးခုကို ဖန်တီးခဲ့တယ်။ ဝင်ပေါက်လေးခုလုံး ပွင့်သွားရင် နတ်ဆိုးစိတ်ဝိညာည်ကုန်းမြေမှာ သူ တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာကို ရောက်နိုင်တဲ့ အစစ်အမှန်ဝင်ပေါက် ပေါ်လာလိမ့်မယ်…”
“နင်က ရပ်တန့်ခြင်းမန္တာန်၊ ချင်းရှောင်ရဲ့အလောင်းနဲ့ ဝမ်နာမည်ကို ပိုင်ဆိုင်ထားတယ်။ဒါ့ကြောင့် ငါ နင့်ကို မတားတော့တာပဲ။ နင် ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲ ဝင်ရောက်ပြီးတဲ့နောက် နင့်စိတ်ထဲမှာ နင့်အဖော်တွေ ပြန်ပေါ်လာလိမ့်မယ်…” အမျိုးသမီးသည် နောက်သို့ လှည့်ကာ သက်ပြင်းချ၍ နန်းတော်အတွင်းဘက်သို့ လှမ်းလျှောက်သွားတော့သည်။ ဝမ်လင်းသည် အထီးကျန်မှု၊အတိတ်ကိုအောက်မေ့မှုတို့နှင့် ပြည့်နှက်နေသည့် သူမ၏ပုံရိပ်ကို ကြည့်နေမိ၏။
ဝမ်လင်းသည် အလျင်အမြန် လှမ်းမေးလိုက်သည်။ “ဝမ်နာမည်က ဘာကို ဆိုလိုတာလဲ…”
“အခွင့်အရေးရှိရင် နင် သိလာလိမ့်မယ်…” အဖြူရောင်ဝတ်စုံနှင့် ထိုအမျိုးသည် တဖြည်းဖြည်း အမှောင်ထုထဲသို့ ပျောက်ကွယ်သွားနေသည်။
ဝမ်လင်းသည် အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ ခပ်သွက်သွက် လှမ်းမေးလိုက်ပြန်၏။ “စီနီယာရဲ့စွမ်းအားနဲတောင် ဘာကြောင့် သင်ဟာ ငါနဲ့အတူ မလိုက်လာခဲ့ရတာလဲ…”
ထိုအမျိုးသမီးသည် အမှောင်ထုထဲသို့ တစ်ဝက်လှမ်းနေရာကနေ ရပ်တန့်သွားသည်။သူမက ဝမ်လင်းကို နောက်ကျောပေးထားသည်။သူမ၏အသွင်က ခါးသီးလို့နေ၏။ သူမက ညင်သာစွာ ပြောလာ၏။ “ငါ မသွားနိုင်ဘူး…”
ထိုသို့ပြောပြီးနောက် သူမ၏ခန္ဓာကိုယ်သည် အမှောင်ထုထဲသို့ လုံးဝနစ်မြုပ်ကာ ပျောက်ကွယ်သွားတော့သည်။
ထိုအမျိုးသမီးသည် လှုပ်ရှားနေမှုကို တဖြည်းဖြည်း ရပ်တန့်လိုက်ရာ သူမခြေထောက်အောက်၌ အဇူရာအလင်းတစ်ခုသည် ပျံ့လွင့်လာသည်။သိပ်မကြာခင်တွင် ထိုအလင်းက သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားပြီး ဖျပ်ခနဲ ပျောက်ကွယ်သွားချေတော့သည်။
“ပန်းအင်ပါယာကိုယ်လုပ်တော်ဟာ သေဆုံးသွားခဲ့ပါပြီ။ ကျန်နေတာဆိုလို့ ပန်းကောင်းကင်ဘုံသားပဲ။ ပန်းကောင်းကင်ဘုံသားဟာ ဒီလှိုဏ်ဂူထဲကနေ ထွက်ခွာမသွားနိုင်ဘူး…”
ဝမ်လင်းသည် စဉ်းစားပြီးနောက် သူ့ရှေ့ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ခြေလှမ်းလိုက်၏။
သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်လာသည့်အခါ ၎င်းအစီအရင်သည် တောက်ပလာ၏။ ထို့နောက် ဝမ်လင်း၏ပုံရိပ်သည် အစီအရင်အတွင်း၌ ပျောက်ကွယ်သွားသည်။
သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် ပုံရိပ်ယောင်ဟင်းလင်းပြင်နေရာတစ်ခုသို့ ရောက်နေ၏။ထိုနေရာ၌ ကြီးမားသည့်အစီအရင်ကြီးတစ်ခုသည် မြေပြင်ထက်သို့ ထွင်းနေသည်။ ဗဟို၌ အနက်ရောင်ကျောက်တုံးကြီးတစ်ခု ရှိနေသည်။
သူ့ပတ်ဝန်းကျင်ကို သေချာလေ့လာကြည့်ပြီးနောက် ဝမ်လင်းသည် အစီအရင်ကြီးထဲသို့ ဝင်ရောက်လိုက်ပြီး ကျောက်တုံးနက်ဘေးနားသို့ ရောက်ရှိသွားသည်။ ခဏအကြာတွင် သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူရရှိခဲ့သော ကောင်းကင်ဘုံလှိုဏ်ဂူ သော့သည် ပျံသန်းထွက်လာ၏။
၎င်းက ပျံသန်းထွက်လာသည်နှင့် အစိမ်းရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲကာ ကျောက်တုံးနက်ထဲသို့ ဝင်ရောက်သွားသည်။
ချက်ခြင်းပင် ထိုအစီအရင်ကြီးထံမှ အလင်းများ ထွက်ပေါ်လာ၏။ သည့်နောက် မှော်စာလုံးတစ်ခုပြီးတစ်ခု လေထဲသို့ လွင့်မြောက်တက်လာကာ သည်ဧရိယာတွင် ပြည့်နှက်ကုန်သည်။ အစီအရင်မှာ တဖြည်းဖြည်းချင်း အသက်ဝင်လာ၏။
ထိုအစီအရင် အသက်ဝင်သည်နှင့် အစီအရင်နှင့်ဝမ်လင်းတို့ကြား ချိတ်ဆက်မှုတစ်ခု ပေါ်လာ၏။သူ့အမြင်သည် ဝေဝါးသလို ခံစားလိုက်ရပြီး ထို့နောက် သူသည် လေးခုမြောက်လှိုဏ်ဂူအတွင်းရှိ အရာအားလုံးကို တွေ့မြင်နိုင်လာသည်။
သည်လှိုဏ်ဂူတစ်ခုလုံးက သူ့စိတ်ထဲတွင် ရှိနေသည့်အလား။ အတွေးတစ်ချက်ဖြင့်ပင် သူသည် အတားအဆီးအားလုံးကို ချိုးဖျက်၍ အရာအားလုံးကို ထိန်းချုပ်နိုင်သွားသည်။
နန်းတော်ကိုမူ မထိန်းချုပ်နိုင်ပေ။
သူက ပန်းပင်လယ်ထဲ၌ နစ်မြုပ်နေကြသော စစ်ထူနန်၊အရှင်ချိုင့်လေ၊ချန်ညီကိုသုံးယောက်နှင့် လိုင်ဂျီတို့ကိုလည်း မြင်နေရ၏။
သူ့အတွေးတစ်ချက်ဖြင့်ပင် ချန်ညီကိုသုံးယောက်၊ ခေါင်းကြီးနှင့် လိုင်ဂျီတို့သည်လည်း ပျောက်ကွယ်သွားကြ၏။ စစ်ထူနန်က မျက်မှောင်ကြုတ်၍ မတ်တပ်ရပ်နေသည်။ ဝမ်လင်း ပျောက်ကွယ်သွားကတည်းက သူသည် သတိအပြည့်ထားနေ၏။ သူ့မျက်လုံးထဲ၌လည်း အေးစက်မှုတို့ ရှိနေသည်။
ထိုအခိုက်အတန့်၌ စစ်ထူနန်၏အသွင်သည် ပြောင်းလဲသွားသည်။ သူနှင့်ရင်းနှီးနေသော နတ်ဘုရားအာရုံတစ်ခုက သူ့အား ဖြတ်ကျော်သွား၏။
“ဝမ်လင်း…”
စစ်ထူနန်၏ခန္ဓာကိုယ်သည် ဝမ်လင်းနတ်ဘုရားအာရုံ ဖြတ်ကျော်သွားချိန်၌ ပျောက်ကွွယ်လို့သွား၏။ ထို့နောက် သူသည်လည်း ဝမ်လင်းရှိနေသော အစီအရင်ကြီးနားတွင် ပေါ်လာ၏။
“ဒီလှိုဏ်ဂူက လုံးဝ ပွင့်သွားပြီ။ လိုင်ဂျီ မင်းကျင့်ကြံမှုအဆင့်က အားနည်းတဲ့အတွက် ငါတို့ ပြန်လာတာကိုပဲ အဲ့နေရာမှာ စောင့်နေ…” ဝမ်လင်းအသံ ထွက်ပေါ်လာရင်း မြေပြင်ထက်ရှိ အစီအရင်သည် စတင် တောက်ပလာသည်။
တချိန်တည်းမှာပင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဖြစ်ပွားလာခဲ့သည်။