Switch Mode

အပိုင်း (၁၀၄၈)

အရှင်လေဟာနယ်

ထူစီသည် ထိုရတနာလက်နက်နှင့် ပတ်သတ်၍ အတော်လေး စိတ်ကျေနပ်ခဲ့သည်။သို့သော် ကံမကောင်းစွာဖြင့် ၎င်းလက်နက်၌ ရတနာစိတ်ဝိညာဉ် မပိုင်ဆိုင်ခဲ့ခြင်းပင်။၎င်းလက်နက်ကို ပြီးပြည့်စုံစေဖို့ရန် ထူစီက ၎င်းခရင်းကို ဂြိုဟ်တစ်ခုထံသို့ ပစ်ပေါက်ကာ တောင်သုံးလုံးအဖြစ် ပြောင်းလဲစေခဲ့သည်။သူက ထိုဂြိုဟ်၏ တောင်စိတ်ဝိညာဉ်တို့က သည်ခရင်းအတွက် ရတနာစိတ်ဝိညာဉ်အဖြစ် ဖြစ်ပေါ်စေလိုခဲ့ခြင်းပင်။

သူက တော်ဝင်သွေးမျိုးဆက်မန္တာန်ကို ကျွမ်းကျင်သွားပြီးမှ ထိုလက်နက်ကို ပြန်ယူရန် စီစဉ်ထားခဲ့၏။သို့သော် သူ ထွက်ခွာသွားကတည်းက ဘယ်တော့မှ ၎င်းဂြိုဟ်ထံသို့ ပြန်မလာနိုင်ခဲ့တော့ပေ။

သူသာ ၎င်းခရင်းက ရှေ့ဖြစ်ဟောသူနှင့်အတူ အနက်ရောင်တွင်းပေါက်ထဲသို့ ဝင်ရောက်သွားသည်ကိုသာ တွေ့မြင်ရပါက ပူဆွေးသွားနိုင်ပေ၏။

လင်းထျန်ဟူနှင့် ခရမ်းရောင်ဝတ်စုံအကြီးအကဲစွန်တို့သည်လည်း အလင်းတန်းများအဖြစ် ပြောင်း၍ တွင်းနက်ထဲသို့ ဝင်ရောက်ရန် ပြင်၏။သို့သော် သူတို့နှစ်ယောက်က တုံ့ခနဲ ရပ်သွားကြသည်။

ဝမ်လင်းသည်လည်း တွင်းနက်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေရင်း ရုတ်တရက် သူက နောက်လှည့်ကာ ကြယ်များကြားသို့ လှမ်းကြည့်သည်။ဘူးသီးခြောက်ပေါ်မှာအဘိုးအိုနှင့် စစ်ထူနန်တို့သည်လည်း သူတို့သည်လည်း အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်လိုက်ကြ၏။

လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ ၎င်းလှိုင်းတွန့်ထဲမှ အဘိုးအိုတစ်ယောက် လှမ်းထွက်လာ၏။ သူခြေလှမ်းလိုက်သည်နှင့် လူတိုင်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

အကြီးအကဲစွန်ထံမှ လေးစားသည့်အကြည့် ဖြစ်ပေါ်လာကာ သူက ဦးညွတ်၍ ဆိုသည်။ “စွန်ရှန်က မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ်…”

စွန်ရှန်သည် အကြီးအကဲ တစ်ယောက် ဖြစ်သော်လည်း သူက မဟာမိတ်အကြီးအကဲအုပ်စုထဲ၌ အဖွဲ့ဝင်အဖြစ် မပါဝင်ပေ။ခုချိန်၌ သူ့လေးစားမှုက သူ့စိတ်နှလုံးထဲကနေ ထွက်ပေါ်လာခြင်းပင်။သူက ခုမှ ထွက်ပေါ်လာသည့် အဘိုးအိုအပေါ် အတော် လေးစားသည်မှာ သိသာထင်ရှားနေ၏။

“ဂျူနီယာလည်း မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ်…” လင်းထျန်ဟူသည်လည်း လေးစားသည့်ဟန်ပန် ဖြစ်နေ၏။ သူ့စိတ်နေစိတ်ထားဖြင့် သူက ခုလိုမျိုး လေးစားမှု ဖော်ပြရသည့်လူစား သိပ်မရှိပေ။

ဝမ်လင်း၏မျက်လုံးသူငယ်အိမ်က ကျုံ့သွား၏။ ခုထွက်ပေါ်လာသည့် အဘိုးအိုသည် လောကနှင်တစ်သားတည်းပေါင်းစပ်ကာ လှုပ်ရှားလာခဲ့ခြင်းပင်။ထိုအဘိုးအိုထံမှ ပေးစွမ်းနေသည့်အော်ရာက ဝမ်လင်းကိုပါ တုန်လှုပ်မိစေသည်။

ထိုအော်ရာက ရှေ့ဖြစ်ဟောသူနှင့် အတော်လေး ကွာခြား၏။ရှေ့ဖြစ်ဟောသူက မခန့်မှန်းနိုင်သည့် ပင်လယ်ပြင်ဟု ဆိုရလျှင် သည်အဘိုးအိုက ကောင်းကင်ဘုံသို့ ထွင်းဖောက်နေသည့် တောင်ကြီးနှင့် တူပေမည်။သူ့ပြင်းထန်သောအော်ရာက ပျံ့လွင့်နေရာ သည်နေရာရှိ အားနည်းသောကျင့်ကြံသူများသည် သွေးအန်ကာ ချက်ခြင်း နောက်ဆုတ်လိုက်ရ၏။

စစ်ထူနန်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ခပ်တိုးတိုး ရေရွတ်သည်။ “နိဗ္ဗာနဖြိုခွဲခြင်း…” သူက ခဏတာ တွေဝေသွားပြီးနောက် နှာခေါင်းရှုံ့၏။ ထိုအချက်ကပင် သူ့မောက်မာမှုကို ဖော်ပြနေ၏။သူက အရာရာကို ခုလိုမျိုးပုံစံဖြင့်သာ နှိမ့်ချကြည့်ရှုတတ်သူ မဟုတ်လား။

“ဒီကမ္ဘာမှာ ကောင်းမွန်တဲ့အချိန်တစ်ခုကို လိုချင်ရင် ငါက လောကကို ဖိနှိပ်နိုင်တဲ့ ကျင့်ကြံမှုအဆင့် ရှိဖို့လိုတယ်။ နိဗ္ဗာနဖြိုခွဲခြင်း…အင်း…ဒီအဘိုးအိုက ပျင်းရိလွန်းတယ်…”

ထိုအဘိုးအိုက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းနေ၏။သူက လင်းထျန်ဟူကို အသိအမှတ်ပြုဟန်ဖြင့် ပြုံး၍ ကြည့်သည်။

“ငါတို့ မတွေ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ…”

လင်းထျန်ဟူက အတိတ်ကို ပြန်အောက်မေ့သွား၏။သူက တလေးတစား ဆိုသည်။ “ဂျူနီယာ မမှတ်နိုင်လောက်အောင် ကြာမြင့်ခဲ့ပါပြီ…”

ထိုရွှေရောင်ဝတ်စုံနှင့်လူက သက်ပြင်းချ၍ ဖြည်းဖြည်းချင်း ပြောသည်။ “မင်းနဲ့ရှေ့ဖြစ်ဟောသူတို့ အရည်အသွေး ပြည့်မှီခဲ့တဲ့ အချိန်တုန်းက ငါကိုယ်တိုင် မင်းတို့နှစ်ယောက်ကို တောက်ပသောလေဟာနယ်ရဲ့ တော်ဝင်ကုန်းမြေရှိ ခေါ်သွားခဲ့ပေးတယ်။ ခု နှစ်ပေါင်းသောင်းချီ ကုန်လွန်သွားခဲ့ပြီ။ မင်းတို့ထဲက တစ်ယောက်က မဟာမိတ်ရဲ့အကြီးအကဲ ဖြစ်လာပြီး ငါ့ကိုတောင် ချိန်းခြောက်လာနိုင်တယ်။ တခြားတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း အခုအဆင့်ထိ ရောက်ရှိနေပြီ…”

လင်းထျန်ဟူသည် စဉ်းစားနေ၏။သူ့မျက်လုံးထဲ၌ အတိတ်ကို အောက်မေ့မှုသည် ပို၍ပင် အားကောင်းလာခဲ့သည်။

“ငါ မင်းရဲ့ ကျောက်စိမ်းပြားကို လွန်ခဲ့တဲ့လအချို့က ရရှိခဲ့တဲ့အချိန်မှာ ငါက ဒီကို လာသင့်မလာသင့် ဆွေးနွေးနေခဲ့တာ။ငါ ဒီကို မလာချင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အလုံးစုံကောင်းကင်နဲ့ စစ်ပွဲက ပိုပိုပြင်းထန်နေပြီ။ ငါ့စီနီယာအစ်ကို ကျွမ်းရွှမ်ဇီကလည်း ကိုယ်ပွားတစ်ခု မလုပ်နိုင်ဘူး။ ဒါပေမဲ့လည်း မင်းနဲ့ရှေ့ဖြစ်ဟောသူကြား ဖြစ်ပျက်ခဲ့မှုကို စဉ်းစားမိပြီး မင်းတို့နှစ်ယောက်ကြားက ကိစ္စကို အဆုံးသပ်ပေးဖို့ ငါ ဒီကို ရောက်လာခဲ့တာပဲ ဖြစ်တယ်…”

ထိုအဘိုးအိုက စကားဆိုနေရင်း သူ့အကြည့်ထဲ၌ ထည်ဝါလေးနက်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ပါဝင်လို့နေသည်။

လင်းထျန်ဟူ၏ စိတ်က တုန်ယင်သွား၏။သူက ထိုအဘိုးအိုကို ကြည့်ကာ မေးသည်။ “ကျေးဇူးပါ စီနီယာအရှင်လေဟာနယ်…”

“သွားကြစို့…။ငါ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအကြောင်း ကြားဖူးပေမဲ့ မဝင်ရောက်ဖူးသေးဘူး။ ကဲ ခုသွားပြီး ကြည့်ကြမယ်…” အဘိုးအိုက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ထို့နောက် သူက အကွာအဝေးတစ်ခုရှိ သက်လတ်ပိုင်းအရွယ်မိန်းမလှကို လှမ်းကြည့်သည်။ သူ့အကြည့်က ထိုမိန်းမလှနောက်ရှိ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီထံသို့ ကျရောက်သွားချိန်၌ အကောင်းမြင်သည့်အကြည့်မျိုး ဖြစ်သွားသည်။ထို့နောက် သူက တွင်းနက်ထဲသို့ ဝင်ရောက်သွားတော့သည်။

လင်းထျန်ဟူနှင့်အကြီးအကဲစွန်တို့သည်လည်း ဝဲကတော့ထဲသို့ သူ့နောက်ကနေ လိုက်ပါဝင်ရောက်သွားကြသည်။

ဝမ်လင်းသည် စဉ်းစားနေ၏။သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ထို့နောက် သူက စစ်ထူနန်နှင့်အတူ လှုပ်ရှားလိုက်၏။ အရှင်ချိုင့်လေနှင့်ငွေရောင်အမျိုးသမီးတို့က သူ့နောက်ကနေ ကပ်ပါလာကြသည်။သူတို့နောက်၌ ချန်ညီကိုသုံးယောက်နှင့်ခေါင်းကြီးတို့ ပါလာသည်။သူတို့အားလုံးက ဝဲကတော့ရှိရာသို့ ပျံသန်းသွားကြသည်။

လိုင်ဂျီ၏ပုံရိပ်ကြီးကလည်း လူကောင်ကြီးကြီးလူတစ်ယောက်အထိ ပြန်ကျုံ့သွား၏။ထို့နောက် သူသည်လည်း ဝဲကတော့အတွင်းသို့ လူတိုင်းနောက်ကနေ လိုက်ပါလာသည်။

ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုနှင့် အနက်ရောင်ဝတ်စုံနှင့်အေးစက်စက်လူတို့သည်လည်း တွင်းနက်ထဲသို့ ဝင်ရောက်သွားကြ၏။ သက်လတ်ပိုင်းအရွယ်မိန်းမလှသည် သူမဘေးရှိ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကို ကြည့်ကာ ချီတုံချတုံ ဖြစ်နေသည်။

ထိုအမျိုးသမီးက နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ ပြုံး၍ နူးညံ့စွာ ဆိုလာသည်။ “အဒေါ်ရှား ဒီနတ်ဆိုးစိတ်ဝိညာဉ်ခရီးစဉ်အတွက် စိတ်အေးအေးထားပါ။ ရှီရွှမ်မှာ စီနီယာအမ ပေးထားတဲ့ ရတနာလည်း ရှိတယ်။ဒါက ငါ့လုံခြုံမှုကို ထိန်းသိမ်းနိုင်တာထက်တောင် ပိုနေသေးတယ်။ဒါ့အပြင် ဒုတိယအမကြီးနဲ့ အကြီးအကဲအရှင်လေဟာနယ်တို့လည်း ရှိနေတာပဲ…”

သက်လတ်ပိုင်းအရွယ်မိန်းမလှက အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်ပြ၏။ထို့နောက် သူမက သူမနားရှိ အမျိုးသမီးလေးယောက်ကို ဦးဆောင်ကာ တွင်းနက်ရှိရာသို့ ဝင်ရောက်သွားသည်။ထိုအမျိုးသမီးလေးယောက်ထဲမှ ချမ့်ချင်က စိတ်ရှုပ်ထွေးဟန်ပေါ်နေသည်။သူမက ဝမ်လင်း ထွက်ပေါ်လာချိန်၌ သူ့ကို မကြာမကြာ လှမ်းလှမ်းကြည့်မိ၏။ ခုချိန်၌ သူမစိတ်ထဲတွင် တွေးနေမိသည်က သူမနှင့်ဝမ်လင်းတို့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ အတူရှိမည် အကြောင်းပင်။ “သူ ငါ့ကို မှတ်မိသေးလား ငါ သိချင်မိတယ်…”

ထိုလူများ ဝင်ရောက်သွားသည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် တွင်းနက်ထဲသို့ တရောသုန်းပါး တိုးဝင်လာကြသည်။သို့ရာတွင် သူတို့က လူများလွန်း၏။ အချို့သည် တွင်းနက်ရှေ့သို့ ရောက်သွားချိန်၌ ရုတ်တရက် ဝဲကတော့၏ ပြောင်းပြန်လှည့်ပတ်မှုသည် ရပ်တန့်ကာ တွင်းနက်သည် ပျောက်ကွယ်သွားတော့သည်။

အချို့ကျင့်ကြံသူများက ဝဲကတော့ ပျောက်ကွယ်ချိန်၌ သူတို့သည် တွင်းနက်အတွင်း၌ တဝက်တပျက်သာ ရှိနေကြသေးသည်။ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များသည် ပျက်စီးကုန်ကာ နာနာကျင်ကျင် အော်သံများ ထွက်ပေါ်လာတော့၏။ထိုအဖြစ်က သူတို့နောက်ရှိ ကျင့်ကြံသူများကို နောက်သို့ အလျင်အမြန် ပြန်ဆုတ်မိစေသည်။

တွင်းနက်သည် သွေးကွက်များနှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နောင်တရစွာဖြင့် လူစုပြန်ခွဲသွားကြ၏။သည့်နောက် အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်သည် ပုံမှန်အတိုင်း ငြိမ်အေးသည့်အခြေအနေသို့ ပြန်ရောက်ရှိသွားတော့သည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်း ကောင်းကင်ထက်၌ နေမင်းသည် လောင်ကျွမ်းတောင်ပနေ၏။အပူဓာတ်သည် မြေကမ္ဘာအနှံ့ လေနှင့်အတူ လွင့်ပါးနေသည်။မြေပြင်ထက်တွင် အလောင်းကောင်များ ပုတ်ဆွေးလို့နေ၏။ထိုအဖြစ်က လင်းတငှက်များကို ဆွဲဆောင်နေပေသည်။လင်းတများက သေဆုံးခြင်းအော်ရာကို စုပ်ယူနေကြသည်။

ထိုနေရာက မီးနတ်ဆိုးနိုင်ငံ၏ နယ်စပ်တစ်နေရာတွင် ဖြစ်၏။နိုင်ငံတစ်ခုလုံးကို ခြုံငုံကြည့်လျှင်ပင် အလောင်းများနှင့် ပြည့်နှက်နေသည်။နေအပူလှိုင်းအောက်၌ ထိုအလောင်းများသည် ပိုမို ပုတ်ဆွေးနေချေသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု လာရောက်တိုက်ခိုက်သည်နှင့် မီးနတ်ဆိုးနိုင်ငံတွင် စစ်ပွဲကြီးတစ်ခု ပျံ့နှံ့ ဖြစ်ပွားခဲ့ခြင်းပင်။စွမ်းအားကောင်းသူများသည် နိုင်ငံအနှံ့၌ ပြန့်ကျဲနေ၏။သူတို့က အညံ့မခံပါက သေဆုံးရမည်။

မီနတ်ဆိုးနိုင်ငံ၏ မြို့တော် တစ်ချိန်က ရှေးဟောင်းနတ်ဆိုးကိုးပါးထဲမှ တစ်ပါးနေထိုင်ခဲ့သည့်နေရာသာ ခုချိန်၌ နောက်ဆုံးအင်အားအဖြစ် ကျန်ရှိတော့၏။ထိုနေကိုသာ မီးနတ်ဆိုးနိုင်ငံ၏ အဆင့်မြင့်စစ်တပ်များက သိမ်းပိုက်ထားနိုင်၏။ထိုစစ်တပ်ကို မီးနတ်ဆိုးစိတ်ဝိညာဉ်စစ်တပ်ဟု ခေါ်တွင်သည်။

ဗိုလ်ချုပ်မှူးနှစ်ယောက်နှင့် နတ်ဆိုးဗိုလ်ချုပ်ရှစ်ယောက်က သည်ခံတပ်ကို ချုပ်ကိုင်ထား၏။ မီးနတ်ဆိုးနိုင်ငံ၏ စစ်တပ်က ဆုံးရှုံးမှုများစွာ ရှိခဲ့သော်လည်း အခြားအင်အားစုများနှင့် ယှဉ်ပါက သူတို့သည် အားကောင်းနေဆဲသာ။ ထို့ကြောင့်လည်း သူတို့က မြို့တော်ကို ချုပ်ကိုင်ထားနိုင်ခြင်းပင်။

ခုချိန်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု စစ်တပ်က မီးနတ်ဆိုးနိုင်ငံမြို့တော်ကို ဝန်းရံထားသည်။ မရေတွက်နိုင်သော လူများက ကောင်းကင်ထက်၌ အလံကြီးများနှင့်အတူ ရှိနေကြ၏။ သိပ်သည်းနက်မှောင်သောမြူများက ဤဧရိယာတွင် ခြုံလွှမ်းထားသည်။

စိတ်ဝိညာဉ်အပိုင်းအစများမှ စူးရှရှ ငြီးသံများက အဆုံးမသပ်တော့သည့်အလား မြေကမ္ဘာအနှံ့တွင် ခြုံလွှမ်းထားသည်။

မြို့တော်၏ ဂိတ်ပေါက်အပြင်ရှိ မျိုးနွယ်စုစစ်တပ်အတွင်း၌ ကျောက်ရုပ်တုတစ်ခု ရှိနေ၏။ထိုရုပ်တုကို မျိုးနွယ်စုဝင်အများက သယ်ဆောင်ထမ်းပိုးထားကြသည်။ထိုသယ်ဆောင်ထားသူများ၏ မျက်လုံးထဲ၌ ဂုဏ်ယူမှုတို့နှင့် ပြည့်နေသည်။သူတို့ဘိုးဘေး၏ ရုပ်တုကို သယ်ဆောင်ရခြင်းက သူတို့ဘဝ၌ ကောင်းချီးပေးခံရခြင်းဟု ယူဆထားကြသည်။

ကောင်းကင်ထက်၌ ထည်ဝါသောအဘိုးအိုတစ်ယောက်လည်း ရှိနေ၏။သူက ဝတ်စုံနက်ကို ဝတ်ဆင်ကာ သူ့ဘေး၌ အလံဒါဇင်ချီရှိကာ ယင်းအလံများက အနက်ရောင်လေဝဲတစ်ခုကိုလည်း ဖြစ်နေစေသည်။

“နတ်ဆိုးဗိုလ်ချုပ် စွဲညှို့သစ်သားနဲ့ရွှေရောင်ကင်းမြှီးကောက်တို့… မင်းတို့နှစ်ယောက် အညံ့ခံမှာလား…” ထိုအဘိုးအို၏အသံသည် အေးစက်စက်လေပြင်းအလား ထွက်ပေါ်လာ၏။သူ့အသံပေါ်ထွက်လာသည်နှင့် သူပတ်လည်ရှိ အနက်ရောင်လေဝဲထံမှ စူးရှရှတဝီဝီအသံတစ်ခုပါ ထွက်ပေါ်လာလေ၏။

သူ့အသံနှင့်အတူ မြို့တော်ကို ဝန်းရံထားသည့် မျိုးနွယ်စုသန်းချီ၏ အသံသည်လည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။

“မင်းတို့ အညံ့ခံမှာလား…”

လူသန်းချီ၏ အားမာန်အပြည့်အသံက ဖော်ပြနိုင်စွမ်းပင် မရှိ ဖြစ်ရသည်။လောကပင် တုန်ယင်သွားသလား မှတ်ရ၏။ထိုအသံက နန်းတော်အတွင်းရှိ ကျန်နေသေးသော တပ်သားများ၏ စိတ်ကိုပါ တုန်ယင်စေသည်။

“ချူယောင်ဟွာ…ငါတို့ကို အတင်းတွန်းအား မပေးနဲ့…” စိတ်ဆိုးမာန်ဆိုးအသံတစ်ခုသည် မြို့တော်နံရံထက်မှ ထွက်ပေါ်လာ၏။ထိုအသံနှင့်အတူ ချပ်ဝတ်တန်ဆာနှင့် လူကောင်ကြီးကြီးတစ်ယောက်လည်း ထွက်ပေါ်လာသည်။ထိုချပ်ဝတ်က ကင်းမြှီးကောက်နှင့် တူ၏။သူ့မျက်လုံးသည် ချင်းချင်းနီရဲနေသည်။ သူမျက်လုံးထဲ၌ အမုန်းတရားတို့သာ ပြည့်နှက်နေ၏။သူက ရှေ့သို့ တဟုန်ထိုး ထိုးထွက်လာ၏။သို့သော် သူသည် ချူယောင်ဟွာထံသို့ တိုးဝင်လာခြင်း မဟုတ်ပေ။ထိုအစား သူက လူအုပ်ကြီးအလယ်ရှိ ရုပ်တုထံသို့ ဦးတည်ဝင်လာခြင်းပင်။

“ငါ သေရမယ်ဆိုရင်တောင် ဒီအရာကိုပါ ဖျက်စီးပစ်မယ်…” ထိုလူကောင်ကြီးကြီးလူက မြန်လွန်း၏။သူက ရုပ်တုဘေးနားသို့ ချက်ခြင်း ရောက်လာ၏။သူ့လက်ကို ပင့်မြှောက်ကာ မာန်သွင်း၍ ရိုက်ချလာသည်။

သို့ရာတွင် ထူးဆန်းသည်က ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုဝင်များသည် လှောင်ပြောင်သည့်သဘောဖြင့်သာ ကြည့်နေခြင်း ဖြစ်၏။ချူယောင်ဟွာပင် နှာခေါင်းရှုံ့င သူ့အား တားဆီးရန် မကြိုးစားပေ။

ထိုလူကောင်ကြီးကြီးလူ၏ လက်က အောက်သို့ ရိုက်ချလာချိန်၌ သူ့နားထဲသို့ အေးစက်လွန်းသောအသံတစ်ခု တိုးဝင်လာသည်။

“သင်က ငါ့သခင်ရဲ့ ရုပ်တုကို ဖျက်စီးဝံ့တယ်လား။ သေလိုက်တော့…” ထိုအသံနှင့်အတူ သာမန်ဆန်သည့် လူတစ်ယောက်က လှုပ်ရှားလာ၏။ထိုလူသည်လည်း ဝတ်စုံနက်ဖြင့်ပင်။သူ့အသွင်က အဆုံးစွန်အေးစက်နေသည်။ ဝမ်လင်းကို သိရှိထားသည့်သူ တစ်ယောက်သာ သည့်လူကို တွေ့မိပါက အံ့အားသင့်မိပေမည်။အကြောင်းမှာ သည်လူက ဝမ်လင်းနှင့်(၇၀)ရာခိုင်နှုန်းလောက် ဆင်တူနေသောကြောင့်ပင်။

ထိုလူက ရှေ့သို့ လျှောက်လာကာ လက်သီးတစ်လုံး ပစ်သွင်းသည်။ဤအခိုက်၌ သူ့ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်အပိုင်းအစများစွာ ထိုးထွက်၍ သူ့လက်သီးချက်ထဲသို့ ဝင်ရောက်ကာ မုန်တိုင်းတစ်ခုကို ဖန်တီးသွားသည်။ထိုမုန်တိုင်းက လူကောင်ကြီးကြီးလူကို မြန်ဆန်စွာပင် ထိမှန်သွား၏။

ထိုလူကောင်ကြီးကြီးလူသည် သွေးအန်ထုတ်လိုက်ရ၏။သူ့ချပ်ဝတ်သည်လည်း တစ်လက်မချင်း ပျက်စီးကုန်သည်။ သူ့ထံမှ အရိုးကျိုးသံများပါ ထွက်ပေါ်လာ၏။

“စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုရဲ့ အသန်မာဆုံး…ဆယ့်သုံး…” လူကောင်ကြီးကြီးလူက ခါးသီးစွာ ပြုံးလိုက်နိုင်၏။သူ့ခန္ဓာကိုယ်သည် တစစီ ဖြစ်သွားတော့သည်။သူက အစောပိုင်းကတည်းက သူ့စွမ်းအားများကို ထုတ်ဖော်ထားပြီး ဖြစ်သလို ခုချိန်၌ ဒဏ်ရာပြင်းထန်စွာ ရရှိလိုက်၍ ချက်ခြင်း သေဆုံးသွားရတော့သည်။

ချူယောင်ဟွာက ရယ်မောလိုက်၏။ထို့နောက် သူက မီးနတ်ဆိုးနိုင်ငံ ရှိရာသို့ လက်ညွှန်ကာ ပြောလိုက်သည်။ “စိတ်ဝိဉာဉ်ငြှိမ်းသေခြင်း…”

သူ ထိုသို့ ပြောလိုက်သည့်နောက် မျိုးနွယ်စုဝင်သန်းချီသည် သူတို့၏အလံများကို ထုတ်ဖော်လိုက်ရာ အဆုံးမဲ့စိတ်ဝိညာဉ်များ တရကြမ်း ထွက်ပေါ်လာတော့သည်။ထိုစိတ်ဝိညာဉ်အပိုင်းအစများက မီးနတ်ဆိုးမြို့တော်တစ်ခုလုံးကို အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းသွားစေသည်။ထိုအနက်ရောင်မြူထုသည် မြို့တော်ပေါ်သို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေ၏။

“အညံ့ခံတယ်…” မြို့တော်နံရံထက်ရှိ အပြာရောင်ချပ်ဝတ်နှင့် အမျိုးသမီးသည် သက်ပြင်းချ၏။

ဤအခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံ တစ်ခုလုံးသည် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ မြို့တော် ဖြစ်လာခဲ့ချေပြီ။ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ စွမ်းအားထောက်တိုင်ကိုးခုထဲမှ တစ်ခု ဖြစ်လာခဲ့တော့သည်။ရှေးဟောင်းနတ်ဆိုးရုပ်တု ရှိခဲ့သော နေရာ၌ အနက်ရောင်ရုပ်တုက အစားထိုးခဲ့ချေပြီ။

ဆယ့်သုံးက မြို့တော်ရှိရာသို့ လှမ်းလျှောက်ရန် ခြေကြွလိုက်၏။ထိုအခိုက်၌ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။သူ့အေးစက်စက်ဟန်ပန်သည်လည်း ချက်ခြင်း ပျောက်ရှကာ စိတ်လှုပ်ရှားမှုသည် အစားထိုးဝင်လာ၏။ သူက ရုတ်တရက် ခေါင်းမော့ကြည့်သည်။

“ဘိုးဘေး ပြန်ရောက်လာခဲ့ပြီ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset