Switch Mode

အပိုင်း (၁၀၅၄)

ဝမ်လင်းသည် အရက်အိုးကို လက်ထဲတွင် ကိုင်ထားရင်း သူသည် တဖြည်းဖြည်း ရွှေ့လျားသွားနေသည့် လှေကို ကြည့်ရှုလို့နေသည်။ ကုချင်းသံက သူ့နားထဲသို့ လွန်ခဲ့သောနှစ်ရာချီကအတိုင်း ပြန်တိုးဝင်လာနေသည်။

သို့ရာတွင် ၎င်းကုချင်းသံ၌ အတိတ်ကကဲ့သို့ ဆွဲညှို့မှု မပါဝင်တော့ပေ။ကုချင်းကို တီးခတ်နေသည့်သူမှာလည်း အတိတ်တုန်းက မျက်မမြင်အမျိုးသမီး မဟုတ်တော့ပါ။

အရက်တစ်ငုံ သောက်ချပြီးနောက် ဝမ်လင်းသည် သက်ပြင်းချ၍ ဆိုသည်။ “နတ်ဆိုးအင်ပါယာက အရေးတယူလုပ်နေပြန်ပြီ…”

သက်လတ်ပိုင်းလူက စကားပြန်မဆိုပေ။ သူတို့နှစ်ယောက်သည် မြစ်ကမ်းဘေးတွင် ထိုင်ကာ တစ်ကျိုက်ပြီးတစ်ကျိုက် မော့နေတော့၏။

နေဝင်သွားခဲ့ပြီ။မြေကမ္ဘာသည် အမှောင်လွှမ်းလာပြီ။ လရောင်ဟူ၍လည်း မထွန်းသာသေး။

တစ်ခုတည်းသော အလင်းဟူ၍ မြစ်ပြင်အဝေးမှ တရွှေ့ရွှေ့သွားနေသည့် လှေမှ မှိတ်တုတ်မှိတ်တုတ်အလင်းသာ ရှိနေသည်။

အမှောင်ထု လုံးဝ ကြီးစိုးချိန်၊ဝမ်လင်း ဘေးပတ်လည်၌ အရက်အိုးလွတ်များ စီလို့နေပြီ။

သက်လတ်ပိုင်းလူက အရက်အိုးများကို ကြည့်ရင်း ခပ်တိုးတိုး ပြောလာ၏။ “အရှင်ပေလောက အစ်ကိုဝမ် ရောက်နေတာကို သိပြီးပါပြီ။ သူက ငါ့ကို အစ်ကိုဝမ်ရှိ သတင်းစကားပေးဖို့ ဒီနေရာကို လွှတ်လိုက်တာပါ…”

ဝမ်လင်းအသွင်သည် ပုံမှန်အတိုင်းပင်။ နတ်ဆိုးအင်ပါယာ ရောက်ရှိလာကတည်းက သူသည် ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်၏။ တကယ်တော့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည် ခုချိန်၌ ပေလော အုပ်စိုးနေသည်ဟု ဆိုနိုင်၏။ သူက နောက်ထပ် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို ဝါးမြိုတိုင်း သူသည် အဆများစွာ ပိုသန်မာနေပေမည်။

ဝမ်လင်းသည် လက်ကျန်အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

“အစ်ကိုဝမ်က ငါးခုမြောက်လှိုဏ်ဂူကို ဝင်ရောက်တဲ့အခါ နေရာတစ်နေရာစာ ပေးမယ်ဆိုရင် နိုင်ငံကိုးခုထဲက လေးနိုင်ငံကို စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဆီ လက်ဆောင်ပေးမယ်လို့ အရှင် ပေလောက မှာလိုက်ပါတယ်။ဒါ့အပြင် အရှင်ပေလောက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်နဲ့ ပတ်သတ်ပြီး ဘာကိစ္စပဲ ဖြစ်ဖြစ် ကြားဝင်မနှောက်ယှက် ဘူးလို့လည်း ဆိုတယ်။ဒီ့အပြင် တိမ်နတ်ဆိုးရဲ့ နတ်ဆိုးအာရုံအကြွင်းအကျန်ကိုလည်း အခုအတိုင်း ရှိစေမယ်လို့ ဆိုတယ်…”

အနက်ရောင်ကျောက်ရုပ်တု၏ တည်ရှိမှုသည် လူတော်တော်များများကို လှည့်ဖျားနိုင်မည် ဖြစ်သော်လည်း ရှေးဟောင်းနတ်ဆိုးပေလောကိုမူ လှည့်စားနိုင်လိမ့်မည် မဟုတ်ပေ။သူက သည်နှစ်ရာချီအတွင်း ၎င်းကြွင်းကျန်နတ်ဆိုးအာရုံကို ဘာတစ်ခုမှ မပြုလုပ်ခြင်းသည် ၎င်းမှာ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၌ ဖွံ့ဖြိုးရင်း ယနေ့လိုနေမျိုးအတွက် စောင့်ဆိုင်းနေခဲ့ခြင်းကြောင့်ပင်။

ဝမ်လင်းသည် အကွာအဝေးတစ်ခုထံသို့ ကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်၏။ “ကောင်းပြီ…”

သက်လတ်ပိုင်းလူက မတ်တပ်ထရပ်၏။ သူ့လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်ဟန် ပြု၍ ဆိုသည်။ “အစ်ကိုဝမ် အရှင်ပေလော ငါ့ကို စေလွှတ်တဲ့ကိစ္စပြီးမြောက်ခဲ့ပြီ။ခု ငါ့ရှိမှာ သင့်ထံက အကူအညီတောင်းစရာလေး ရှိနေပါသေးတယ်…”

“ငါ့အင်ပါယာဓားစိတ်ဝိညာဉ်ဟာ ငါ့မိတ်ဆွေဟောင်းရဲ့ သမီးပဲ။ ဒါပေမဲ့လည်း အချို့အခက်အခဲတွေကြောင့် သူမဟာ ငါ့ဓားစိတ်ဝိညာဉ်ဖြစ်လာတာတောင်မှ သေဆုံးခြင်းကနေ မလွတ်မြောက်နိုင်ဘူး။သူမဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်မိနေပြီး နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ဘယ်တော့မှ မထွက်ခွာနိုင်ခဲ့ဘူး…”

“ဒီစိတ်ဝိညာဉ်ကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ခေါ်ထုတ်သွားပေးဖို့ အစ်ကိုဝမ်ရှိ အကူအညီတောင်းပါတယ်။ဒါဆို သူမဟာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်နိုင်တာ ဒါမှမဟုတ် တခြားကံကောင်းမှုတွေ ကြုံတွေ့နိုင်တာ ဖြစ်လာနိုင်လိမ့်မယ်…”

သက်လတ်ပိုင်းလူက သူ့လက်ကို လေဟာနယ်ထဲသို့ ညွှန်သည်။ နန်းတော်ရှိရာကနေ ဓားစွမ်းအင်တန်းတစ်ခု လှမ်ထွက်လာသည်။ထိုဓားစွမ်းအင်တန်းထဲ၌ အင်ပါယာဓား ရှိနေသည်။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားနေပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည်။ “သင်က ဘာကြောင့် အခြားလူတစ်ယောက်ယောက်ကို မရှာဖွေခဲ့တာလဲ…”

သက်လတ်ပိုင်းလူက ခေါင်းယမ်း၍ တည်ငြိမ်စွာ ဆိုသည်။ “ဒီနှစ်ပေါင်းများစွာမှာ မရေမတွက်နိုင်တဲ့လူတွေ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲ ဝင်ရောက်လာခဲ့ကြတယ်။ဒီအထဲမှာမှ ငါ ယုံကြည်ရတဲ့ လူအနည်းငယ်သာ ရှိခဲ့တယ်။ဒါပေမဲ့လည်း ငါ့မှာ ဒီဓားစိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိတယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒီအခွင့်အရေးကို လွဲခဲ့တာပဲ…”

ဝမ်လင်းသည် သက်ပြင်းချနေ၏။ နတ်ဆိုးအင်ပါယာ ရောက်ရှိလာခဲ့ချိန်၌ ဝမ်လင်းသည် သူ့ထံမှ သေဆုံးခြင်းအော်ရာကို ထောက်လှမ်းမိ၏။ နတ်ဆိုးအင်ပါယာ၏ သက်တမ်းသည် ကုန်ဆုံးခါနီးနေပေပြီ။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ နေထိုင်ကြသူများသည် သာမန်ကျင့်ကြံသူများထက် သက်တမ်းပိုရှည်သော်လည်း သူတို့တွင်လည်း အကန့်အသတ် ရှိနေသည်သာ ဖြစ်သည်။ မည်သည့်မတော်တဆမှုမှ ဖြစ်မလာခဲ့ပါက နတ်ဆိုးအင်ပါယာသည် လာမည့် နှစ်သုံးဆယ်အတွင်း သေဆုံးသွားလောက်သည်။

သည်လိုကိစ္စအတွက် ဝမ်လင်းသည် ငြင်းဆန်နေစရာ အကြောင်းမရှိိပေ။ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်၏။

သက်လတ်ပိုင်းလူသည် ပြုံးလိုက်၏။ခုမှ သူသည် စိတ်သက်သာရာ ရတော့သည်။ထို့နောက် သူသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အင်ပါယာဓားသည် မိန်းကလေးတစ်ယောက်အသွင်သို့ ပြောင်းလဲသွား၏။သူမ၏မျက်လုံးထဲ၌ ပူဆွေးမှုတို့သာ ရှိနေသည်။သူမသည် ဓားစိတ်ဝိညာဉ် ဖြစ်သည့်အတွက် မျက်ရည်မကျသော်လည်း ခုချိန်၌ သူမ၏မျက်လုံးတို့မှာ အရည်လဲ့နေတော့သည်။

“ကောင်းကောင်းနေပါ…နောက်ကျ ခေါင်းမမာတော့နဲ့…” သက်လတ်ပိုင်းလူသည် ထိုမိန်းကလေးကို ချစ်ခင်စွာ ကြည့်၏။ သူက ထိုမိန်းကလေးကို ဓားစိတ်ဝိညာဉ်အဖြစ် ကြည့်မြင်ခြင်းမဟုတ်ဘဲ သူ့သမီးတစ်ယောက်ကဲ့သို့အကြည့်မျိုးဖြင့် ကြည့်နေခြင်းပင်။

သက်ပြင်းချပြီးနောက် သူသည် ဝမ်လင်းထံသို့ လက်နှစ်ဖက်စုပ်ကာ ဦးညွတ်၏။

“ကျေးဇူးအများကြီး တင်ပါတယ်…အစ်ကိုဝမ်…”

ထိုသို့ပြောပြီးနောက် သူသည် နောက်လှည့်၍ လှမ်းလျှောက်သွားတော့သည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူသည် ဝမ်လင်း၊ဝမ်းနည်းမှုတို့ ပြည့်နေသည့် မိန်းကလေးတို့နှင့် အတော်လေး လှမ်းဝေးသွားလေတော့သည်။

“သွားကြစို့…” ဝမ်လင်းသည် လက်ထဲရှိ လက်ကျန်အရင်များကို အကုန်သောက်ချပြီးနောက် ဘေးတွင် အရက်အိုးအလွတ်ကို ချလိုက်၏။ထို့နောက် သူသည် မတ်တပ်ထရပ်ကာ လေထဲသို့ လှမ်းလျှောက်သွားတော့သည်။

မိန်းကလေးက အင်ပါယာမြို့တော်ကို ဝမ်းနည်းမှုအပြည့်နှင့် ကြည့်နေ၏။သူမသည် သူမကို သမီးတစ်ယောက်ကဲ့သို့ ဆက်ဆံပြုမူသော နတ်ဆိုးအင်ပါယာကို တွေ့မြင်ရသည်မှာ သည်တစ်ကြိမ်မှာ နောက်ဆုံးဖြစ်မှန်း နားလည်ပေ၏။လူတစ်ယောက်၏ သက်တမ်းသည် ပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။

ဝမ်းနည်းမှုအပြည့်ဖြင့် သူမ၏ခန္ဓာကိုယ်သည် အစိမ်းရောင်အခိုးငွေ့များအဖြစ် ပြောင်းလဲကာ အင်ပါယာဓားအတွင်းသို့ ဝင်ရောက်သွားသည်။သူမက ဓားတေးသံကို ထုတ်ဖော်၍ ဝမ်လင်းနောက်သို့ လိုက်ပါလာတော့သည်။

အင်ပါယာဓားသည် ဝမ်လင်းနောက်၌ ငွေရောင်အလင်းတန်းတစ်ခုကဲ့သို့ လိုက်ပါလာ၏။ ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေသည်။သူက သူ့လက်ကို ဝေ့ယမ်းပြီး ၎င်းဓားကို သူ့သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းလိုက်သည်။ထို့နောက် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီးနောက် ကောင်းကင်ဘုံလှိုဏ်ဂူတုန်ကင်ကို ထုတ်ယူ၏။သည့်နောက် သူသည် ဖျပ်ခနဲ ပျောက်ကွယ်သွားတော့သည်။

လေးခုမြောက်လှိုဏ်ဂူထဲ၌ စစ်ထူနန်သည် ရှေ့ကနေ ဦးဆောင်ကာ အတွင်းရှိ အတားအဆီးများကို ချိုးဖျက်နေ၏။ သည်လှိုဏ်ဂူထဲရှိ အတားအဆီးများက များပြားလွန်း၏။သူတို့က ချိုးဖျက်နေရင်းဖြင့် သူတို့ရှေ့၌ ကောင်းကင်ဘုံသားများ ပိုင်ဆိုင်ခဲ့သည့် ပစ္စည်းများ ပေါ်လာနေသည်။

စစ်ထူနန်နှင့်တခြားသူများ၏ ကျင့်ကြံမှုဖြင့် သူတို့အဖို့ သည်အတားအဆီးများကို ချိုးဖျက်ဖို့ရန်မှာ မခက်ခဲလှပါ။ သူတို့က လှိုဏ်ဂူဗဟိုချက် ရှိရာသို့ တိုက်ရိုက် သွားနေကြ၏။သို့ရာတွင် ဗဟိုချက်နား၌ အတားအဆီးများသည် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်လာ၏။ဤနေရာရှိ အတားအဆီးများသည် ကျင့်ကြံမှုအဆင့်တစ်ခုတည်းဖြင့် ချိုးဖျက်နိုင်သည့်အရာများ မဟုတ်တော့ပေ။လူတစ်ယောက်သည် ၎င်းအတားအဆီးကို ချိုးဖျက်နိုင်ဖို့ အတားအဆီးအပေါ် နားလည်မှုဉာဏ်အလင်းပါ လိုအပ်လာတော့၏။

သည်အခိုက်၌ အပြင်ဘက်လှိုဏ်ဂူ စင်္ကြန်ပေါ်၌ ရွှေရောင်အလင်းတစ်ချက် လင်းလက်ကာ ဝမ်လင်း ထွက်ပေါ်လာသည်။သူသည် အချိန်ဆွဲမနေဘဲ လှိုဏ်ဂူရှိရာသို့ တိုက်ရိုက် သွား၏။ လမ်းတစ်လျှောက်၌ သူသည် ဖျက်စီးခံထားရသည့် အတားအဆီးများကို တွေ့ရသည်။

သိပ်မကြာခင်တွင် ဝမ်လင်းသည် စစ်ထူနန်နှင့်အခြားလူများကိုလည်း တွေ့မြင်လိုက်ရသည်။

ချန်ညီကိုသုံးယောက် သူတို့ပတ်လည်၌ အဖြူရောင်အခိုးငွေ့များနှင့်အတူ ထိုင်၍ ကျင့်ကြံနေ၏။သူတို့သည် အတားအဆီးများကို ချိုးဖျက်ရာ၌ စွမ်းအင်တော်တော်များများ ကုန်ဆုံးခဲ့သည့်အတွက် ပြန်လည်အားဖြည့်နေသည်မှာ သိသာပေသည်။

ခေါင်းကြီးကောင်လေးက ချန်ညီကိုသုံးယောက်ဘေးနား၌ ရှိနေ၏။ ဝမ်လင်းကို အံ့အားသင့်သွားစေသည်က ခေါင်းကြီးသည် အတားအဆီးများနှင့် ပတ်သတ်၍ မမျှော်လင့်ထားစွာ ပါရမီ ပါနေခြင်းပင်။သူက လိုင်ဂျီကို ဦးဆောင်၍ အတားအဆီးတစ်ခုကို မည်သို့ချိုးဖျက်ရမည်ကို တွက်ချက်ပြနေသည်။

အရှင်ချိုင့်လေကလည်း အတားအဆီးများကို လေ့လာနေ၏။သူက အတားအဆီးများကို ချိုးဖျက်ရာ၌ အဓိကအား ဖြစ်လာသည်။စစ်ထူနန်နှင့်ငွေရောင်အမျိုးသမီးတို့ကမူ အတားအဆီးများကို ခွန်အားသပ်သပ်ဖြင့်သာ ချိုးဖျက်နေကြ၏။

ဝမ်လင်း ရောက်ရှိလာမှုက လူတိုင်း၏အာရုံကို ချက်ခြင်း စွဲဆောင်သွားသည်။စစ်ထူနန်သည် သည်နေရာတွင် ရက်အတော်အတန်ကြာ ရှိနေပြီ ဖြစ်သည့်အတွက် စိတ်မရှည် ဖြစ်နေသည်။သူ့ပတ်လည်ရှိ အတားအဆီးများက သူ့ကို စိတ်ရှုပ်နေစေ၏။ သူ့အမြင်၌ အတားအဆီးများ မည်မျှသန်မာပါစေ သူ့ကျင့်ကြံမှုအဆင့်သာ လုံလောက်အောင် မြင့်မားပါက ၎င်းတို့ကို အားဖြင့် ချိုးဖျက်နိုင်သည်ဟု ထင်ထား၏။

သို့ရာတွင် အခုသူက အတားအဆီးတစ်ခုကို ဖျက်စီးပြီးသော်လည်း သည်နေရာကနေ မထွက်ခွာနိုင်သေး ဖြစ်နေရ၏။မဟုတ်ပါက သူ့စိတ်နေစိတ်ထားအရ သူ့ဟာသူ ရှိသမျှ အတားအဆီးများကို ချိုးဖျက်ကာ ရှေ့သို့ အရင် သွားနှင့်နေပြီ ဖြစ်သည်။

သူက ဝမ်လင်း ရောက်လာသည်ကို တွေ့သည့်အခါ ရယ်မော၍ ဆိုလာ၏။ “နောက်ဆုံးတော့ မင်း ရောက်လာပြီ။ ငါ ဒီနေရာမှာ သေလောက်အောင် ပျင်းနေပြီဟ။ ဒီကောင်းကင်ဘုံလှိုဏ်ဂူက ကြီးမားလှတယ်လို့လည်း မဆိုသာ၊သေးငယ်တယ်လို့လည်း မဆိုသာဘူး။ငါတို့ ရှေ့တည့်တည့်ကို သွားနေတာပဲ။ ဒါပေမဲ့ ဒီနေရာမှာက နေရာတိုင်း ရတနာတွေရှိနေတဲ့အတွက် ငါက ဒါကို အရင်ဆုံး တူးဖော်နေတာ…”

ထိုသို့ပြောပြီးနောက် သူသည် ဝမ်လင်း၏ အဖြေကိုပင် စောင့်မနေတော့ဘဲ ဝါးတောအုပ်ရှိရာသို့ လျှောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

စစ်ထူနန်၏ကျင့်ကြံမှုအဆင့်ကြောင့် ဝမ်လင်းသည် သူ့ကို စိတ်မပူပေ။ အဆိပ်အတွက်ကမူ သူတို့နှစ်ယောက် အချိန်အချို့အသုံးပြု၍ ၎င်းကို အမျိုးသမီးကျင့်ကြံသူ မလိုအပ်ဘဲ ယာယီဖိနှိပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းသည် အရှင်ချိုင့်လေနားသို့ ရောက်လာပြီးနောက် ရှေ့တည့်တည့်သို့ လှမ်းကြည့်၏။

သူတို့ရှေ့ ခြေလှမ်းတစ်ရာအကွာလောက်၌ စီးဆင်းနေသော မြစ်ငယ်တစ်စင်း ရှိနေ၏။ထိုမြစ်ပတ်လည်၌ ခပ်ပါးပါးမြူများ ဆိုင်းနေသည်။ မြစ်ဘေးတစ်ဖက်တစ်ချက်စီကို ကျောက်တုံးတံတားတစ်ခုက ဆက်သွယ်ပေးထား၏။

ထိုကျောက်တုံးတံတားမှာ ဝင်ပေါက်တစ်ခုပင်။

“ဒီနေရာက အတော်လေး ထူးဆန်းနေတယ်.ငါတို့ ဒီနေရာမှာ ပိတ်မိနေတာ ငါးနာရီလောက် ရှိပြီ။ဒါပေမဲ့လည်း ငါက ဒါကို အားနဲ့အတင်း ဖွင့်ရင် အံ့မခန်းတန်ပြန်အကျိုးဆက် တု့န်ပြန်မှု ဖြစ်လာနိုင်တယ်လို့ ထင်နေတယ်။ဒါ့ကြောင့် ငါတို့က အတင်း မဖွင့်လှစ်တာပဲ…”

အရှင်ချိုင့်လေသည် ဝမ်လင်းကို ကြည့်၍ အသေးစိတ် ရှင်းပြနေ၏။သူက ဝမ်လင်းသည် အတားအဆီးများနှင့် ပတ်သတ်၍ နားမလည်ဘဲ အားနှင့်အတင်းဖွင့်မည်ကို စိုးနေခြင်းပင်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူ့အကြည့်က ကျောက်တုံးတံတားပေါ်သို့ ရောက်နေ၏။သူက စကားတစ်ခွန်းမှ မဆိုသေးပေ။

“ဒီကောင်းကင်ဘုံလှိုဏ်ဂူက အလွှာနှစ်ထပ်ပဲ။ ငါတို့က အပြင်လွှာနဲ့အတွင်းလွှာကို ချိတ်ဆက်ပေးတဲ့နေရာ မှာ ရှိနေတာ။ငါတို့ ဒီမြစ်ကို ဖြတ်ကျော်ပြီးတာနဲ့ အတွင်းလွှာကို ရောက်ပြီ။အဲ့အတွင်းနေရာမှာ ရှိတဲ့အတားအဆီးတွေက ရှုပ်ထွေးလွန်းတယ်။ဒါ့ကြောင့် ငါတို့ ကောင်းကင်ဘုံလှိုဏ်ဂူရဲ့ အတွင်းလွှာကို အချိန်တိုအတွင်း ကျော်ဖြတ်သွားနိုင်မှာ မဟုတ်ဘူး။ခေါင်းကြီးက ငါတို့ကို ကျောက်တုံးတံတားအတိုင်း မသွားစေဘဲ ဘေးတစ်ဖက်စီက အတားအဆီးတွေကို ချိုးဖျက်ပြီး မြစ်အတွင်း ဖြတ်ကျော်မယ်လို့ အကြံပြုတယ်…”

အရှင်ချိုင်လေ့သည် ထိုသို့ ပြောလိုက်ရင်း လိုင်ဂျီကို အတားအဆီးများ ချိုးဖျက်ပုံအား ပြောပြနေသည့် ခေါင်းကြီးထံသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

အရှင်ချိုင့်လေသည် မြစ်ကို ကြည့်၍ မျက်မှောင်ကြုတ်ကာ ဆိုသည်။ “ချန်ညီကိုသုံးယောက်က အားအတော်လေး ကုန်ခမ်းနေတယ်။ဒါ့ကြောင့် သူတို့က ကျင့်ကြံပြီး ပြန်အားဖြည့်နေကြတာ။ရောင်းရင်းစစ်ထူကတော့ သူတို့ ပြန်ကောင်းတဲ့အထိ စောင့်ပြီး ငါတို့ စုပေါင်းအားနဲ့အတင်းချိုးဖျက်မယ်လို့ ဆိုတယ်။ငါတော့ ဒီနည်းလမ်းနဲ့ ပတ်သတ်ပြီး သံသယ ရှိမိတယ်…”

သူ့အမြင်၌ ဝမ်လင်းသည် အချိန်အကြာကြီး ကျင့်ကြံရခြင်း မရှိသေးပေ။ထို့ကြောင့် ဝမ်လင်းသည် အတားအဆီးများနှင့် ပတ်သတ်၍ အနည်းငယ်မျှသာ နားလည်လိမ့်မည်ဟု ထင်ထား၏။

“နှစ်တစ်ထောင်ကျော်လောကနဲ့ ဒီလောက်ကျင့်ကြံမှုအဆင့်ထိ ရောက်နေတယ်ဆိုတာ တကယ့်ကို အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒီဝမ်လင်းက အတားအဆီးနဲ့ ပတ်သတ်ပြီး သိမနေမှ ငါ စိုးရိမ်မိတယ်။တကယ်တော့ သူ့အတွက် အတားအဆီးပညာရပ်ကို လေ့လာဖို့ အချိန်မရှိခဲ့လောက်ဘူး။ဒီတော့ ဒါက ငါနဲ့ခေါင်းကြီးတို့အပေါ်မှာ မူတည်တော့မယ်…”

အရှင်ချိုင့်လေသည် စိတ်ထဲ၌ သက်ပြင်းချမိနေ၏။သူက သူ့ကိုယ်သူလည်း အတားအဆီးပညာရပ်အပေါ် အလွန်မကျွမ်းကျင်မှန်းသိ၏။ သူက အပြင်လွှာရှိ အတားအဆီးများနှင့် ပတ်သတ်၍ ကိုင်တွယ်နိုင်သော်လည်း အခု အပြင်နှင့်အတွင်း ကြားစပ်နေရာရှိ အတားအဆီးများအပေါ်တွင်ပေါ် သူ မထိန်းချုပ်နိုင်ဟု ခံစားနေရ၏။

ဝမ်လင်းသည် ကျောက်တုံးတံတားကို ကြည့်နေရင်း မျက်မှောင်ကြုတ်မိနေ၏။ မည်သို့ပင်ဖြစ်စေ အရှင်ချိုင်လေ ပြောသလို အတင်းချိုးဖျက်ပါက နောက်ဆက်တွဲတန်ပြန်မှုသည် အံ့မခန်းဖြစ်မည်မှာ မှန်ကန်နေ၏။

“ဒါက ကောင်းကင်ဘုံလှိုဏ်ဂူထဲ ဝင်ရောက်ဖို့ ပထမဆုံးအခက်အခဲသာ ဖြစ်နေမှာ ငါ စိုးမိတယ်…”

သူတို့ရှေ့ ခြေလှမ်းတစ်ရာအကွာရှိ ကျောက်တုံးတံတားသည် သာမန်ဟုသာ ထင်ရသော်လည်း အရှင်ချိုင်လေ ပြောတာအပြင် ဝမ်လင်းက အခြားချိန်းခြောက်နိုင်သည့် အနေထားများကိုပါ သတိပြုမိနေ၏။သည်နေရာရှိ အတားအဆီးများက အပြင်ဘက်အလွှာရှိ အတားအဆီးများနှင့် အတော်လေး ခြားနားနေသည်။

“ဒါက ငါထင်သလို ဖြစ်နေမလား စမ်းကြည့်ဖို့ လိုပြီ…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငွေရောင်အလောင်း…”

ငွေရောင်အမျိုးသမီး၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ သူမသည် ဝမ်လင်းနားသို့ ရောက်လာ၏။သူမက ဝမ်လင်းကို အမိန့်ကို စောင့်ဆိုင်းနေသည့်အလား ဝမ်လင်းကို ကြည့်နေ၏။

ဝမ်လင်းသည် ထိုအမျိုးသမီးကို မကြည့်ပေ။သူက သူ့ရှေ့ရှိ ကျောက်တံတားကိုသာ ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်၏။ “ခြေလှမ်းဆယ်လှမ်း ရှေ့ကို လှမ်းလိုက်…”

အရှင်ချိုင့်လေက မျက်မှောင်ကြုတ်မိသွား၏။ ထိုရွှေ့လျားမှုက သူ့အတွက် ဉာဏ်နည်းရာအကျဆုံး လှုပ်ရှားမှုပင်။ထိုသို့လှမ်းလိုက်ပါက အတားအဆီးများ အသက်ဝင်လာနိုင်ပေသည်။

သို့ရာတွင် သူက ဝမ်လင်းကို စကားတစ်ခွန်းမှ မဆိုဘဲ ကြည့်နေ၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ပင် စတင်လေ့လာကြည့်နေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset