ကောင်းကင်ဘုံအစိတ်အပိုင်းမြေ ပျက်စီးလာသည့်အခါ ပန်းရနံ့များသည် ဝမ်လင်းထံသို့ ကျဆင်းလာသည်။သူသည် သူ့ခန္ဓာကိုယ်ပေါ်သို့ အံ့မခန်းဖိအားတစ်ခု သက်ရောက်လာသည်ဟု ခံစားမိကာ သွေးအန်ထုတ်လိုက်ရသည်။ ဝမ်လင်းမျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ဖြစ်ပေါ်လာကာ သူသည် နောက်သို့ အမြန်ဆုတ်၏။
“သူမက ဘယ်လို ငရဲမျိုးလဲ…၊ သူမက တကယ်ပဲ ပန်းကောင်းကင်ဘုံသား တစ်ယောက် ဖြစ်နေမလား…” ဝမ်လင်း၏ ဦးရေပြားပင် ထုံထိုင်းမိနေ၏။ သူသည် သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းကြောင့်သာ ကံကောင်းသွားတာဟု သိနေ၏။ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက သံသယမရှိ သေဆုံးသွားနိုင်သည်။
သူ့ခန္ဓာကိုယ်၏နာကျင်မှုက သူ့စိတ်ကိုပါ တုန်ယင်စေ၏။ကောင်းကင်ဘုံအစိတ်အပိုင်းမြေ ပျက်စီးမှုသည် ဝမ်လင်းကို တုန်လှုပ်မိနေစေသည်။
၎င်းအစိတ်အပိုင်းသည် ရှေ့ဖြစ်ဟောသူကြောင့် အက်ရာများ ရှိခဲ့သော်လည်း အားကောင်းလွန်းသည့် အကာအကွယ် ရတနာတစ်ခု ဖြစ်နေဆဲ မဟုတ်လား။
သို့ရာတွင် ၎င်းက အမျိုးသမီး၏ လက်ညွှန်ချက်တစ်ချက်ဖြင့်ပင် ရိုးရှင်းစွာ ပျက်စီးသွားရ၏။ဝမ်လင်းသည် ပင့်သက်မရှိုက်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူက နောက်သို့သာ အမြန် ဆုတ်နေ၏။
အမျိုးသမီးသည်လည်း အံ့အားသင့်နေ၏။သူမက ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ ဝမ်လင်းကို အေးစက်စက်နှင့် ကြည့်နေရင်း သူမ၏လက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ ညင်သာစွာ ညွှန်သည်။
ထိုအခါ ဝမ်လင်းသည် ခပ်ရှရှဆူးတစ်ချောင်း သူ့ရင်ဘက်ကို ထွင်းဖောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ထိုနာကျင်မှုအောက်၌ သူသည် ချက်ခြင်းပင် ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အသက်ဝင်စေသည်။ သူ့ရင်ဘက်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ထိုနောက် သူ့ရင်ဘက်ရှေ့တွင် ပုံရိပ်ယောင်ဂြိုဟ်တစ်လုံး ဖြစ်ပေါ်လာ၏။သို့သော် ၎င်းဂြိုဟ်၏ ရင်းမြစ်သည် ရှေးဟောင်းနတ်ဘုရားစွမ်းအား၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ဆို၏။ “နင်က ဒီလှိုဏ်ဂူကို ကျူးကျော်လာရဲတာ အံ့အားသင့်စရာ မရှိတော့ဘူး။ နင့်မှာ အရည်အချင်းအချို့ တကယ် ရှိနေသားပဲ…”
ထိုသို့ပြောပြီးနောက် သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကို ဘေးတစ်ဖက်သို့ ညွှန်လိုက်၏။
တစ်ခုခုမှားယွင်းလာသည်နှင့် ထွက်ပြေးရန် အသင့်ဖြစ်နေသော အရှင်ချိုင့်လေမှာ ပွင့်ဖူးလာသည့် ပန်းပွင့်များ၏ ဝန်းရံခြင်းကို ခံထားရသည်။ မွှေးရနံ့က သူ့အား ဖုံးအုပ်နေ၏။သူ့အသွင်သည် ချက်ခြင်း ဖြူရောလာသည်။ သူက ချက်ခြင်းပင် ထိုင်ချကာ ထိုပန်းပင်လယ်ကြား၌ ကျင့်ကြံတော့၏။သူသည် သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို တက်နိုင်သမျှ မြန်မြန် အတင်းထုတ်ပစ်နေ၏။
သူ ထိုင်ချလိုက်သည့်အခိုက်၌ ပန်းများသည် နီးကပ်လာကာ အရှင်ချိုင့်လေကို ဝန်းရံထားပြီး ဖြစ်၏။အကွာအဝေးတစ်ခုမှ ကြည့်ပါက လူတစ်ယောက်သည် ပန်းခင်းများကိုသာ တွေ့မြင်ရပြီး အရှင်ချိုင့်လေကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပါ။
ချန်ညီကိုသုံးယောက်နှင့်ခေါင်းကြီးတို့မှာလည်း အထိတ်တလန့် ဖြစ်နေချေပြီ။သူတို့က နောက်ဆုတ်လို၏။ သို့သော် ပန်းများက သူတို့အား ဖုံးလွှမ်းထားသည်။ သူတို့ မည်သည့်မန္တာန်မှ အသုံးမပြုနိုင်ခင်မှာပင် ပန်းပင်လယ်၏ ဝန်းရံခြင်းကို ခံထားလိုက်ရချေပြီ။
ငွေရောင်အလောင်းသည်လည်း ပန်းများနှင့် ဝန်းရံထားခြင်း ခံရ၏။ထို့ကြောင့် သူမကို ထပ်မံမြင်တွေ့ရခြင်းပင် မရှိတော့ပေ။
ပတ်ပတ်လည်၌ ဝမ်လင်းတစ်ယောက်သာ ရှိတော့၏။
အမျိုးသမီး၏ အေးစက်စက်အကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်လာ၏။ ဝမ်လင်းသည် သူ့စိတ်မှာ နောက်တစ်ကြိမ် တုန်ယင်သွားသည်ကို ခံစားမိ၏။ သူ့ညာမျက်လုံးမှ အပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်လာကာ အဇူရာအလင်းဒိုင်းက သူ့ရှေ့၌ ပေါ်လာ၏။ ချက်ခြင်းပင် သူ့ရှေ့၌ တစီစီအသံများကို ကြားလာရသည်။
လေထဲ၌ ပန်းများ ပေါ်လာ၏။ ၎င်းပန်းတို့က ကြေမွ၍ အဇူရာအလင်းဒိုင်းကို ခြုံလွှမ်းလာသည်။ ပန်းများကြွေမွသည့်အခါ ထူးဆန်းသောပန်းရနံ့မှာ ပို၍ ပြင်းထန်လာသည်။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ပို၍ မျက်မှောင်ကြုတ်လာ၏။သူမက သူမ ဆံပင်ထက်ရှိ ဆံထိုးကို ညာလက်ဖြင့် ယူလိုက်ပြီး ရှေ့သို့ ပစ်လွှတ်လိုက်တော့သည်။
မူလစိတ်ဝိညာဉ်ထိ ထွင်းဖောက်နိုင်သည့် စူးရှရှအသံတစ်ခုသည် သည်လှိုဏ်ဂူအနှံ့တွင် ပဲ့တင်ထပ်လာ၏။ ထိုဆံထိုးသည် ဝမ်လင်းထံသို့ တိုက်ရိုက် ပျံသန်းဝင်လာသည်။
၎င်းဆံထိုးက မြန်လွန်းသဖြင့် ဝမ်လင်းပင် အရိပ်အယောင် မဖမ်းမိနိုင် ဖြစ်နေ၏။သူက သူ့ပတ်လည်၌ တစီစီအသံများကိုသာ ကြားနေနိုင်ပြီး နောက်သို့သာ ဆုတ်နေသည်။
တစီစီအသံတိုင်းက အဇူရာအလင်းဒိုင်း တိုက်ခိုက်ခံနေရသည်ကို ဆိုလိုပေ၏။ သေရေးရှင်ရေးအာရုံသည် ဝမ်လင်းထံ၌ ပိုပြင်းထန်လာ၏။ သူက သူမ၏ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။ သို့သော် သူသည် သူမ၏ကျင့်ကြံမှုအဆင့်မှာ အရှင်မီးတောက်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားမိနေ၏။
ထိုအမျိုးသမီးက သူမ၏ လက်ကို နောက်တစ်ကြိမ် ထပ်မြှောက်ကာ ထူးဆန်းသောချိပ်ဟန် ဖြစ်စေ၍ တိုးညင်းစွာ ဆိုလာသည်။ “ပန်းမြှပ်နှံ့ခြင်း…”
သူမ ထိုသို့ ပြောလိုက်သည့်နောက် မရေမတွက်နိုင်သော ပန်းများသည် လင်းလက် ပွင့်လန်းလာကြသည်။ လှိုဏ်ဂူတစ်ခုလုံးမှာ ပန်းကမ္ဘာကဲ့သို့ ဖြစ်လာ၏။
ပန်းများသည် အထွတ်အထိပ်ထိ ပွင့်လန်းလာပြီးနောက် ခြောက်သွေ့လာကြ၏။ ပန်းရိုးတံများ ခြောက်သွေ့နေရင်း ပန်းပွင့်များသည် မိုးပေါက်များကဲ့သို့ ကြွေဆင်းကျလာသည်။ အမျိုးသမီးက ချိပ်တံဆိပ်ဟန် ဖြစ်ပေါ်နေစေရင်း ပန်းပွင့်အားလုံးသည် ဝမ်လင်းကို ဆွဲချနစ်မြုပ်လိုသည့်အလား သူ့ထံ၌ မြင့်တက်လာ၏။
နောက်ဆုတ်ဖို့လမ်းပင် မရှိတော့ပေ။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်စက်အလင်း ဖြတ်ပြေးသွား၏။ သူသည် ခုလိုမျိုး ချောင့်ပိတ်သည့်အထိ တွန်းအားမပေးခံရသည်မှာ အချိန်ကြာခဲ့လေပြီ။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်၏။ သူက အော်ပြောလိုက်သည်။ “လေဆင့်ခေါ်ခြင်း…”
ပန်းပင်လယ်အတွင်း အနက်ရောင်လေပြင်း ထွက်ပေါ်လာကာ ဝမ်လင်းလက်ထဲ၌ စုဝေး၏။ ၎င်းလေပြင်းက နဂါးနက်လေးကောင်အဖြစ် ပြောင်းကာ လေအေးများ မှုတ်ထုတ်သည်။
တုံ့ဆိုင်းမနေဘဲ ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ပြောင်းလဲ ဖြစ်ပေါ်စေရင်း ဆို၏။ “မိုးဆင့်ခေါ်ခြင်း…”
နဂါးနက်လေးကောင် မာန်ဖီနေရင်း မိုးဆက်များသည် ကောင်းကင်ထက်ကနေ သက်ဆင်းကျလာ၏။ အရပ်မျက်နှာအနှံ့မှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ စုဝေးလာပြီး မျက်စိတစ်မှိတ်အတွင်း မိုးစက်များအတွင်းသို့ ဝင်ရောက်ကုန်သည်။
လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်း မန္တာန်တို့ကို ဆက်တိုက် အသုံးပြုနေရင်း ၎င်းတို့သည် စတင်ပေါင်းစပ်ကြသည်။ လေပြင်းအတွင်း မိုးစက်များရှိစွမ်းအားက ခွန်အားပင်။ မိုးအတွင်း လေပြင်းစွမ်းအားက ပိုအေးစက်၏။ ထို့အတွက်ကြောင့် မရေမတွက်နိုင်သော မိုးစက်များသည် ရေခဲသလင်းများအဖြစ်သို့ ပြောင်းလဲလာ၏။ ဝမ်လင်းသည် လက်ညွှန်နေရင်း နဂါးနက်လေးကောင်မှာ မာန်ဟိန်းကာ ရေခဲမိုးသည် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးအပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းလာလေ၏။
ဤအခိုက်က သေရေးရှင်ရေးပင်။ဝမ်လင်း၏မျက်လုံးတို့က အေးစက်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို ထပ်မံ ဖြစ်စေကာ တုံ့ဆိုင်းခြင်းမရှိ ဆိုသည်။ “ဆန်းကြယ်လက်နက်…” ထိုသို့ဖြင့် သူ့ပါးစပ်ထဲမှလည်း အနက်ရောင်အလင်းတန်း ပျံသန်းထွက်လာ၏။ ထိုအလင်းတန်းမှာ ငရဲရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးပင်။
၎င်းတံဆိပ်တုံးက တဖျပ်ဖျပ် တောက်ပနေ၏။ ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို လှုပ်ခါလိုက်ရာ တံဆိပ်တုံးအတွင်းရှိ စိတ်ဝိညာည်ျားသည် ပျံသန်းထွက်လာပြီး သည်လှိုဏ်ဂူထဲ၌ ပြည့်နှက်လာ၏။ ၎င်းတို့က မိုးဆင့်ခေါ်ခြင်း၊လေဆင့်ခေါ်ခြင်း တို့နှင့်အတူ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ တိုးဝင်သွားကြ၏။
ဆန်းကြယ်လက်နက်သည် ပန်းပင်လယ်အတွင်း လှိုင်းတစ်ကို ဖြစ်လာစေသည်။ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက ပေဖန်၏ မန္တာန်သုံးခုလုံးကို အသုံးပြုလာခြင်းပင်။ထိုမန္တာန်သုံးခု၏စွမ်းအားက မည်သည့်နည်းနှင့်မျှ လျော့တွက်၍ မရပေ။အနက်ရောင်လေပြင်းသည် ပန်းပွင့်များကို နောက်သို့လွင့်စေကာ ရေခဲသလင်းများမှာလည်း လှိုဏ်ဂူအတွင်း၌ တစီစီအသံများ ဖြစ်ပေါ်နေစေသည်။
နောက်ဆုံးတွင် ဆန်းကြယ်လက်နက်မှ မရေမတွက်နိုင်သော တိုက်ပွဲစိတ်ဝိညာဉ်များ၊အထူးသဖြင့် သွေးဘိုးဘေးသည် သည်ဧရိယာကို ခြုံလွှမ်းလာ၏။ မန္တာန်သုံးခုသည် လောကကို မုန်တိုင်းထန်စေပေပြီ။
ဝုန်း…ဝုန်း…။
တုန်ဟီးသံများက ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်၏။ ပေဖန်၏မန္တာန်သုံးခုပေါင်းစပ်မှုမှာ ပန်းပင်လယ်အတွင်း လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ကာ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ နီးကပ်သွားစေ၏။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၏။ သူ့ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာ၏။သူ့မူလအရွယ်အစားကနေ ဝမ်လင်းသည် ပေတစ်ထောင်ကျော်ထိ မြင့်မားလာ၏။
သူနှင့်အတူ အဇူရာအလင်းဒိုင်းမှာလည်း လိုက်ပါ ပြောင်းလဲကာ ပေရာချီ၍ ကြီးမားလာသည်။ ၎င်းအလင်းဒိုင်းက ဝမ်လင်းကို လှည့်ပတ်နေသည်။
တော်ဝင်ရှေးဟောင်းနတ်ဘုရား၏ အော်ရာက ချက်ခြင်းပင် ပျံ့လွင့်လာ၏။ ဝမ်လင်းသည် မာန်သွင်း၍ သူ့ညာလက်ဖြင့် လက်သီးချက်တစ်ချက်ကိုပါ ပစ်သွင်းလိုက်ချေသည်။
ပြင်းထန်သောလေပွေတစ်ခု ဖြစ်ပေါ်လာကာ မန္တာန်သုံးခု၏ အမြန်နှုန်းကို နောက်ကနေ အရှိန်မြှင့်ပေးသွားသည်။မန္တာန်များက အရာအားလုံးကို ဖြတ်ကျော်၍ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးရှေ့သို့ ရောက်ရှိလာ၏။
နဂါးနက်လေးကောင်သည် မာန်ဟိန်းနေရင်း အဆုံးမဲ့ ရေခဲသလင်းမိုးများသည် ကျဆင်းနေသည်။ မရေမတွက်နိုင်သော တိုက်ပွဲစိတ်ဝိညာဉ်များမှာလည်း ကောင်းကင်ထက်၌ ပြည့်နေ၏။
ထိုအမျိုးသမီးက ဝမ်လင်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကို ကြည့်နေရင်း သူ့အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူမက တိုးညင်းစွာ ဆိုသည်။ “ရှေးဟောင်းနတ်ဘုရား…” သူမက ညာလက်ကို ပင့်မြှောက်လိုက်ရာ သူမ၏ လက်ထံကနေ အစိမ်းရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားသည်။ထို့နောက် ဆန်းကြယ်လှသည့်အလင်းလုံးတစ်ခု ဖြစ်ပေါ်လာ၏။
ရှေးဟောင်းနတ်ဘုရားအသွင် ပြောင်းလဲထားပြီးသော ဝမ်လင်းက ထိုအလင်းလုံးကို တွေ့မြင်သည့်အခါ သေရေးရှင်ရေးအာရုံကို ထပ်ရပြန်သည်။ သည်တစ်ကြိမ်က ခါတိုင်းအကြိမ်များထက်ပင် ပိုအားကောင်းနေ၏။
အမျိုးသမီး၏အသွင်က ပို၍ အေးစက်လာ၏။သူမသည် ထိုအလင်းလုံးကို ပစ်လွှတ်လိုက်သည်။ အလင်းလုံးသည် မုန်တိုင်းအသွင်ပြောင်း၍ ချက်ခြင်းပင် ဝမ်လင်း၏မန္တာန်များနှင့် ထိပ်တိုက်တွေ့သည်။
ဝမ်လင်းရှေ့ရှိ မြင်ကွင်းက သူ့အား အံ့အားတကြီး တုန်လှုပ်မှုကို သယ်ဆောင်လာတော့သည်။
အလင်းလုံးနှင့် မန္တာန်သုံးခုပေါင်းစပ်ထားသောစွမ်းအားတို့ ထိပ်တိုက်တွေ့၏။ထိုအခိုက်၌ အလင်းလုံးသည် ထူးဆန်းစွာ ပြောင်းလဲသွားစေသည်။မန္တာန်သုံးခုမှ ပေါင်းစပ်ထားရာကနေ မူလမန္တာန်တစ်ခုချင်းစီအဖြစ်သို့ ပြန်ခွဲထွက်သွား၏။
သည့်အပြင် ၎င်းမန္တာန်သုံးခု၏စွမ်းအားတို့သည် အမျိုးသမီးရှေ့၌ ဘာမှမဟုတ်သကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ဆန်းကြယ်လက်နက်မန္တာန်မှ ထွက်ပေါ်လာသည့် အဆုံးမဲ့စိတ်ဝိညာဉ်များပင် ငရဲရှစ်ထပ်တံဆိပ်တုံးထဲသို့ ပြန်ဝင်ရောက်သွားကြရသည်။
ထိုအရာအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းပင်။ဝမ်လင်း၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူ့နောက်ဆုံး တိုက်ခိုက်မှု လက်သီးမုန်တိုင်းသည်သာ အမျိုးသမီးအနားသို့ ရောက်ရှိသွားနိုင်ခဲ့သည်။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး၏အသွင်က တည်ငြိမ်လျက်ပင်။ သူ့မျက်လုံးတို့က အေးစက်နေ၏။ သူမ၏လက်ထဲ၌ နောက်ထပ်အလင်းလုံးတစ်ခု ထပ်ပေါ်လာကာ သူမသည် ၎င်းကို ဝမ်လင်းထံသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
“မူလရင်းမြစ်…” ဝမ်လင်းသည် ထိုအလင်းလုံးထဲ၌ မူလရင်းမြစ်စွမ်းအား အမျှင်တန်းကိုပါ ခံစားမိနေ၏။ မူလရင်းမြစ်စွမ်းအားကသာ သူ့မန္တာန်သုံးခုကို ခုလိုမျိုး ဖျက်စီးပစ်နိုင်သည် မဟုတ်လား။ ၎င်းအလင်းလုံးနှင့် ထိမိသည်နှင့် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ပင် ပျက်စီးသွားရပေလိမ့်မည်။
သည်လိုသေရေးရှင်ရေး အခြေအနေ၌ ဝမ်လင်း၏တတိယမျက်လုံးသည် ရုတ်တရက် ပွင်ဟလာ၏။ အလင်းလုံးနီးကပ်လာချိန်၌ စူးရှရှ အနီရောင်အလင်းသည် သူ့တတိယမျက်လုံးထဲကနေ ထိုးထွက်လာသည်။
တတိယမျက်လုံး၏စွမ်းအားသည် အလုံးစုံ ထုတ်လွှတ်လေပြီ။
တတိယမျက်လုံးပွင့်ဟလာသည်နှင့် အနီရောင်အလင်းမှာ ယပ်တောင်အသွင် ပြန့်ကား၍ တိုးဝင်လာသည့် အလင်းလုံးကို ဖုံးလွှမ်းစေ၏။ထို့နောက် တတိယမျက်လုံးထဲရှိ မူလရင်းမြစ်စွမ်းအားသည်ပါ ထွက်ပေါ်လာသည်။
ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် သူ့တတိယမျက်လုံးအတွင်းရှိ မူလရင်းမြစ်စွမ်းအင်နှင့် တိုက်ခိုက်လိုက်ခြင်းပင်။ ထိုအနီရောင်အလင်းက အေးဆေးသည့်ပုံ ပေါ်နေသော်လည်း အဆုံးစွန် အန္တရာယ်များပေ၏။
ဝမ်လင်း၏ တတိယမျက်လုံးထဲကနေ အနီရောင်အလင်း ထွက်ပေါ်လာသည့်အခိုက် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး၏အသွင်သည် ပထမဆုံးအကြိမ် ပြောင်းလဲသွား၏။
အလင်းလုံးသည် အနီရောင်အလင်းအောက်၌ မြန်ဆန်စွာ လွင့်ပါးနေ၏။သို့ရာတွင် ၎င်းက လွင့်ပါးနေသော်လည်း ဝမ်လင်း၏တတိယမျက်လုံးအတွင်းရှိ ကျန်ရှိနေသည့် မူလရင်းမြစ်စွမ်းအင်တို့ကပါ တစ်ခုနှင့်တစ်ခု ချေဖျက်နေသကဲ့သို့ မြန်ဆန်စွာ လွင့်ပါးနေချေသည်။
ထိုဖြစ်စဉ်က ခဏတာသာ ကြာမြင့်၏။သို့သော် ဝမ်လင်းအဖို့ နှစ်ထောင်ချီကြာမြင့်သကဲ့သို့ ခံစားရ၏။ ထိုအလင်းလုံး ပျောက်ကွယ်သွားသည့်နောက် သူက နောက်သို့ မြန်ဆန်စွာ ဆုတ်၏။ ထို့နောက် မှိန်ဖျော့သွားသည့် အနီရောင်အလင်းပါ ပျောက်ကွယ်သွားပြီး တတိယမျက်လုံးသည်လည်း ပြန်ပိတ်သွားတော့၏။
သူ့နောက်ကျော၌ ချွေးစေးများဖြင့် ရွှဲနစ်နေလေပြီ။ သူက နောက်သို့ ဆုတ်နေမိ၏။ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး၏အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သို့သော် သူမ၏ မျက်လုံးတို့က အလေးအနက် ဖြစ်လာ၏။သူမက ဖြည်းဖြည်းချင်း ပြောလာသည်။
“ရှေးဟောင်းနတ်ဘုရား၊ပေဖန်ရဲ့ ကောင်းကင်ဘုံမန္တာန်၊ မူလရင်းမြစ်စွမ်းအင်…နင်ဘယ်သူလဲ…”
ဝမ်လင်းမှာ ထိုအမျိုးသမီးကို အတော် ထိတ်လန့်နေမိပေပြီ။ သို့သော် သူက သူမကို ကျော်လွန်၍ လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ရပေမည်။ သည်အခိုက်၌ ဝမ်လင်း၏ စိတ်သည် တုန်ယင်သွားကာ သူသည် ရပ်တန့်ခြင်းမန္တာန်ကို တွေ့သည့်အခါ ထူးဆန်းသောအသွင် ဖြစ်သွားခဲ့သည့် အဘိုးအိုကို ပြန် အမှတ်ရသွား၏။
ဝမ်လင်းသည် သူ့ဘဝ၌ လောင်းကြေးထပ်ခဲ့၏။ သို့သော်ခုချိန်၌ သူသည် လောင်းကြေး ထပ်ကို ထပ်ရပေတော့မည်။
“ငါ ကျရှုံးသွားရင်လည်း ငါ ထွက်ပြေးပြီး ဒီကောင်းကင်ဘုံလှိုဏ်ဂူထဲကို ဝင်ရောက်နိုင်ဖို့ ရှေးဟောင်းနတ်ဆိုးပေလောကို အကူအညီတောင်းတောင်းဖို့ သွားရှာမယ်…။ဘာပဲဖြစ်ဖြစ် ငါ ဒီလှိုဏ်ဂူထဲကို ဝင်နိုင်မှ ဖြစ်မှာ…”
ဝမ်လင်းသည် အံတင်းတင်းကြိတ်လိုက်၏။ သူ့လက်ကို ပင့်မြှောက်၍ ညွှန်သည်။ထိုအခါ ရပ်တန့်ခြင်းမန္တာန်သည် ရုတ်တရက် ထွက်ပေါ်လို့လာ၏။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ရပ်တန့်ခြင်းမန္တာန်ကို တွေ့မြင်သည့်အခါ သူ့အသွင်သည် ပြောင်းလဲသွားတော့၏။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက ဆုံးဖြတ်ချက်ချကာ သူ့သိုလှောင်အိတ်ကိုပါ ထိလိုက်၏။ထိုအခါ သူ့သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစေတီ ထွက်ပေါ်လာပြီး ချင်းရှောင်၏အလောင်းသည် ဝမ်လင်းနှင့်အဖြူရောင်ဝတ်စုံအမျိုးသမီးတို့ကြား၌ မြောလွင့်နေတော့သည်။
ထိုအဖြစ်က ဤအမျိုးသမီးကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားစေ၏။
***