တော်ဝင်ဇူကျောင်းတော်ထဲမှာလည်း အချိန်ရေစီးကြောင်းက လျင်မြန်စွာစီးဆင်းသွားခဲ့ရသည်။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် လဝက်ဆိုတဲ့အချိန်ကို ကျော်လွန်သွားခဲ့သည်။
ဒီလဝက်အတွင်းမှာ ဇူယွမ်က ပါရမီရှင်အတန်းရဲ့လေ့ကျင့်မှုပုံစံနဲ့ တဖြည်းဖြည်းအသားကျလာခဲ့သည်။ သို့ပေမဲ့လည်း သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီးနောက်မှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုက အနည်းငယ်လျော့ကျသွားခဲ့ရသည်။ ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရသော်လည်း သူ့ရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက သတ္တုဓာတ်စွမ်းအင်အကူအညီနဲ့ ဖြည်းဖြည်းချင်းလျော့ပါးလာခဲ့သည်။
လေးခုမြောက်ဝင်ပေါက်လုံးဝပွင့်သွားဖို့က အချိန်တစ်ခုတော့ လိုအပ်ပေသည်။
တစ်ရက်မှာတော့…
နံနက်စာစားပြီး နန်းတော်အတွင်းမှ ထွက်ခွာလာတဲ့ဇူယွမ်က ပန်းခြံအတွင်းမှ လှပတဲ့ပုံရိပ်ကလေးကို မြင်လိုက်ရသည့်အခါ သူ့ရဲ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။
တော်ဝင်ဇူကျောင်းတော်ထဲမှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ဒီနေ့နောက်တစ်ကြိမ်ထပ်ဖွင့်ပေလိမ့်မည်။ သို့ပေမဲ့လည်း သတ္တုဓာတ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်နဲ့ တဖြည်းဖြည်းယဉ်ပါးလာသည်နှင့်အမျှ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုက ဇူယွမ်အတွက် အနည်းငယ်လျော့ကျသွားခဲ့ရသည်။
ဒါ့ကြောင့်ပဲ ဇူယွမ်က သူပိုပြီးသန်မာလာဖို့အရေး အခြားနည်းလမ်းတွေကို စဉ်းစားလာရသည်။
“ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲ ဝင်ရောက်တဲ့အချိန်တိုင်း ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလစုစည်းခြင်းမှော်စာလုံးတစ်ခုရေးဆွဲခဲ့ရတယ်… အစ်မကြီးယောင်ယောင်ရဲ့ မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်က အရမ်းကိုမြင့်မားပြီး ကျောင်းတော်က မူလမှော်စာလုံးရေးသားတဲ့ဆရာထက် များစွာသာလွန်တယ်… သူမက ပိုပြီးအကျိုးရှိစေနိုင်တဲ့ အဆင့် ၁ မူလစုစည်းခြင်းမှော်စာလုံးကို သိခဲ့မယ်ဆိုရင် ဒါက ငါ့အတွက်ပိုပြီးအကျိုးရှိစေနိုင်တယ်… တကယ်လို့သူမသာ ဒီလိုမျိုးရေးဆွဲနိုင်မယ်ဆိုရင် ငါ့ရဲ့သတ္တုဓာတ်စွမ်းအင်စုပ်ယူနိုင်တဲ့စွမ်းရည်က နောက်ထပ်မြင့်မားတဲ့အဆင့်တစ်ခုကို မြင့်တက်သွားရလိမ့်မယ်…” သူက ဒါကိုတွေးလိုက်မိသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပလာခဲ့ကာ ပန်းခြံထဲမှ ကျောက်တုံးအိမ်လေးရှိရာသို့ လျင်မြန်စွာပဲ လျှောက်လှမ်းသွားခဲ့လိုက်မိသည်။
ယောင်ယောင်က ကျောက်တုံးအိမ်လေးထဲမှာ လှပတင့်တယ်စွာ ရပ်နေလျက်ရှိသည်။ သူမလက်ထဲမှာ ကိုင်ထားသည့် မူလမှော်စာလုံးစုတ်တံရဲ့ထိပ်ဖျားက ကျောက်ပြားပေါ်မှာဖြန့်ခင်းထားသည့် စာလိပ်ပေါ်မှာ ရှေ့တိုးနောက်ငင်ဖြင့် လှုပ်ရှားနေလျက်ရှိပေသည်။ သူမရဲ့ရွှန်းစိုလှပတဲ့ မျက်နှာလေးကလည်း အာရုံစူးစိုက်မှုအပြည့်ရှိနေသည်။ သူမရဲ့ ဒီလိုအလေးအနက်ထားပြီး အလုပ်လုပ်နေတဲ့ပုံစံက လွန်စွာမှပင် ဆွဲဆောင်မှုရှိလှသည်။
ဇူယွမ်က တိတ်ဆိတ်စွာပင် ယောင်ယောင်ရဲ့ဘေးကို ရောက်ရှိသွားခဲ့ပြီး စာလိပ်ပေါ်ကိုကြည့်လိုက်သည့်အခါ ရှုခင်းပုံပန်းချီကားတစ်ချပ်ကို မြင်တွေ့ခဲ့လိုက်ရသည်။ တောင်တန်းတွေက မြွေနဂါးတစ်ကောင်အလား တွန့်လိမ်ယှက်သန်းနေကာ ကွေ့ကောက်စွာစီးဆင်းနေတဲ့ မြစ်ကလည်းနေရောင်အောက်က အစစ်အမှန်ရေတွေအလား တဖိတ်ဖိတ်တောက်ပနေလျက်ရှိသည်။
ပန်းချီကားရဲ့ ထူးခြားဆန်းကြယ်မှုတွေကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့အမူအယာက တဖြည်းဖြည်းလေးနက်သွားခဲ့ရသည်။ ပန်းချီကားရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့မူလမှော်စာလုံးစုတ်ချက်တွေရှိနေတာကို သဘောပေါက်လိုက်မိသည့်အခါ သူ့ရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။
ဒီပန်းချီကားက အရမ်းကိုစွမ်းအားမြင့်တဲ့ မူလမှော်စာလုံးတစ်ခုကို ဖုံးကွယ်ထားပေသည်။
ဒါကသေချာပေါက်ကို အဆင့်နိမ့်မူလမှော်စာလုံးတစ်ခု မဖြစ်နိုင်ပေ။ မူလမှော်စာလုံးကို ခံစားကြည့်ဖို့ကြိုးစားခဲ့စဉ်မှာပင် ရေခဲတမျှအေးစက်မှုတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စိမ့်ဝင်လာခဲ့ရသလို သူ့ကိုကြောက်ရွံ့ထိတ်လန့်စရာအရာတစ်ခုနဲ့ ရင်ဆိုင်တွေ့လိုက်ရသည့်အလား ဖြစ်စေခဲ့သည်။ ဒီအချိန်အတောအတွင်းမှာ ပန်းချီကားထံမှ အံ့အားသင့်စရာကောင်းတဲ့လှိုင်းတစ်ခုက ခုန်ထွက်လာခဲ့သည်။
ဇူယွမ် အံ့အားသင့်သွားမှုနဲ့အတူ တုန်လှုပ်သွားခဲ့ရသလို သူ့ရဲ့နှလုံးသားထဲမှာလည်း အထိတ်တလန့်အော်ဟစ်လိုက်မိသည်… “ဒီမူလမှော်စာလုံးက အဆင့် ၃ ကိုရောက်နေခဲ့ပုံပဲ…”
အဆင့် ၃ မူလမှော်စာလုံး။ ကောင်းကင်ဘုံတံခါးအဆင့်ကျွမ်းကျင်သူတွေတောင်မှ ဒါကိုလျော့တွက်ရဲလိမ့်မည်မဟုတ်ပေ။
ဒါ့အပြင် ဇူယွမ့်ကိုပိုပြီးတုန်လှုပ်စေခဲ့တာက ယောင်ယောင်အနေနဲ့ မူလမှော်စာလုံးကို ရှုခင်းပုံပန်းချီကားထဲမှာရောစပ်၍ ရေးဆွဲထားခဲ့ခြင်းကြောင့်ပင်။ ဒါကိုကြည့်ခြင်းအားဖြင့် လူတစ်ယောက်ဟာ သူမအနေနဲ့ မူလမှော်စာလုံးရေးသားခြင်းမှာ ဘယ်လောက်တောင်မှ နက်နက်ရှိုင်းရှိုင်းနားလည်နေလဲဆိုတာကို မြင်တွေ့နိုင်ပေသည်။
ဇူယွမ်က မူလမှော်စာလုံးရှုခင်းပုံပန်းချီကားထဲမှာ နစ်မြှုပ်နေစဉ်မှာ သေးသွယ်တဲ့လက်ကလေးတစ်ဖက်က သူ့ရဲ့မြင်ကွင်းကို ဖုံးကွယ်သွားခဲ့ပြီး သူ့ကိုသတိပြန်ဝင်လာစေခဲ့သည်။
“နင့်ရဲ့လက်ရှိ မူလမှော်စာလုံးကျွမ်းကျင်မှုက ဒီအဆင့်ကိုမရောက်သေးဘူး… ဒါက နင့်ရဲ့စိတ်ဝိညာဉ်ကို အလွန်အမင်းနာကျင်စေရလိမ့်မယ်…” ယောင်ယောင်ရဲ့ တည်ငြိမ်တဲ့အသံက သူ့နားထဲကို လွင့်ပျံရောက်ရှိလာခဲ့သည်။
ဒါကိုကြားလိုက်ရပြီးတဲ့နောက်မှာ ဇူယွမ်ကအနည်းငယ် မူးဝေသွားသလို ခံစားခဲ့လိုက်ရသည်။ သူ့ရဲ့အကြည့်တွေကို အလျင်အမြန်ပဲ အဝေးကိုပြောင်းရွှေ့လိုက်ပြီး လေးစားအားကျမှုနဲ့အတူ ညည်းညူလိုက်မိသည်… “အစ်မကြီးယောင်ယောင်ရဲ့ မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်က တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ…”
သူက ယောင်ယောင့်ကို သိချင်စိတ်ပြင်းပြနေတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး “အစ်မကြီးယောင်ယောင်က အခုလက်ရှိ မူလမှော်စာလုံးကို အဆင့်အမြင့်ဆုံးဘယ်လောက်ထိ ရေးဆွဲနိုင်လဲဆိုတာ ငါမေးလို့ရမလား…”
ယေဘူယျပြောရမယ်ဆိုရင် အဆင့် ၃ မူလမှော်စာလုံးတွေက ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။ တကယ်လို့ ၎င်းကသာ အဆင့် ၄ မှာရှိနေခဲ့မယ်ဆိုရင် သူ့အဖေဇူချင်တောင်မှပဲ အနည်းငယ်သတိထားရပေလိမ့်မည်။
ကံကောင်းစွာနဲ့ပဲ ဇူအင်ပါယာတစ်ခုလုံးမှာ အကျွမ်းကျင်ဆုံးဆိုတဲ့ မူလမှော်စာလုံးရေးပညာရှင်တောင်မှ အဆင့် ၄ မူလမှော်စာလုံးကို ရေးသားနိုင်စွမ်းမရှိဘူးဆိုတာကို ဇူယွမ်သိပေသည်။
ယောင်ယောင်က သူမရဲ့ရှေ့က ပန်းချီကားကို နူးညံ့စွာလိပ်လိုက်ပြီး ပေါ့ပါးစွာဖြင့်ပြောလိုက်သည်… “အခုအချိန်မှာ ငါက အဆင့် ၃ မူလမှော်စာလုံးကိုပဲ ရေးဆွဲနိုင်သေးတယ်… ဒါပေမဲ့ ငါသာလုံလောက်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင် အဆင့် ၄ မှော်စာလုံးကိုရေးဆွဲနိုင်ဖို့ အခွင့်အရေးပိုများနိုင်လိမ့်မယ်…”
ဇူယွမ်တစ်ယောက် ကူကယ်ရာမဲ့စွာခံစားလိုက်ရပြီး ရယ်မောရုံသာတတ်နိုင်ခဲ့သည်။ အဆင့် ၃ မူလမှော်စာလုံးရဲ့စွမ်းအားက ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်စွမ်းရှိပေသည်။ ထပ်ပြောရရင် ယောင်ယောင်က မူလချီကို အသုံးမပြုနိုင်သည့်အတွက် အားနည်းသယောင်ထင်ရပေမဲ့လည်း အစစ်အမှန်တိုက်ပွဲထဲမှာ မူလမှော်စာလုံးတွေရဲ့စွမ်းအားကိုသာ အသုံးပြုခဲ့မယ်ဆိုရင် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပဲ သူမကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ပေ။
“ငါက သူမကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ဆရာမျှော်မှန်းထားတာကို မယုံကြည်နိုင်မိဘူး… ဒီပုံစံအတိုင်းဆိုရင် ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးရမှာလဲ…” ဇူယွမ်ကူကယ်ရာမဲ့စွာနဲ့ပဲ သူ့ရဲ့နှလုံးသားထဲမှာ ခါးခါးသီးသီးရယ်မောလိုက်မိသည်။
ယောင်ယောင်က ဇူယွမ်ဘာတွေးနေသည်ဆိုတာကို သိသည့်အလား သူ့ကိုကြည့်လိုက်ရင်းမှ ပြောသည်… “အခုအချိန်မှာ နင်က အဖိုးဟေးအတွက် အရေးမပါသေးဘူး… သူ့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က အနာဂတ်မှာနင့်အပေါ် မှီခိုအားထားနိုင်ဖို့ပဲ…”
ဇူယွမ်ရဲ့ နှလုံးကအနည်းငယ် တုန်လှုပ်သွားခဲ့ရပြီး သူနဲ့ယောင်ယောင်ကို ကန်းယွမ်က အဝေးသို့မောင်းထုတ်လိုက်သည့်နေ့ကို ပြန်ပြီးအမှတ်ရမိလိုက်သည်။ သေချာစဉ်းစားကြည့်လိုက်ရင် ကန်းယွမ်က သူတောင်မှရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်မရှိတဲ့ အန္တရာယ်တစ်ခုနီးကပ်လာသကဲ့သို့ သူ့ရဲ့ပုံစံက အလောတကြီးနိုင်လှပေသည်။
ဇူယွမ်က အစ်အောက်မေးကြည့်လိုက်သည်… “အစ်မကြီးယောင်ယောင်… နင်က ဆရာ့ရဲ့အကြောင်းကိုသိလား…”
ကန်းယွမ်က နက်ရှိုင်းလှတဲ့စွမ်းအားကို ပိုင်ဆိုင်ခဲ့ပေသည်။ ဒီလိုမျိုးလူကတောင် ထွက်ပေါ်လာမဲ့ရလဒ်ကို သေချာမပြောနိုင်ဘူးဆိုရင် ဒီဘာမှန်းမသိရတဲ့အန္တရာယ်က လွန်စွာမှပင် ကြောက်စရာကောင်းလှပေလိမ့်မည်။ ဒါ့ကြောင့်ပဲ ဇူယွမ်က အကြောင်းစုံကိုသိရှိလိုကာ ဒါမှသာ သူ့အနေနဲ့လည်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နိုင်ပေလိမ့်မည်။
ဒါကိုကြားလိုက်ရတဲ့အခါ ယောင်ယောင်ရဲ့လှပတဲ့မျက်လုံးလေးတွေက ငေးငိုင်သွားခဲ့ရပြီး သူမရဲ့ဝတ်စုံထဲကနေ ရှေးဟောင်းကျောက်စိမ်းဆွဲပြားလေးကို ထုတ်ယူလိုက်ခဲ့သည်။ ဆွဲပြားရဲ့အပေါ်မှာတော့ အရောင်ခုနှစ်ရောင်ရှိတဲ့ မီးကြာပန်းတစ်ခုကို အလွန်လက်ရာမြောက်စွာ ထွင်းထုထားပေသည်။
သူမက ဆွဲပြားကိုပွတ်သပ်နေလျက်မှ သူမရဲ့ခေါင်းကို ညင်သာစွာခါယမ်းပြလိုက်ပြီး တိုးညှင်းတဲ့လေသံဖြင့် ပြန်ပြောလိုက်၏… “အဖိုးဟေးက ငါ့ကို ဒီအကြောင်းတွေ ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး…”
ဇူယွမ် ခါးသီးစွာဖြင့်သာ ရယ်မောလိုက်မိသည်။ ကန်းယွမ်နဲ့ ယောင်ယောင်တို့က သံသယရှိစရာမလိုလောက်အောင်ပင် ထူးခြားဆန်းကြယ်မှုတွေဖြင့် ပြည့်နှက်နေခဲ့ပြီး ဒါကိုသူ့အနေနဲ့ စူးစမ်းလေ့လာနိုင်ခြင်းမရှိသေးပေ။
ယောင်ယောင်ရဲ့ပုံစံကို ကြည့်ရတာ ညှိုးငယ်ထိုင်းမှိုင်းနေသည့်အတွက် ဇူယွမ်က ဒီထက်ပိုပြီးမမေးရဲတော့ဘဲ အလျင်အမြန်ပဲ အကြောင်းအရာပြောင်းလဲခဲ့လိုက်သည်… “အစ်မကြီးယောင်ယောင် နင်ကမူလစုစည်းခြင်းမှော်စာလုံးကိုသိလား…”
ယောင်ယောင်က စိတ်မပါစွာဖြင့် ပြန်ပြောသည်… “မူလစုစည်းခြင်းမှော်စာလုံးက အရမ်းကိုရိုးရှင်းတဲ့ အဆင့် ၁ မူလမှော်စာလုံးပဲ… ဒါနဲ့ပတ်သက်ပြီး မေးနေစရာတောင်မလိုဘူး…”
“အဲ့ဒါဆို ဘယ်လိုမျိုးမူလစုစည်းခြင်းမှော်စာလုံးက ငါ့ရဲ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်ဖို့ ပိုပြီးအကျိုးရှိစေနိုင်မလဲ…” ဇူယွမ်ရဲ့မျက်လုံးတွေက ဝင်းလက်တောက်ပစွာဖြင့် ယောင်ယောင့်ကို စိုက်ကြည့်လိုက်မိသည်။
မူလမှော်စာလုံးတွေကို ဂရုမစိုက်ပဲနဲ့ ရေးထွင်းမရနိုင်ပေ။ ဥပမာအနေနဲ့ပြောရရင် ဇူယွမ့်လိုမျိုး လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာသာ အဆင့် ၃ မူလမှော်စာလုံးကိုရေးဆွဲခဲ့မယ်ဆိုရင် သူ့အနေနဲ့ဒါကို အသက်သွင်းနိုင်ခဲ့ရင်တောင်မှ သူ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရသွားစေလိမ့်ပေမည်။
ယောင်ယောင်က တစ်ခဏမျှတွေးတောခဲ့လိုက်ပြီး လေထဲမှာ အမှတ်မထင်မူလမှော်စာလုံးတစ်ခုကို ရေးဆွဲလိုက်သည်… “ဒါက နင်အရင်ကသုံးပြုခဲ့တဲ့ မူလစုစည်းခြင်းမှော်စာလုံးလား…”
ဇူယွမ်ခေါင်းညိတ်ပြလိုက်၏။ ယောင်ယောင်ဆွဲပြခဲ့တဲ့ မူလမှော်စာလုံးက အရမ်းကိုရိုးရှင်းတဲ့ မူလစုစည်းခြင်းမှော်စာလုံးတစ်ခုပင်ဖြစ်သည်။ ဒီမှော်စာလုံးက တော်ဝင်ဇူကျောင်းတော်မှဆရာက သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်မှာ ရေးဆွဲပေးခဲ့တဲ့မှော်စာလုံးနှင့် အတူတူပင်ဖြစ်သည်။
ယောင်ယောင်က သူမရဲ့ကျောက်စိမ်းရောင် မူလမှော်စာလုံးစုတ်တံကိုကိုင်ထားလျက် စုတ်တံရဲ့ထိပ်ဖျားဖြင့် သူမရဲ့မေးလေးကို ညင်သာစွာဖိထားသကဲ့သို့ အနည်းငယ်တွေးကာပြောလိုက်သည်… “မူလစုစည်းခြင်းမှော်စာလုံးတွေက အများကြီးရှိတယ်… ငါက ဒါတွေအားလုံးကိုသိပေမဲ့ ဒီတစ်ခုကတော့ ပိုပြီးအကျိုးရှိမယ်ထင်တယ်…”
စွမ်းအင်တစ်ခုက ရုတ်တရက် တစ်ဟုန်ထိုးတိုးထွက်လာသည့်အလား ဇူယွမ်က အလျင်စလိုနိုင်စွာဖြင့် ယောင်ယောင်ကိုကြည့်ကာမေးသည်… “ငါ့ကို ကူညီပြီး တစ်ခုလောက်ဆွဲပေးနိုင်မလား…”
ဇူယွမ်ရဲ့အကြည့်ကို မြင်လိုက်ရတဲ့အခါ ယောင်ယောင်က သူမရဲ့လက်ကလေးတွေကို လက်သီးဆုပ်လိုက်သကဲ့သို့ သူမရဲ့ခေါင်းကိုလည်း ငုံ့လိုက်ကာ တွေးတောနေတဲ့အမူအယာတစ်ခု ထွက်ပေါ်လို့လာခဲ့သည်။
ဇူယွမ်က အလျင်အမြန်ပဲ သူ့ရဲ့ဝတ်စုံထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ကာ “ပန်းတစ်ရာသေရည်ပဲ… ငါက ဒါကိုရဖို့အတွက် တော်တော်လေးကြိုးစားခဲ့လိုက်ရတယ်…”
ယောင်ယောင်က ကျောက်စိမ်းပုလင်းကို ယူလိုက်ကာ တစ်ချက်နမ်းကြည့်လိုက်သည်။ အဲ့ဒီနောက်မှာမှ သူမက စိတ်ကျေနပ်သွားသည့်အလား ပြုံးသွားခဲ့သည်။ သူမရဲ့သေးသွယ်တဲ့လက်ကလေးတွေက ကျောက်စိမ်းရောင်မူလမှော်စာလုံးစုတ်တံကို လှည့်ပတ်ဆော့ကစားနေရင်းမှ ပြောသည်… “နင်ရဲ့ အင်္ကျီကိုချွတ်လိုက်…”
ဇူယွမ်တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ သူ့ရဲ့အင်္ကျီကို ချွတ်ချလိုက်သည်။ လေ့ကျင့်မှုတွေ အချိန်တိုင်းလုပ်ဆောင်နေခဲ့သည့်အတွက် သူ့ရဲ့ခန္ဓာကိုယ်က အခုချိန်မှာ ပိုပြီးကျန်းမာသန်စွမ်းလာသည့်ပုံပေါ်ပြီး ကြွက်သားအချို့ကိုတောင် ထင်ထင်ရှားရှားမြင်တွေ့နိုင်ပေသည်။
“ငါ့ရဲ့ ဒီမူလမှော်စာလုံးကို ရေခဲနဲ့မီးမူလစုစည်းခြင်းမှော်စာလုံးလို့ခေါ်ပြီးတော့ အဆင့် ၁ မူလမှော်စာလုံးတွေထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ မှော်စာလုံးတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်… ဒါပေမဲ့လည်း နင်က နည်းနည်းတော့နာကျင်ရလိမ့်မယ်…”
“ပြဿနာမရှိဘူး… ဒါကိုလုပ်လိုက်ပါ…” ဇူယွမ်က ပြောသည်။
ယောင်ယောင်ခေါင်းညိတ်ပြလိုက်၏။ အဲ့ဒီနောက်မှာ ကြန့်ကြာနေခြင်းမရှိတော့ဘဲ စုတ်တံရဲ့ထိပ်ဖျားက ခပ်မှိန်မှိန်အလင်းရောင်လေးတစ်ခု ထွက်ပေါ်လာခဲ့ကာ ဇူယွမ်ရဲ့ကျောပြင်ပေါ်ကို ကျဆင်းသွားခဲ့ရသည်။ စုတ်တံရဲ့ထိပ်ဖျားက အဆက်မပြတ် လှုပ်ရှားနေသကဲ့သို့ စုတ်ချက်တွေကလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
မူလစုတ်ချက်တွေက သူ့ရဲ့ကျောပြင်မှာ ဆက်လက်ပေါ်ပေါက်နေသကဲ့သို့ ဇူယွမ်က တဖြည်းဖြည်းနဲ့ သူ့ရဲ့နောက်ကျောပေါ်မှာ မီးရဲ့ပူလောင်ခြင်းနဲ့ ရေခဲရဲ့အေးစက်မှုကဲ့သို့သော ထူးဆန်းတဲ့ခံစားချက်တစ်ခုကို စတင်ပြီးခံစားလာရသည်။ မီးနဲ့ရေခဲက အဆက်မပြတ်ရောစပ်သွားခဲ့ပြီး ခန္ဓာကိုယ်ကို ထွင်းဖောက်သွားတော့မတတ် နာကျင်မှုတစ်ခုကို ခံစားနိုင်ခဲ့ရသည်။
ဝှူး…
ဇူယွမ် ပါးစပ်အပြည့်နဲ့ လေတွေမှုတ်ထုတ်လိုက်မိသည်။ ရေခဲနဲ့မီးရဲ့ခံစားချက်က လုံးဝကိုသက်တောင့်သက်သာမရှိခဲ့ပေ။
“ဒါက ပြီးသွားပြီ…”
မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ယောင်ယောင်က သူမရဲ့လက်ကို ပြန်ရုတ်လိုက်ပြီး စုတ်တံရဲ့ထိပ်ဖျားကို မယူလိုက်သည်။ တစ်ယောက်ယောက်ကသာ ကြည့်လိုက်မယ်ဆိုရင် ဇူယွမ်ရဲ့ကျောပြင်ပေါ်မှာ ရှုပ်ထွေးတဲ့မူလမှော်စာလုံးတစ်ခုဖြစ်ပေါ်လာသည်ကို မြင်တွေ့နိုင်ပေသည်။ မူလမှော်စာလုံးရဲ့ပတ်ပတ်လည်မှာ ရေခဲနှင့်မီးက စက်ဝိုင်းပုံစံလှည့်ပတ်နေပြီး ၎င်းကတစ်မူထူးခြားသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
မူလမှော်စာလုံးက ပုံစံတစ်ခုဖြစ်ပေါ်လာသကဲ့သို့ ပတ်ဝန်းကျင်က မူလချီတွေဟာလည်း သူ့ဆီကို စတင်ပြီးစုစည်းလာတာကို ဇူယွမ်ခံစားမိခဲ့လိုက်၏။ ဒါက သာမန်မူလစုစည်းခြင်းမှော်စာလုံးတစ်ခုထက် အကျိုးသက်ရောက်မှု ပိုများပေသည်။
“ဒါက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ…”
အံ့အားသင့်သွားတဲ့အမူအယာက ဇူယွမ်ရဲ့မျက်လုံးထဲမှာ ထွက်ပေါ်လာခဲ့ရသည်။ ဒီရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးက သာမန်မူလစုစည်းခြင်းမှော်စာလုံးတစ်ခုရဲ့ အကျိုးသက်ရောက်မှုထက် နှစ်ဆပိုမိုများပြားလေသည်။
“ရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးနဲ့ဆိုရင် ဒီတစ်ခေါက် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို သွားမယ့်ခရီးမှာ ငါ့အနေနဲ့ သတ္တုဓာတ်စွမ်းအင်တွေ နောက်တစ်ကြိမ်ပိုပြီး စုပ်ယူနိုင်လိမ့်မယ်…” စိတ်လှုပ်ရှားမှုတွေက ဇူယွမ်ရဲ့နှလုံးသားထဲမှာ ပြည့်နှက်သွားခဲ့ရသည်။ ဒါ့အပြင်ကို သူတို့ရဲ့ ပါရမီရှင်အတန်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ဖို့အတွက် အချိန် ၆ နာရီခွဲဝေရရှိပေသည်။ သူ့အနေနဲ့ ဒီခွဲဝေပေးထားတဲ့အချိန်တွေကို ပြောင်းလဲနိုင်ခြင်းမရှိတဲ့အတွက် တစ်ခုတည်းသော လုပ်နိုင်တဲ့အရာက ရရှိခဲ့တဲ့ ဒီအချိန်အတောအတွင်းမှာ သတ္တုဓာတ်စွမ်းအင်တွေကို ရနိုင်သလောက် စုပ်ယူနိုင်ဖို့ပင်။
ဇူယွမ် ဝမ်းနည်းစွာပြောလိုက်မိသည်… “သနားစရာကောင်းလောက်အောင်ကို ၆ နာရီက အရမ်းတိုတောင်းတယ်… ဒီ့ထက်နည်းနည်းပိုပြီး ကြာကြာရခဲ့မယ်ဆိုရင် ငါ့ရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ဖို့ ပိုပြီးမြန်ဆန်လာရလိမ့်မယ်…”
“ဒီရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးရဲ့ အကျိုးသက်ရောက်မှုက အရမ်းကိုကောင်းတယ်… တကယ်လို့ စုယုဝေမှာသာ ဒါမျိုးတစ်ခုရှိမယ်ဆိုရင် သူမရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ချိုးဖျက်နိုင်ဖို့ ပိုပြီးမြန်သွားနိုင်လိမ့်မယ်…” သူရဲ့အတွေးက ဒီအချက်ကိုရောက်လာသည့်အခါ အကြံတစ်ခုထွက်ပေါ်လာခဲ့ရသည်။ စုယုဝေရဲ့ကျင့်ကြံခြင်းပါရမီက အရမ်းကိုမြင့်မားတဲ့အတွက် သူ့အနေဖြင့် သူမရဲ့တိုးတက်မှု နှောင့်နှေးကြန့်ကြာမှုရှိမှာကို မမြင်တွေ့လိုပေ။
“အစ်မကြီး ယောင်ယောင်…” ဇူယွမ်အရှက်မဲ့စွာဖြင့် ယောင်ယောင့်ကို ကြည့်လိုက်သည်။ “နင်က ငါ့သူငယ်ချင်းအတွက် ဒီလိုမျိုး ရေခဲနှင့်မီး မူလစုစည်းခြင်းမှော်စာလုံးတစ်ခုလောက် ကူပြီးဆွဲပေးနိုင်မလား…”
ဇူယွမ်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ ယောင်ယောင်ရဲ့ဖြောင့်တန်းနေတဲ့ မျက်ခုံးနှစ်ခုက ထိစပ်လုနီးပါးတွန့်ကွေးသွားခဲ့ရပြီး သူမကအနည်းငယ်တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ ပြောလိုက်သည်… “ဒီအကြောင်းကို တွေးတောင်မတွေးနဲ့…”
သူမက အစွဲအလမ်းကြီးသူတစ်ယောက်ဖြစ်ပြီး သန့်သန့်ရှင်းရှင်းနေထိုင်တတ်သူတစ်ယောက်ဖြစ်ကာ သူမသာ ဇူယွမ်နဲ့ အချိန်ကြာမြင့်စွာ အတူတူရှိမနေခဲ့ရဖူးဆိုလျှင် သူမက သူ့ကိုကူညီပြီး မူလမှော်စာလုံးတစ်ခု ဆွဲပေးလိမ့်မည်မဟုတ်ပေ။
ဇူယွမ်က အလျင်အမြန်ပြောခဲ့လိုက်သည်… “ငါ့သူငယ်ချင်းက မိန်းကလေးတစ်ယောက်ပါ…”
ယောင်ယောင်က ဒါကမိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ သူမရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်လျော့ပါးသွားခဲ့ရသည်။
“အစ်မကြီးယောင်ယောင်က နေ့တိုင်းနန်းတော်ထဲမှာပဲ အချိန်တွေကုန်ဆုံးနေရတော့ ပျင်းနေမှာပေါ့… ဘာမှလုပ်စရာမရှိဘူးဆိုရင် နင်ရဲ့ပျင်းစရာကောင်းတဲ့အခြေအနေကို ပြေလျော့စေဖို့အတွက် ငါနဲ့အတူ တော်ဝင်ဇူကျောင်းတော်ကို လိုက်ခဲ့နိုင်တယ်…” ဇူယွမ်က အလျင်အမြန်ပဲ ပြောလိုက်မိသည်။
ယောင်ယောင်က အချိန်အနည်းငယ်ကြာ တွေဝေသွားခဲ့ရ၏။ သူမက နန်းတော်ထဲမှာ တစ်လကျော်ကျော်နေထိုင်လာခဲ့ရသည့်အတွက် သူမအနေဖြင့် အနည်းငယ်တော့ ပျင်းရိရပေသည်။
“ကောင်းပြီလေ… ငါနင်နဲ့အတူတူသွားမယ်… ဒါပေမဲ့ ငါလူတစ်ယောက်တည်းကိုပဲ ကူညီပေးမှာနော်…” ယောင်ယောင် ခေါင်းကိုဖြည်းညင်းစွာ ညိတ်ပြလိုက်ရင်းမှ ပြောသည်။ သို့ပေမဲ့လည်း သူမက ကြိုတင်ကာကွယ်မှုအချို့တော့ ပြုလုပ်ခဲ့ပေသည်။ တကယ်လို့သာ ဇူယွမ်က မိန်းကလေး ဆယ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက်ရှာလာခဲ့မယ်ဆိုရင် သူမက အမှန်တကယ်ဆုံးရှုံးမှုရှိနိုင်ပေလိမ့်မည်။
ဇူယွမ်အလျင်အမြန်ပဲ ခေါင်းညိတ်ပြလိုက်မိသလို သူ့ရဲ့ရင်ထဲမှာလည်း ကျိတ်ပြီးသက်ပြင်းချလိုက်မိသည်။ သူ့အနေနဲ့ စုယုဝေကို အမှန်တကယ် ကူညီပေးချင်မိပေသည်။ အခြားလူတွေအတွက်ကတော့ သူက ဒီရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးကို တစ်ကြိမ်လေ့လာသင်ယူနိုင်ခဲ့မယ်ဆိုရင် သူနဲ့ဆက်ဆံရေးကောင်းမွန်တဲ့ ဘယ်သူ့ကိုမဆို ကူညီပေးရပေလိမ့်မည်။