ထိုအဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ချင်းရှောင်၏ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေရင်း သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ အချိန်အတန်ကြာပြီးနောက် သူမသည် မျက်လုံးမှိတ်လိုက်၏။ သို့သော် သူမ၏ မျက်တောင်များ တုန်ယင်နေပုံအရ သူမ၏စိတ်ထဲရှိ တုန်လှုပ်မှုကို မဖယ်ရှားဖြစ်နေသည်မှာ သိသာသည်။
ဝမ်လင်းသည် ထိုအမျိုးသမီး၏ဟန်အမူအရာ ပြောင်းလဲသွားမှုကို အနီးကပ်ကြည့်နေ၏။သူသည် ထိုအမျိုးသမီး ရပ်တန့်ခြင်းမန္တာန်နှင့် ချင်းရှောင်တို့ကို သိရှိလား၊မသိရှိလား လောင်းကြေးထပ်လိုက်ခြင်းပင်။
ခုချိန်က ဝမ်လင်းအတွက် အလစ်တိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်နေသော်လည်း သူသည် ထိုသို့မလုပ်ခဲ့ပေ။ထိုအမျိုးသမီးသည် ဝမ်လင်းကို သေရေးရှင်ရေးအထိ ခြိမ်းခြောက်မှုကို ပေးစွမ်းခဲ့သူ မဟုတ်လား။သူမ မူလရင်းမြစ်စွမ်းအင် အမျှင်တန်းကို အသုံးပြုသည့်အခါ ဝမ်လင်းသည် အတော်လေး ထိတ်လန့်ရ၏။
အရှင်မီးတောက်ထံ၌ မူလရင်းမြစ် အော်ရာကို ပိုင်ဆိုင်ထားသည်လျှင်ပင် သူက ၎င်းကို အသုံးမပြုနိုင်ပေ။ သို့ရာတွင် ထိုအမျိုးသမီးကတော့ မူလရင်းမြစ်ကို အမှန်တကယ် အသုံးပြုနေနိုင်၏။
သည်လိုရန်သူမျိုးကို ရင်ဆိုင်ရချိန်၌ အလစ်တိုက်ခိုက်ခြင်းမှာ အဓိပ္ပာယ်မရှိတော့ချေ။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ ပန်းများ၏ ခပ်ဖျော့ဖျော့ရနံ့နှင့် ရိုးတံများမှာ ကြေကျနေသည့် ပန်းပွင့်များသာ ရှိလို့နေလေသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် မျက်လုံးဖွင့်လာကာ ချူးရှောင်၏ခန္ဓာကိုယ်ကို ကြည့်၏။သူမက တစ်ခုခုပြောလိုဟန်ဖြင့် ပါးစပ်ဟသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ လှိုဏ်ဂူထဲရှိ အကွာအဝေးတစ်ခုမှ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာ၏။ ထိုအသံသည် တိတ်ဆိတ်ငြိမ်သက်နေသော အချိန်၌ အလွန်သိသာစွာ ထွက်ပေါ်လာခြင်း ဖြစ်နေ၏။
တချိန်တည်းမှာပင် အကွာအဝေးတစ်ခုမှ ဆဲဆိုသံကို ကြားလိုက်ရ၏။
“ထွက်ပြေးမှာလား…ငါ့မျက်စိကနေ လွတ်နိုင်တဲ့ ရတနာ မရှိဘူးကွ…” စစ်ထူနန်၏ မောက်မာသည့်အသံမှာ ပဲ့တင်ထပ်သွား၏။အဖြူရောင်အလင်းတန်း နောက်၌ သူ လိုက်ပါလာ၏။၎င်းအလင်းတန်းထဲ၌ ပုလင်းငယ်တစ်ခု ပါဝင်၏။
ထိုပုလင်းသည် ကျောက်စိမ်းနှင့်ပြုလုပ်ထားခြင်းပင်။
စစ်ထူနန်က ထိုပုလင်းငယ်နောက်သို့ လိုက်နေခြင်းပင်။ ထိုပုလင်းငယ်က ပို၍ မြန်မြန် ပြေးသည်ကို တွေ့သည့်အခါ စစ်ထူနန်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ ပုလင်းရှေ့၌ အနက်ရောင်မြူတစ်ခု ဖြစ်ပေါ်လာ၏။ထိုအနက်ရောင်မြူသည် သားရဲတစ်ကောင်အဖြစ်သို့ ပြောင်း၍ ပုလင်းငယ်ကို ဝါးမြိုရန် တာဆူလာသည်။
ပုလင်းငယ်သည် ထိုသားရဲ ခုန်အုပ်လိုက်သည့်အခိုက်၌ ရုတ်တရက် ရပ်တန့်သွား၏။ ပုလင်းငယ်သည် တစစီကွဲထွက်ကာ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲသွား၏။ထိုအစိတ်အပိုင်းများက သားရဲကို ထွင်းဖောက်၍ မူလပုလင်းပုံစအတိုင်း ပြန်ဖြစ်ပေါ်လာ၏။ထို့နောက် ၎င်းပုလင်းက အရှိန်မြင့်၍ ရှေ့သို့ ဆက်ပျံသန်းသွားသည်။
စစ်ထူနန်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရယ်မောရင်း ထိုပုလင်းနောက်သို့ ထပ်လိုက်၏။
ထိုရတနာပုလင်းငယ်သည် စစ်ထူနန် လက်ကနေ ပြေးနေရင်း သူတို့သည် ဝမ်လင်းနှင့်အဖြူရောင်အမျိုးသမီးတို့ ရှိနေသော အနားသို့ ရောက်လာကြ၏။
ဝမ်လင်း၏မျက်လုံးတို့က လွန်စွာ တောက်ပနေ၏။
အဖြူရောင်ပုလင်းမှာ မြန်ဆန်လွန်း၏။၎င်းက အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ တိုးဝင်လာသည်။အမျိုးသမီးက မျက်မှောင်အနည်းငယ် ကြုတ်၍ လက်ဝေ့ယမ်းလိုက်၏။ ပုလင်းငယ်သည် သူမ၏လက်ထဲသို့ ညင်သာစွာ ကျရောက်သွားချေသည်။
သို့ရာတွင် ထိုအမျိုးသမီး ပုလင်းငယ်ကို ဖမ်းဆုပ်လိုက်ချိန်၌ ၎င်းပုလင်းငယ်သည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲကာ သူမရှိသို့ ပျံသန်းတိုးဝင်လာ၏။
စစ်ထူနန်က ဖျပ်ခနဲ ရောက်ရှိလာပြီး လှမ်းအော်၏။ “ဝမ်လင်း…သွားကြစို့…”
ဝမ်လင်းသည်လည်း ချင်းရှောင်နှင့်စေတီတို့ကို ပြန်သိမ်းဆည်းဖို့ တုံ့ဆိုင်းမနေပေ။ ပုလင်းငယ်အမျိုးသမီးလက်ထဲသို့ ရောက်သွားသည်နှင့် သူက ချင်းရှောင်နှင့်စေတီတို့ကို ပြန်သိမ်းဆည်းလိုက်ခြင်းပင်။ ထို့နောက် သူသည် လျှပ်စီးတန်းအလား နောက်သို့ ဆုတ်သွားတော့၏။
စစ်ထူနန်၏မျက်နှာက ကြမ်းကြုတ်ဟန် ဖြစ်ပေါ်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထို့နောက် သူ့လက်ကို အောက်သို့ ဖိချ၍ အော်ပြောလိုက်၏။ “ကောင်းကင်ဘုံမန္တာန်…ဟင်းလင်းပြင်အက်ကြောင်း…”
သူ့အသံထွက်ပေါ်လာသည်နှင့် သူတို့ရှေ့ရှိ ဟင်းလင်းပြင်၌ တွန့်ကြေမှု ဖြစ်ပေါ်လာ၏။
သည့်နောက် မရေမတွက်နိုင်သော ဝဲကတော့များ နေရာစုံကနေ ဖြစ်ပေါ်လာပြီး အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ ပျံသန်းဝင်ရောက်ကုန်ကြသည်။
ထိုအခွင့်အရေးကို ဖမ်းဆုပ်ကာ စစ်ထူနန်သည် နောက်သို့ အမြန်ပြန်ဆုတ်ပြီး ဝမ်လင်းနှင့်အတူ လှိုဏ်ဂူဝင်ပေါက်သို့ ဦးတည်သွားကြ၏။
ပုလင်းအပိုင်းအစများသည် အမျိုးသမီး၏မျက်နှာပေါ်သို့ တရကြမ်း တိုးဝင်လာခြင်းပင်။ သို့သော် အကြည့်တစ်ချက်ဖြင့်ပင် ၎င်းအပိုင်းအစများအားလုံး လေထဲ၌ တန့်သွားကြ၏။ တည်ငြိမ်သည့်ဟန်ပန်ဖြင့်ပင် သူမသည် ရှေ့သို့ လှမ်းလျှောက်လိုက်၏။
စစ်ထူနန်၏ မန္တာန်ကြောင့် မရေမတွက်နိုင်သော ဝဲကတော့များ ဖြစ်ပေါ်နေ၏။ သို့သော် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ထူးဆန်းစွာပင် ၎င်းတို့ကို ဖြတ်ကျော်လာ၏။ ၎င်းဝဲကတော့များက သူမ၏အရှိန်ကို တစ်စက်ပင် မနှေးစေနိုင်ပေ။
“နင် လှိုဏ်ဂူထဲ မဝင်ချင်တော့ဘူးလား…” အမျိုးသမီးသည် ထိုသို့ မေးရင်း လှမ်းလျှောက်လာနေ၏။
သူမအသံက အေးစက်သော်လည်း သတ်ဖြတ်လိုသည့်စိတ်ဆန္ဒ မပါဝင်တော့ပေ။
ဝမ်လင်းသည် နောက်ဆုတ်နေရင်း သူ့မျက်လုံးထဲ၌ ချီတုံ့ချတုံ့ဖြစ်မှုတို့ ပေါ်ထွက်နေ၏။သူက ထွက်ပြေးနေရာကနေ ရပ်တန့်ကာ ထိုအမျိုးသမီးကို စူးစိုက်ကြည့်လိုက်၏။
စစ်ထူနန်ကလည်း မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်၏။ အစောပိုင်းက သူသည် ရတနများကို သူ့ဟာသူ သွားရှာဖွေနေခဲ့ခြင်းပင်။သို့သော် သိပ်မကြာခင်တွင် သူက ဝမ်လင်း သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရမှန်း သတိပြုမိခဲ့၏။
အထူးသဖြင့် အရှင်ချိုင့်လေနှင့် တခြားသူများ ပျောက်ကွယ်နေမှုက သူ့ကို တုန်လှုပ်မိစေသည်။ သို့ရာတွင် ဝမ်လင်း သည်နေရာတွင် ရှိနေပါက သူသည် ကိုယ်လွတ်ရုန်း၍ ထွက်မသွားနိုင်ပေ။ထို့ကြော့င် သူသည် သည်နေရာထိ စွန့်စားလာခဲ့ပြီး လွတ်မြောက်ရန် အခွင့်အရေးတစ်ခုကို ဖန်တီးခဲ့ခြင်းပင်။
စစ်ထူနန်က ဝမ်လင်း၏ ရပ်တန့်လိုက်သည်ကို တွေ့မြင်လိုက်သည်နှင့် သူသည်လည်း တုံ့ဆိုင်းခြင်းမရှိ ရပ်တန့်လိုက်၏။သူက လှမ်းလျှောက်လာနေသည့် အမျိုးသမီးကို အေးစက်စွာ ကြည့်နေ၏။
ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ယှက်၍ တည်ငြိမ်စွာ မေးလိုက်သည်။ “စီနီယာက ငါတို့ကို အထဲ ဝင်ရောက်ခွင့် ပြုမှာပါသလား…”
အမျိုးသမီးသည် အချိန်အတန်ကြာ စဉ်းစားနေ၏။ထို့နောက် သက်ပြင်းချသည်။သူမက နန်းတော်ရှိရာသို့ ပြန်လှည့်လိုက်ပြီး ပြောလာသည်။ “ငါ့နောက်လိုက်ခဲ့…”
ထိုသို့ပြောပြီးနောက် ထိုအမျိုးသမီးသည် နန်းတော်ရှိရာသို့ ပျံသန်းသွား၏။ ဝမ်လင်းသည် စဉ်းစားနေ၏။သူက စစ်ထူနန်ကို လှမ်းကြည့်သည်။ စစ်ထူနန်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီလူက အတော်လေး ထူးဆန်းလွန်းတယ်…”
“မင်းတို့ မလိုက်လာဘူးဆိုရင် မင်းတို့နှစ်ယောက် ထွက်သွားနိုင်တယ်…။မင်းတို့ အပေါင်းအပါတွေ အပြင်မှာ စောင့်နေလိမ့်မယ်…” နန်းတော်ရှိသည့်နေရာမှ အမျိုးသမီး၏ ခပ်ဖျော့ဖျော့အသံသည် ထွက်ပေါ်လာသည်။သူမသည် နန်းတော်အပြင်ဘက်သို့ ရောက်နေကာ နန်းတော်၏ အမှောင်ထုထဲသို့ပင် ခြေတစ်လှမ်း ချနေပြီ။
အမျိုးသမီး၏ဟန်ပန် ပြောင်းလဲသွားမှုကို တွေးကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲ၌ ပြတ်သားမှုတို့နှင့် ပြည့်နှက်လာ၏။သူက ဖြည်းဖြည်းချင်း ဆိုသည်။ “စစ်ထူ…ငါ့ဘာသာ သွားမယ်…”
စစ်ထူနန်က သူတို့နှစ်ယောက်လုံး ဝင်လျှင်ပင် အထဲ၌ တစ်ခုခုဖြစ်လာခဲ့လျှင် သူတို့ထံ၌ ခုခံဖို့ နည်းလမ်းမရှိကြောင်း သိထား၏။ သူက စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းညိတ်ပြ၏။
သူနှင့်ဝမ်လင်းတို့ကြား စကားအများကြီးဖြင့် ရှင်းပြမနေဖို့ မလိုပေ။ ဤအချက်က ယုံကြည်မှုတစ်မျိုးသာ ဖြစ်၏။
ဝမ်လင်းသည်လည်း စကားဆက်၍ မဆိုတော့ပေ။ သူက နန်းတော်ရှေ့သို့ လျှပ်တပြတ်အတွင်း အရောက်လာ၏။ ထို့နောက် သူသည် အသက်ဝဝရှိုက်သွင်းကာ နန်းတော်အတွင်းသို့ ခြေချ၏။
သည်နန်းတော်က လုံးဝ နက်မှောင်နေ၏။ အမှောင်ထုသည် သူ့အမြင်အာရုံကို နှောက်ယှက်ရုံသာမက သူ့နတ်ဘုရားအာရုံကိုပါ နှောက်ယှက်ထား၏။ သူသည် သူ့နတ်ဘုရားအာရုံကို သူ့ပတ်လည် ဒါဇင်လောက်ကိုသာ ဖြန့်ကျက်ထားနိုင်သည်။
ဝမ်လင်းက ဤနေရာအတွင်း၌ ရုပ်တုကဲ့သို့ အရိပ်တော်တော်များများကို ခပ်ရေးရေး တွေ့နိုင်၏။ သို့ရာတွင် မှောင်လွန်းသဖြင့် သူသည် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သူ့ရှေ့ရှိ ညင်သာသော ခြေသံများကလွဲ၍ ဤနေရာတစ်ခုလုံးသည် တိတ်ဆိတ်လို့နေသည်။ သူက ထိုအမျိုးသမီးသည် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်နေသည်ဟု ပြောနိုင်၏။
ထိုအခိုက်၌ ခြေသံသည် ပျောက်ကွယ်သွားကာ ခပ်ဖျော့ဖျော့အသံတစ်ခု ထပ်ထွက်ပေါ်လာ၏။
“နင့် နာမည်ဘယ်သူလဲ…”
ဝမ်လင်းက ပြန်ဖြေ၏။ “ဝမ်လင်း…”
“ဝမ်…” ထိုအမျိုးသမီးသည် သူမကိုယ်သူမ ပြောလိုက်သကဲ့သို့ ခပ်တိုးတိုး ဆို၏။ “သူက တကယ့်ကို ဝမ် နာမည် ရှိနေတာပဲ..”
နန်းတော်သည် ပို၍ပင် တိတ်ဆိတ်လာ၏။ ဝမ်လင်း၏အသွင်သည် ပုံမှန်အတိုင်း ရှိနေသော်လည်း အမှန်မူ သူသည် အဆုံးစွန်သတိထားနေ၏။ သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်များ ပြည့်နှက်နေကာ သူသည် ပုံမှန်မဟုတ်တာ တစ်ခုခုဖြစ်သည်နှင့် ချက်ခြင်း တုန့်ပြန်နိုင်ရန် ပြင်ထား၏။
ထို့အပြင် သူ့မျက်ခုံးနှစ်ခုကြား၌ တတိယမျက်လုံးလည်း ဖြစ်ပေါ်နေ၏။ ၎င်းက ပွင့်ဟခြင်း မရှိသော်လည်း မူလရင်းမြစ်စွမ်းအင်ကို ပေါ်ထွက်စေဖို့ သူ့အတွေးတစ်ချက်သာ လို၏။
ဝမ်လင်းသည် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို အတော်လေး ထိတ်လန့်နေမိ၏။ သူသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်သာ ဖြစ်သော်လည်း သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် နိဗ္ဗာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ပေ၏။ သို့ရာတွင် ဝမ်လင်းက သူသည် သည်အမျိုးသမီး၏ ပြိုင်ဘက်မဟုတ်ကြောင်းကို ကောင်းကောင်းသိ၏။
စဉ်းစားနေရင်း အမျိုးသမီးသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပုံရကာ အလင်းတန်းတစ်ခု ပေါ်လာ၏။ထိုအလင်းတန်းသည် လုံးဝ သာမန်မဟုတ်ပေ။၎င်းအလင်းက အမှောင်ထုကို ထွန်းညှိပေးသည့် မီးတောက်တစ်ခုအလား သည်နေရာကို မှိန်ဖျော့ဖျော့လင်းလာစေသည်။ထိုခပ်ဖျော့ဖျော့အလင်းအောက်၌ ဝမ်လင်းသည် နန်းတော်အတွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။
သည်နန်းတော်က သေမျိုးများ၏ တာအိုကျောင်းတော်နှင့် ဆင်တူ၏။နန်းတော်အတွင်း၌ ရုပ်တုပေါင်း ကိုးခု ရှိသည်။ ရုပ်တုရှစ်ခုက ဘေးတစ်ဖက်စီတွင် ရှိနေကာ ဗဟို၌မူ ရုပ်တုတစ်ခု ရှိ၏။ထိုရုပ်တုထံမှ ရွှေရောင်မှိန်ဖျော့ဖျော့ ပေးစွမ်းနေ၏။
သို့ရာတွင် ထိုရွှေရောင်မှာ အားနည်းလွန်း၏။ထို့အတွက်ကြောင့် ၎င်းအလင်းသည် ရုပ်တုအတွင်း၌သာ ရှိ၍ ထိုရုပ်တုကို ထူးဆန်းသောအော်ရာတစ်ခု ပေးစွမ်းနေစေသည်။
ယင်းရုပ်တုမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ဖြစ်၏။ထိုသူက အလွန်ချောမောကာ မျက်လုံးများက လေးနက်ထည်ဝါ၏။ သူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြို့မြတ်တော်ဝင်သည့် အော်ရာကို ပေးစွမ်းနေ၏။
ထိုအဝါရောင်ဝတ်ရုံပေါ်၌ ခရမ်းရောင်နဂါးကိုးကောင်အသွင်ကို ရေးထိုးထား၏။ ၎င်းနဂါးတို့၏အသွင်က ကြမ်းကြုတ်နေသည်။၎င်းတို့က ဝတ်စုံပေါ်၌ ရေးထွင်းထားသည့်ပုံရိပ်များသာ ဖြစ်သော်လည်း အံ့မခန်းကြမ်းကြုတ်မှုကို ခံစားရစေသည်။
ထို့အပြင် ရုပ်တုနောက်ခံ၌ တိမ်စိုင်များကိုလည်း ထွင်းထုထားသေး၏။သို့သော် ၎င်းတိမ်စိုင်များမှာ အဖြူရောင်မဟုတ်ဘဲ အနက်ရောင်များ ဖြစ်နေ၏။ထိုတိမ်မည်းများသည် သက်လတ်ပိုင်းလူကို ပို၍ပင် ထည်ဝါနေစေ၏။
ဝမ်လင်းသည် ထိုသက်လတ်ပိုင်းလူကို ကြည့်သည့်အချိန်၌ သူ့စိတ်သည် ပျာထွက်သွားသည်ကို ခံစားမိ၏။ အံ့မခန်းအော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ရိုက်ခတ်လာ၏။
ထိုအော်ရာမှာ ဝမ်လင်းခံစားဖူးသည့်ထဲ၌ အားအကောင်းဆုံးပင်။ ချင်းရွှေ၊အရှင်မီးတောက်နှင့် ရှေ့ဖြစ်ဟောသူတို့၏ အော်ရာပင် အခုအော်ရာထက် များစွာ အားနည်းပေ၏။ အလုံးစုံကောင်းကင်မှ ဆန်းကြယ်လှသည့် တတိယအဆင့်ကျင့်ကြံသူပင် အနည်းငယ်မျှ အားနည်းနေပေဦးမည်။
ထိုအော်ရာမှာ အလွန်အားကောင်း၏။ ၎င်းက မမြင်ရသောဖိအားကို ဖန်တီးနေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ပင် တုန်ယင်နေရကာ သူ့ကို သွေးအန်စေ၏။ သူက အလျင်အမြန် နောက်ဆုတ်၍ သူ့မူလစွမ်းအင်ကို အသုံးပြုရန် ပြင်၏။ သို့သော် သူ့ကို ကြောက်လန့်တကြား ဖြစ်သွားစေသည်က သူ့မူလစွမ်းအင်သည်ပင် ပြန်ရုတ်လျော့နေခြင်းပင်။ ရုပ်တုစွမ်းအားရှေ့၌ သူ့စွမ်းအင်သည် ထိတ်လန့်နေသည့်အလား။
ထိုမမြင်ရသောဖိအားက ဝမ်လင်းခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကိုပါ ဖိနှိပ်ထားခြင်းပင်။ သူက မည်မျှ ရုန်းကန်ပါစေ အချည်းနှီးပင်။
လောကရှိ မူလစွမ်းအင်ပင် ဤရုပ်တုရှေ့၌ နာခံနေရ၏။
ဝမ်လင်း အတော်လေး ကြောက်လန့်မိနေပေပြီ။ သည်အခိုက်၌ သူ့နှလုံးခုန်သံကိုပါ ပြန်ကြားနေရ၏။ သူ့သွေးများ စီးဆင်းနေမှုပါ ရပ်တန့်သွားသည်။သို့သော် ထိုသို့ ရပ်တန့်သွားချင်းချင်း သူ့သွေးအားလုံးသည် သူ့နှလုံးထံသို့ တရကြမ်း စီးဆင်းလာတော့၏။
ဝမ်လင်းသည် နှစ်ပေါင်း(၁၃၀၀)ကျော် ကျင့်ကြံခဲ့သည့်အတွင်း အခုလိုအဖြစ်မျိုး လုံးဝ မတွေ့ကြုံဖူးပေ။ သို့သော် ခုချိန်တွင် သူ့အတွက် ထိုအချက်ကို တွေးနေဖို့ အချိန်မရှိပါ။ သူ့မူလစွမ်းအင်သည် အသုံးမပြုနိုင် ဖြစ်နေကာ သူ့ခန္ဓာကိုယ်ထဲရှိ သွေးစီးဆင်းမှုက သူ့ကို တုန်ယင်နေစေ၏။
အံ့မခန်းဖိအားသည် သူ့ကို ဒူးထောက်ချစေလိုနေ၏။ ထိုရုပ်တုခွန်အားရှေ့၌ နာခံစေလိုနေ၏။
ဝမ်လင်း၏မျက်လုံးက နီရဲတောက်ပလာ၏။သူက မာန်သွင်း၍ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ပေါက်ကွဲထွက်စေသည်။
ရှေးဟောင်းနတ်ဘုရားများသည် ကောင်းကင်ဘုံကို လေးစားမှု မရှိ၊ တာအိုနောက်သို့ နာခံခြင်း မရှိကြသူများ မဟုတ်လား။ သူတို့က ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင် လျှောက်လှမ်းကြ၏။ ထိုအခြင်းအရာကပင် ရှေးအမိန့်၏အစိတ်အပိုင်းတစ်ခု ဖြစ်လေ၏။
***