“ဒီဟာက ဆိုးဝါးတဲ့အရာတစ်ခုခုပဲ…”
ဝမ်လင်းသည် ထိုရုပ်တုနှင့် ရင်ဆိုင်ချိန်၌ ပထမဆုံး တွေးမိသည့်အတွေးပင်။
သူ့ညာလက်ချောင်းကို လျှပ်စီးကဲ့သို့ ရုပ်တုမျက်ခုံးနှစ်ခုကြားသို့ ရွှေ့လျားစေလိုက်သည်။သည်အခိုက်၌ ရုပ်တု၏မျက်လုံးထံမှ အနက်ရောင်အလင်းတစ်ခု တောက်ပလာကာ ထူးဆန်းသောစာလုံးသည် ၎င်း၏မျက်ခုံးနှစ်ခုကြားတွင် ဖြစ်ပေါ်လာသည်။
ထိုစာလုံးသည် ထူးဆန်းသောစွမ်းအား ပါဝင်သည့် မြူလွှာတစ်ခုကို ထုတ်လွှတ်၏။ထိုစွမ်းအားက ဝမ်လင်း၏ လက်ချောင်းတိုက်ခိုက်မှုကို ပိတ်ဆို့လာသည်။
ဝမ်လင်း၏ လက်ညှိုးက စာလုံးနှင့် မဆိုင်းမတွ ထိမိ၏။ ထိုအခါ လှိုင်းတွန့်တစ်ခု ပေါ်လာသည်။ထိုလှိုင်းတွန့်သည် ပေါ်လာသည်နှင့် ဝမ်လင်း၏ နတ်ဘုရားအာရုံနှင့် ပေါင်းစပ်နေသည့် ဆန်းကြယ်သောအားတစ်ခုမှ နိုးထလာကာ သူ့မူလစိတ်ဝိညာဉ်ထံသို့ မင်နက်တစ်ခုအလား ဖြန့်ကျက်လာ၏။
ဝမ်လင်း၏မျက်လုံးက အေးစက်သွား၏။သူက ထိုအနက်ရောင်ကျောက်ရုပ်တုနှင့် ပတ်သတ်၍ ထူးဆန်းသည်ဟု တွေးထားခဲ့ပြီး ဖြစ်ကာ အခု သူထင်သလို ဖြစ်လာခဲ့သည်။သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ သူ့မူလစိတ်ဝိညာဉ်ပတ်လည်ရှိ ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် အစိမ်းရောင်တောက်ပမှုကို ပေးစွမ်းလေ၏။
တချိန်တည်းမှာပင် သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ခပ်အုပ်အုပ်အသံကို ထုတ်လွှတ်၏။ဝမ်လင်းရှိနေသော တောင်ကြား၏ ကောင်းကင်ထက်၌ မရေမတွက်နိုင်သော မိုးကြိုးတန်းများ ဖြစ်ပေါ်လာကြသည်။
ဤအဖြစ်က တောင်ကြားထက်၌သာ မဟုတ်ပါ။ ဤအခိုက်၌ မီးနတ်ဆိုးနိုင်ငံအထက်ရှိ ကောင်းကင်တစ်ခုလုံးသည် အဆုံးမဲ့မိုးကြိုးများနှင့် ဖုံးလွှမ်းလာချေ၏။
ထိုရုတ်တရက် ပြောင်းလဲမှုက မီးနတ်ဆိုးနိုင်ငံရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်အဖွဲ့ဝင်များကို စိတ်ရှုပ်ထွေးမိကုန်စေ၏။
မိုးကြိုးသံသည် လောက၌ မြည်ဟိန်းရင်း မရေမတွက်နိုင်သော မိုးကြိုးများ ဆင်းသက်ကာ မိုးကြိုးခွန်အားကို ပြသလာချေသည်။
ချက်ခြင်းလိုလိုပင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တစ်ဝက်ကျော်သည် မိုးကြိုးတို့နှင့် ခြုံလွှမ်း၏။ ထိုရုတ်ချည်းပြောင်းလဲမှုက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ နေထိုင်သူများအား အထိတ်အလန့် ဖြစ်စေကုန်၏။
နတ်ဆိုးဗိုလ်ချုပ်နှင့်ဗိုလ်ချုပ်မှူးများပင် ကောင်းကင်ထက်သို့ ကြောက်လန့်တကြား ကြည့်မိ၏။ သူတို့သည် ထိုမိုးကြိုးမှာ သဘာဝအရ မဟုတ်ဘဲ မန္တာန်ကြောင့် ဖြစ်ပေါ်လာသည်ကိုတော့ ခပ်ရေးရေး ခံစားမိကြ၏။
ဝမ်လင်း၏ရှေးဟောင်းမိုးကြိုးနဂါး စိတ်ဝိညာဉ်သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တစ်ဝက်ကျော် ဖုံးလွှမ်းနေသည့် မိုးကြိုးများအား မီးနတ်ဆိုးနိုင်ငံ အနောက်ဘက် တောင်ကြားရှိရာသို့ တဟုန်ထိုး ရောက်ရှိိလာနေစေ၏။
ဝုန်း…ဝုန်း…ဝုန်း…။
မိုးကြိုးတန်းများသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထံသို့ ဝင်ရောက်နေရင်း တုန်ဟိန်းသံများ ဖြစ်ပေါ်နေသည်။သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် မာန်ဖီလာကာ မင်နက်များနှင့် တိုက်ပွဲစလေသည်။
မင်နက်များသည် အဆုံးမဲ့မိုးကြိုးများကြောင့် ပျက်စီးပြိုပျက်လုနီး ဖြစ်လာ၏။တကယ်တော့ ဝမ်လင်း၏နတ်ဘုရားအာရုံထဲသို့ ဝင်ရောက်ခဲ့သည် ဤဆန်းကြယ်သောအားသည် မများပြားခဲ့ပေ။
ဆက်တိုက်ရှုံးနိမ့်နေရင်း မင်နက်များသည် နောက်ဆုံးတွင် အစက်တစ်စက်အထိ သိပ်သည်းလာခဲ့၏။၎င်းက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲကနေ ထွက်ခွာရန် ပြင်စဉ် ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်မှ အစိမ်းရောင်အလင်းက ၎င်း၏ ဆုတ်လမ်းအားလုံးကို ပိတ်ဆို့သည်။
သူ့ရှေးဟောင်းမိုးကြိုးနဂါးသည် မိုးကြိုးများကို စုစည်းကာ တိုက်ခိုက်မှုတစ်ခု ထိုးထွက်လာ၏။ထိုတိုက်ခိုက်မှုက အနက်ရောင်အစက်ပေါ်သို့ ကျရောက်ကာ လုံးဝ ပျက်စီးသွားစေတော့သည်။
ထိုအခြင်းအရာများသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ဖြစ်ပွားနေခြင်းပင်။ ဝမ်လင်းက သူ့ညာလက်ညှိုးဖြင့် ရှေ့သို့ ဆက်ခနဲ ထိုးလိုက်ရာ ရုပ်တု၏စာလုံးသည် ပျက်စီးသွားတော့သည်။
ထိုစာလုံး တစစီဖြစ်သွားချိန်၌ တုန်ခါလှိုင်းတစ်ခု ပျံ့လွင့်၏။ဝမ်လင်း၏ လက်ချောင်းသည် ရုပ်တု၏မျက်ခုံးနှစ်ခုကြားသို့ နောက်ဆုံးတွင် ဖိနှိပ်နိုင်သွားသည်။
ဝမ်လင်း၏ ညာလက်ချောင်းမှာ ရုပ်တုနှင့် ထိမိသည့်အခိုက် သူ့နိဗ္ဗာနကြိုမြင်ခြင်းအလယ်အထွတ်အထိပ်အဆင့် စွမ်းအားသည် သူ့နတ်ဘုရားအာရုံနှင့်အတူ ရုပ်တုထံသို့ တရကြမ်း ဝင်ရောက်သွား၏။
ဝမ်လင်း၏ကျင့်ကြံမှုစွမ်းအားနှင့် နတ်ဘုရားအာရုံတို့ ဝင်ရောက်သွားချိန်၌ သူသည် သူ့မူလစိတ်ဝိညာဉ်ပေါ်ရှိ ဖိသိပ်မှုအားကို ခံစားမိ၏။ သူ့နတ်ဘုရားအာရုံရှေ့၌ ဖြစ်ပေါ်လာသည့်အရာက ထူးဆန်းသောကုန်းမြေတစ်ခု ဖြစ်နေချေသည်။
ထိုနေရာသည် အဖြူရောင်မြူများဖြင့် ပြည့်နှက်နေကာ မြူပင်လယ်တစ်ခုအလား။ဝမ်လင်းသည် အကြည့်တစ်ချက်ဖြင့်ပင် ထိုအဖြူရောင်မြူများသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဝင်သန်းချီထံမှ ထွက်ပေါ်ခဲ့သည့် အဖြူရောင်အခိုးငွေ့များဖြစ်ကြောင်း သိရှိသွား၏။
အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံကို ယင်းထူးဆန်းသောနေရာ တစ်ခွင်တွင် ဖြန့်ကျက်၏။ထို့နောက် သူ့မျက်လုံးသည် ကျဉ်းမြောင်းလာကာ သူ့နတ်ဘုရားအာရုံကို ရှေ့တည့်တည့်ရှိ တစ်စုံတစ်ခုပေါ်သို့ ကျရောက်နေစေ၏။
သူ့နတ်ဘုရားအာရုံနှင့်ကျင့်ကြံမှုအဆင့်တို့ ပေါင်းစပ်သွားကာ ဝမ်လင်း၏ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာ၏။ထိုပုံရိပ်ယောင်သည် သူ့နတ်ဘုရားအာရုံဖြင့် ကျရောက်နေစေသော နေရာသို့ ရောက်ရှိလာသည်။ ဤနေရာက ရုပ်တု၏ဗဟိုချက် ဒန်တျန်တည်ရှိရာ နေရာပင်။
ဝမ်လင်းရှေ့ရှိ မြူများက သိပ်သည်းလွန်းလှ၏။ ထို့ကြောင့် ၎င်းမြူများအတွင်း၌ ထိုင်နေသော ပုံရိပ်တစ်ခုကို ခပ်ရေးရေးသာ မြင်နေရသည်။ ၎င်းထိုင်နေသော ပုံရိပ်က မြူများနှင့် ရစ်သိုင်းထားသော်လည်း ဝမ်လင်းသည် ၎င်းပုံရိပ်မှာ သူနှင့်ချွတ်ဆွတ်တူသည်ဟု ကောင်းစွာ ပြောနိုင်ပေ၏။
သူနှင့် မတူညီသည့်တစ်ချက်မှာ ၎င်းပုံရိပ်၏ ဦးခေါင်းထက်၌ ဦးဂျိုတစ်စုံ ရှိနေခြင်းသာ။
ထိုဦးချိုကို တွေ့လိုက်ရသည့်နောက် ဝမ်လင်း၏မျက်လုံးက တောက်ပသွား၏။
“ရှေးဟောင်းနတ်ဆိုး…”
ဝမ်လင်းနှင့် ချွတ်စွတ်တူသည့် ထိုရှေးဟောင်းနတ်ဆိုးက ၎င်း၏မျက်လုံးကို မှိတ်ထားကာ မလှုပ်မယှက် ရှိလို့နေ၏။ အဖြူရောင်အခိုးငွေ့အမျှင်တန်းများက တစ်ခါတစ်ရံ ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့နေသည်။
ဝမ်လင်း၏အသွင်ဟန်ပန်က အနည်းငယ် ထူးဆန်းနေ၏။ ဦးဂျိုတစ်စုံမှလွဲ၍ ရှေးဟောင်းနတ်ဆိုးသည် သူနှင့် လုံးဝ မခြားနားနေသလောက်ပင်။ အေးစက်စက်အော်ရာမှာလည်း သူနှင့်တူနေ၏။ နှစ်ပေါင်းတစ်ထောင်ကျော် တာအိုကို နားလည်ဆင်ခြင်ကာ အထီးကျန်နေသည့် အရိပ်အယောင်ပါ သူနှင့် တူနေသည်။ဝမ်လင်းပင် ၎င်းရှေးဟောင်းနတ်ဆိုးနှင့် သူ့ကိုယ်သူကြား ခွဲခြားဖို့ ခက်ခဲပေလိမ့်မည်။
“ဒါက ဘယ်လိုကြောင့် ဖြစ်တာလဲ…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက သူနှင့်ချွတ်စွတ်တူသည့် ရှေးဟောင်းနတ်ဆိုးကို စူးစိုက်ကြည့်နေမိသည်။သူ့ လက်ကို ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ခုသည် သည်ရှေးဟောင်းနတ်ဆိုး ပတ်လည်ရှိ မြူများအားလုံးကို လွင့်စင်သွားစေ၏။
ဝမ်လင်းသည် တဖြည်းဖြည်း ချဉ်းကပ်လာနေရင်း အချို့အချက်များကို သတိပြုမိလာ၏။
ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ကျင့်ကြံမှုအဆင့် တိုးတက်ရန် နတ်ဘုရားကျေးကျွန်များမှ တစ်ဆင့် မူလစွမ်းအင်ကို စုပ်ယူနိုင်ကြ၏။ ရှေးဟောင်းနတ်ဆိုးများသည်လည်း ရှေးခေတ်၏ တူညီသော ရှေးအမိန့်ကလန်မှ လာခြင်း ဖြစ်သည်။ထို့ကြောင့် သူတို့ထံ၌လည်း ရှေးဟောင်းနတ်ဘုရားများကဲ့သို့ တူညီသည့် နည်းလမ်းများ ပိုင်ဆိုင်ထားပေလိမ့်မည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်းနတ်ဆိုး တစ်ပါး မူလစွမ်းအင်များကို စုပ်ယူနိုင်ဖို့အတွက် တည်ဆောက်ထားခဲ့သည်မှာ သိသာ၏။ တစ်ခါက ရှေးဟောင်းနတ်ဆိုးပေလော ပြောခဲ့ဖူးသည်မှာ သူသည် အစိတ်အပိုင်းကိုးခု ခွဲခဲ့သည်ဟု ဆို၏။ဤသို့နည်းဖြင့် သည်ကုန်းမြေ၏ နိုင်ငံကိုးခု ဖြစ်လာခဲ့ရသည်။
နိုင်ငံကိုးခုမှ လူများသည် တဖြည်းဖြည်းဖြင့် ရှေးဟောင်းနတ်ဆိုးထံမှ သင်ကြားမှုများနှင့် သင်ယူထားသည့် မန္တာန်များအောက်၌ ပြောင်းလဲလာခဲ့ကြ၏။တဖြည်းဖြည်းဖြင့် နိုင်ငံကိုးခုမှာ ရှေ့သို့ ဆက်တိုးတက်လာခဲ့သည်။
ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်တစ်ခုချင်းစီသည် နတ်ဆိုးနိုင်ငံတစ်ခုချင်းစီ၌ ထိပ်ဆုံး တည်ရှိမှု ဖြစ်၏။သူတို့က နိုင်ငံရှိ လူများထံမှ နတ်ဆိုးစွမ်းအင်များကို စုပ်ယူကာ ဖြည်းဖြည်းချင်း ကုသရင်း သူတို့၏အတားအဆီးများကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ထားကြသည်။ထို့နောက် သူတို့သည် အခြားနတ်ဆိုးစိတ်ဝိညာဉ်များကို ဝါးမြိုကာ အတိတ်တုန်းကကဲ့သို့ အစစ်အမှန်ရှေးဟောင်းနတ်ဆိုးတစ်ပါးအဖြစ် အသွင်ပြောင်းပေမည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက ဝမ်လင်း ရောက်ရှိလာမှု၊သူနှင့် ရှေးဟောင်းနတ်ဘုရား ပေလာတို့၏ ပူပေါင်းမှုက သည်မျှခြေဖြစ်နေသော ကုန်းမြေ၏ နိုင်ငံများကြားတွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုကို ဖြစ်ပေါ်သွားစေခဲ့ပေသည်။
ဝမ်လင်း၏ အကူအညီဖြင့် သည်ရှေးဟောင်းနတ်ဘုရားပေလောသည် သူ့နတ်ဆိုးနိုင်ငံကနေ ထွက်ခွာ၍ မီးနတ်ဆိုးနိုင်ငံရှိ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို အောင်မြင်စွာ ဝါးမြိုနိုင်ခဲ့၏။ပေလာမှာ ကျန်သည့်နိုင်ငံရှစ်ခုမှ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်များထက် ပို၍ အားကောင်းလာခဲ့ကာ သူ့နိုင်ငံမှ ထွက်ခွာနိုင်သည့်စွမ်းအားကို ရရှိလာခဲ့သူ ဖြစ်လာခဲ့သည်။
မည်သည့်မတော်တဆဖြစ်မှုမှ မရှိလျှင် သူသည် သူ ဝါးမြိုခဲ့သည့် မီးနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို ချေဖျက်ပြီးသည့်နောက် အခြားနတ်ဆိုးစိတ်ဝိညာဉ်များကိုလည်း တစ်ယောက်ပြီး တစ်ယောက် ဝါးမြိုပေလိမ့်မည်။
ဝမ်လင်းသည် ပေလော အောင်မြင်ခဲ့လား ၊မအောင်မြင်ခဲ့လားကို မသိခဲ့ပေ။သို့သော် သူက သူနှင့် ချွတ်စွတ်တူနေသည့် ရှေးဟောင်းနတ်ဆိုးကို တွေ့မြင်လိုက်ရပြီးနောက် သူသည် ပေလောမှာ ခုထိ အပြည့်အဝအောင်မြင်ခြင်း မရှိသေးကြောင်း ပြောနိုင်လာသည်။
ကြယ်ငါးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား တစ်ပါးအဖြစ် ဝမ်လင်းသည် အကြည့်တစ်ချက်ဖြင့်ပင် သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဆိုးမှာ မပြီးပြည့်စုံသေးဘဲ ကျန်သည့် နတ်ဆိုးစိတ်ဝိညာဉ်များထက် အားနည်နေသည်ကို ချက်ခြင်း ပြောနိုင်၏။
ပို၍ တိတိကျကျဆိုပါက သည်ရှေးဟောင်းနတ်ဆိုးမှာ အကြွင်းအကျန်တစ်ခုသာ ဖြစ်ချေ၏။
“ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ် အကြွင်းအကျန်က သူ့ဟာသူ နတ်ဆိုးစွမ်းအင်ကို စုပ်ယူပြီး ဘယ်လို ကုသ ရမလဲ သိနေတယ်…” ဝမ်လင်းသည် နှာခေါင်းရှုံ့၏။ သူသည် ခုချိန်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဝင်များ၏ ဦးခေါင်းမှ ထွက်ပေါ်လာသည့် အဖြူရောင်အခိုးငွေ့များမှာ ဖျော့တော့သောနတ်ဆိုးစွမ်းအင်များ ဖြစ်မှန်း နားလည်သွားခဲ့လေပြီ။
“စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင် အကုန်လုံးက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ မွေးဖွားခဲ့တာပဲ…” သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဆိုးကို တွေ့လိုက်ရပြီးနောက် ဝမ်လင်းသည် အကြောင်းရင်းကို နားလည်သွားခဲ့ပေပြိ။
စဉ်းစားနေရင်း ဝမ်လင်းသည် သူနှင့်ချွတ်စွတ်တူသည့် ရှေးဟောင်းနတ်ဆိုးနားသို့ ရောက်ရှိလာ၏။ ရှေးဟောင်းနတ်ဆိုး၏မျက်လုံးတို့က မှိတ်ထားဆဲပင်။နိုးထလာမည့် အရိပ်အယောင်ပင် မပြပေ။
ဝမ်လင်းသည် ထိုရှေးဟောင်းနတ်ဆိုး၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ဖိချ၏။ သူ့နတ်ဘုရားအာရုံကို ရှေးဟောင်းနတ်ဆိုးထဲသို့ ဝင်ရောက်စေကာ ၎င်း၏မှတ်ဉာဏ်များကို ရှာဖွေတော့သည်။
သူသည် သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဆိုး၏ မှတ်ဉာဏ်ထဲ၌ တိမ်နတ်ဆိုးနိုင်ငံ၏ မူလက နေသာနေသော ကောင်းကင်သည် ရုတ်တရက် နက်မှောင်လာသည်ကို တွေ့မြင်လိုက်၏။တိမ်များစုစည်း၍ မုန်တိုင်းများ ဖြစ်ပေါ်လာသည်။သွေးရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်း၍ တော်ဝင်တိမ်နတ်ဆိုးမျှော်စင်ထံသို့ ဦးတည်လာနေသည်။
စူးရှရှအသံတစ်ခုသည် မျှော်စင်ထံမှ ထွက်ပေါ်လာသည်။ ထိုအသံထဲ၌ မယုံကြည်မှုတို့ ပါဝင်နေသည်။
“နတ်ဆိုးစိတ်ဝိညာဉ်ကိုးခုကို တစ်ခုတည်းအဖြစ် ပြန်ပေါင်းစည်းဖို့ လိုနေပြီ။အစစ်အမှန် ရှေးဟောင်းနတ်ဆိုး ဖြစ်လာမှသာ ငါတို့ရဲ့ နောင်တကို ပယ်ဖျက်နိုင်လိမ့်မယ်။ တိမ်နတ်ဆိုး…မူလတုန်းက ငါတို့ဟာ တစ်ယောက်တည်း ဖြစ်ခဲ့တယ်။ ခုငါတို့ ခွဲခြားနေတာ နှစ်ပေါင်းရှည်ကြာလွန်းခဲ့ပြီ။ ဒီနေ့ ငါတို့ နောက်တစ်ကြိမ် ပြန်ပေါင်းစပ်ရအောင်။ဒါဆို ရှေးဟောင်းနတ်ဆိုးရဲ့ နာမည်ဟာ ပေလော ဖြစ်လာလိမ့်မယ်…”
ထိုသွေးအရိပ်သည် တိမ်နတ်ဆိုးမျှော်စင်ထံသို့ သွားနေရင်း သူ့ထံမှ ၎င်းခပ်ရှရှအသံ ထွက်ပေါ်လာခြင်းပင်။
လောက၌ တော်လဲသံများ မြည်ဟိန်းကုန်၏။ တိမ်နတ်ဆိုးနိုင်ငံ မြို့တော်အတွင်းရှိ လူတိုင်းသည် အထိတ်တလန့် ဖြစ်ကုန်ကြသည်။သို့ရာတွင် ထိုတုန်ဟီးသံက ခဏအတွင်း ပျောက်ကွယ်သွား၏။သို့သော် ထိုသို့ ပျောက်ကွယ်မှုနှင့်အတူ တိမ်နတ်ဆိုးမျှော်စင်သည် ပြိုပျက်လေသည်။
၎င်းမျှော်စင် ပြိုပျက်နေရင်း ခပ်ဝါးဝါးနတ်ဆိုးအရိပ်တစ်ခုသည် ပျံသန်းထွက်လာကာ သွေးအလင်းနှင့် ခြုံလွှမ်းထား၏။တဖြည်းဖြည်းဖြင့် ၎င်းအရိပ်သည် သွေးအလင်း၏ ဝါးမြိုခြင်းကို ခံရကာ နောက်ဆုံးတွင် ပေလော အဖြစ်သို့ ပြောင်းလဲသွားလေ၏။
“ဒီလောက်ကြာနေပြီ…ဒီတိမ်နတ်ဆိုးရဲ့ ကျင့်ကြံမှုအဆင့်က ဘာမှ မတိုးတက်လာဘူး။ဒါက ရှေးဟောင်းနတ်ဆိုးဖြစ်တဲ့ ငါ့ကို အရှက်ရစေတာပဲ…”
ပေလောသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
တိမ်နတ်ဆိုးနိုင်ငံသည် မည်သည့်ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်မှ မရှိသည့်အခါ ပြိုပျက်သွားချေတော့၏။
သို့ရာတွင် ပေလောထွက်ခွာသွားပြီး သုံးရက်အကြာတွင် အလွန့်အလွန် အားနည်းသောအရိပ်တစ်ခုသည် တိမ်နတ်ဆိုးမျှော်စင် အပြိုအပျက်ပုံထဲကနေ ပျံသန်းထွက်လာ၏။၎င်းအရိပ်ထံ၌ မုန်းတီးမှုတို့ ပြည့်နေရင်း ၎င်းသည် ရှေ့တည့်တည့်သို့ ဂရုတစိုက် ပျံသန်းသွားတော့သည်။
***