သည်အခိုက်အတန့်၌ ဝမ်လင်းသည် ကောင်းကင်ထက်ရှိ ဝဲကတော့တစ်ခုထဲမှ လှမ်းထွက်လာ၏။သူ ထွက်ပေါ်လာသည်နှင့် သူ့စိတ်သည် တုန်ယင်သွားသည်။သူက လေနတ်ဆိုးနိုင်ငံရှိရာသို့ ရုတ်တရက် ကြည့်မိသည်။သူ့ထံသို့ မွန်းစတားဆန်သော မကျေမနပ်မှုတစ်ခု တိုးဝင်လာနေသည်ဟု ခပ်ရေးရေး ခံစားမိသည်။
ထိုခံစားချက်သည် ခဏတာသာ ဖြစ်ပေါ်၍ ပြန်ပျောက်ကွယ်လို့သွားသည်။ သူ့ဘေး၌ စစ်ထူနန်နှင့် တခြားသူများ ပေါ်လာကြသည်။သူတို့က လေထဲ၌ ရှိနေရင်း အောက်သို့ ငုံ့ကြည့်ကြသည်။
အရှင်ချိုင့်လေကလွဲ၍ ကျန်သည့်သူများသည် သည်နေရာသို့ ရောက်လာကြသည်မှာ ပထမဆုံးအကြိမ်ပင်။ ချန်ညီကိုသုံးယောက်သည် အဆင့်ခုနစ်နိုင်ငံကို ပိုင်ဆိုင်ကြသော်လည်း အရင်က သူတို့သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို စိတ်မဝင်စားခဲ့ကြပေ။
ခုချိန်၌ သူတို့ရောက်ရှိလာသည့်အခါ သူတို့က ဘေးဘီသို့ ကြည့်ရှုမမိဘဲ မနေနိုင် ဖြစ်ရ၏။
ရင်းနှီးခဲ့ဖူးသောနေရာသို့ ပြန်လာပြီးနောက် ဝမ်လင်းက ပူဆွေးနောင်တကို ခံစားမိ၏။ပထမဆုံး သူ့စိတ်ထဲ၌ ပေါ်လာသည်က ကောင်းကင်ဘုံလှိုဏ်ဂူထံသို့ သွားရောက်ခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို စစ်ဆေးကြည့်ရန်ပင်။ အတိတ်တုန်းက သူသည် အလျင်စလို ထွက်ပြေးခဲ့ရကာ သည်မျိုးနွယ်စုနှင့် ပတ်သတ်၍ ထူးထွေထွေ မစီစဉ်ထားမိခဲ့ပေ။
“စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ဟာ အရှင်သွန်းထျန်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ငါ ဖန်တီးပေးခဲ့တာ။ ဒီမျိုးနွယ်စုက ဆက်ရှိနေသေးလား ငါ သိချင်မိတယ်။ ဆယ့်သုံးကောပေါ့…” ဝမ်လင်းသည် သူ့နောက်သို့ လိုက်ပါခဲ့သည့် ဆယ့်သုံး၏ သစ္စာရှိမှုကို မမေ့နိုင်ပါ။
သူ့ဘဝ၌ ဆယ့်သုံးကဲ့သို့ သူ့အပေါ် နောက်လိုက်အဖြစ် သစ္စာရှိသူ တစ်ယောက်သာ ဆုံဖူး၏။ ဆယ့်သုံးအကြောင်းတွေးမိရင်း ဝမ်လင်းစိတ်ထဲ၌ နောက်တစ်ယောက်အကြောင်း ပေါ်လာ၏။
“ဟူပေါင်…”
ဆယ့်သုံး၏သစ္စာရှိမှု၊ ဟူပေါင်၏ သစ္စာဖောက်မှုက ဝမ်လင်းစိတ်ထဲ၌ သိသာသော အတွေ့အကြံတစ်ခုအဖြစ် ရေးထွင်းနေသည်။
သူက သည်လူနှစ်ယောက်ကို ကယ်တင်ပေးဖို့ နတ်ဆိုးဗိုလ်ချုပ်မြို့၏ လူပေါင်းတစ်သိန်းကျော်ကို သတ်ဖြတ်ပစ်ခဲ့သည်အား ခုထိ မမေ့သေးပေ။ သည်အချိန်၌သူက ဟူပေါင် သူ့အပေါ် သစ္စာဖောက်သွားခဲ့သည်ကို မသိခဲ့ပေ။မည်သို့ပင်ဖြစ်စေ သူက ဆယ့်သုံးနှင့်ဟူပေါင်တို့အပေါ်၌ ထိုအချက်ကို ပြုလုပ်ပေးခဲ့ပေးသည်သာ ဖြစ်၏။
ဝမ်လင်းသည် သက်ပြင်းချ၍ သူနှင့် ရင်းနှီးခဲ့ဖူးသော လောကကို ကြည့်နေမိ၏။သူက သိုလှောင်အိတ်ထဲမှ လက်ဖဝါးအရွယ်သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူသည်။ထိုအရာက လေးခုမြောက်လှိုဏ်ဂူထဲသို့ ဝင်ရောက်ရာ၌ လိုအပ်သည့်အရာပင်။
ထိုသံလိုက်အိမ်မြှောင်ကို စစ်ထူနန်ထံသို့ ကမ်းပေးပြီးနောက် သူက အတားအဆီးများအကြောင်း အသေးစိတ်ပြောပြလိုက်သည်။ စစ်ထူနန်က ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်၏။စစ်ထူနန်က ဝမ်လင်းသည် သူ့အသိဟောင်းအချို့နှင့် သွားတွေ့မည်ကို နားလည်ပေ၏။
ထို့အတွက်ကြောင့် သူသည် အချိန်ဖြုန်းမနေတော့ပေ။အရှင်ချိုင့်လေ၊ငွေရောင်အမျိုးသမီး၊ချန်ညီကိုသုံးယောက်၊ခေါင်းကြီးကောင်လေးနှင့် သူ့ကျင့်ကြံမှုအဆင့်တို့ကြောင့် သူသည် အနှီအတားအဆီးများကို ချိုးဖျက်နိုင်ဖို့ မခက်ခဲလှပါ။
စစ်ထူနန်က ဝမ်လင်း၏ နည်လမ်းအတိုင်း တုန်ကင်ကို ဖွင့်လိုက်၏။ထိုအခါ သူတို့အားလုံးသည် ပျောက်ကွယ်ကာ ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ ဝင်ရောက်၍ အတားအဆီးများကို အားဖြင့် ချိုးဖျက်မှုကို စတင်တော့သည်။
ထိုကောင်းကင်ဘုံလှိုဏ်ဂူထဲ၌ မရေမတွက်နိုင်သောအတားအဆီးများစွာ ရှိနေ၏။၎င်းတို့ကို ချိုးဖျက်၍ ဗဟိုချက်သို့ ဝင်ရောက်ခြင်းမှာ သူတို့၏ ဦးတည်ချက်ပင်။
ထို့အပြင် ဝမ်လင်းထံ၌ လှိုင်ဂူသို့ ဝင်ရောက်မည့် တုန်ကင် ရှိနေသေး၏။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ရှိနေသ၍ သူသည် အချိန်မရွေး ထိုလှိုဏ်ဂူထဲသို့ ဝင်ရောက်နိုင်ပေသည်။
ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူက တုန်ကင်အပေါ် ပြောင်းလဲမှုအချို့ ပြုလုပ်ပေးလိုက်သည့်အတွက် စစ်ထူနန်နှင့် တခြားသူများသည် လှိုဏ်ဂူစိတ်ဝိညာဉ်၏ တိုက်ခိုက်ခြင်းကို ခံရတော့မည် မဟုတ်ပေ။
ထိုပြဿနာကို ဖြေရှင်းပြီးနောက် ဝမ်လင်းသည် အနည်းငယ် စဉ်စားနေ၏။ထို့နောက် သူ့နတ်ဘုရားအာရုံသည် တဖြည်းဖြည်းချင်း ပျံ့လွင့်လာသည်။ ခုလက်ရှိ၌ သူ့နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံမှုဖြင့် သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို သူ့နတ်ဘုရားအာရုံဖြင့် ခြုံလွှမ်းနိုင်ပေပြီ။
ဝမ်လင်း၏ နတ်ဘုရားအာရုံ ပျံ့လွင့်လာသည်နှင့် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုများ အလေးအမြတ်ပြုသည့် အနက်ရောင်ကျောက်ရုပ်တုအတွင်းရှိ သူချန်ထားခဲ့သည့် နတ်ဘုရားအာရုံသည် အနက်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။ထိုအနက်ရောင်အလင်းက အဆုံးမဲ့အေးစက်ခြင်းတို့နှင့် ပြည့်နှက်နေ၏။ ဆန်းကြယ်သောအားတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ထိုအားက ဝမ်လင်း၏နတ်ဘုရားအာရုံနှင့် ထိမိသည်နှင့် ထိုနှစ်ခုသည် သမူဟဖြစ်ကာ ပေါင်းစပ်သွားသည်။
ရုပ်တုထံမှ အနက်ရောင်အလင်းသည် တဖြည်းဖြည်း ပိုအားကောင်းလာကာ မီးနတ်ဆိုးနိုင်ငံ၏ တစ်ဝက်ကျော်ထိ ဖုံးအုပ်လာသည်။မရေမတွက်နိုင်သော စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုများသည် သူတို့ဘိုးဘေး၏ ရုပ်တုကို ကြောင်ရီမင်သက်စွာ စူးစိုက်ကြည့်နေမိကြသည်။
မည်သူက အစပြုလိုက်မှန်း မသိဘဲ လူအချို့သည် ချက်ခြင်း မြေပေါ်သို့ ဒူးထောက်ချ၏။ထို့နောက် မျိုးနွယ်စုဝင်အားလုံးသည်လည်း ဒူးထောက်ချလိုက်ကြ၏။သူတို့၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေတော့သည်။
“ဘိုးဘေးရဲ့ စိတ်ဝိညာဉ် ထင်ပေါ်လာပြီ။ ဘိုးဘေးရဲ့ စိတ်ဝိညာဉ် ကိုယ်ထင်ပြလာပြီ…”
အသံများသည် မြို့တော်အနှံ့တွင် တုန်ဟီး ပျံ့နှံ့လာ၏။
ချူယောင်ဟွာ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေ၏။သူက ဆယ့်သုံးကို ကြည့်မိသည်။ ထိုအခိုက်၌ ဆယ့်သုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်၍ တုန်ယင်နေ၏။သူက ခပ်ရေးရေး ခံစားမိနေသည်။
“ဘိုးဘေး ပြန်လာပြီ…”
ချူယောင်ဟွာသည် အသက်ဝဝရှိုက်သွင်းမိ၏။သူ့မျက်လုံးထဲ၌ ပျော်ရွှင်ကျေနပ်မှုတို့ ပြည့်လာသည်။သူက ဝမ်လင်းကို နှလုံးသားထဲကနေကို လေးစားခြင်းပင်။လေးစားသည်သာမက ပို၍ပင် ကြောက်လန့်နေခြင်းလည်း ဖြစ်သည်။
ဝမ်လင်း၏မျက်လုံးတို့သည် တောက်ပနေသည်။သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။သူက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်သည် ကြီးစွာ တိုးတက်လာသည်ကို သူ့နတ်ဘုရားအာရုံဖြင့် သိရှိနေပြီး ဖြစ်သည်။
ထိုအရာက အရေးမကြီးသေးပေ။ သူ့ကို မယုံကြည်နိုင် ဖြစ်စေသည်က သူ့နတ်ဘုရားအာရုံနှင့် သမူဟ ဖြစ်သွားသည့် ဆန်းကြယ်သောစွမ်းအားပင်။ဝမ်လင်းသည် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခဲ့ကာ စွမ်းအားမျိုးစုံကို တွေ့ကြုံဖူးသည်။သို့ရာတွင် သူသည် ယခုလိုစွမ်းအားမျိုးကို အရင်က လုံးဝ တွေ့ကြုံခဲ့ဖူးခြင်း မရှိ ဖြစ်နေသည်။
သူက ၎င်းခံစားမှုမျိုးက မည်သို့မှန်းပင် မပြောနိုင်ပေ။သို့သော် သူ့ကျောက်ရုပ်တုမှ ထွက်ပေါ်လာသည့် ဆန်းကြယ်သောစွမ်းအားနှင့် ပေါင်းစပ်သမူဟ ဖြစ်သွားချိန်၌ သူသည် သူ့စိတ်ထဲ၌ မရေမတွက်နိုင်သောပုံရိပ်များ တဖျပ်ဖျပ် ပေါ်လာသည်ကို ခံစားမိသည်။
မျှော်လင့်ထားခြင်းမရှိဘဲ ထိုပုံရိပ်အားလုံးသည် ရုပ်တုကို အလေးအမြတ်ဂါဝရပြုနေသည့် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုများပင် ဖြစ်နေသည်။သူတို့စိတ်ထဲ၌ အံ့မခန်းရူးသွပ်ကျေနပ်မှုတို့နှင့် ပြည့်နေသည်။ ရုပ်တုကသာ အမိန့်ပေးခဲ့လျှင် သူတို့သည် ဘာပင်ပေးဆပ်ရပေးဆပ်ရ သူတို့ပင်အသက်ပင် သေပါစေ နောင်တကင်းစွာ လုပ်ဆောင်ပေမည်။
ယခုလို သွေးရူသွေးတန်း အလေးအမြတ်ပြုမှုသည် ဝမ်လင်းကိုပင် လှုပ်ရှားမိစေသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု သန်းချီသည် လွန်ခဲ့သော နှစ်ရာချီကတည်းက သည်ကျောက်ရုပ်တုအပေါ် အလေးအမြတ်ပြုမှုသည် ဝမ်လင်းပင် နားမလည်သော ထူးဆန်းကြယ်သောအားတစ်ခုကို ဖန်တီးစေခဲ့ခြင်းပင်။
စဉ်းစားနေရင်း ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။သူ ပြန်ပေါ်လာသည့်အချိန်၌ မီးနတ်ဆိုးနိုင်ငံမြို့တော်ထက်သို့ ရောက်နှင့်နေလေပြီ။ ထိုနေရာ၌ မားမားရပ်နေရင်း သူသည် ဒူးထောက်နေကျသော သန်းချီသည်လူ့များ၏မြင်ကွင်းကို တွေ့နေရသည်။
သူက မြင်ပြင်ထက်၌ လူပင်လယ်ကြီးကို တွေ့မြင်နေရချေ၏။ လေနှင့်အတူ ထိုသူများ၏ အလံများသည် ယိမ်းထိုးကခုန်နေသည့်အလား။ စိတ်ဝိညာဉ်အပိုင်းအစများ၏ ငြီးသံက လောက၌ ပြည့်သည်။
ဝမ်လင်း ပေါ်လာသည့်အခိုက် စိတ်ဝိညာဉ်အပိုင်းအစအားလုံးသည် သူတို၏ အစစ်အမှန်သခင်ကို တွေ့ရှိသည့်အလား စူးစူးရှရှ အော်မြည်ကြကုန်သည်။
ချူယောင်ဟွာ၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။သူက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်ရင်း ပြောလာ၏။ “ချူယောင်ဟွာက ဘိုးဘေးကို နှုတ်ဆက်ပါတယ်။ ကျွန်တော်က ဘိုးဘေး ပြန်လာတာကို ကြိုဆိုပါတယ်…”
သူ ထိုသို့ပြောလိုက်သည့်နောက် အချို့သည် ချက်ခြင်းကောင်းကင်ထက်သို့ မော့ကြည့်လာကြသည်။ မျိုးနွယ်စုတိုင်းသည် ဝမ်လင်း၏ ပုံရိပ်ကို ဦးနှောက်ထဲ၌ ဆွဲနေသည် မဟုတ်လား။ သူတို့က သည်လူသည် သူတို့၏ဘိုးဘေး ဝမ်လင်းဖြစ်မှန်း ချက်ခြင်း သိရှိနိုင်ကြပေသည်။
“ဘိုးဘေး…”
“သူက တကယ့်ကို ငါတို့ ဘိုးဘေးပဲ…”
“ဘိုးဘေး ပြန်ရောက်လာခဲ့ပြီ။ ဘိုးဘေးက ငါတို့ကို မစွန့်ပစ်ထားခဲ့ဘူး။ ဘိုးဘေး ပြန်လာပြီကွ…”
အံ့အားတသင့်၊ဝမ်းပန်းတသာ အော်သံများသည် မြည်ဟိန်းနေချေသည်။ လူသန်းချီသည် တစ်ပြိုင်နက်တည်း စိတ်လှုပ်ရှားနေကြသည့်အတွက် သူတို့၏အသံများသည်ပင် တုန်ယင်နေကြလေ၏။
“ဘိုးဘေးကို ကြိုဆိုပါတယ်…” မည်သူက စပြောလိုက်မှန်း မသိရသော်လည်း တဖြည်းဖြည်းဖြင့် မျိုးနွယ်စုများသည် ဝမ်လင်းကို နှုတ်ဆက်စကား ဆိုလာကြ၏။ ဝမ်လင်း၏ စိတ်ဓာတ်အင်အားဖြင့်ပင် သူသည် မင်သက်မိရသည်။ သူက ထိုလူများထံမှ အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်နေပြီး မြို့တော်အလယ်ရှိ ကျောက်ရုပ်တုထံသို့ သွားရောက်နေသည်ကို ခံစားမိသည်။ ထိုကျောက်ရုပ်တုက ၎င်းအခိုးငွေ့များအားလုံးကို စုပ်ယူကာ ပို၍ပို၍ပင် ချောမွတ်လာပြီး နတ်ဆိုးဆန်သောခံစားချက်ကို ပေးစွမ်းသည်။
ဝမ်လင်းထံသို့ ကြည့်နေကြသော စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ကြီးစိုးနေသည်။
ဆယ့်သုံးသည် လူအုပ်ထဲမှ တဟုန်ထိုး ထွက်လာကာ ဝမ်လင်းရှေ့၌ ဒူးထောက်သည်။ သူ့ခန္ဓာကိုယ်သည်လည်း သူ့အသံသည် ဤနှစ်ရာချီအတွင်း အကျယ်လောင်ဆုံးအဖြစ် ထွက်ပေါ်လာ၏။
“ဆယ့်သုံးက ဘိုးဘေး ပြန်ရောက်လာတာကို ကြိုဆိုပါတယ်…”
ဆယ့်သုံး၏စကားလုံးများက မျိုးနွယ်စုဝင်များ၏ စိတ်ကို ပို၍ မီးငြှိပေးလိုက်သည့်အလား။ထိုအခါ လူတိုင်းထံမှ ပိုမိုများပြားသည့် အဖြူရောင်အခိုးငွေ့များသည် ရုပ်တုနက်ထဲသို့ တိုးဝင်လာတော့သည်။
စိတ်ဝိညာဉ်အလံများသည်လည်း ရုတ်တရက်ကြီး စတင် လှုပ်ယမ်းလာ၏။ ထိုအလံများထံမှ စိတ်ဝိညာဉ်အပိုင်းအစများသည် ပျံသန်းထွက်လာကြကာ မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးကို အနက်ရောင်မြူထုကြီးအသွင် ခြုံလွှမ်းစေတော့သည်။
စိတ်ဝိညာဉ်အပိုင်းအစများ၏ အရေအတွက်သည် အံ့မခန်းပင်။
“ငါ ပြန်ရောက်လာပြီ…” ဝမ်လင်းအသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာရင်း ကောင်းကင်ထက်ကနေ လူတိုင်း၏နားထဲသို့ တိုးဝင်သွားသည်။ ရိုးရှင်းသောစကားသုံးခွန်းသာ ဖြစ်သော်လည်း ထိုစကားများက ကောင်းကင်ထက်မှ လျှပ်စီးမိုးကြိုးတန်းများ သက်ဆင်းလာခြင်းနှင် သဘောသဏ္ဌာန်တူသည်။မျိုးနွယ်စုဝင်တိုင်းသည် ဝမ်းမြောက်ကြသည်။
ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် ကောင်းကင်ထက်မှ သက်ဆင်းကာ မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်နံရံပေါ်၌ ခြေချသည်။
နှစ်ပေါင်းရာချီ ကြာမြင့်ပြီးသည့်နောက် သူသည် သည်နေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်ရှိလာခဲ့ပေပြီ။
***