Switch Mode

အပိုင်း (၁၀၅၁)

ထူးဆန်းနေသောရုပ်တုနက်

ဝမ်လင်း ပြန်ရောက်ရှိလာမှုက မျိုးနွယ်စုဝင်များကြား အရူးအမူး ဖြစ်စေသည်။ မီးနတ်ဆိုးနိုင်ငံကိုလည်း ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဟူ၍ အမည်ပြောင်းခဲ့သည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၌ တပည့်ပေါင်းသန်းချီ ရှိ၏။ သင်သည် ထိုတပည့်များ စုဆောင်းထားသည့် စိတ်ဝိညာဉ်အပိုင်းအစများကို ရေတွက်ကြည့်ပါက အံ့မခန်းအရေအတွက် ဖြစ်နေပေမည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်က အဆင့်ခုနစ်ကျင့်ကြံခြင်းနိုင်ငံတစ်ခုထက် အားမနည်းဟုပင် ဆိုနိုင်၏။

ဝမ်လင်းသည် ကောင်းကင်ထက်သို့ ကြည့်ကာ ခပ်တိုးတိုး ဆိုသည်။ “စီနီယာသွန်းထျန်…တပည့်က အတိတ်တုန်းက သင့်ကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ပြီ…”

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု သန်းချီ ကျင့်ကြံသည် နည်းလမ်းသည် ပြည့်စုံခြင်း မရှိသော်လည်း ခုချိန်၌ ဝမ်လင်း ပြန်ရောက်လာခဲ့ပြီ မဟုတ်လား။ဝမ်လင်းက ပြီးပြည့်စုံသည် ကျင့်ကြံခြင်းနည်းလမ်းများကို ချက်ခြင်း ထုတ်ပေးသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ကျင့်ကြံခြင်းနည်လမ်းများသည် သည်တပည့်များထံသို့ ရောက်ရှိလာသည့်အခါ သူတို့အားလုံးသည် အရူးအမူးကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်ကြသည်။ထို့အပြင် အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် ခရမ်းရောင်အုပ်စုခွဲ သူ့အမလေး ထံမှ ရရှိခဲ့သည့် စက်ဝန်းကိုးခုသန့်စင်ခြင်းနည်းစနစ်ကိုလည်း ကူးပွားပေးကာ ချန်ထားပေး၏။ ထိုမန္တာန်နည်းလမ်းက သည်ကလန်၏ တားမြစ်မန္တာန် ဖြစ်လာပေမည်။

စက်ဝန်းကိုးခုသန့်စင်ခြင်း နည်းစနစ်သည် အစွန်းရောက်လျှင်ပင် ၎င်း၏စွမ်းအားမှာလည်း အဆုံးစွန်အားကောင်းပေသည်။ ၎င်းမန္တာန်က ဝမ်လင်းအဖို့ အသုံးမဝင်သော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ တပည့်များအတွက် ကောင်းကင်ဘုံမန္တာန်တစ်ခုနှင့် အလားသဏ္ဌာန်တူနေပေသည်။

ထို့အပြင် ဝမ်လင်းက ဆုံးဖြတ်ချက် ကြီးကြီးမားမား တစ်ခုကိုလည်း ချခဲ့သည်။ အတားအဆီးများစွာ ချမှတ်ပြီးနောက် သူက စိတ်ဝိညာဉ်အပိုင်းအစများ ခြုံလွှမ်းနေမှုအောက်မှာပင် ရတနာခန်းမ အတွင်းသို့ ဝင်ရောက်ခဲ့သည်။

(ရတနာခန်းမှာမှာ ဝမ်လင်း အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ရရှိခဲ့သည့်အရာ ဖြစ်ကာ ၎င်းခန်းမအတွင်း၌ ကောင်းကင်ဘုံမန္တာန်များစွာ ရှိနေသည်။)

ဝမ်လင်းသည် ထိုရတနာခန်းမကို သူ့ခန္ဓာကိုယ်အတွင်း၌ ချိပ်ပိတ်ထားခြင်းပင်။ထို့ကြောင့် သူသည် အတွေးတစ်ချက်ဖြင့်ပင် ၎င်းခန်းမအတွင်းသို့ ဝင်ရောက်နိုင်၏။၎င်းကို အပြင်သို့ ထုတ်ယူဖို့ပင် မလိုပေ။

သူသည် သည်နေရာသို့ မလာခင်မှာလည်း ထိုခန်းမှကို တစ်ကြိမ် ထုတ်ယူခဲ့သေး၏။သူက ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်၌ အတားအဆီးများစွာ ချမှတ်၍ ၎င်းခန်းမကို ဖွင့်လှစ်ခဲ့ခြင်းပင်။

ထိုသို့ ပြုလုပ်ခြင်းမှာ စစ်ထူနန်ကို ကံကောင်းမှုလက်ဆောင်အဖြစ်‌ ပေးအပ်ခြင်းလည်း ဖြစ်သည်။

ယနေ့ထိ ဝမ်လင်းသည် စစ်ထူနန် ထိုရတနာခန်းမအကြောင်း သိရှိချိန်၌ မင်သက်သွားပုံကို မှတ်မိနေဆဲ ဖြစ်၏။ထိုသို့အသွင်ဟန်ပန်မျိုးက စစ်ထူနန်အတွက် ဖြစ်တောင့်ဖြစ်ခဲပင်။

သူမင်သက်နေရာကနေ ပြန်သတိဝင်လာချိန်၌ စစ်ထူနန်၏ မျက်လုံးတို့သည် တောက်ပနေခဲ့သည်။သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုတို့ကိုပါ သူ့မျက်လုံးထဲ၌ တွေ့နေရသည်။

ကောင်းကင်ဘုံမန္တာန်များကို အဆင့်နိမ်၊အလယ်၊အဆင့်မြင့်ဟု ခွဲခြားထား၏။ ထိပ်တန်းကောင်းကင်ဘုံမန္တာန်များလည်း ရှိသေး၏။သို့သော် ခုခေတ်ခါ၌ ပြီးပြည့်စုံသော အဆင့်နိမ့်ကောင်းကင်မန္တာန်တစ်ခုကပင် ကပ်ဘေးတစ်ခုကို ဖြစ်စေသည့်အထိ ရှိစေသည်။ကျင့်ကြံခြင်းလောက၌ အများဆုံးပျံ့နှံ့နေသည်မှာ မပြီးပြည့်စုံသည် ကောင်းကင်ဘုံမန္တာန်များသာ ဖြစ်သည် မဟုတ်လား။

အားကောင်းသော ကျင့်ကြံသူများသည် ပြီးပြည့်စုံသည် ကောင်းကင်ဘုံမန္တာန်များကို ရရှိဖို့ ခွန်အားနှင့်အရည်အချင်း ရှိကြသည်။ သို့ရာတွင် ပြီးပြည့်စုံသောကောင်းကင်ဘုံမန္တာန်များသည် အတော်လေး ရှားပါးနေခဲ့လေပြီ။

အလယ်အဆင့်နှင့်အဆင့်မြင့် ကောင်းကင်ဘုံမန္တာန်များဆိုပါက ပြောနေစရာပင် မလိုတော့ပေ။ ထိုသို့ ပြီးပြည့်စုံသည့် အလယ်နှင့်အဆင့်မြင့် ကောင်းကင်မန္တာန်များသည် မည်သည့်ကျင့်ကြံသူကို မဆွဲ ရူးသွပ်အောင် စွဲဆောင်နိုင်ပေသည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများပင် ထိုမန္တာန်များကြောင့် အံ့အားသင့် တုန်လှုပ်မိမည်သာ။ သူတို့သာ ကောင်းကင်ဘုံအင်ပါယာ ပေဖန် ချန်ထားခဲ့သော ထိပ်တန်းကောင်းကင်ဘုံမန္တာန်များကိုသာ ရှာတွေ့သွားပါက အရူးအမူးဖြစ်သွားနိုင်သည်။

တကယ်တော့ ရတနာခန်းမသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံမန္တာန်အများဆုံးကို စုဆောင်းထားသည့် အရာ ဖြစ်နေသည် မဟုတ်လော။

ခန်းမ၏ နောက်ဆုံးအထပ်၌ ကောင်းကင်ဘုံအင်ပါယာပေဖန်၏မန္တာန်များအပြင် ကောင်းကင်ဘုံအရှင်သခင်များအတွက် မန္တာန်များလည်း ရှိနေ၏။ ထိုရတနာက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများအတွက်ပင် မက်လောက်စေရာ ဖြစ်နေသည် မဟုတ်လား။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများပင် ဤကဲ့သို့ ဖြစ်နေပါက နိဗ္ဗာနကြိုမြင်ခြင်းနှင့်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအဖို့တော့ ပြောနေစရာပင် မလိုတော့ပါ။

ထို့အတွက်ကြောင့်လည်း ဝမ်လင်းသည် သည်ရတနာခန်းမနှင့် ပတ်သတ်၍ အဆုံးစွန် သတိထားခြင်း ဖြစ်သည်။စစ်ထူနန်သည် ရတနာခန်းမအတွင်း၌ အကျိုးများစွာ ရရှိခဲ့သည်။စစ်ထူနန်၏ မျက်လုံးထဲရှိ ကျေနပ်မှုကို ဝမ်လင်းက တွေ့မြင်ရ၏။သူ့ကျင့်ကြမှုအဆင့်က တိုးတက်သွားခြင်း မရှိသော်လည်း သူရရှိခဲ့သည့် ကောင်းကင်ဘုံမန္တာန်များကြောင့် သူ့လိုပါရမီရှင်တစ်ယောက်အနေဖြင့် ရန်သူနှင့်ရင်ဆိုင်ရာတွင် ကြောက်မက်ဖွယ်ကောင်းလာပေမည်။

ထိုအချိန်က ဝမ်လင်းသည် စိတ်ဝိညာဉ်စုစည်းခြင်း ဟုသည် အလယ်အဆင့်ကောင်းကင်ဘုံမန္တာန်ကို ရွေးယူခဲ့သည်။၎င်းကို နားလည်အောင် ပြုလုပ်ခဲ့ပြီးနောက် သူက ချန်ညီကိုသုံးယောက်၏အကူအညီနှင့် အလဲအလှယ် ပြုခဲ့သည်။ ချန်ညီကိုသုံးယောက်၏မျက်လုံးတိုသည့် ထိုမန္တာန်ကို တွေ့ချိန်၌ နီရဲနေကာ သူတို့သည် မဆိုင်းမတွက် ဝမ်လင်း၏ လဲလှယ်မှုကို သဘောတူခဲ့ကြသည်။

ခုချိန်၌ ဝမ်လင်းသည် ရတနာခန်းမအတွင်း ရှာဖွေ၍ အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်လေးခုကို ထုတ်ယူခဲ့သည်။ ခုလက်ရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ တပည့်များ၏ ကျင့်ကြံမှုသည် သာမန်မဟုတ်နေပေ။သူတို့က စိတ်ဝိညာဉ်များကို ကောင်းစွာ ထိန်းချုပ်နိုင်၍ သူတို့၏ကျင့်ကြံမှုများသည် စိတ်ဝိညာဉ်အလံများပေါ်၌ မှီခိုနေချေသည်။

ထို့အတွက်ကြောင့်လည်း ဝမ်လင်း ရွေးယူခဲ့သည့် မန္တာန်လေးခုမှာ စိတ်ဝိညာဉ်များနှင့် ဆက်နွှယ်နေပေ၏။သို့ရာတွင် ထိုကောင်းကင်ဘုံမန္တာန်များသည် သူတို့ ကျင့်ကြံနိုင်သေးသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် ဝမ်လင်းသည် ထိုမန္တာန်များ၏ အခြေခံများကို လေ့လာခဲ့ပြီးနောက် ၎င်းတို့ကို တားမြစ်မန္တာန်အမျိုးမျိုးဖြင့် ပိုင်းခြားကာ ကလန်သားများကို ပေးအပ်ခဲ့ပေသည်။

ချူယောင်ဟွာအတွက်မူ ဝမ်လင်းသည် တွန့်တိုမနေပေ။ သူက ပြီးပြည့်စုံသည့် အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်ကို ချူယောင်ဟွာထံသို့ ဆုချီးမြင့်ခဲ့ပေသည်။ထိုမန္တာန်ကို စိတ်ဝိညာဉ်သန့်စင်မြင့်တက်ခြင်းဟု ခေါ်၏။

ဝမ်လင်းသည် ချူယောင်ဟွာ့ကို အလယ်အဆင့်မန္တာန်မပေးချင်သောကြောင့် မဟုတ်ပေ။ ချူယောင်ဟွာ၏ ကျင့်ကြံမှုက သာမန်နှင့်အတူသောကြောင့်သာ ဖြစ်၏။ ချူယောင်ဟွာသည် စိတ်ဝိညာဉ်အလံ(၉၉) ကိုအသုံးပြုပါက သူသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူနှင့် ယှဉ်နိုင်ပေ၏။အလံများမရှိပါက သူ့ကျင့်ကြံမှုအဆင့်သည် ထိုးကျသွားသည်။

စိတ်ဝိညာဉ်သန့်စင်မြင့်တက်ခြင်း မန္တာန်သည် ချူယောင်ဟွာအဖို့ ကျင့်ကြံရန်အတွက် အလွန်ခက်ခဲနေပေပြီ။တကယ်တော့ ဤမန္တာန်က ပြီးပြည့်စုံသောကောင်းကင်ဘုံမန္တာန် မဟုတ်လော။

ဆယ့်သုံးကိုမူ ဝမ်လင်းသည် အပြည့်အဝ အာရုံစိုက်၏။သူက လိုင်ဂျီကို ရှာဖို့အတွက် ကောင်းကင်ဘုံလှိုဏ်ဂူထဲထိ သွားခဲ့၏။သူ ပြန်ရောက်လာချိန်၌ လိုင်ဂျီ၏ သွေးများ လုံလောက်စွာ ရရှိခဲ့သည်။

ဆယ့်သုံးသည် လိုင်ဂျီ၏ တောင်ဝင်ဘီလူးနတ်ဆိုးကလန်သွေးများနှင့် ရွှဲနစ်နေကာ အချိန်တိုအတွင်း သူ့ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။ထိုအဖြစ်မှ ရရှိသည့် နာကျင်မှုမှာ သာမန်လူများ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် ဆယ့်သုံးကတော့ ထိုနာကျင်မှုကို တောင့်ခံခဲ့ပေ၏။

အဆုံးသပ်၌ အနည်းငယ် ချီတုံ့ချတုံ့ ဖြစ်ပြီးနောက် ဝမ်လင်း၏ မျက်လုံးသည် လက်ခနဲ ဖြစ်လာ၏။သူက သူ့ကိုယ်ပိုင်တော်ဝင်ရှေးဟောင်းနတ်ဘုရား သွေးစက်အချို့ကို ဆယ့်သုံး၏ မျက်ခုံးနှစ်ခုကြားထဲသို့ စီးကျစေသည်။ သည်အခိုက်၌ ဆယ့်သုံး၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သည်။သူ့အနေဖြင့်ပင် သူသည် ထိုနာကျင်မှုကို တောင့်မခံနိုင် ဖြစ်ရ၏။တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်အား ဝါးမြိုနေသည်ဟု ခံစားနေရသည်။

ထိုအရာများ ပြီးသည့်နောက် ဆယ့်သုံးသည် နာကျင်မှုကနေ တစ်ဖန် ပြန်မွေးဖွားလာကာ နတ်ဆိုးနတ်ဘုရားကဲ့သို့ အော်ရာတစ်ခုသည် သူ့ထံမှ ပေါက်ကွဲထွက်လာ၏။ သူ့ခန္ဓာကိုယ်စွမ်းအားသည် အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်တစ်ယောက်နှင့် တိုက်ခိုက်ဖို့ လုံလောက်သည့်အထိ သန်မာလာခဲ့၏။

ထိုမျှ မကသေးပေ။ ဝမ်လင်းက ရတနာများစွာ ထုတ်ယူ၍ အရည်ဖျော်သည်။ ထို့နောက် သူက ထိုအရည်ဖြင့် ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်ကို သန့်စင်သလိုနည်းလမ်းဖြင့် ဆယ့်သုံး၏ ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်ပေါင်းစပ်စေသည်။သို့သော် သူက ဆယ့်သုံး၏စိတ်ဝိညာဉ်ကို မထိခိုက်စေပေ။

ဆယ့်သုံးသည် ဝမ်လင်းအပေါ် သစ္စာရှိမှုဖြင့် နာကျင်မှုကို တောင့်ခံထား၏။မရေမတွက်နိုင်သော ရတနာများ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပျော်ဝင်ပြီးနောက် သူ့ထံ၌ ငွေရောင်ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်၏ ခန္ဓာကိုယ်အစွမ်း ပိုင်ဆိုင်လာသည်။ သူက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကိုပါ တောင့်ခံလာနိုင်လေပြီ။သူ့ထံ၌ အသိစိတ်အပြည့်အဝ ရှိသည့်အတွက် ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးများနှင့်လည်း လုံးဝ ကွာခြားပေ၏။

ဝမ်လင်းသည် ဆယ့်သုံးနှင့်ပတ်သတ်၍ စိတ်ခံစားမှုများ ရှိ၏။သူက ဆယ့်သုံးကြီးပြင်းခဲ့သည်ကို အတိတ်တုန်းက စောင့်ကြည့်ခဲ့ဖူးသူ မဟုတ်လား။ဝမ်လင်းစိတ်ထဲ၌ သူ့ထံတွင် တပည့်နှစ်ယောက်ရှိ၏။တပည့်ကြီးက ဆယ့်သုံးဖြစ်၍ အခြားတစ်ယောက်ကမူ အလုံးစုံကောင်းကင်မှ ရှဲချင်းဖြစ်၏။

ဝမ်လင်းသည် သူ့ကိုယ်ပိုင်တပည့်များနှင့် ပတ်သတ်၍ တွန့်တိုနေမည် မဟုတ်ပေ။အထူးသဖြင့် သူ့အပေါ် သစ္စာရှိသည့် ဆယ့်သုံးအပေါ်၌ပင် ဘာကြောင့် တွန့်တိုနေပါ့မည်နည်း။ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်ဟု ခေါ်တွင်သည့် အလယ်အဆင့် ကောင်းကင်ဘုံမန္တာန်ကို ရွေးချယ်ကာ သုံးပိုင်းခွဲ၍ ဆယ့်သုံးမှတ်ဉာဏ်ထဲ၌ ခပ်နှိပ်ပေးခဲ့သည်။

ဆယ့်သုံးသည် ထိုသုံးပိုင်းလုံးကို ပြီးပြည့်စုံအောင် ကျင့်ကြံနေသ၍ သူသည် အစစ်အမှန် ကောင်းကင်စိတ်ဝိညာဉ်မန္တာန်ကို ကျင့်ကြံနိုင်စွမ်း ရှိလာပေမည်။

ဆယ့်သုံးနှင့်ချူယောင်ဟွာတို့အပြင် ဝမ်လင်း စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်အတွက် ပြင်ဆင်ပေးခဲ့သော တားမြစ်မန္တာန်များကို ကျင့်ကြံခွင့်ပြုခဲ့သည့် အခြားကလန်မှ အကြီးအကဲများလည်း ရှိသေး၏။

ဝမ်လင်းသည် သည်ကလန်နှင့်ပတ်သတ်၍ များစွာ ပါဝင်ပတ်သတ်ခဲ့သည်မဟုတ်။သူက သူတို့ကို မိမိဘာသာ တိုးတက်စေပေမည်။ မန္တာန်များကို သင်ကြားပေးပြီးနောက် ဝမ်လင်းသည် သူ စုဆောင်းထားသော ရတနာတော်တော်များများကို ထုတ်ယူကာ ကလန်၏ ရတနာခန်းမအဖြစ် အသုံးပြုပေးခဲ့သည်။

သူက ချူယောင်ဟွာနှင့်ကျန်သည့်သူများကိုလည်း တပည့်များက လက်ဆင့်ကမ်း ဖြန့်ဝေခွင့် ပေးထားခဲ့၏။

ထိုအရာများကို ပြုလုပ်ပြီးနောက် သူသည် သူ့နောက်သို့ ဘယ်သူမှ မလိုက်လာစေဘဲ ကျောက်ရုပ်တုနားသို့ တစ်ကိုယ်တည်း ရောက်ရှိလာ၏။

ထိုကျောက်ရုပ်တုကို နန်းတော်အနောက်ဘက်ရှိ တောင်ကြားသို့ ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်၏။ဝမ်လင်းက သည်နေရာနှင့် သိပ်မစိမ်းပေ။တစ်ခါက သူသည် သည်နေရာသို့ ရောက်လာကာ ရှေးဟောင်းနတ်ဆိုးပေလောကို လွှတ်ပေး၍ သည်နေရာရှိ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို ဝါးမြိုခွင့် ပြုပေးခဲ့ဖူးသည် မဟုတ်လား။

ထိုတောင်ကြားသည် လွန်ခဲ့‌သောနှစ်ရာချီကအတိုင်းသာ။

သို့ရာတွင် မူလက ဤတောင်ကြား၌ ရှိခဲ့သော ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်နေရာ၌ ခုချိန်တွင် အနက်ရောင်ရုပ်တုက အစားထိုး တည်ရှိနေပေပြီ။ထိုကျောက်ရုပ်တုက ဝမ်လင်းအသွင်ကို ထွင်းထုထားခြင်းလည်း ဖြစ်၏။

ထိုရုပ်တုကို ကြည့်သည့်အခါ ဝမ်လင်းသည် ရုပ်တုထံမှ အသက်ဝင်သည့်အလား သူ့အား ပြန်ကြည့်နေသည်ဟု ခံစားမိ၏။

“ဘာကြောင့် ဒီလိုဖြစ်ရတာလဲ…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက သည်ရုပ်တုကိစ္စနှင့် ပတ်သတ်၍ ဆယ့်သုံးကို မေးခဲ့ဖူး၏။ သူက အနှီရုပ်တုမှာ သာမန်ကျောက်တုံးတစ်ခုကိုသာ သူ့အသွင်ဟန်ပန်အဖြစ် အကြမ်းထွင်းထုထားခဲ့ခြင်းပင်။

အစပိုင်း၌ သည်ရုပ်တုက အတော်‌လေး အကြမ်းထည် ဆန်ခဲ့သည်။တကယ်တော့ သည်နေရာ၌ ပန်းပုပညာရှင်များ ရှိမနေခဲ့ပါ။

ကျောက်ရုပ်တုက အကြမ်းထည်ဆန်ခဲ့သော်လည်း ဆယ့်သုံးနှင့်ချူယောင်ဟွာတို့သည် အထူအထွေး အလေးထားမနေပေ။သူတို့က ထိုရုပ်ကို ထွင်းခဲ့ရခြင်းမှာ သူတို့ဘိုးဘေးကို သူတို့၏ စိတ်အတွင်း၌ ထာဝရ မှတ်မိစေရန်နှင့် ၎င်းရုပ်တုက နတ်ဆိုးနိုင်ငံများရှိ ရှေးဟောင်းနတ်ဆိုးရုပ်တုများကဲ့သို့ သဘောမျိုး တည်ရှိလာစေရန်သာ ရည်ရွယ်ခဲ့သည်။

သို့ရာတွင် ထူးဆန်းသည်က အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုသည် ကြီးထားလာခဲ့ကာ အနှီရုပ်တုသည်လည်း မရေမတွက်နိုင်သောလူမျာ နေ့စဉ်နေ့တိုင်း ပူဇောနေရင်းဖြင့် ပိုပို ချောမွတ်လာခဲ့၏။ဆယ့်သုံးနှင့်အခြားလူများကို တုန်လှုပ်စေသည်က ၎င်းရုပ်တုသည် ဆက်၍ အကြမ်းတည် မဖြစ်တော့သည့်အပြင် တဖြည်းဖြည်းပါ စတင်ပြောင်းလဲလာခဲ့ခြင်းပင်။

နှစ်ရာချီကြာမြင့်ပြီးနောက် အကြမ်းထည်ဆန်သော ရုပ်တုကနေ ဝမ်လင်းနှင့် ချွတ်ဆွတ်နီးပါး တူသော ရုပ်တုအဖြစ်သို့ ရောက်ရှိလာခဲ့တော့သည်။

ဆယ့်သုံးနှင့်ကျန်သည့်သူများက ထိုကိစ္စနှင့် ပတ်သတ်၍ နားမလည်နိုင် ဖြစ်ခဲ့ရသည်။

သည်ရုပ်တုက ဝမ်လင်းကိုပါ သိချင်စိတ် ဖြစ်စေခဲ့၏။သူ့ကို ခုလိုမျိုး စိတ်ဝင်တစား သိချင်စိတ် ဖြစ်စေသည့်အရာ များများစားစား မရှိလှပါ။

အမှန်တော့ အခုရုပ်တုကလည်း အတော်လေး ဆန်းကြယ်နေသည် မဟုတ်လား။

ဝမ်လင်းသည် ရုပ်တုရှေ့သို့ လှမ်းသွားနေရင်း မျက်မှောင်ကြုတ်နေ၏။ သူက ရုပ်တုကို ကြည့်နေ၏။သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ထိုရုပ်တုမှ သူ့အား ပြန်ကြည့်နေသည် ဟူသော ခံစားမှုသည် ပို၍ ရှင်းလင်းလာသည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေခြင်း မရှိဘဲ ကလန်ဝင်များထံမှ ဝမ်းမြောက်ဟစ်အော်မှုများ အကွာအဝေးတစ်ခုထံမှ တိုးဝင်လာနေ၏။သို့သော် ဝမ်လင်းအဖို့တော့ လောကသည် တိတ်ဆိတ်ငြိမ်သက်နေ၏။သူနှင့်ရုပ်တုကလွဲ၍ ကျန်သည့်အရာများ မရှိနေသည့်အလား။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ဓားတစ်လက်အသွင် ဖြစ်စေကာ သူသည် ဖြည်းဖြည်းချင်း ရုပ်တုမျက်ခုံးနှစ်ခုကြားသို့ ရိုက်ချကျရောက်စေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset