Switch Mode

အပိုင်း (၁၀၅၆)

ပန်းကောင်းကင်ဘုံသား

အရှင်ချိုင့်လေက နန်းတော်ကို လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ဆိုသည်။ “ဒီအဘိုးအို တစ်ခါက လင်းထျန်ဟူ ရှိက ကြားခဲ့ဖူးတာကတော့ ဒီနေရာမှာ လှိုဏ်ဂူကို စောင့်ကြပ်နေတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ် ရှိတယ်တဲ့။ သူတောင် ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်ကို သတ်ဖို့ အားအများအပြား စိုက်ထုတ်ခဲ့ရပြီးမှ လှိုဏ်ဂူတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုတယ်…”

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူသည် တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ ဆက်သွားနေသည်။သူသည် ကျောက်တံတားကို ကျော်လာကာ ကျောက်နန်းတော်အတွင်းပိုင်းသို့ ဝင်လာသည်။

သူ တိုးဝင်လာသည်နှင့် အဆုံးမဲ့ပန်းပင်လယ်ကြီးက ရွှေ့လျားလာကာ ပန်းရနံ့များသည် သူ့ထံသို့ တရကြမ်း တိုးဝင်လာသည်။ထိုရနံ့ထဲ၌ သာမန်မဟုတ်သည့် အဆိပ် ပါဝင်နေ၏။

အရှင်ချိုင့်လေ အသွင်က ထူးဆန်းသွားကာ သူသည် နောက်သို့ အလျင်အမြန် ဆုတ်၍ ပြောလာသည်။ “မိုးအဆိပ်ရနံ့…”

“တခါတုန်းက ငါ ကောင်းကင်ဘုံနယ်မြေ မှတ်တမ်းတွေကို ကြည့်ကြည့်တော့ ကောင်းကင်ဘုံနယ်မြေရဲ့ အဆိပ်တွေအကြောင်း မှတ်တမ်းတင်ထားတဲ့ တစ်အုပ်ကို ဖတ်ခဲ့ဖူးတယ်။ဒီမှတ်တမ်းထဲမှာ အဆင့်တစ်ရာအထိ စီထားပြီး အဆိပ်တစ်ခုချင်းစီရဲ့ အကျဉ်းဖော်ပြချက်လည်း ပါတယ်။မရေမတွက်နိုင်တဲ့ ပန်းမန်တွေကို သန့်စင်ပြီးတဲ့နောက် အဆိပ်အမျိုးအစားနှစ်မျိုး ဖြစ်ပေါ်လာနိုင်တယ်တဲ့။ တစ်ခုကတော့ ဒီမိုးအဆိပ်ရနံ့၊ ဒီအဆိပ်ကို ရှုရှိုက်မိရင် လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ အတော်လေး ရှုရှိုက်မိရင်တော့ ကျင့်ကြံမှုအဆင့်အားလုံး ဆုံးရှုံးသွားလိမ့်မယ်လို့ ဆိုတယ်…”

ချန်ညီကိုသုံးယောက်၏အသွင်သည် အနည်းငယ် ပြောင်းလဲသွား၏။သို့သော် သူတို့က နောက်မဆုတ်ပေ။တကယ်တော့ သူတို့သည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်များ မဟုတ်လား။ထို့ကြောင့်သူတို့ထံ၌ ၎င်းအဆိပ်ကို ဆန့်ကျင်နိုင်သည့် နည်းလမ်းများ ရှိပေမည်။

ဝမ်လင်းသည် သူ့ရှေ့ရှိ ပန်းပင်လယ်ကို ကြည့်၍ တည်တည်ငြိမ်ငြိမ်ပင် မေးလာသည်။ “ဒုတိယတစ်မျိုးကရော…”

“ဒုတိယတစ်မျိုးလား…” အရှင်ချိုင့်လေ၏မျက်လုံးထဲ၌ တုန်လှုပ်မှု ဖြစ်ပေါ်လာကာ သူသည် ပြောလာ၏။ “မိုးအဆိပ်ရနံ့ဟာ အဆင့်(၉၃)ပဲ။ဒါပေမဲ့ အခြားပန်းစိတ်ဝိညာဉ်လို့ ခေါ်တဲ့အဆိပ်ကတော့ အဆင့်(၄၉) ရှိတယ်…”

ပန်းများထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထူးဆန်းသောလေပြင်းတစ်ခုမှာ သည်ဧရိယာကို ရိုက်ခတ်သွားသည်။

သို့ရာတွင် ဝမ်လင်းကို အံ့အားသင့်စေသည်က ထိုလေပြင်းမှာ အဆိပ်များအပေါ်၌ သက်ရောက်မှု မရှိခြင်းပင်။၎င်းအဆိပ်တို့က ပုံပန်းအသွင် မရှိသော်လည်း သူတို့ထံသို့ စီးဆင်းလာနေဆဲသာ။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။သို့သော် သူက နောက်မဆုတ်ပေ။ မွှေးရနံ့ ရောက်ရှိလာချိန်၌ သူသည် တည်ငြိမ်စွာပင် ပြော၏။ “ငွေရောင်အလောင်း…”

သူ ထိုသို့ ပြောလိုက်သည့်နောက် ငွေရောင်အမျိုးသမီးသည် ချန်ညီကိုသုံးယောက်ကို ကျော်ကာ ပန်းရနံ့ထံသို့ တိုးဝင်သွားသည်။

ဝမ်လင်းသည် သည်အမျိုးသမီးအလောင်းကို သန့်စင်ခဲ့ချိန်က သူသည် ထိုအလောင်းအကြောင်း ကောင်းစွာ နားလည်ခဲ့ပေ၏။၎င်းအလောင်းထံ၌ အံ့မခန်းမန္တာန်၊လက်နက်ရတနာများ ရှိမနေဘဲ ကပ်ကြေးတစ်စုံသာ ပိုင်ဆိုင်ထားခဲ့ပေသည်။

သူမ၏အစစ်အမှန်စွမ်းအားကမူ အဆိပ်ဖြစ်နေခဲ့လေ၏။

အတိတ်တုန်းက ငွေရောင်အလောင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ဝမ်လင်းက ခိုးယူချိန်၌ အခြားကျင့်ကြံသူများလည်း သူ့လို လုပ်ဖို့ အကြံရှိခဲ့၏။သို့ရာတွင် သူတို့အားလုံး၏ အသွေးအသားများသည် ထိုအမျိုးသမီးကို ထိမိသည်နှင့် ဝါးမြိုခံခဲ့ရဖူးသည် မဟုတ်လား။

ဝမ်လင်းက ထိုအချက်ကို မန္တာန်အမျိုးအစားတစ်ခုဟုသာ အမြဲထင်ခဲ့၏။ သို့သော် သူက သူမကို သန့်စင်မွန်းမံချိန်မှ ထိုအချက်မှာ မန္တာန်ကြောင့် မဟုတ်ဘဲ အဆိပ်ကြောင့်ဟု သိခဲ့ရသည်။သူသည် သူမထံ၌ အဆိပ်စွမ်းအား ရှိနေသည်ကို ရှာတွေ့ခဲ့ပေ၏။

ထို့အတွက်ကြောင့် ဝမ်လင်းအမြင်၌ သည်ငွေရောင်အလောင်းမှာ အဆိပ်အလောင်းဟု ထင်လာခဲ့သည်။ငွေရောင်အလင်း၏ အစစ်အမှန်စွမ်းအားမှာ အဆိပ်တွင် ရှိနေသည် မဟုတ်လား။သူမ၏ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်၊သူမခန္ဓာကိုယ်ထဲရှိ အဆိပ်တို့နှင့် ဆိုပါက ဝမ်လင်းတွင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သာ မရှိလျှင် သူမနှင့် ရင်ဆိုင်ဖို့ ခေါင်းကိုက်မိပေလိမ့်မည်။

သည်အခိုက်အတန့်၌ ငွေရောင်အလောင်းသည် ပန်းရနံ့အဆိပ်ထံသို့ တိုက်ရိုက် တိုးဝင်သွားလေပြီ။ ထိုအဆိပ်သည် လူတစ်ယောက်၏ ကျင့်ကြံမှုကို အားနည်းသွားစေနိုင်၏။ပိုအားနည်းသော ကျင့်ကြံသူများကို အသက်ပင်သေစေနိုင်သော်လည်း ငွေရောင်အမျိုးသမီးအလောင်းပေါတွင်ပင် သက်ရောက်မှု ရှိမနေပေ။

ငွေရောင်အလောင်းသည် သူမ၏ ပါးစပ်ကိုဟကာ ရှိုက်သွင်းလိုက်၏။ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ပန်းရနံ့များကို သူမက ပါးစပ်အတွင်းသို့ ရှုရှိုက်ချလိုက်တော့သည်။

ထိုဖြစ်စဉ်အတွင်း မမြင်ရသောပန်းရနံ့များသည် မထင်မှတ်စွာ ပုံစံအသွင် ဆောင်လာ၏။အခိုးငွေ့များသည် ပန်းရနံ့ထံမှ ပေးစွမ်းလာကာ ၎င်းတို့သည် ငွေရောင်အလောင်း၏ ပါးစပ်အတွင်းသို့ အလျင်အမြန် ဝင်ရောက်ကြသည်။

မူလက ခပ်ဖျော့ဖျော့ရှိသော ငွေရောင်အလောင်း၏ မျက်နှာမှာ ရုတ်တရက် နှင်းဆီရောင်သန်းလာ၏။ခုချိန်၌ သူမသည် သက်ရှိလူတစ်ယောက်နှင့် လုံးဝ မခြားနားသည့်ဟန် ဖြစ်ပေါ်နေသည်။

ဝမ်လင်းသည် ထိုဖြစ်စဉ်ကို ကြည့်နေရင်း သူ့မျက်လုံးတို့က တည်ငြိမ်နေ၏။သူ့အကြည့်မှာလည်း ပန်းများပေါ်သို့ ကျရောက်နေ၏။အကြောင်းမှာ ၎င်းပန်းများသည် အတော်လေး ထူးဆန်းနေခြင်းကြောင့်ပင်။အကြောင်းပြချက် မည်မည်ရရမရှိဘဲ သူ သည်ပန်းများကို ဦးဆုံးတွေ့မြင်ခဲ့ကတည်းက ထူးဆန်းသည်ဟု ခံစားမိနေခြင်းလည်း ဖြစ်၏။

ထိုအခိုက်အတန့်၌ ပန်းများထဲမှ တစ်ခု၌ ပိုးအိမ်တစ်ခု ဖြစ်ပေါ်လာ၏။ထိုပိုးအိမ်အတွင်း၌ မိန်းကလေးတစ်ယောက် ရှိနေသည်။

ထိုမိန်းကလေးက အဝတ်ဗလာဖြင့် ဖြစ်ကာ သူမ၏မျက်လုံးတို့က တစ္ဆေအလင်းတို့ ထွက်ပေါ်နေသည်။သူမသည် ဒူးကွေး၍ ထိုင်နေသော်လည်း ခေါင်းမော့ထား၏။ဤအခိုက်မှာပင် ကျန်သည့်ပန်းပင်များထံမှလည်း ပိုးအိမ်များပေါက်ကွဲ ထွက်လာကာ မိန်းကလေးငယ်တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြတော့သည်။

သူတို့က ပေါ်ထွက်နေရင်း ဝမ်လင်းသည် ပန်းပင်တစ်ခုချင်းစီ၌ အရိုးစုတစ်ခု မြှုပ်နှံ့ထားသည်ကိုပါ ရှင်းလင်းစွာ တွေ့မြင်လာ၏။

“ဒီပန်းပင်လယ်က ဘယ်လိုအရာမျိုးလဲ…။ဒါက သင်္ချိုင်းတစ်ခုလိုလား…”

“ပန်းစိတ်ဝိညာဉ်…” အရှင်ချိုင့်လေ၏ မျက်နှာထက်၌ ခါးသက်မှုတို့ ပြည့်နှက်သွားသည်။သူက ဒူးကွေး၍ ထိုင်ကာ အထက်သို့ မော့ကြည့်နေကြသော မိန်းကလေးများကို ကြည့်ကာ ခါးသီးစွာ ပြုံးမိ၏။

“ဒီလှိုဏ်ဂူအတွင်းမှာ ဒီလောက်အားကောင်းတဲ့ အကာအကွယ် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ သင်က ကောင်းကင်ဘုံသားတွေကို စိတ်ဝိညာဉ်ဖြစ်ပေါ်လာဖို့အတွက် မြှုပ်နှံ့ထားခဲ့ပြီး ဒီစိတ်ဝိညာဉ်တွေဟာ ပန်းကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့အတွက် အာဟာရပဲ။ မှတ်တမ်းတွေအရဆိုရင် ဒီပန်းစိတ်ဝိညာဉ်တွေ ရှိတဲ့နေရာမှာ ပန်းကောင်းကင်ဘုံသားလည်း ရှိနေနိုင်တယ်လို့ ဆိုတယ်…”

“ပန်းကောင်းကင်ဘုံသားတွေက ကောင်းကင်ဘုံသားတွေတော့ မဟုတ်ဘူး။ဒါပေမဲ့ သူတို့က အဆိပ်ပဲ။ ဉာဏ်ရည်ရှိတဲ့အဆိပ်၊လူသားအသွင်ပြောင်းနိုင်တဲ့ အဆိပ်။ပန်းကောင်းကင်ဘုံသားရဲ့ အဆိပ်ကို အဆင့်တစ်ဆယ်လို့ သတ်မှတ်ထားတယ်…”

အရှင်ချိုင့်လေသည် ဖြည်းဖြည်းချင်း ရှင်းပြ၏။

ဒူးကွေးထိုင်နေကြသော မိန်းကလေးများ၏ မျက်လုံးထဲ၌ တစ္ဆေအလင်းသ်ည တောက်ပနေ၏။ထို့နောက် သူတို့အားလုံးသည် မတ်တပ်ထရပ်ကာ လေထဲရှိ ငွေရောင်အလောင်းထံသို့ ဦးတည်ဝင်လာကြသည်။

“မှတ်တမ်းတွေအရဆိုရင် ဒီပန်းစိတ်ဝိညာဉ်တွေဟာ သေမျိုးမိန်းကလေးတွေ ဖြစ်ပြီး သူတို့ကို ဆေးတစ်မျိုးကျွေး ၊သက်ရှိဆေးလုံးတွေ ဖြစ်လာစေခဲ့တာတဲ့။အဲ့နောက်မှာ သူတို့အားလုံးဟာ ဒီလိုနေရာမှာ အထူးနည်းလမ်းတစ်ခုနဲ့ မြှပ်နံခြင်း ခံရတယ်။ နှစ်များစွာ ကြာပြီးတဲ့နောက်မှာတော့ ပန်းပင်လယ်ဖြစ်လာကြပြီး သူတို့ပေါင်းစပ်သွားတာနဲ့ ပန်းကောင်းကင်ဘုံသား ဖြစ်လာတယ်လို့ ဆိုတယ်….”

“ကောင်းကင်ဘုံနယ်မြေမှာ ပန်းကောင်းကင်ဘုံသားတွေဟာ အတော်လေး တန်ကြေးရှိတယ်။ဘာလို့လဲ ဆိုတော့ သူတို့က လူသားအသွင် ပြောင်းနိုင်တယ့်အတွက် ကောင်းကင်ဘုံသားတွေက နှစ်သက်ကြတယ်…”

အရှင်ချိုင့်လေသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဟု ခေါ်ဆိုဖို့ ထိုက်တန်ပေ၏။သူသည် ကောင်းကင်ဘုံနယ်မြေအကြောင်း အတော်လေး နားလည်နေသည် မဟုတ်လား။သူ ပြောပြသည့် အရာများက အခြားလူများကို တုန်လှုပ်မိစေ၏။

ချန်ညီကိုသုံးယောက်သည် သည်အကြောင်းကို ခုမှ ကြားဖူးခြင်းပင်။သူတို့သည် ငွေရောင်အမျိုးသမီးထံသို့ တိုးဝင်လာနေကြသည့် မိန်းကလေးများကို တိတ်တဆိတ်သာ ကြည့်နေမိသည်။သူတို့သည် ကောင်းကင်ဘုံသားများ၏ ရက်စက်မှုကိုပါ တလက်စတည်း တုန်လှုပ်မိနေသည်။

ခေါင်းကြီးပင် ပင့်သက်ရှိုက်မိကာ တိတ်ဆိတ်စွာ စဉ်းစားနေ၏။

ဝမ်လင်းအသွင်က သုန်မှုန်နေသော်လည်း သူသည် တုန်လှုပ်မိသွားခြင်းမရှိပေ။ အမှန်တော့ သူသည် လေဆင့်ခေါ်ခြင်း၊မိုးဆင့်ခေါ်ခြင်းနှင့် ဆန်းကြယ်လက်နက် မန္တာန်တို့ကို သင်ယူပြီးသည့်နောက်ကောင်းကင်ဘုံနယ်မြေမှာ ကောင်းကင်ဘုံမဟုတ်ကြောင်း နားလည်နေခဲ့ပေပြီ။

ကောင်းကင်ဘုံအင်ပါယာပေဖန်၏ မန္တာန်များကို ကြည့်ခြင်းဖြင့် ထိုသူသည် လူမှန်လူကောင်းတစ်ယောက် မဟုတ်မှန်း ကောက်ချက်ချနိုင်၏။ ပို၍ တိတိကျကျဆိုပါက ကောင်းကင်ဘုံအင်ပါယာ သူ့ဟာသူ ဖန်တီးထားသည့် မန္တာန်များသည် နတ်ဆိုးဆန်မှုကိုပါ ပြသနေသည် မဟုတ်လား။

သွေးနတ်ဘုရားတစ်ခါ ပြောခဲ့ဖူးသလိုပင်။ “ဘာ ကောင်းကင်ဘုံမန္တာန်လဲ။ ဒါက နတ်ဆိုးမန္တာန်ပဲ…”

ပေဖန်ကဲ့သို့ ချင်းရွှေသည်လည်း အတူတူသာ ဖြစ်၏။ ထို့အပြင် သက်ရှိလူတစ်ယောက်ကို ရုပ်သေးအဖြစ် သန့်စင်မွန်းမံသည့် နည်းလမ်းလည်း ကောင်းကင်ဘုံသားများထံ၌ ရှိနေသေး၏။ဝမ်လင်းက ထိုကောင်းကင်ဘုံသားဟု ခေါ်တွင်သည့်သူများအကြောင်းကို သိရှိနေပေပြီ။ထို့ကြောင့် သူက သူတို၏ ရက်စက်သည့်နည်းလမ်းများအပေါ် အံ့အားသင့် တုန်လှုပ်မှု ရှိမနေတော့ပေ။

ကျင့်ကြံသူများအဖို့ ကောင်းကင်ဘုံဟူ၍မရှိ။ ကောင်းကင်ဘုံနယ်မြေသည်ပင် အတူတူသာ ဖြစ်လေ၏။

အရှင်ချိုင့်လေ၏ စကားများကို ကြားလိုက်ရသည့်နောက် သူသည် ပန်းစိတ်ဝိညာဉ်များကို ကြည့်မိ၏။ထိုမိန်းကလေးများသည် မည်သည့်ဟန်ပန်ခံစားမှုမှ ရှိသည့်ပုံမပေါ်။ သို့သော် သူတို့၏ တစ္ဆေမျက်လုံးများအောက်၌ ဖုံးကွယ်နေသော မကျေမချမ်းမှုတို့ ရှိနေကြချေ၏။

ဤအခိုက်အတန့်၌ ထိုမိန်းကလေးများက ငွေရောင်အလောင်းကို ဝန်းရံလာ၏။သူတို့၏မျက်လုံးထံမှ တစ္ဆေအလင်းကို ထုတ်လွှတ်နေရင်း မကျေမချမ်းမှုမှာ ပေါက်ကွဲထွက်လာ၏။ထိုမကျေမချမ်းမှုမှာ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် သန်မာအားကောင်းနေချေသည်။

မကျေမချမ်းမှုသည် ဖိသိပ်အား ဖြစ်လာကာ ငွေရောင်အလောင်းထံသို့ တန်းမတ်စွာ တိုးဝင်လာ၏။ ဝမ်လင်းအမြင်၌ မိန်းကလေးများသည် ငွေရောင်အလောင်းကို ဝန်းရံကာ သူမ၏ခန္ဓာကိုယ်ကို သူတို့နှင့်အတူ ဆွဲယူချင်နေသည်ဟု ထင်ရ၏။

သို့ရာတွင် ငွေရောင်အလောင်းသည် အလောင်းဖြစ်နေပြီးသား မဟုတ်လား။သေဆုံးပြီးသား မဟုတ်လား။ သူမ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် အဖြူရောင်မြူများကို ထွေးထုတ်၏။ အဖြူရောင်မြူများနှင့် ထိမိသည့် ပန်းစိတ်ဝိညာဉ်မိန်းကလေးများသည် ချက်ခြင်း ပျက်စီးကုန်ကာ မြူများအတွင်းသို့ ပျောက်ကွယ်သွားလေ၏။

အဖြူရောင်မြူများ ပျံ့နှံ့နေရင်း ၎င်းက အတွင်းပိုင်းလှိုဏ်ဂူတစ်ခုလုံးကို ဖုံးအုပ်လုနီးပါး ဖြစ်လာ၏။ ပန်းစိတ်ဝိညာဉ်များ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်နေရင်း မြေပြင်ထက်ရှိ ပန်းခင်းကြီးသည်လည်း သွေ့ခြောက်လာနေသည်။

ထိုအခိုက်အတန့်၌ နန်းတော်အတွင်းပိုင်းမှ စူးရှရှအသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံကြောင့် နန်းတော်အဝရှိ ကောင်းကင်ဘုံစစ်သား ဆယ်ယောက်သည် စတင် လှုပ်ရှားလာကြသည်။

သူတို့က ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။သူတို့သည်ငွေရောင်အလောင်း ပန်းစိတ်ဝိညာဉ်များကို စုပ်ယူနေခြင်းကို တားဆီးလိုသည်မှာ သိသာနေ၏။

ဝမ်လင်း အမိန့်ပေးစရာပင် မလိုဘဲ အရှင်ချိုင့်လေသည် ရှေ့သို့ တိုးဝင်သွား၏။ သူ့တောင်ကဲ့သို့ ခန္ဓာကိုယ်ကြီးမှာ ပျံသန်းထွက်သွားရင်း သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ရွှမ်ရွှေစစ်သား သုံယောက်မှာ အုပ်စုကနေ ခွဲထွက်သွားပြီး အရှင်ချိုင့်လေ၏ သားကောင် ဖြစ်လာတော့သည်။

ချန်ညီကိုသုံးယောက်ကလည်း ရှေ့သို့ တိုးဝင်လာကြ၏။ သူတို့သည်လည်း စစ်သားတစ်ယောက်စီနှင့် ရင်ဆိုင်လိုက်ကြ၏။ခေါင်းကြီးသည်လည်း ထို့အတူပင်။သူ့ခန္ဓာကိုယ်က ပို၍ ပိန်ပါးလာကာ သူ့အသွေးအသားများမှာ သူ့ဦးခေါင်းထက်၌ သိပ်သည်းလာ၏။ခဏအကြာတွင် သူ့ဦးခေါင်းမှာ နှစ်ဆ ဖြစ်သွားသည်။သူ့မျက်နှာက်ထက်၌ သွေးကြောများ ဖောင်းကြွနေ၏။ခဏအကြာတွင် သူ့သွေးကြောများထဲမှ တစ်ခုက စစ်သားများထဲမှ တစ်ယောက်ထံသို့ ထိုးထွက်သွားတော့သည်။ထို့နောက် သူက ထိုစစ်သားကို သူနှင့်အတူ ဘေးတစ်ဖက်သို့ ဆွဲချလိုက်၏။

ငွေရောင်အလောင်းက အဖြူရောင်မြူများကို ဆက်လက်၍ စုပ်ယူနေရင်း လှိုဏ်ဂူမှာ ဗြောင်းဆန်နေတော့၏။တချိန်တည်းမှာပင် အရှင်ချိုင့်လေနှင့် ကျန်သည့်သူများမှာ မြေပြင်ထက်၌ စစ်သားများနှင့် တိုက်ပွဲစနေလေပြီ။ ထိုစစ်သားများမှာ နာကျင်မှုကို မသိသလို သူတို့၏ခန္ဓာကိုယ်များကလည်း အလွန်ကြမ်းတမ်း၏။သူတို့ တိုက်ခိုက်ချိန်တိုင်း ရွှေရောင်အလင်းများ တောက်ပ၏။သူတို့၏ လက်သီးချက်တိုင်းတွင် မန္တာန်တစ်ခု ပါဝင်နေသည်။

ကောင်းကင်ဘုံစစ်သားတိုင်းမှာ အထွတ်အထိပ်ယန်အဆင့်ကျင့်ကြံသူများထက် အားနည်းမနေပေ။ သူတို့၏ ကြောက်မက်ဖွယ်ခန္ဓာကိုယ်ကြောင့် သူတို့သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများနှင့်ပါ ယှဉ်တိုက်နိုင်နေသည်။

စစ်သးသုံးယောက် ကျန်နေသေးသည်ကို တွေ့သည့်အခါ အရှင်ရီချန်က အေးစက်စက်နှာခေါင်းရှုံ့၍ တိုးဝင်သွား၏။သူက စစ်သားတစ်ယောက်ကို ပိတ်ဆို့ကာ သူ့အင်္ကျီလက်အိုးဖြင့် နောက်သို့ ပြန်ဆွဲငင်စေလိုက်၏။ ခုချိန်၌ သူသည် စစ်သားနှစ်ယောက်နှင့် တိုက်ခိုက်လို့နေသည်။

အရှင်ရီလုံနှင့်အရှင်ရီရှောင်တို့ထံ၌လည်း တူညီသောအတွေး ရှိနေကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset