Switch Mode

အပိုင်း (၁၀၅၅)

လှိုဏ်ဂူအတွင်းနက်ပိုင်းထဲရှိ တည်ရှိမှု

သည်အခိုက်အတန့်၌ ချန်ညီကိုသုံးယောက်ပင် မျက်လုံးဖွင့်လာကြသည်။အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် အရှင်ရီချန်က မတ်တပ်ထရပ်ကာ ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဒါက အရေးကြီးတယ်နော်။ငါက အတားအဆီးပညာရပ်နဲ့ ပတ်သတ်ပြီး အများကြီး မသိပေမဲ့ ဒီနေရာမှာ ဖုံးကွယ်နေတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ရှိနေတာတော့ ငါတောင် မြင်နိုင်တယ်။ငါတို့ ဒါကို အတင်းဖွင့်လှစ်မယ်ဆိုရင်လည်း ငါတို့ အားပြန်ပြည့်တဲ့ထိ စောင့်နေမှ ငါတို့အတွက် အခွင့်ရေးပိုကောင်းနိုင်လိမ့်မယ်…”

“ပြဿနာမရှိဘူး…” ဝမ်လင်းသည် သူ့လက်ကို ဝှေ့ယမ်း၍ အရှင်ရီချန်၏ စကားစကို ဖြတ်လိုက်သည်။ ဝမ်လင်း၏အမိန့်က ငွေရောင်အမျိုးသမီးအပေါ်၌ အကြွင်းမဲ့ပင်။သူမသည် တုံ့ဆိုင်းမနေဘဲ ခြေလှမ်းတစ်ရာအတွင်းသို့ ဝင်ရောက်သွားလေသည်။

သူမ၏ ညာခြေထောက် လှမ်းလိုက်ချိန်၌ ဝမ်လင်း၏မျက်လုံးက အလွန်တောက်ပလာ၏။ငွေရောင်အမျိုးသမီးသည် ရပ်တန့်ခြင်း မပြုပေ။သူမက နောက်ထပ် ခြေတစ်လှမ်း ဆက်လှမ်း၏။သည်လိုနှင့် သူမသည် တစ်ဆက်တည်း ခြေလှမ်းကိုးလှမ်းထိ လှမ်းပြီးသွားလေပြီ။

သူမ ဆယ်လှမ်းမြောက် ခြေချလိုက်သည့်အခိုက်တွင် ခြေလှမ်းတစ်ရာအတွင်း လှိုင်းတွန့်များ ပေါ်လာကာ သည်ဧရိယာအတွင်း၌ ခပ်ဖျော့ဖျော့မြူများ ရစ်သိုင်းလာ၏။ထိုမြူများသည် ငွေရောင်အမျိုးသမီးထံသို့ မြန်ဆန်စွာ တိုးဝင်လာသည်။

ထို့အပြင် လူတိုင်းသည် သူတို့ရှေ့ရှိ ခြေလှမ်းတစ်ရာဧရိယာသည် စွမ်းအားတစ်ခု၏ စုတ်ဖြဲခံရသည့်အလား တွန့်ကြေလာ၏။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက စိတ်ထဲကနေ အသည်းအသန် တွက်ချက်နေ၏။ သူက တည်ငြိမ်စွာ လှမ်းပြောသည်။ “ဘယ်ဘက်ခြမ်းကို တိုက်ခိုက်ပြီး နောက်ပြန်ဆုတ်…”

ငွေရောင်အမျိုးသမီးက ချက်ခြင်း နာခံ၏။သူမ၏ ညာလက်ဖြင့် စာလုံးတစ်လုံးကို ဖြစ်စေကာ ဘယ်ဘက်ခြမ်းသို့ တိုက်ခိုက်လိုက်သည်။ထိုအခါ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွား၏။မြူများသည် အဝေးသို့ လွင့်စင်ကာ လှိုင်းတွန့်များပင် ပျောက်ရှသွားတော့၏။

ငွေရောင်အမျိုးသမီးက တည်ငြိမ်စွာပင် ခြေလှမ်းတစ်ရာအဝန်းအဝိုင်းထဲကနေ ပြန်ဆုတ်လာ၏။

အရှင်ချိုင့်လေသည် မင်သက်မိနေ၏။သူ့မျက်လုံးမှာ တောက်ပနေသည်။ သူသာမက ချန်ညီကိုသုံးယေက်သည်လည်း မင်သက်မိနေကြသည်။သူတို့က ဝမ်လင်းကို ထူးဆန်းသည့်ဟန်နှင့် ကြည့်နေကြ၏။

သူတို့ အများကြီးတွေးနေချိန် မရှိခင်မှာပင် ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းသွားတော့၏။သူက ငွေရောင်အမျိုးသမီး ရှိခဲ့သော ခြေဆယ်လှမ်းနေရာသို့ ရောက်ရှိသွားသည်။

“ငါ မျှော်လင့်ထားသလိုပဲ ဒီနေရာက အတားအဆီးတွေဟာ အပြင်အလွှာနဲ့ အတော်လေး ခြားနားနေတယ်။ မြစ်အနီးအနားမှာ အတားအဆီးတွေရဲ့ ပြောင်းလဲနေမှုက အတောမသပ်နိုင်ပေမယ့်လည်း ဒီအတားအဆီးတွေက ပုံစံအသွင်တစ်ခုတည်း ဖြစ်ပေါ်နေတာ…”

ဝမ်လင်း၏မျက်လုံးထဲ၌ တွက်ချက်နေရင်း ကောက်ချက်ချမှုများဖြင့် တလက်လက် ဖြစ်နေ၏။ ခြေလှမ်းတစ်ရာအတွင်းရှိ အတားအဆီးအားလုံးသည် သူ့စိတ်ထဲ၌ တဖြည်းဖြည်းချင်း ပေါ်လာနေသည်။

ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားကုန်းမြေ၌ အတားအဆီးများကို သင်ယူခဲ့သလို နှစ်ပေါင်းတစ်ထောင်ကျော် ကြာပြီးနောက် သူသည် ဆက်လက်၍ တိုးတက်နေခဲ့၏။ထို့နောက် သူသည် အလုံးစုံကောင်းကင်၌လည်း ပျက်သုဉ်းခြင်းအတားအဆီးကို အမွေဆက်ခံခွင့်ရခဲ့သေးသည်။

အတားအဆီးများသည် သန်မာသော်လည်း ဝမ်လင်းသည်လည်း အတိတ်တုန်းကနှင့် တူညီသောသူ တစ်ယောက် မဟုတ်တော့ပေ။ အတားအဆီးပညာရပ်၌ သူ့တိုးတက်မှုသည် ကျင့်ကြံခြင်းလောက် မမြန်ဆန်သော်လည်း ၎င်းတိုးတက်မှုက မြန်ဆန်နေဆဲပင်။ဝမ်လင်းသည် သူဟာ ကျင့်ကြံခြင်း၌ ပါရမီကင်းမဲ့သိကို သိ၏။သို့သော် သူသည် အတားအဆီးများနှင့် ပတ်သတ်၍မူ အံ့မခန်းနားလည်နိုင်စွမ်း ရှိနေပေသည်။

ထိုအချက်ကို ဝမ်လင်း ရှေးဟောင်းနတ်ဘုရားကုန်းမြေမှာကတည်းက သူ့ကိုယ်သူ သတိမူမိခဲ့ခြင်းပင်။

လူတစ်ယောက်၏ ကျင့်ကြံခြင်းပေါ်ရှိ ပါရမီမှာ စိတ်ဝိညာဉ်စွမ်းအင်အပေါ် မည်မျှ အာရုံခံနိုင်သည့်အပေါ်တွင် မူတည်၏။ ပို၍ အာရုံခံနိုင်လေလေ ပို၍ ပါရမီကောင်းလေဟု ဆိုနိုင်သည်။

သို့ရာတွင် အတားအဆီးပညာရပ်သည် စိတ်ဝိညာဉ်စွမ်းအင်များအပေါ် အာရုံခံနိုင်သည့် ကျင့်ကြံခြင်းပါရမီနှင့် လုံးဝ မဆက်ဆက်ပေ။အတားအဆီးပညာရပ်အားလုံးသည် လူတစ်ယောက်၏ တွက်ချက်မှုနှင့်ကောက်ချက်ချနိုင်ခြင်း စွမ်းရည်ပေါ်တွင်သာ မူတည်ပေ၏။

သူက ဆယ်လှမ်းမြောက်နေရာတွင် ရပ်နေကာ ရှေ့တည့်တည့်သို့ ကြည့်နေ၏။သူ့မျက်လုံးထဲ၌လည်း အတားအဆီးအလင်းမှာ မုန်တိုင်းအသွင် ဆောင်လာ၏။ဖျပ်ခနဲပင် သူ့ရှေ့ရှိအရာအားလုံးသည် ပြောင်းလဲလို့သွားသည်။

ခြေလှမ်းတစ်ရာအဝန်းအတွင်း၌ အတားအဆီးပေါင်း (၃၉၇၁၄) ခုရှိနေ၏။ထိုအတားအဆီးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြ၏။လူတစ်ယောက်သည် အတားအဆီးတစ်ခုကိုသာ အသက်ဝင်စေပါက အတားအဆီးအားလုံးသည်ပါ အသက်လိုက်ဝင်ပေမည်။

ဝမ်လင်းသည် ပျက်သုဉ်းခြင်းအတားအဆီးကို မသင်ယူခဲ့စဉ်ကဆိုပါက သူသည် ထိုအဖြစ်ကို တွေ့သည့်အခါ ခေါင်းကိုက်မိပေမည်။သူက အခုလိုမျိုး အတားအဆီးအဝန်းအဝိုင်းထဲသို့ ဂရုမစိုက်ဘဲလည်း ဝင်ရောက်ဝံ့လိမ့်မည် မဟုတ်ပေ။

သို့သော် ခုချိန်၌ ဝမ်လင်း၏ အတားအဆီးအပေါ် အသိပညာသည် ပြီးပြည့်စုံနေလေပြီ။သူက ပျက်သုဉ်းခြင်းအတားအဆီးကိုလည်း အမွေရရှိထားသေးသည် မဟုတ်လား။ထို့အပြင် သူက ပျက်သုဉ်းခြင်းအတားအဆီး၏ အထွတ်အထိပ် အတားအဆီးနှလုံးသားကိုပါ ရရှိထားသေး၏။

သူသည် အတားအဆီးများကို ဆင်ခြင်နေရင်း သူ့ခြေထောက်ကို မကာ နောက်ထပ် ခြေဆယ်လှမ်းကျော် လျှောက်လှမ်းလာ၏။

ခြေလှမ်းတစ်ရာအတွင်းရှိ အတားအဆီးများမှာ ချက်ခြင်း အသက်ဝင်လာကာ လှိုင်းတွန့်များ ထွက်ပေါ်လို့လာသည်။ထိုလှိုင်းတွန့်များထံမှ ထွက်ပေါ်နေသည့် စွမ်းအားက အရှင်ချိုင့်လေကိုပင် တုန်လှုပ်မိစေ၏။

“ကောင်းကင်ဘုံအတားအဆီးတွေက တကယ့်ကို ရှုပ်ထွေးတာပဲ။ ရှေ့ဖြစ်ဟောသူနဲ့လင်းထျန်ဟူတို့ကကော သူတို့ရဲ့ လှိုဏ်ဂူက အတားအဆီးတွေကို ဘယ်လိုများ ချိုးဖျက်ကြလဲ ငါ သိချင်မိတယ်…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူသည် ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်လျှောက်နေသည်။

ခြေလှမ်းတစ်ရာအတွင်း သဲများ ပေါ်လာ၏။ကန္တာရ တစ်ခုအလား သည်ဧရိယာကို ဖုံးလွှမ်းသွးသည်။သဲနှင့်ကျောက်များ ရောယှက်၍ မုန်တိုင်းတစ်ခု မြည်ဟိန်းလာ၏။ထိုမုန်တိုင်းမှာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာ၏။

အရှင်ချိုင့်လေနှင့် တခြားသူများသည် အားကောင်းသောကျင့်ကြံသူများသာ ဖြစ်ကြ၏။သူတို့က သူတို့၏နတ်ဘုရားအာရုံကို အသုံးချ၍ ခြေလှမ်းတစ်ရာအတွင်း အဖြစ်အပျက်ကို တွေ့မြင်နေရသည်။

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပါ။ ထိုမုန်တိုင်း သူ့ထံသို့ တိုးဝင်လာသည်နှင့် သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ အတားအဆီးတစ်ခုကို ပျံသန်းထွက်သွားစေ၏။ထိုအတားအဆီးက မုန်တိုင်းပေါ်သို့ ကျရောက်ကာ ချက်ခြင်း ပျက်စီးသွား၏။သို့ရာတွင် မုန်တိုင်းမှာ ကြီးမားလွန်းလှချေ၏။

မုန်တိုင်းတစ်နေရာက ပြိုပျက်ပျက်စီးသွားရသော်လည်း မုန်တိုင်း၏စွမ်းအားအပေါ်တွင်မူ သက်ရောက်မှု ရှိမနေပါ။သို့သော် ထိုပျက်စီးမှုမှာ မုန်တိုင်း၏အနိမ့်ဆုံးအပိုင်းသာ ဖြစ်၍ ဝမ်လင်းရှိနေသောနေရာလည်း ဖြစ်နေသည်။

ထို့အတွက်ကြောင့် ပျက်စီးမှု ဆက်တိုက် ဖြစ်ပေါ်နေခြင်းက ဝမ်လင်းအဖို့ မုန်တိုင်းအတွင်း လှမ်းလျှောက်သွား၍ ရလေတော့၏။

သူ ထုတ်လွှတ်လိုက်သည့် ရိုးစင်းသောအတားအဆီးမှာ ဝမ်လင်း အကြိမ်များစွာ တွက်ချက်ပြီးနောက် သင်ယူခဲ့ခြင်းပင်။အချိန်၊နေရာ၊အတားအဆီးအရွယ်အစားတို့မှာ ပြီးပြည့်စုံနေကာ မုန်တိုင်းအောက်ပိုင်း ပြိုပျက်မှုသည် သူ့အတွက် တစ်ကိုယ်စာ ရှေ့ဆက်သွားဖို့ ကောင်းကောင်းလုံလောက်နေပေ၏။

ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း သာမန်လူများသည် ထိုသို့ မလုပ်နိုင်ပါ။

ဝမ်လင်းကို ကြည့်နေရင်း အရှင်ချိုင့်လေ၏မျက်လုံးသည် တောက်ပနေသည်။သူက ပင့်သက်ရှိုက်နေမိ၏။သူသည် ဝမ်လင်းသည် အချိန်အတိုတွင်းသာ ကျင့်ကြံခဲ့ရသေးသော်လည်း အခုလိုမျိုး အတားအဆီးများအပေါ် နားလည်နိုင်စွမ်း ရှိနေသည်ကို မယုံကြည်နိုင်ဟန် ဖြစ်နေ၏။

“သူ့တည်ငြိမ်မှုက ဟန်ဆောင်နေတာ မဟုတ်ဘူးပဲ။ သူက ဒီအထဲမှာ ရှိတဲ့ အတားအဆီးအားလုံးကို ဆင်ခြင်ပြီးနေမှာ ငါ စိုးမိတယ်…။သူက အားနဲ့ချိုးဖျက်တာ မဟုတ်ဘဲ တန်ပြန်အတားအဆီးတွေကို အသုံးပြုပြီး ဒီမှာရှိတဲ့ အတားအဆီးတွေကို ချိုးဖျက်လိုက်တာပဲ…”

ချန်ညီကိုသုံးယောက်သည်လည်း ပင့်သက်ရှိုက်နေမိသည်။သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြ၏။ သူတို့သည် ဝမ်လင်းကို ပို၍ လေးစားလာမိသလို ပို၍လည်း ကြောက်လန့်မိနေလေပြီ။

မုန်တိုင်းကို ထိုးဖောက်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ပိုမြန်ဆန်စွာ လျှောက်လမ်းသွားပြီး ခြေလှမ်းကိုးဆယ်ထိ ရောက်လာ၏။ ကျောက်တုံးတံတားနှင့် ခြေဆယ်လှမ်းသာ ကွာဟတော့သည်။

ချက်ခြင်းပင် မုန်တိုင်းသည် ပျောက်ကွယ်သွား၏။သို့သော် ရေခိုးရေငွေ့များ ပေါ်လာကာ လှိုင်းခတ်သံများပင် ကြားရသည်။ဝမ်လင်းအမြင်၌ ခြေလှမ်းတစ်ရာဧရိယာမှာ ပင်လယ်ပြင် ဖြစ်လာပြန်၏။ဒေါမာန်ကြီးသောလှိုင်းများက သူ့ထံသို့ တရကြမ်း ရိုက်ခတ်လာနေသည်။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ထိုအခိုက်ကို စောင့်ဆိုင်းနေခြင်းပင်။ လှိုင်းတံပိုးများ သူ့ထံသို့ ကျရောက်လာသည့်အခိုက်၌ ဝမ်လင်း၏ညာလက်ဖြင့် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ကြားထဲတွင် ပစ္စည်းတစ်ခု ပါလာ၏။

ထိုပစ္စည်းမှာ အတားအဆီးနှလုံးသား၏ အမွေဆက်ခံသူ ပိုင်ဆိုင်သည့် နှလုံးသားသံလိုက်အိမ်မြှောင့်ပင်။

၎င်းသံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားရင်း ဝမ်လင်းက မားမားရပ်နေ၏။လှိုင်းများက သူ့အင်္ကျီစများကို ရိုက်ခတ်နေရင်း သူ့ဆံပင်များက နောက်သို့ လွင့်ဝဲနေ၏။သူ့ဘယ်လက်ကို သံလိုက်အိမ်မြှောင်ပေါ်သို့ ရွှေ့လျားစေလိုက်ရာ ၎င်းထံမှ အက်သံများ ထွက်ပေါ်လာသည်။ထို့နောက် ယင်းသံလိုက်အိမ်မြှောင်သည် စတင် လှည့်လည်တော့၏။

ဝမ်လင်း၏ ဘယ်လက်က လှုပ်ရှားနေရင်း အရိပ်တစ်ခုလို ဖြစ်လာကာ သူ့မျက်လုံးမှ တဖျပ်ဖျပ် တောက်ပနေ၏။တုံ့ဆိုင်းခြင်းမရှိ သူသည် ဘယ်ဘက်သို့ ခြေတစ်လှမ်းလှမ်း၏။သူက ခြေတစ်လှမ်းများ ခုနစ်ပေလောက် ရွှေ့လျားလိုက်ရာ လှိုင်းတံပိုးများက သူရှိရာသို့ ထိုးကျလာချေသည်။

သို့ရာတွင် သူသည် ၎င်းလှိုင်းတံပိုးတို့နှင့် နီးကပ်သွားသည့်အခိုက်၌ သူ့လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို လှုပ်ခတ်လိုက်ရာ အတားအဆီးများစွာ ပျံသန်းထွက်သွားချေသည်။

“ချိုးဖျက်စမ်း…” ဝမ်လင်း ဤသို့ အော်ဟစ်လိုက်သည့်အခါ သံလိုက်အိမ်မြှောင်သည် အနက်ရောင်တောက်ပ၍ ပျံသန်းထွက်သွားသည်။၎င်းပတ်လည်ရှိ အတားအဆီးများကလည်း တုန်ဟီးက အထက်သို့ ဆန်တက်လေ၏။

ချက်ခြင်းလိုလိုပင် ဒေါမာန်ပြင်းနေသည့် လှိုင်းများမှာ ပြိုပျက်၍ ဝမ်လင်းရှေ့တွင် တစ်လက်မချင်း တစစီဖြစ်ကုန်၏။

လှိုင်းများ ပျောက်ကွယ်သွားသည့်အခိုက်၌ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ထိုအသံသည် လှိုဏ်ဂူတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ဒီအတားအဆီးတွေကို ထိန်းချုပ်နေတဲ့ တစ်စုံတစ်ယောက် တကယ် ရှိနေတာပဲ…”

ဝမ်လင်း၏မျက်လုံးတို့က လက်ခနဲ ဖြစ်သွား၏။သူက သည်အတားအဆီးများကို ပထမဆုံး တွေ့မြင်ရချိန်ကတည်းက တစ်ခုခုမှားနေသည်ဟု ခံစားမိ၏။အပြင်ဘက်အလွှာရှိ အတားအဆီးများမှ ထိန်းချုပ်မှု မရှိဘဲ အသေဖြစ်ကာ ပုံမှန်စည်းမျဉ်းအတိုင်းသာ ပုံသေ ရှိနေ၏။

သို့ရာတွင် ခြေလှမ်းတစ်ရာအတွင်းရှိ အတားအဆီးများကမူ ကွာခြား၏။သူက သည်အဝန်းအဝိုင်းရှိ အတားအဆီးများကို တစ်ယောက်ယောက်က ထိန်းချုပ်နေသည်ဟု ခပ်ရေးရေး ခံစားမိ၏။ထို့ကြောင့်လည်း ဝမ်လင်းက အမျိုးသမီးအလောင်းကို အရင်ဆုံးခြေလှမ်းဆယ်လှမ်း လှမ်းစေခဲ့ခြင်းပင်။

သည့်နောက် ဝမ်လင်း၏ ခန့်မှန်းမှုက မှန်နေခဲ့၏။

သည်အခိုက်၌ သူသည် လက်ထဲရှိ သံလိုက်အိမ်မြှောင်နှင့်အတူ ရှေ့သို့ ဆက်လျှောက်ကာ ကျောက်တံတားပေါ်သို့ ခြေချလိုက်သည်။သည့်နောက် သူသည် သူ့ရှေ့ရှိ ကောင်းကင်ဘုံလှိုဏ်ဂူကို ကြည့်ရင်း ရှေ့သို့ တည်ငြိမ်စွာ ဆက်သွားသည်။

ကောင်းကင်ဘုံသားတစ်ယောက်၏ လှိုဏ်ဂူမှာ ရိုးစင်းနေလိမ့်မည် မဟုတ်ပါ။ထိုအချက်ကို ဝမ်လင်းက ကောင်းကောင်း သိထားပေ၏။

“ဒီလှိုဏ်ဂူအတွင်းနက်ထဲမှာ အပြင်လူတွေ ဝင်ရောက်တာကို တားဆီးဖို့ ဘယ်လိုအတားအဆီးတွေနဲ့ ထိန်းချုပ်ထားလဲ ငါ မသိဘူး…”

အရှင်ချိုင့်လေ၏ အကြည့်ထဲ၌ လေးစားမှု ဖြစ်ပေါ်နေ၏။ထို့နောက် သူတို့သည် ဝမ်လင်းနောက်သို့ လိုက်လာကြ၏။

ဝမ်လင်းသည် ကျောက်တံတားပေါ်တွင် မတ်တပ်ရပ်ရင်း သူ့ရှေ့ရှိအရာကို သေချာ စူးစိုက်ကြည့်နေသည်။လှိုဏ်ဂူအတွင်းဘက်ခြမ်းသည် နေရာပေါင်းစုံတွင် ပန်းများရှိနေသည့် ဥယာဉ်တစ်ခုနှင့်ပင် တူလို့နေသည်။၎င်းက ကောင်းကင်ဘုံလှိုဏ်ဂူ ဖြစ်သော်လည်း ပေးစွမ်းနေသည့် အရောင်အစင်းသည် ရှုပ်ပွမှုကို ခံစားမိစေနေသည်။

ဘေးတစ်ဖက်တစ်ချပ်စီတွင် ခန်းမဆောင်လေးခု ရှိကာ အလယ်၌ နန်းတော်ကြီးတစ်ခု ရှိ၏။ထိုနန်းတော်ကို နဂါး၊ဖီးနစ်နှင့် အခြားကောင်းကင်ဘုံသားရဲများ၏ ရုပ်ကို ထွင်းထု၍ အလှဆင်ထားသည်။ သည်နေရာက ကောင်းကင်ဘုံခွန်အားကို ပေးစွမ်းနေသည်။

ထို့အပြင် နန်းတော်အပြင်၌ ရွှေရောင်ရုပ်တုဆယ်ခု ရှိနေ၏။ထိုရုပ်တုများသည် ကောင်းကင်ဘုံစစ်သားများကဲ့သို့ ချပ်ဝတ်များ ဝတ်ဆင်ထားကြသည်။

“ရွှမ် ရွှေ…” ဝမ်လင်းက ထိုရုပ်တုဆယ်ရုပ်သည် ရွှမ်ရွှေဖြင့် ပြုလုပ်ထားသည်ကို တွေ့သည့်အခါ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ထိုရွှမ်ဟု အမည်ရသည့် ရွှေအမျိုးအစားသည် ကောင်းကင်ဘုံသက်တော်စောင့်များ၏ ခန္ဓာကိုယ်ကို ပိုအားကောင်းစေသည့် ဖြည့်စွက်သတ္တုများထဲမှ တစ်ခု ဖြစ်နေပေသည်။

နန်းတော်အတွင်းနက်ပိုင်းမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ဧရိယာကိုလည်း ခြုံလွှမ်းထားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset