ဝမ်လင်း၏ခုလက်ရှိ ကျင့်ကြံမှုသည် အရင်ကနှင့် မတူတော့ပေ။အထူးသဖြင့် ကြယ်ငါးလုံး တော်ဝင်ရှေးဟောင်းနတ်ဘုရား ဖြစ်လာပြီးနောက် သူ့ကို အန္တရာယ်အာရုံ ခံစားရစေသည့် အခြေအနေမှာ များများစားစား မရှိတော့ပါ။
ရန်သူ၏ ကျင့်ကြံမှုက နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သောအဆင့်များ မဟုတ်ပါက ဝမ်လင်းကို အန္တရာယ်အာရုံ ခံစားရစေဖို့ မဖြစ်နိုင်တော့ချေ။
သို့ရာတွင် ထိုအဖြူရောင်ပုံရိပ် ထွက်ပေါ်လာသည့်အခိုက်၌ ဝမ်လင်း၏ အန္တရာယ်ကို ခံစားမှုက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။
သူ့မျက်လုံး သူငယ်အိမ်ပင် ကျုံ့သွားကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် အလိုလို ဆုတ်မိသွား၏။သူက ထိုအဖြူရောင်ပုံရိပ်ကို စူးစိုက်ကြည့်နေ၏။
နန်းတော်အတွင်းမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာ၏။အဖြူရောင်ပုံရိပ်သည် လှမ်းထွက်လာကာ ဝမ်လင်းနှင့်အခြားသူများ ရှေ့သို့ ရောက်လာ၏။ထိုပုံရိပ်မှာ အလွန့်အလွန်လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်နေလေ၏။
သူမသည် လောက၏ ပန်းတစ်ပွင့်အလား။လောကနှင့်အတူ မွေးဖွား၍ အတူ ခြောက်သွေ့မည့်အလား။
သူမသည် သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကိုသာ ဖော်ပြထား၏။သူမ၏အကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်လာပြီးနောက် သူမသည် နောက်ဆုတ်နေသော လူတိုင်းကို ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်ကပင် ဝမ်လင်း၏ စိတ်နှလုံးကို တူဖြင့် ထုချသလို ခံစားလိုက်ရစေ၏။သူ့ခေါင်းပွင့်လုမတတ်ပင်။ သူက သွေးပါ အန်ထုတ်လိုက်ရသည်။ထို့နောက် ခြေလှမ်းဆယ့်နှစ်လှမ်းခန့် ထပ်ဆုတ်လိုက်ရသည်။သူ့အသွင်က သုန်မှုန်နေချေ၏။
ဝမ်လင်းပင် ထိုသို့ ဖြစ်နေပါက ကျန်သည့်သူများအဖို့ ပို၍ အခြေအနေ ဆိုးနေ၏။
အရှင်ချိုင့်လေက မျက်လုံး ပြူးနေမိ၏။ သူ့ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေသည်။သူ့တောင်ကဲ့သို့ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး မူလအရွယ်အစားထိ ပြန်ကျုံ့သွားရသည်။သူသည်လည်း နောက်သို့ ခြေလှမ်းအတော်အတန်ဆုတ်လိုက်ရ၏။သူ့မျက်နှာသည် ဖြူရောနေသည်။သူက အထိတ်တလန့် ဆိုမိ၏။ “ပန်းကောင်းကင်ဘုံသား…”
ချန်ညီကိုသုံးယောက်မှာလည်း တောင့်ခံနိုင်စွမ်း မရှိကြပါ။ အကြည့်တစ်ချက်ဖြင့်ပင် အရှင်ရီချန်၏ ရင်ဘက်မှ တစီစီအသံများပင် ထွက်ပေါ်လာရ၏။သူသည် သွေးအန်ထုတ်ကာ ကောင်းကင်ထက်မှ လိမ့်ဆင်းကျသွား၏။သူ့မျက်လုံးထဲရှိိ ထိတ်လန့်မှုမှာလည်း အထွတ်အထိပ်သို့ပင် ရောက်နေလေပြီ။
အရှင်ရီရှောင်နှင့်ရီလုံတို့မှာလည်း သူတို့စိတ်နှလုံးကို ထွင်းဖောက်ခံလိုက်ရသည့်အလား ဒွာရပေါက်များကနေ သွေးများ စိမ့်ထွက်ကုန်၏။သူတို့သည်လည်း ကောင်းကင်ထက်မှ ပြုတ်ကျလာကြရသည်။
ခေါင်းကြီးနှင့်လိုင်ဂျီတို့သည်လည်း အတူတူပင်။
လိုင်ဂျီသည် သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို တောင့်မခံနိုင်တော့ပေ။သူက ရှက်ရွှံ့စွာဖြင့် မြေပေါ်သို့ ဒူးထောက်နေမိသည့်အထိပင်။
ငွေရောင်အလောင်းသာ ပုံမှန်အတိုင်း ရှိနေ၏။သို့သော် သူမ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖျပ်ခနဲ တောက်ပသွားသည်။
အကြည့်တစ်ချက်၌ ထိုမျှ ကြောက်မက်ဖွယ်စွမ်းအား ပါဝင်နေ၏။ ထိုအဖြစ်က ဝမ်လင်းကို သုန်မှုန်နေစေသည်။ သည်နေရာက အပြင်ဘက်လှိုဏ်ဂူလေးခုထဲမှ တစ်ခုမျှသာ ဖြစ်၏။သို့သော် ဤမျှ အန္တရာယ်များနေလေပြီ။ သူတို့သာ ငါးခုမြောက် နောက်ဆုံး လှိုဏ်ဂူသို့ ဝင်ရောက်ခဲ့ပါက အန္တရာယ်သည် ပိုများတော့မည်မှာ သိသာနေပေသည်။
“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို လာတဲ့ ဒီခရီးစဉ်က အန္တရာယ်အများဆုံး ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်…။ငါ ဝမ်လင်းက ငါ့အသက်ကို ရင်းပြီး လုပ်ရမှာပဲ…”
အဖြူရောင်ပုံရိပ်သည် နန်းတော်အမှောင်ထုထဲသို့ ပြန်ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူ့ဉာဏ်ရည်ဖြင့် သူသည် စောနကအကြည့်မှာ သတိပေးခြင်းသာ ဖြစ်ကြောင်း ချက်ခြင်း သိပေ၏။
အထူးသဖြင့် ဝမ်လင်းကိုပင်။အထဲသို့ မဝင်ရောက်ရန် အကြည့်တစ်ချက်ဖြင့် သတိပေးခြင်းလော။
အခြားအချိန်သာ ဆိုပါက ဝမ်လင်းသည် သည်နေရာကို ရှောင်သွားဖို့ ဆုံးဖြတ်ပေမည်။ တကယ်တော့ ခုချိန်၌ သူသည် တစုံတစ်ယောက်၏လှိုဏ်ဂူကို ကျူးကျော်မှ ဖြစ်ပေမည်။
သည်ခရီးစဉ်က ဝမ်လင်း လုပ်ကိုလုပ်ရပေမည်။ သည်အရာများက ကျောက်ရီအတွက်ပင်။ သူ့အကြီးမားဆုံးဆန္ဒမှာ ချင်းရှောင်ကို အသက်ပြန်ရှင်စေရန်ပင်။ သူမကို အသက်ပြန်ရှင်စေဖို့ အကောင်းဆုံးအခွင့်အရေးမှာ သူမ၏အဖေ ချင်းလင်သာ ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်းသည် ကျောက်ရီအပေါ် ခုထိ ကျေးဇူးတင်နေမိ၏။ စစ်ထူနန်မှာ ဝမ်လင်းကို ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ လမ်းကြောင်း ပေးခဲ့သည်ဟု ဆိုပါက ကျောက်ရီသည်လည်း သူ့ကျင့်ကြံမှု၌ အရေးကြီးဆုံးအခန်းကနေ ပါဝင်ခဲ့ပေ၏။ ကျောက်ရီ၏ အာဏာတက်ခြင်းသလင်းကျောက်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းရင်း သေဆုံးနေခဲ့လောက်ပေပြီ။
ထို့အပြင် စစ်ထူနန်၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်သည် အခု ဖိနှိပ်ထားနိုင်သော်လည်း သူတို့နှစ်ယောက်လုံးမှာ ထိုအဆိပ်နှင့် ပတ်သတ်၍ မဖြေရှင်းနိုင်ပါက အကျိုးဆက်မှာ အလွန်ပြင်းထန်မည်ကိုလည်း သိနှင့်ထားကြ၏။
သူ့ဘဝအတွက် အရေးအကြီးဆုံး ကျေးဇူးရှင်နှစ်ယောက်ဖြစ်သည့် စစ်ထူနှင့်ကျောက်ရီတို့၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ သူသည် သည်နေရာကို ရရှိမှ ဖြစ်မည်။အန္တရာယ်များလှသည်ဆိုလျှင်ပင် သူသည် နောက်ဆုတ်ဖို့ ရွေးချယ်လိမ့်မည် မဟုတ်ပေ။
“ငါက ရွေးချယ်ပြီးမှတော့ ဒီလမ်းကြောင်းကို ဆက်လျှောက်ကို လျှောက်မယ်…”
ဝမ်လင်းသည် အသက်ဝဝရှုသွင်း၏။ထို့နောက် သူသည် လိပ်ခွံပေါ်တွင် မားမားရပ်လိုက်၏။သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်တန်းလိုက်သည်။လှိုဏ်ဂူအနှံ့တွင် မိုးကြိုးပစ်သံတစ်မျှ တုန်ဟီးသံများ ထွက်ပေါ်လာလေသည်။
အေးစက်စက်လေများ တိုက်ခတ်လာရင်း အနက်ရောင်အလင်းအမျှင်တန်းများသည် စတင် စုစည်းလာသည်။ သိပ်မကြာခင်တွင် ဝမ်လင်း၏လက်ထဲ၌ ပုံရိပ်ယောင်လှံတစ်ခု ရောက်ရှိလာသည်။
သည်ဧရိယာတွင် မိုးကြိုးများစွာသည်လည်း ပြည့်နှက်လာ၏။ သည်အခိုက်၌ ဝမ်လင်းနောက်တွင် ရှေးဟောင်းနတ်ဘုရားပုံရိပ်တစ်ခု ပေါ်လာသည်။ သူက နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဖမ်းဆုပ်ချိန်၌ ၎င်းနတ်ဘုရားပုံရိပ်ကလည်း သူ့လက်ကို ဆန့်ထုတ်၏။ ကျယ်လောင်စွာ မြည်ဟိန်းချေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံမှ မထင်ထားလောက်စွာ ထိုပုံရိပ်၏ လက်ထဲတွင်ပါ ပေါ်ထွက်လာလေ၏။
အားကောင်းသော မူလစွမ်းအင်များသည် သည်လှိုဏ်ဂူတွင် ပြည့်နှက်လာ၏။ ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ပင့်တက်၏။ မြေပြင်ထက်ရှိ ကျောက်စကျောက်နများပါ လေထဲသို့ မြောက်တက်လာကြရသည်။
ထိုကျောက်စများသာမက မြစ်ထဲရှိ ရေများပါ စီးဆင်းနေရာကနေ ရပ်တန့်သွားသည်ဟု ထင်ရကာ လေထဲသို့ မြောလွင့်လာကြ၏။
ဤအခိုက်အတန့်၌ သည်နေရာတစ်ခုလုံးသည် ထူးဆန်းဆန်းကြယ်လာချေပြီ။
“ငါ ဘယ်သူကို့မှ မထိခိုက်စေချင်ဘူး။ ခုချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီလိပ်ခွံကို ဖျက်စီးပြီး လှိုဏ်ဂူလမ်းကြောင်းကို ဖွင့်ရလိမ့်မယ်…”
ဝမ်လင်း၏ တတိယမျက်လုံးသည် တဖြည်းဖြည်းချင်း ပွင့်လာ၏။ သူ့တတိယမျက်လုံးအောက်၌ ပုန်းကွယ်နေသော ကြယ်ငါးလုံးသည် မြန်ဆန်စွာ လှည့်လည်လာသည်။ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လာသည်။
ဝမ်လင်းက ရုတ်တရက် လှုပ်ရှားလာ၏။ထို့နောက် သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ညင်သာစွာ ရွှေ့လျားစေသည်။ ထိုလှံ ရွှေ့လျားသည့်အခါ ဟင်းလင်းပြင်ပါ ပိုင်းဖြတ်ခံလိုက်သည့်အလား။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ကိုင်ထားရင်း ဝမ်လင်းသည် လိပ်ခွံထံသို့ လျှပ်စီးတန်းအလား ရွှေ့လျားလာ၏။သူက အနားသို့ ရောက်သည့်အခါ သူ့မျက်လုံးထဲ၌ ပြတ်သားမှုတို့သာသ ရှိနေ၏။သူက အော်ပြောလိုက်သည်။ “အရှင်ချိုင့်လေ၊ ငွေရောင်အမျိုးသမီး၊ ဒီလိပ်ခွံကို ချိုးဖျက်ဖို့ ငါ့ကို ကူညီကြ…”
အရှင်ချိုင့်လေသည်လည်း အံတင်းတင်းကြိတ်ကာ ရွှေ့လျားလိုက်၏။ သူ့ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်အရွယ်အစားထိ မြန်ဆန်စွာ ပြန်ကျုံ့သွား၏။သူ့ခန္ဓာကိုယ်မှ ရွှေရောင်တောက်ပလာကာ ဧရာမကျောက်ပြားကြီးတစ်ခု ထွက်ပေါ်လို့လာသည်။
ထိုကျောက်ပြားပေါ်၌ စာလုံးများစွာ ရှိ၏။၎င်းကျောက်ပြားက ရွှေရောင်တောက်ပနေသည်။အရှင်ချိုင့်လေသည် ရှေ့သို့ လက်ညွှန်၏။ ထိုကျောက်ပြားသည် တဝီဝီမြည်ဟိန်း၍ လေထုကို ဖြတ်ကာ လိပ်ခွံပေါ်သို့ ဦးတည်သွားတော့သည်။
ကျောက်ပြားနှင့် လိပ်ခွံထိမိသည့်အခါ ကျယ်လောင်စွာ မြည်ဟိန်းသွား၏။ ငွေရောင်အလောင်းသည်လည်း ငါးရောင်စုံအခိုးငွေ့တို့ကို မှုတ်ထုတ်ကာ လိပ်ခွံထံသို့ တန်းတန်းမတ်မတ် ဦးတည်စေသည်။ထိုငါးရောင်စုံအခိုးငွေ့များသည် လိပ်ခွံတစ်ခုလုံးကို ဖုံးအုပ်ကာ ၎င်းအခွံကို စတင်ပျော်ဝင်စေ၏။
လိပ်ခွံသည် ပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ သည်အခိုက်၌ ဝမ်လင်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ကြမ်းတမ်းစွာ စောင့်ချလိုက်၏။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ရူးသွပ်နေသည့် နဂါးတစ်ကောင်အလား လိပ်ခွံထံသို့ တိုးဝင်သွားသည်။လှံဖျားသည် လိပ်ခွံနှင့် ချက်ခြင်းလိုလို ထိမိသွားသည်။
လှံထံမှ စက်ဝန်းအသွင်လှိုင်းများ ရုတ်တရက် ပျံ့နှံ့လာကာ ကျယ်လောင်စွာ မြည်ဟိန်းသည်။တချိန်တည်းမှာပင် လှံနှင့် ထိပ်တိုက်တွေ့သည့် လိပ်ခွံနေရာတွင် အက်ကြောင်းများ ပေါ်လာချေသည်။
အက်ကြောင်းများ ပို၍ ပေါ်လာလေလေ ငါးရောင်စုံအခိုးငွေ့က အက်ကြောင်းထဲသို့ ဝင်ရောက်၏။ ရွှေရောင်ကျောက်ပြားကြီး၏ ဖိနှိပ်မှုကိုပါ ထည့်ပေါင်းပါက အက်ကြောင်းသည် ပို၍ ကြီးမားလာကာ လိပ်ခွံသည် လုံးဝ ပြိုပျက်သွားချေတော့သည်။
၎င်းလိပ်ခွံအတားအဆီး ပျက်စီးချိန်၌ နန်းတော်တစ်ခုလုံးသည် လင်းလက်လာသည်။ ခုချိန်၌ ဝမ်လင်း ထုတ်လွှတ်လိုက်သောစွမ်းအားဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ၎င်း၏စွမ်းအားကို ပြသနေပေပြီ။ လိပ်ခွံကို ချိုးဖျက်စေပြီးနောက် ၎င်းလှံသည် နန်းတော်ထဲသို့ တိုးဝင်သွားသည်။
ထိုလှံနှင့်အတူ ငါးရောင်စုံအခိုးငွေ့တို့ပါ လိုက်ပါလာ၏။ သို့ရာတွင် ဤအခိုက်၌ ဝမ်လင်း၏ အမွှေးအမျှင်များကိုပါ ထောင်မတ်သွားစေသည့် အန္တရာယ်အာရုံသည် ပြန်ထွက်ပေါ်လာသည်။သည်တစ်ခါက စောနကထက်ပင် ပို၍ အားကောင်းနေသည်။
အဖြူရောင်လက်ဝါးတစ်ခုသည် နန်းတော်အတွင်းကနေ ဆန့်ထွက်လာကာ လှံကို ချိန်ရွယ်၏။ မရေမတွက်နိုင်သော ရောင်စုံပန်းများ ကောင်းကင်ထက်၌ ပေါ်လာ၏။၎င်းလှံများသည် ကောင်းကင်တစ်ခွင့် ချက်ခြင်း ဖုံးလွှမ်းကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ရပ်တန့်သွားစေသည်။
ငါးရောင်စုံအခိုးငွေ့သည်လည်း ချက်ခြင်းပင် ငါးရောင်စုံပန်းအဖြစ်သို့ ပြောင်းလဲ၍ လေထဲ၌ မြောလွင့်သွားရသည်။
အဖြူရောင်ပုံရိပ်တစ်ခုလှမ်းထွက်လာကာ သူမ၏ လှပသည့်လက်ကို ပင့်မြှောက်၏။သူမသည် ဝမ်လင်းကို အေးစက်စွာကြည့်၍ သူ့ထံသို့ လက်ညွှန်သည်။
ချက်ခြင်းလိုလိုပင် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်က ကျုံ့သွား၏။ထို့နောက် သူသည် သူ့ပါးစပ်ကိုဟကာ တစုံတခုကို ထွေးထုတ်၏။ထိုအရာက အရှင်မီးတောက်သူ့ကို ပေးခဲ့သော အကာအကွယ်ရတနာ မိုးကြိုးကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်းပင်။
၎င်းအစိတ်အပိုင်းပေါ်တွင် ရှေ့ဖြစ်ဟောသူ၏မန္တာန်ကြောင့် အက်ရာအချို့ပါ ရှိနေ၏။
ထိုကောင်းကင်ဘုံအစိတ်အပိုင်းမြေ ပျံသန်းထွက်လာသည်နှင့် ၎င်းက ပေတစ်ထောင်အကျယ်ထိ ကြီးမားလာသည်။၎င်းက ဝမ်လင်းကို အကာအကွယ်ဒိုင်းတစ်ခုအလား ကာကွယ်ပေးထား၏။
သို့ရာတွင် ကောင်းကင်ဘုံအစိတ်အပိုင်း ပေါ်ထွက်လာချိန်၌ ထိုအစိတ်အပိုင်းပေါ်တွင် မရေမတွက်နိုင်သောပန်းများ ပွင့်လာသည်။ထိုပန်းပွင့်များသည် အလွန်လှပကာ မွှေးရနံ့တစ်ခုကိုလည်း ထုတ်လွှတ်ပေးနေ၏။
“ငါ နင့်ကို သတိပေးပြီးသွားပြီ…” နူးညံအေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံ ထွက်ပေါ်လာသည်နှင့် အစိတ်အပိုင်းမြေပေါ်၌ ဖုံးအုပ်နေသည့် ပန်းများသည် ရုတ်တရက် တစစီ ဖြစ်သွားချေသည်။
***