“နှစ်ရာချီ ကြာပြီးတဲ့နောက်မှာ ငါဟာ နတ်ဆိုးခွဲထွက်ခြင်း မန္တာန်ကို ပြီးပြည့်စုံခဲ့တယ်။ ကံမကောင်းစွာနဲ့ ဒီနတ်ဆိုးအာရုံက အားနည်းလွန်းနေတာပဲ။ ပင်မခန္ဓာကိုယ်က ဝါးမြိုခံလိုက်ရတဲ့အတွက် ဒီနတ်ဆိုးအာရုံက အမြစ်မရှိတဲ့ အပင်လိုပဲ အချိန်မရွေး သေဆုံးသွားနိုင်တယ်။ တိမ်နတ်ဆိုးမျှော်စင်ကလည်း ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ငါ ဒီမှာ ဆက်နေလို့ မရတော့ဘူး။ ငါက နတ်ဆိုးစွမ်းအင်ကို စုပ်ယူဖို့ အခြားနတ်ဆိုးနိုင်ငံ တစ်ခုခုစီလည်း မဝင်ရောက်ဝံ့ဘူး…”
ထိုနတ်ဆိုးအာရုံသည် ဂရုတစိုက် ရှေ့သို့ ပျံသန်းနေ၏။သို့ရာတွင် သူသည် အားနည်းလွန်းလှရာ အချိန်မရွေး သူ့တည်ရှိမှုသည် ပျောက်ကွယ်သွားနေနိုင်သည်။
သူက ကောင်းကင်ထက်၌ ပျံသန်းနေရင်း တဖြည်းဖြည်း လွင့်ပါးနေ၏။အဆုံးသပ်၌ သူသည် လုံးဝ ပျက်စီးခါနီးအချိန် သူ့မှတ်ဉာဏ်များပင် ဝေဝါးလာချိန်ထိ ဖြစ်လာခဲ့သည်။
ထိုသို့ ထာဝရ ပျောက်ကွယ်ခါနီး အချိန်၌ သူ့အောက်မှ နတ်ဆိုးစွမ်းအင်ကို ခပ်ရေးရေး ခံစားမိ၏။သူ့အောက်ရှိ နေရာကတော့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု တည်ရှိရာနေရာပင်။
အတိတ်တုန်းက သည်မျိုးနွယ်စုဝင်များသည် အရေအတွက် မများလှသေးပေ။ အများစုမှာလည်း နေရာအနှံ့တွင် ပြန့်နှံ့ကာ စိတ်ဝိညာဉ်အပိုင်းအစ ရှိရာ နေရာများကို ရှာဖွေနေကြသည်။ သူတို့၏ မျိုးနွယ်စုအတွင်း၌ လူသောင်းချီလောက်သာ ကျန်ရစ်ခဲ့သည်။
ထိုလူများအားလုံးက ကျောက်ရုပ်တုတစ်ခုကို အလေးအမြတ် ပြုနေကြ၏။သူတို့၏ ဦးခေါင်းထက်မှ ထွက်ပေါနေသည့် နတ်ဆိုးစွမ်းအင်တို့မှာ သည်ဧရိယာတွင် ခြုံလွှမ်းနေသည်။
တိမ်နတ်ဆိုး၏ နတ်ဆိုးအာရုံသည် မသိစိတ်ဖြင့် ထိုရုပ်တုနက် ရှိရာသို့ ရောက်ရှိလာ၏။သူက ထိုရုပ်တုထဲသို့ ဝင်ရောက်ချိန်၌ အသက်ဝင်လာသလို ဖြစ်ကာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များသည် ၎င်းရုပ်တုထံသို့ စုစည်းလာတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ တိမ်နတ်ဆိုးသည် ရုပ်တုထဲ၌ တဖြည်းဖြည်း အထိုင်ကျလာ၏။သူသည် သူ့လွတ်မြောက်နိုင်ဖို့ ကြိုးစားခဲ့စဉ်အတွင်း သူ့မှတ်ဉာဏ်များစွာကို ဆုံးရှုံးခဲ့ရသည်။
သူ့ထံ၌ မူလခန္ဓာကိုယ်ပင် မရှိတော့ဘဲ နတ်ဆိုးအာရုံအမျှင်တန်းတစ်ခုမျှသာ ပေလောလက်ထဲမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ အလေးအမြတ် ပြုနေကြသော စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုတင်များထံမ တိုးဝင်လာနေသည့် နတ်ဆိုးစွမ်းအင်ထဲ၌ ဝမ်လင်း ဟု ခေါ်သည့် လူတစ်ယောက်၏ အတွေးဖြင့်သာ ပြည့်နှက်နေခဲ့၏။
အစပိုင်း၌ သူက ၎င်းအတွေးကို ခုခံခဲ့သေးသည်။သို့သော် မျိုးနွယ်စုအရေအတွက် သန်းချီ ဖြစ်လာသည့်အခါ သူသည် တဖြည်းဖြည်းဖြင့် သူ့နာမည်ကိုပါ ဝမ်လင်းဟု ခံစားမိလာစေတော့သည်။ သည်မျိုးနွယ်စုဝင်များ၏ အလေးအမြတ်ပြုမှုအောက်၌ သူသည် သူတို့၏ ဘိုးဘေးလို ဖြစ်လာခဲ့တော့သည်။
သူက ထိုအတွေးဖြင့် နှစ်ရာချီ ကုန်ဆုံးခဲ့၏။ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင် သန်းပေါင်းများစွာ အရေအတွက်ထိ ကြီးထွားလာချိန်၌ သူ့အပေါ် သူတို့၏ ဆက်တိုက် အလေးအမြတ်ပြုမှုက သူ့အတိတ်က တိမ်နတ်ဆိုးအဖြစ်ကိုပါ စွန့်လွှတ်စေခဲ့ပြီး သူ့ကိုယ်သူ ဝမ်လင်းဟု ခုချိန်၌ တွေးထင်ထားခဲ့လေပြီ။
သူက ပြောင်းလဲလာနေသလို ရုပ်တုသည်လည်း ဝမ်လင်း၏ပုံပန်းအသွင်အဖြစ် ပို၍ ချောမွတ်စွာ ပြောင်းလဲလာခဲ့သည်။သူသည်လည်း ရုပ်တုအတွင်းရှိ ဝမ်လင်း ဖြစ်လာခဲ့သည်။
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူနှင့်ချွတ်စွတ်တူသည့် ရှေးဟောင်းနတ်ဆိုးကို ကြည့်၏။ သူ့မျက်လုံးထဲရှိ ထူးဆန်းသောအလင်းသည် ပို၍ အားကောင်းလာသည်။နောက်ဆုံးတွင် သူသည် မယုံကြည်နိုင်လောက်ဖွယ် အချက်ကို တွေ့ရှိသွားတော့သည်။
ဝမ်လင်းသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အသေးစိတ်နားလည်လာခဲ့ခြင်းပင်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။သူသည် ရှေးဟောင်းနတ်ဆိုးကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး ဆို၏။ “ရှေးဟောင်းနတ်ဆိုးတစ်ပါးက ငါ့ခြေရင်းကို သူ့ဟာသူ ရောက်လာတာပဲ၊ငါက ဒါကို မယူဆောင်ရင် မကောင်းတတ်တာဖြစ်မယ်။ သူက သူ့ကိုယ်သူ ငါလို့ ထင်နေမှတော့ …သူ့ကို ငါ့ဒုတိယကိုယ်ပွားအဖြစ် ခွင့်ပြုလိုက်မယ်…”
“ငါ့မူလခန္ဓာကိုယ်ဟာ ရှေးဟောင်းနတ်ဘုရား၊ပထမဆုံးကိုယ်ပွားကတော့ ကျင့်ကြံသူတစ်ယောက်၊ ခု ဒုတိယကိုယ်ပွားကတော့ ရှေးဟောင်းနတ်ဆိုး။ အင်း…ငါက ရှေးဟောင်းမိစ္ဆာအဖြစ် ငါ့ တတိယကိုယ်ပွားကို ဖန်တီးနိုင်မလား သိချင်မိတယ်။ အဲ့အချိန်ကြင် ငါက သူတို့ကို ပေါင်းစပ်ပြီး ငါဟာ အတိတ်တုန်းက ရှေးအမိန့်ကိုပါ ပုန်ကန်လာနိုင်မလား သိချင်မိတယ်…”
ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးတစ်ပါးက သူ့ကိုယ်သူ သူ့ထံသို့ ကမ်းလှမ်းလာသည်ကို စဉ်းစားကြည့်ရင်း သူ့နှလုံးသည် ခုန်ပေါက်နေ၏။ဝမ်လင်းသည် ပြုံးမိသည်။
သူ့ ခန္ဓာကိုယ်က ဖျပ်ခနဲ ရုပ်တုထဲကနေ ထွက်လာ၏။သူ့နတ်ဘုရားအာရုံနှင့်ကျင့်ကြံခြင်းစွမ်းအားတို့သည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိနေကြပြီ။ သူသည် သူ့ရှေ့ရှိ ရုပ်တုနက်ကို ကြည့်ကာ သူ့အပြုံးသည် ပိုပီပြင်လာ၏။
သူက အသက်ဝဝရှိုက်သွင်းကာ ထိုချ၍ သူ့လက်နှစ်ဖက်ကို ဒူးပေါ်သို့ တင်လိုက်သည်။ထို့နောက် သူက ရုပ်တုပေါ်၌ အတားအဆီးများစွာကို နေရာချပြီး သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်ကာ ရုပ်တုကို ခြုံလွှမ်းစေသည်။
သူသည် သည်ရုပ်တုကို သူ့ဒုတိယကိုယ်ပွားဖြစ်လာအောင် လုပ်လိုပါက သူသည် ၎င်းကို သူ့စိတ်နှင့် တစ်သားတည်းဖြစ်လာသည့်အထိ သန့်စင်မွန်းမံဖို့ လိုအပ်၏။သူသည် ၎င်းကို ဆန္ဒရှိသလို အဆင့်မြင့်တင်ပါက ၎င်းသည် သူ့မူလစိတ်ဝိညာဉ်ကို ပယ်ဖျက်နိုင်တော့မည် မဟုတ်ပေ။ထိုအစား သူ့မူလစိတ်ဝိညာဉ်ကို သူလိုအပ်သလို လွယ်ကူစွာ အစားထိုးနိုင်ပေမည်။
ထိုအရာက အပြောလွယ်ကာ ရိုးစင်းသော်လည်း အမှန်တော့ အလွန်တရာ ခက်ခဲ၏။ထိုကဲ့သို့ သန့်စင်မွန်းမံခြင်းကို အတင်းပြုလုပ်ပါက ပြုလုပ်ခံရသည့်အရာမှာ သူ့ထက်အားနည်း၍ သူက အောင်မြင်ခဲ့လျှင်ပင် ၎င်းကိုယ်ပွားမှာ အသုံးမဝင်မှုခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် သူ့ထက်အားနည်းခြင်းမရှိသည့် အရာကို ကိုယ်ပွားအဖြစ် မွန်းမံလိုပါက သူသည် အတင်းပြုလုပ်၍ မရပေ။
သို့ရာတွင် သည်ရုပ်တုကို ကိုယ်ပွားအဖြစ် မွန်းမံဖို့က ဝမ်လင်းအဖို့ မခက်ခဲတော့ပေ။အကြောင်းမှာ သည်ရုပ်တုထဲရှိ ရှေးဟောင်းနတ်ဆိုးကိုယ်တိုင် သူ့ကိုယ်သူ ဝမ်လင်းအဖြစ် ယုံကြည်နေခြင်းကြောင့်ပင်။ ထို့ကြောင့် ဝမ်လင်းအဖို့ သန့်စင်မွန်းမံရန် အများကြီး မလိုအပ်တော့ချေ။ဝမ်လင်း လုပ်ဖို့လိုသည်က သူ့နတ်ဘုရားအာရုံဖြင့် ရောယှက်စေကာ သည်ရှေးဟောင်းနတ်ဆိုးကို သူ့မူလဖြစ်တည်မှုအား မည်သူမည်ဝါမှန်း သိရှိစေရန် သေချာလုပ်ရန်သာလို၏။
ထိုအရာကလည်း ဝမ်လင်းအဖို့ မခက်ခဲလှပါ။ သူသည် ခုချိန်၌ ရှေးဟောင်းနတ်ဆိုးထက် ကျင့်ကြံမှုအဆင့်မြင့်မားကာ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း ဖြစ်နေပြန်၏။
သို့ရာတွင် ဝမ်လင်းက သည်ရက်အနည်းငယ်အတွင်း သတိထားနေစမြဲပင်။ သူက သူ့နတ်ဘုရားအာရုံကို သည်ရှေးဟောင်းနတ်ဆိုးနှင့် လုံးဝ သမူဟ ဖြစ်စေသည်သာမက ၎င်းအပေါ်၌ ချိပ်တံဆိပ်တစ်ခုကိုပါ ချန်ထားသေး၏။ထို့အပြင် ၎င်းကိုယ်ပွားအတွင်း၌ အတားအဆီးအစီအရင်များစွာကိုပါ ထည့်သွင်းထား၏။ထိုကိုယ်ပွားကသာ ပုန်ကန်လာပါက သူသည် အတွေးတစ်ချက်ဖြင့်ပင် ၎င်းအတားအဆီးများကို ချက်ခြင်း အသက်ဝင်လာစေနိုင်ပေ၏။
ကိုယ်ပွားအပေါ် ထိုမျှလောက်သာ စီမံပါက ဝမ်လင်းဟူ၍ မမည်သေးပါ။သည့်အပြင် သူက ကောင်းကင်ဘုံအင်ပါယာချင်းလင်း၏ ရုပ်သေးများကို ထိန်းချုပ်သည့်နည်းလမ်းအချို့ကိုပါ သူ့ဒုတိယကိုယ်ပွားအပေါ်၌ အသုံးပြုထားသေး၏။သူက ၎င်းကိုယ်ပွားကို လုံးဝထိန်းချုပ်နိုင်မှု ရှိအောင် လုပ်ထားမှ စိတ်အေးမည့် လူစားမျိုးသာ ဖြစ်သည်။
သူ့ရှေ့ရှိ ကျောက်ရုပ်တုကို ကြည့်နေရင်း ဝမ်လင်းသည် ၎င်းရုပ်တုမှာ သူနှင့်တစ်သားတည်း၊တစ်ယောက်တည်း ဖြစ်နေသည်ဟု ခံစားရ၏။
“ဒီဒုတိယကိုယ်ပွားမှာ ရုပ်ပိုင်းခန္ဓာကိုယ် ရှိမနေတာ ဆိုးတာပဲ။သူက ဒီကျောက်ရုပ်တုထဲမှာပဲ တည်ရှိနေနိုင်သေးတယ်။ငါက ခုချိန်မှာ ဒီရုပ်တုကနေ သူ့ကို ခွဲထုတ်လို့ မရနိုင်သေးဘူး။ ဒါကို တိုက်ခိုက်ဖို့အတွက် အသုံးပြုရင်တောင့် အဓိကအနေနဲ့ နတ်ဆိုးအာရုံကိုပဲ အသုံးပြုနိုင်ဦးမှာ။ဒါဟာ အာဏာတက်ခြင်းနောက်ဆုံးအဆင့်သာ ရှိတဲ့အတွက် အားနည်းလွန်းနေသေးတယ်…”
“ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာက နတ်ဆိုးအာရုံပဲ။ ၎င်းကသာ လုံလောက်တဲ့ နတ်ဆိုးစွမ်းအင်ကို ပိုင်ဆိုင်လာရင် ရှေးဟောင်းနတ်ဆိုးအဆင့်ထိ ရောက်ရှိလာနိုင်တယ်…”
ဝမ်လင်း၏မျက်လုံးတို့က တလက်လက် ဖြစ်နေ၏။သူသည် ယခုကိုယ်ပွားနှင့် ပတ်သတ်၍ အလျင်စလို လုပ်၍ မရမှန်း သိထား၏။တဖြည်းဖြည်းဖြင့် သူ့ကိုယ်ပွား အစွမ်းထက်လာဖို့ အချိန်ယူဖို့ လိုအပ်ပေသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရှိ ကိစ္စများကို လုပ်ဆောင်ပြီးသည့်နောက် ဝမ်လင်းသည် ထိုရုပ်တုကို သူနှင့်အတူ ယူဆောင်မလာခဲ့ပေ။ ထိုအစား သူက အားကောင်းသောအတားအဆီးအချို့ကိုသာ ရုပ်တုအနားပတ်လည်၌ ချမှတ်ခဲ့ပြီး သည်ရုပ်တုကို ဆက်လက်၍ အလေးအမြတ်ပြုရန် ကလန်ဝင်များကို မှာကြားခဲ့သည်။
“ဒီဒုတိယကိုယ်ပွားက မျိုးစေ့တစ်ခုပဲ။ ခုချိန်မှာ ငါ့အတွက် ဒါက ဘာမှ အသုံးမဝင်သေးဘူး။ဒါပေမဲ့ ဒီမျိုးစေ့သာ ကြီးထွားလာခဲ့ရင်…”
ဝမ်လင်း၏မျက်လုံးထဲ၌ ကျေနပ်မှုအရိပ်အယောင် ဖြတ်ပြေးသွား၏။ထို့နောက် သူ့ခန္ဓာကိုယ်မှာ ဖျပ်ခနဲ ပျောက်ကွယ်သွားချေတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီခန့်က ကောင်းကင်နတ်ဆိုးနိုင်ငံသည် မီးနတ်ဆိုးနိုင်ငံနှင့် စစ်ပွဲအတွင်း အနိုင်ရရှိခဲ့သော်လည်း သူတို့၏ ဆုံးရှုံးမှုကလည်း မသေးခဲ့ပေ။နှစ်ပေါင်းရာချီ ကြာမြင့်ပြီး ယနေ့ထိပင် လူဦးရေသည် အရင်ထက်များစွာ လျော့နည်းသွားခဲ့၏။
သိသာသည်မှာ ကောင်းကင်နတ်ဆိုးနိုင်ငံ၏ မြို့တော်ပင် ဝမ်လင်းပထမဆုံး ရောက်လာခဲ့ချိန်ကလောက် မတောက်ပ၊မစည်ကားတော့ခြင်း ဖြစ်၏။
မြို့တော်ရှိ လမ်းဘေးဝဲယာတွင် ဆိုင်များ ရှိနေဆဲ ဖြစ်သော်လည်း လမ်းသွားလမ်းလာများမှာ အရင်လောက် မများတော့ပေ။
မြို့အတွင်းဘက်ကနေ မြို့ပြင်ထိ ချိတ်ဆက် စီးဆင်းသည့် မြစ်တစ်စင်းကတော့ ရှိနေဆဲပါ။ ခုချိန်၌ ဝမ်လင်းသည် မြစ်ကမ်းဘေး၌ ထိုင်ကာ မြစ်ရေစီးဆင်းမှုကို ကြည့်ရှုလို့နေ၏။
သူက အတိတ်တုန်းကကဲ့သို့ သည်နေရာတွင် ထိုင်ခဲ့သလိုမျိုး ထပ်တူညီစွာ ထိုင်နေခြင်းပင်။သို့သော် အခုချိန်၌ အတိတ်ကလို မြစ်ရေပြင်ထက်၌ မည်သည့်ပန်းပွားလှေမှ မရှိသလို သူ့နားထဲသို့ တိုးဝင်လာသည့် ကုချင်းသံလည်း ရှိမနေတော့ပေ။
ဝမ်လင်းသည် မြစ်ပြင်ကို ဗလာကင်းမဲ့စွာ ကြည့်နေရင်း သူ့စိတ်ထဲ၌ အတိတ်ကို ပြန်အောက်မေ့မိနေ၏။ သူက လွန်ခဲ့သော နှစ်ပေါင်းရာချီက ကြားခဲ့ရသော သူမ၏ ကုချင်းသံကိုလည်း ပြန်ကြားယောင်နေမိသည်။
ထိုအကြောင်းကို တွေးမိရင်း သူသည် ညတစ်ည၌ မြို့အရှင် နတ်ဆိုးအင်ပါယာနှင့် တခွက်တဖလား သောက်ခဲ့ချိန်ကိုပါ ပြန်အောက်မေ့မိ၏။ ထိုစဉ်က ဝမ်လင်းသည် ကုချင်းတီးခတ်သူ အမျိုးသမီး၏ မျက်နှာကို မမြင်တွေ့ခဲ့ဖူးတာတောင် ဖြစ်နေနိုင်၏။
ခုချိန်၌ ဝမ်လင်းသည် သူမ၏ အထီးကျန်ပုံရိပ်နှင့် ဝမ်းနည်းမှုအပြည့်အဝ ပါဝင်သည့် သူမ တီးခတ်ခဲ့သော ကုချင်းသံကိုသာ ပြန်မှတ်မိနေနိုင်၏။
နေဝင်ချိန်ကို ထိုင်ကြည့်နေရင် ဝမ်လင်းက သူ့ကိုသူ အတိတ်က မှတ်ဉာဏ်များအတွင်း၌ နစ်မြောကာနေသည်။ သည်အခိုက်၌ သူသည် အချိန်ဖြတ်သန်းကုန်လွန်မှုအကြောင်းကို ခံစားမိ၏။မျက်စိတစ်မှိတ်အတွင်း နှစ်ရာချီ ကုန်လွန်သွားခဲ့ပြီ မဟုတ်လား။
ဝမ်လင်းသည် သက်ပြင်းချမိ၏။ အချိန်သည် မှတ်ဉာဏ်များအဖြစ်တော့ တည်ရှိနေနိုင်၏။ လူတစ်ယောက်သည် မှတ်ဉာဏ်များ မရှိတော့ပါက အတိတ်၏အချိန်က အဖြစ်အပျက်များလည်း ရှိနိုင်တော့မည် မဟုတ်ပါ။
“မိုလီဟိုင် ဒီအနီးအနားမှာ ရှိနေသေးလား ငါ သိချင်မိတယ်…”
ဝမ်လင်းဘေးနား၌ အရက်အိုးတစ်လုံးလည်း ရှိနေ၏။ ထိုအရက်မှာ အတိတ်တုန်းက အရက်ဆိုင်ကပင် သူ ဝယ်လာခဲ့ခြင်း ဖြစ်၏။ မျိုးဆက်များစွာ ကုန်လွန်ပြီးသည့်နောက် အရက်တံဆိပ်သည် တူညီသေးသော်လည်း အရက်အရသာမှာမူ…။
ဝမ်လင်းက အရက်အိုးကို ယူကာ တစ်ကျိုက်သောက်လိုက်၏။
“အရသာတောင် ပြောင်းသွားခဲ့ပြီပဲ…” ဝမ်လင်းက ခါးသက်သက်ပြုံး၍ အရက်အိုးကြို ပြန်ချ၏။
ဒါက အရသာ ပြောင်းသွားခဲ့ပြီ။ “ မျိုးဆက်သစ်တွေက သူတို့ဘိုးဘေးတွေရဲ့ စကေးမျိုး မရှိတော့ဘူး။ဒါ့ကြောင့် သူတို့က အရင်တုန်းကလို အရက်အရသာမျိုး ပြန်မဖော်စပ်နိုင်ကြတော့တာ…”
ဝမ်လင်းနောက်ဘက်မှ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာ၏။
ဝမ်လင်းသည် လှည့်၍ မကြည့်ဘဲ သက်ပြင်းချကာ ဆို၏။ “ငါတို့ မတွေ့ဖြစ်တာ နှစ်ရာချီခဲ့ပြီ။ နတ်ဆိုးအင်ပါယာက အရင်တုန်းကလောက် အပူအပင်ကင်းကင်း မရှိတော့ဘူးပဲ…”
ဝမ်လင်း နောက်ကျောဘက်မှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။ ခရမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ဝမ်လင်းဘေးနားတွင် လာထိုင်သည်။သူက ချောမောဟန်ပေါက်ကာ အရင်ကအတိုင်း ဖြစ်သော်လည်း သူ့ခေါင်းထက်၌ ဆံပင်ဖြူအချို့ ရှိနေကာ အသက်ပိုကြီးရင့်လာခဲ့ပေပြီ။
“ဒါကို သောက်ကြည့်လိုက်ပါ…” သက်လတ်ပိုင်းလူက အရက်အိုးတစ်လုံး ထုတ်ယူကာ ဝမ်လင်းထံသို့ ကမ်းပေး၏။
ဝမ်လင်းက လက်ခံ၍ တစ်ကျိုက်သောက်လိုက်၏။သူက ပြုံး၍ ဆိုသည်။ “ဒါကမှ အတိတ်တုန်းက အရက် ဖြစ်တယ်…”
“သင် ပြန်လာမှာကို ငါ သေချာ သိနေခဲ့တယ်။ဒါ့ကြောင့်လည်း သင်နဲ့အတူ သောက်ဖို့ အများကြီး စုထားခဲ့တာ…” ပြောပြောဆိုဆိုဖြင့် ထိုလူက နောက်ထပ်အရက်အိုးတစ်လုံးကို ထပ်ထုတ်လိုက်ကာ အားပါးတရ မော့သောက်လိုက်သည်။ ထို့နောက် သူက ပြုံး၍ ဆိုသည်။ “အစ်ကိုဝမ်…သင် အတိတ်တုန်းကလို ကုချင်းသံမရှိပါဘဲနဲ့ ဝမ်းနည်းအောက်မေ့မှုကို ခံစားနေတာလား…”
ကုချင်းသံသည် အကွာအဝေးတစ်ခုကနေ အထီးကျန်မှုနှင့်ဝမ်းနည်းမှုကို သယ်ဆောင်ရင်း ဖြည်းဖြည်းချင်း ပျံ့လွင့်လာ၏။ခဏအကြာတွင် လှေကြီးတစ်စင်းသည် မြစ်ကြောအတိုင်း ဆင်းလာ၏။
ထိုလှေဦး၌ အမျိုးသမီးတစ်ဦး ထိုင်လို့နေသည်။သူမက ဝမ်လင်းရှိရာသို့ ကျောပေး၍ ကုချင်း တီးခတ်နေလေသည်။
***