အရှင်ရီလုံက စစ်သားနှစ်ယောက်ကို ယာယီထိန်းထား၏။အရှင်ရီရှောင်သည်လည်း ကျန်သည့် စစ်သားနှစ်ယောက်ထံသို့ တိုးဝင်သွားသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ တစ်ယောက်ကို ဆွဲယူကာ အရှင်ရီလုံထံသို့ ပစ်ပေးလိုက်သည်။
ထို့အတွက်ကြောင့် စစ်သားတစ်ယောက်သာ ကျန်တော့သည်။
ထိုစစ်သားက အဖြူရောင်မြူများအတွင်းသို့ တိုးဝင်သွားရန် ပြင်စဉ် အရှင်ချိုင့်လေမှာ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ၎င်းစစ်သားသည် တုန်ယင်သွားကာ နောက်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။အရှင်ချိုင့်လေက ခုချိန်၌ စစ်သားလေးယောက်နှင့် တိုက်ခိုက်နေတော့သည်။
သည်စစ်သားများထံ၌ အားကောင်းသောခန္ဓာကိုယ်များ ရှိနေကြသော်လည်း အရှင်ချိုင့်လေနှင့်အခြားသူများအဖို့ ရင်ဆိုင်ရန် မခက်လှပေ။ဝမ်လင်းသည် ထိုအဖြစ်အပျက်ကို ကြည့်နေရင်း ကံကောင်းသည်ဟု ခံစားမိ၏။အတိတ်တုန်းကသာ သူသည် အတားအဆီးများကို ချိုးဖျက်၍ သည်နေရာသို့ ရောက်လာခဲ့လျှင်ပင် သူ့အဖို့ ပန်းစိတ်ဝိညာဉ် သို့မဟုတ် ကောင်းကင်ဘုံစစ်သားများကို ရင်ဆိုင်နိုင်မည့် နည်းလမ်း ရှိခဲ့လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းအသွင်က တည်ငြိမ်နေ၏။သူက နန်းတော်ရှိရာသို့ လှမ်းလျှောက်သွားနေသည်။သို့ရာတွင် သူ နီးကပ်လာသည့်အခါ တုန်လှုပ်ဖွယ် ပြောင်းလဲမှု တစ်ခု ရှိလာ၏။
ဤအခိုက်၌ နန်းတော်ပတ်လည်ရှိ မျှော်စင်လေးခုမှာ ဝမ်လင်းရှေ့တွင်ပင် ဝေဝါးသွားကြကာ ပုံရိပ်ယောင်များ ဖြစ်လာကြ၏။တချိန်တည်းမှာပင် ၎င်းပုံရိပ်ယောင်များထံမှ အားကောင်းသောအလင်းများ ထွက်ပေါ်လာ၏။
ထိုအလင်းများသည် ပေါင်းစည်းကာ နန်းတော်ကို ခြုံလွှမ်းသည် လိပ်ခွံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။အကွာအဝေးတစ်ခုမှ ကြည့်ပါက နန်းတော်သည် လိပ်ခွံကြီးနှင့် ဖုံးအုပ်ထားသည်ကို တွေ့ရပေမည်။
တချိန်တည်းမှာပင် ထိုလိပ်ခွံမှ အစိမ်းရောင်အခိုးငွေ့အမျှင်တန်းလေးခု ထွက်ပေါ်လာပြီး အစိမ်းရောင်ဝတ်စုံနှင့်အကြီးအကဲ လေးယောက်အဖြစ်သို့ ပြောင်းလဲသွားချေသည်။
ဝမ်လင်းအသွင်က တည်ငြိမ်နေ၏။သူက ထိုအကြီးအကဲလေးယောက်ကို ကြည့်နေ၏။သူတို့အားလုံးသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်နှင့် ညီမျှသော အဆင့်တွင် ရှိနေကြ၏။
အကြီးအကဲလေးယောက်ထံမှ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေ၏။သူတို့ထဲမှ တစ်ယောက်က ဝမ်လင်းကို စူးရဲစွာ ကြည့်၍ လှမ်းအော်ပြောလာသည်။ “နိမ့်ပါးတဲ့နယ်မြေက ဖုန်မှုန့်ကများ…မင်းတို့က ကောင်းကင်ဘုံလှိုဏ်ဂူကို ကျူးကျော်ဝံ့တယ်လား။ မင်းတို့ သေရမယ်…”
သူက ထိုသို့ ပြောလိုက်သည့်နောက် သူသည် ဝမ်လင်းကို ခွန်းတုန့်ပြန်ရန်ပင် အချိန်မပေးတော့ဘဲ ရှေ့သို့ ခြေလှမ်းကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ချေတော့၏။ လှိုဏ်ဂူထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် စုစည်းကာ သူ့လက်ထဲ၌ ဝဲကတော့တစ်ခု ဖြစ်လာခဲ့သည်။
အဘိုးအိုက လက်ညွှန်လိုက်ရာ ထိုဝဲကတော့သည် ပြိုပျက်သွား၏။သို့သော် ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့၏။သားရဲတစ်ကောင်သည် ပျက်စီးပြိုပျက်နေသည့် ဝဲကတော့ထဲကနေ ထိုးထွက်လာလေသည်။
ထိုသားရဲသည် အနက်ရောင်အမွှေားများနှင့် ဖုံးလွှမ်းနေသည်။သူက ကမ္ဘာဦးမျောက်ဝံ့ပင်။၎င်းက ဆယ်ပေလောက် ရှည်၏။၎င်းသည် ဝမ်လင်းထံသို့ တိုက်ရိုက် ကုတ်ဖဲ့လိုဟန် တိုးဝင်လာသည်။
အဘိုးအိုသည် သုန်မှုန်စွာ ရှိနေ၏။သူသည် အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ မျောက်ဝံနောက်ကနေ ဝမ်လင်းထံသို့ သူပါ တိုးဝင်လာလေသည်။
အခြားအကြီးအကဲသုံးယောက်မှာလည်း လှုပ်ရှားလာကြသည်။သူတို့ထဲမှ တစ်ယောက်က သူ့လက်ကို ပင့်မြှောက်လိုက်ရာ သဲမှုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုမုန်တိုင်းသည် စပါးအုံးမြွေအဖြစ် အသွင်ပြောင်း၍ ဝမ်လင်းကို ဝါးမြိုရန် တာဆူလာသည်။
အခြားတစ်ယောက်ကလည်း သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့လက်နှစ်ဖက်သည် အစိမ်းရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ စုစည်းနေရင်း သူသည် ဧရာမသိမ်းငှက်ကြီးအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ ထိုးသုတ်ရန် တိုးဝင်လာသည်။
နောက်ဆုံးအကြီးအကဲကလည်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူက ကောင်းကင်ထက်သို့ လက်ညွှန်ကာ အော်ပြောလိုက်သည်။ “ကောင်းကင်ဘုံတောင် တိုက်ခိုက်ခြင်း…”
သူ ထိုသို့ပြောလိုက်သည်နှင့် လှိုဏ်ဂူအတွင်းမှ တုန်ဟိန်းသံ ထွက်ပေါ်လာ၏။ထို့နောက် တောင်ကြီးတစ်လုံး ပေါ်ထွက်လာကာ ဝမ်လင်းအပေါ်သို့ ပြိုဆင်းကျလာသည်။
ချက်ခြင်းလိုလိုပင် အကြီးအကဲလေးယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခြင်းပင်။ သူတို့၏ကောင်းကင်ဘုံမန္တာန်များကလည်း အတူတွဲစပ်မိနေကြကာ သတ်ဖြတ်ဖို့အတွက် ရည်ရွယ်သည်။
ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။ သူက နောက်ဆုတ်ရမည့်အစား ရှေ့သို့ တိုးလာသည်။ မျောက်ဝံသည် အနားသို့ ရောက်လာသည့်အခါ ဝမ်လင်းက လက်သီးစုပ်၍ လက်သီးချက်တစ်ချက် ပစ်သွင်းသည်။ထိုလက်သီးချက်နှင့် အတူ ကျယ်လောင်စွာ မြည်ဟိန်းသံပါ လိုက်ပါသွား၏။၎င်းလက်သီးချက်မှာ မျောက်ဝံ၏ရင်ဘက်ပေါ်သို့ ကျရောက်နေသည်။
မျောက်ဝံထံမှ တုန်ဟီးသံများ ထွက်ပေါ်လာရင်း ၎င်းက နောက်သို့ ခပ်သွက်သွက် ပြန်ဆုတ်၏။ သို့ရာတွင် ၎င်းက နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်ပြီးသည့်အခါ ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပေါက်ကွဲထွက်သွားတော့သည်။
တုံ့ဆိုင်းမနေဘဲ ဝမ်လင်းက လေထဲသို့ ခုန်တက်၏။သူ့လက်ကို အောက်သို့ ညွှန်ကာ တည်ငြိမ်စွာ ဆိုသည်။ “ခြောက်သွေ့တာအိုတစ်စုံ…”
သူ ထိုသို့ ပြောလိုက်သည်နှင့် သူ့လက်အနောက်ဘက်မှ ခြောက်သွေ့တာအိုတစ်စုံသည် နက်မှောင်စွာ တောက်ပ၍ ပျံသန်းထွက်သွား၏။ခြောက်သွေ့တာအိုတစ်စုံ သားရဲဦးခေါင်းမှာ ပျံသန်းသွားနေ၏။ထိုသားရဲဦးခေါင်း၏ မျက်လုံးထံမှ တစ္ဆေအလင်း ထွက်ပေါ်နေ၏။
ချက်ခြင်းလိုလိုပင် ချောက်ခြားဖွယ်သက်ဖြတ်ခြင်းအော်ရာ တစ်ခု ပေါ်လာ၏။ တစ္ဆေအလင်းသည် တောက်ပ၍ မီးခိုးရောင်အလင်းသည် ဝမ်လင်းထံသို ချီသုတ်ရန်တိုးဝင်လာသည် ဧရာမသိမ်းငှက်ကို ဖုံးလွှမ်းသွားသည်။ချက်ခြင်းလိုလိုပင် သိမ်းငှက်သည် ကျောက်ရုပ်တုအဖြစ်သို့ ပြောင်းလဲသွားချေ၏။
ထိုအခိုက်အတန့်၌ အနက်ရောင်စပါးအုံးမြေသည် အနားရောက်လာ၏။၎င်းမြွေက ပါးစပ်ဟလိုက်ရာ ပြင်းထန်သောစုပ်အားတစ်ခု ထွက်ပေါ်လာသည်။၎င်းက ဝမ်လင်းကို ဝါးမြိုရန် တာဆူလာ၏။၎င်း၏ ပါးစပ်ထဲမှလည်း သွေးညှီနံ့ ထွက်ပေါ်နေသည်။ဝမ်လင်းသည် နောက်ဆုတ်လိုက်၏။သူ့မျက်လုံးက အေးစက်သွားသည်။ သူက နောက်ဆုတ်နေရင်း သိုလှောင်အိတ်ကို ပုတ်၍ အော်လိုက်၏။ “ဓားကိုးလက် သုံးစုံ..”
ရွှေရောင်ဓားများက သူ့သိုလှောင်အိတ်ထဲကနေ ချက်ခြင်း ပျံသန်းထွက်လာကာ သူ့ပတ်လည်၌ လွင့်မြောနေ၏။ဓားစုစုပေါင်း (၂၇)လက်ပင်။၎င်းဓားများက ပေါ်ထွက်လာသည်နှင့် ဓားအစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းကာ စပါးအုံးမြွေကြီးထံသို့ တိုးထွက်သွားသည်။
ဘုန်း…ဘုန်း…ဘုန်း…
တုန်လှုပ်ဖွယ်မြည်ဟိန်းသံများ ထွက်ပေါ်နေရင်း စပါးအုံးမြွေသည် ဓား(၂၇)လက်ဖြင့် ဝန်းရံထားခြင်း ခံရ၏။၎င်းဓားများသည် စပါးအုံးမြွေကို ထွင်းဖောက်နေသည့်အတွက် ၎င်းသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ရလေ၏။
ထိုအဖြစ်အပျက်များသည် ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းပင်။ကောင်းကင်ဘုံတောင်ကြီးတစ်ခု အထက်ကနေ အဖြူရောင်မြူခိုးများကို ဖြတ်၍ ပြိုဆင်းကျလာချိန်၌ လှိုဏ်ဂူအတွင်းဘက်သည် ရုတ်တရက် နက်မှောင်သွားလေ၏။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက ပစ္စည်းတစ်ခုကို ထွေးထုတ်၏။၎င်းပစ္စည်းမှာ ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးပင်။ ထိုတံဆိပ်တုံးပေါ်လာသည်နှင့် ၎င်းက ကြီးမားလာကာ ကျဆင်းလာသည့် ကောင်းကင်ဘုံတောင်ထံသို့ ဦးတည်ဝင်ရောက်၏။
တံဆိပ်တုံးနှင့်တောင်တို့သည် ထိပ်တိုက်တွေ့၏။
ဤအခိုက်၌ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာကာ သူသည် အော်ဟစ်လိုက်၏။ “လေဆင့်ခေါ်ခြင်း…”
ရုတ်တရက် လောကသည် အရောင်ပြောင်းလဲလာ၏။ထို့နောက် ဝမ်လင်း၏လက်ထဲတွင် အနက်ရောင်လေပြင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုလေပြင်းအတွင်း၌ နဂါးနက်လေးကောင် ပေါ်လာကာ မာန်ဖီ၍ ဟိန်းသံ ပြုကာ ထိုးထွက်လာကြ၏။
မျောက်ဝံကြီးကို ဆင့်ခေါ်ခဲ့သည့် အဘိုးအို၏အသွင်မှာ ကြီးစွာ ပြောင်းလဲသွားသည်။သူက လှမ်းအော်မိ၏။ “ပေဖန်ရဲ့ မန္တာန်..” သူက နောက်ဆုတ်ဖို့ တုံ့ဆိုင်းမနေပေ။သို့သော် သူသည် နောက်ကျသွားခဲ့လေပြီ။နဂါးလေးကောင်ထဲမှ တစ်ကောင်က သူ့ကို ဝါးမြိုသွား၏။
ကောင်းကင်ဘုံတောင်ကို ဆင့်ခေါ်ခဲ့သည့် အဘိုးအိုကလွဲ၍ ကျန်သည့်သူများမှာ နဂါးသုံးကောင်လက်ထဲကနေ လွတ်မြောက်နိုင်စွမ်းမရှိဘဲ ဝါးမြိုခြင်း ခံလိုက်ရချေ၏။
အဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။နောက်ဆုံးကျန်သည့် အကြီးအကဲမှာ နောက်ဆုတ်၍ လိပ်ခွံပေါ်သို့ ခြေပြန်ချလိုက်ရ၏။ သူက ထူးဆန်းသောမန္တာန်တစ်ခုကို ရွတ်ဆိုသည်။ထို့နောက် လိပ်ခွံထံမှ အလင်းသည် သူ့ထံသို့ စီးဝင်လာ၏။
အဘိုးအို၏အော်ရာ တိုးတက်လာနေသည်ကို ကြည့်နေရုံသာ ကြည့်နေ၍ သူ စိတ်ရှိသလိုမျိုး ဖြစ်လာဖို့ ဝမ်လင်းက မည်သို့ ခွင့်ပြုပါ့မည်နည်း။ ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်၍ ပြောလိုက်၏။ “ရပ်တန့်ခြင်း…”
ချက်ခြင်းလိုလိုပင် အဘိုးအိုသည် မိန်းမောသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက ခပ်တိုတိုး ရေရွတ်လိုက်သည်။ “ရပ်တန့်ခြင်းမန္တာန်…” သူက ထူးဆန်းသောဟန်ပန် ဖြစ်ပေါ်လာကာ တစ်ခုခု ပြောဟန် ပြင်လိုက်ချိန်မှာပင် နောက်ဆုံးအနက်ရောင်နဂါးသည် သူ့အား ဝါးမြိုသွားတော့၏။
ဝမ်လင်းသည် အဘိုးအိုမျက်နှာပေါ်ရှိ တခုခုပြောလိုဟန် ထူးဆန်းသောဟန်ပန်ကို တွေ့မြင်ပေ၏။သို့သော် ခုချိန်၌ သူသည် ထိုအကြောင်းကို တွေးနေဖို့ အချိန်မရှိပေ။သူက လက်သီးစုပ်ဟန်ပြုရာ သူ့နောက်၌ ရှေးဟောင်းနတ်ဘုရားလက် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။ သူက ခပ်ကြမ်းကြမ်း သူ့အောက်ရှိ လိပ်ခွံပေါ်သို့ ထိုးချလိုက်ချေ၏။
ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာကာ လှိုဏ်ဂူပင် တုန်ခါလာသလား ထင်မှတ်ရ၏။မြေပြင်ထက်၌ အက်ကွဲကြောင်းများစွာ ပေါ်လာသည်။လိပ်ခွံသည် ပြင်းထန်စွာ တဖျပ်ဖျပ် ဖြစ်နေသော်လည်း ပျက်စီးမည့် အရိပ်လက္ခဏာကိုမူ မပြသပေ။
ထိုအခိုက်အတန့်၌ အရှင်ချိုင့်လေနှင့် ကျန်သည့်သူများသည်လည်း ကောင်းကင်ဘုံစစ်သားများနှင့် တိုက်ခိုက်မှု အပြီးသပ်ကာ အမျိုးသမီးအလောင်းမှာလည်း ပန်းစိတ်ဝိညာဉ်အားလုံးကို စုပ်ယူပြီးသွားခဲ့လေပြီ။သူမ၏ မျက်နှာမှာလည်း နှင်းဆီလို နီမြန်းနေကာ သူမသည် တစ်ခုခု ထူးဆန်းစွာ ပြောင်းလဲသွားသလား ထင်မှတ်ရ၏။
“ဒီအစီအရင်ကို ချိုးဖျက်မယ်…” ဝမ်လင်းအမိန့်ဖြင့် လူတိုင်းသည် သူတို့၏ မန္တာန်အမျိုးမျိုးကို အသုံးပြုကာ လိပ်ခွံကို တိုက်ခိုက်လိုက်ကြ၏။
တုန်ဟီးသံများ ဖြစ်ပေါ်ရင်း လိပ်ခွံသည် နောက်တစ်ဖန် တဖျပ်ဖျပ် ဖြစ်လာပြန်သည်။ ကျောက်တံတားသည်ပင် စတင် ပြိုကျလာခဲ့၏။သိပ်မကြာခင်တွင် ၎င်းတံတားပါ လုံးဝ ပျက်စီးသွား၏။
သို့ရာတွင် လိပ်ခွံမှာ အနည်းငယ် မှိန်ဖျော့သွားရုံသာ ရှိနေ၏။
ဝမ်လင်းသည် မျက်မှောင်ကြုတ်နေမိသည်။သူသည် စိတ်ထဲ၌ ကြိတ်၍ တုန်လှုပ်မိ၏။ထိုလိပ်ခွံ၏ စွမ်းရည်မှာ သူ မျှော်လင့်သည်ထက် ပိုနေ၏။သူ့ရှေးဟောင်းနတ်ဘုရား လက်သီးချက်ကော တခြားသူများ၏စုပေါင်းတိုက်ခိုက်မှုကောသည် လိပ်ခွံကို ပြိုပျက်အောင် မလုပ်နိုင်ဘဲ ဖြစ်နေ၏။
“ရှေ့ဖြစ်ဟောသူနဲ့ လင်းထျန်ဟူတို့ ရရှိထားတဲ့ လှိုဏ်ဂူတွေကို ဒီလို လိပ်ခွံမျိုး ရှိနေလားတော့ ငါ မသိဘူး။ သူတို့မှာလည်း ဒီလိုမျိုး လိပ်ခွံရှိနေခဲ့ရင် သူတို့ ဘယ်လိုများ ချိုးဖျက်ကြမလဲ…”
ဝမ်လင်းသည် လိပ်ခွံကို ကြည့်နေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။
သူသာ တုန်လှုပ်သည်မဟုတ်။ အရှင်ချိုင့်လေနှင့်တခြားသူများမှာလည်း တုန်လှုပ်မိနေ၏။သူတို့၏အကြည့်များက လိပ်ခွံပေါ်၌ စုစည်းနေကြသည်။
လူတိုင်းသည် လိပ်ခွံကို ကြည့်နေရင်း ၎င်းလိပ်ခွံမှာ ဖျပ်ခနဲ စတင် တောက်ပလာကာ တဖြည်းဖြည်းဖြင့် နန်းတော်အတွင်းပိုင်း ပေါ်ထွက်လာ၏။
နန်းတော်သည် လုံးဝနက်မှောင်ကာ အတွင်းထဲသို့ မမြင်ရပေ။ သို့သော နန်းတော်အတွင်းမ ခြေသံများ ထွက်ပေါ်လာ၏။လှိုဏ်ဂူမှာ တိတ်ဆိတ်နေသည့်အတွက်ကြောင့် ထိုခြေလျှောက်သံသည် ပေါ့ပါးလှသော်လည်း သူတို့သည် ကောင်းစွာ ကြားနေရသည်။
ထိုခြေလှမ်းများထဲ၌ ဆန်းကြယ်သောအားတစ်ခု ပါနေ၏။ ထိုခြေလှမ်းသံသည် လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာသည့်အါ သူတို့သည် မမျှော်လင့်ထားစွာဖြင့် သူတို့နှလုံးခုန်သံအပေါ်သို့ပါ သက်ရောက်လာ၏။ခြေလှမ်းတိုင်းက သူတို့နှလုံးသားများပေါ်သို့ နင်းလျှောက်နေသည့်အလား။
အရှင်ချိုင့်လေ၏အသွင်က ပြောင်းလဲသွား၏။သူ့ခန္ဓာကိုယ်ထဲတွင် မူလစွမ်းအင်ကို မြန်ဆန်စွာ လှည့်ပတ်စေ၍ သူ့နှလုံးခုန်သံနှင့် ခြေသံတို့ကို ပိုင်းခြားစေသည်။
သို့ရာတွင် ချန်ညီကိုသုံးယောက်၊ခေါင်းကြီးနှင့်လိုင်ဂျီတို့တွင် ထိုကဲ့သို့သော ပြုလုပ်နိုင်သည့် ကျင့်ကြံမှု ရှိမနေကြပေ။ ခြေလှမ်းများ နီးကပ်လာနေရင်း သူတို့၏မျက်နှာသည်လည်း ဖြူရောလာကြ၏။
ငွေရောင်အလောင်းကောင်သာ ပုံမှန်အတိုင်း ရှိနေ၏။သူမသည် ဉာဏ်ရည်ရှိသည့်အလောင်းကောင် ဖြစ်သော်လည်း သူမထံ၌ နှလုံးခုန်သံ မရှိ၍ သူမအပေါ်သို့ ခြေသံက သက်ရောက်မှု မရှိခြင်းပင်။
ဝမ်လင်း၏ဟန်ပန်က တဖြည်းဖြည်း သုန်မှုန်လာ၏။သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထား၏။ထို့ကြောင့်သူသည်လည်း ထိုအဆင့်စိတ်ဓာတ်တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိပေ၏။
နန်းတော်ထဲမှ တစ်စုံတစ်ယောက် လှမ်းထွက်လာနေသကဲ့သို့ ခြေလှမ်းသံများ ပို၍ ရှင်းလင်းလာလေလေ ဖြစ်နေ၏။ ချန်ညီကိုသုံးယောက်၏ မျက်နှာမှာ ပို၍ ဖြူရောလာ၏။ခေါင်းကြီးကောင်လေး ခေါင်းပေါ်ရှိ သွေးကြောများသည်လည်း ရောင်ကိုင်းလာသည်။
လိုင်ဂျီသည် ကျင့်ကြံမှုအဆင့်အနိမ့်ဆုံး ဖြစ်၏။သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေ၍ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။သို့သော် သူသည် တောင့်ခံနိုင်စွမ်း မရှိသေးပေ။ သူက မာန်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်ကို ပေရာချီထိ ကြီးမားလာစေသည့်အခါမှ နောက်ဆုံးတွင် ခြေလှမ်းသံကို တောင့်ခံနိုင်သွား၏။
ထိုခြေလှမ်းသည် နန်းတော်ဝင်ပေါက်နားထိ ရောက်လာသည့်ပုံပင်။သည်အခိုက်အတန့်၌ နန်းတော်အတွင်းမှ အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာ၏။
အလင်းတန်းတစ်ခုသည် လိပ်ခွံကို ထွင်းဖောက်၍ ဝမ်လင်းပေါ်သို့ ကျရောက်လို့လာ၏။
အချိန်အတန်ကြာ မခံစားတာ ကြာပြီ ဖြစ်သည့် သေရေးရှင်ရေးအာရုံသည် ဝမ်လင်းထံသို့ မုန်တိုင်းတစ်ခုအလား ဝန်းရံလာတော့၏။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များကိုပါ ထောင်မတ်သွားစေလေ၏။
***