ရေကန်ထဲမှာရှိတဲ့ ဇူယွမ်ရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ မူလချီတွေ တစ်ဟုန်ထိုးမြင့်တက်နေလျက်ရှိသည်။ သူ့ရဲ့အရေပြားပေါ်မှာ အလင်းတန်းတွေ စီးဆင်းနေတာကို မြင်တွေ့ရနိုင်ပြီး မမြင်နိုင်တဲ့လှိုင်းလုံးတွေအဖြစ်လည်း အပြင်ဘက်ကို ပျံ့နှံ့နေလျက်ရှိကာ သူတို့တွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲကို ပြန်လည်စီးဝင်နိုင်ခြင်းမရှိဘဲ ရေကန်ထဲမှရေတွေကို နောက်ဘက်သို့ပြန်လည်တွန်းပို့နေပေသည်။
ရေကန်ရဲ့အစပ်မှာရှိနေတဲ့ လူတိုင်းရဲ့မျက်လုံးတွေက ပြူးကျယ်နေခဲ့ကြသလို ပါးစပ်တွေဖွင့်ဟနေခဲ့ရပြီး ဇူယွမ့်ကို စိုက်ကြည့်နေကြသည်။ ဒီလိုမြင်ကွင်းမျိုးက သူတို့နဲ့လွန်စွာမှပင် ရင်းနှီးမှုရှိလှ၏။ ဒီမြင်ကွင်းက လူတစ်ယောက်ရဲ့စွမ်းအင်ဝင်ပေါက်တစ်ခု ဖွင့်နိုင်ခဲ့သည့်အခါ ဖြစ်ပေါ်လာသည့်အရာပင်ဖြစ်သည်။
“သူ့ရဲ့တတိယဝင်ပေါက်ကို ဖွင့်နိုင်ခဲ့တာလား… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” လျှိုစီရဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာလေးပေါ်မှာ အစိမ်းရောင်နဲ့ အဖြူရောင်တွေယှက်သန်းနေခဲ့ရသကဲ့သို့ ပူလောင်မှုတွေ ထင်ဟပ်နေရပေသည်။ သူမအနေနဲ့ အစောပိုင်းလေးကတင် ဇူယွမ့်ကို အလွန်အမင်းလှောင်ပြောင်ခဲ့ပေသည်။ ဇူယွမ်က သူမတို့တွေ ကြိုတင်မျှော်မှန်းထားခဲ့ကြသလို ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့သည့်အပြင် နေရာမှာတွင်ပဲ သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပေသည်။
ဒီအခိုက်အတန့်မှာ ချီယွဲ့ရဲ့မျက်လုံးတွေက လွန်စွာဒေါသထွက်သွားသည့်အလား ပြောင်းလဲသွားခဲ့သည်။ သူက လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိကာ ဇူယွမ်အား မြွေပွေးတစ်ကောင်ကဲ့သို့စိုက်ကြည့်နေခဲ့ပြီး သူ့ရဲ့နှလုံးသားထဲမှာတော့ ဒေါသတွေဆူပွက်နေခဲ့ရသည်။ သူ့အနေနဲ့လည်း အခြားလူတွေလိုပင် ဒီလိုရလဒ်မျိုးထွက်ပေါ်လာလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ခြင်းမရှိခဲ့ချေ။
ဒါ့အပြင်ကို ဇူယွမ်ရဲ့ဝင်ပေါက်နှစ်ခုတည်း ဖွင့်ထားနိုင်သေးသည့်ခန္ဓာကိုယ်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ တစ်နာရီကြာအောင် ဘယ်လိုများတောင့်ခံနိုင်ခဲ့လဲဆိုတာကို သူ့အနေနဲ့ နားလည်သဘောပေါက်နိုင်ခြင်းမရှိခဲ့ပေ။
“သူက ဘယ်လိုများလုပ်ခဲ့တာလဲ…”
အခြားဒုတိယအတန်းမှ ကျောင်းသားတွေကလည်း ပြောစရာစကားမရှိသည့်အလား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ သေချာပေါက်ပင် သူတို့နှစ်ဖက်စလုံးက ဒီလိုအံ့အားသင့်စရာမြင်ကွင်းမျိုးကို မျှော်မှန်းထားခဲ့ခြင်းမရှိခဲ့ကြပေ။
ရေကန်ထဲမှာတော့ ဇူယွမ်ရဲ့တင်းကျပ်စွာပိတ်ထားတဲ့ မျက်လုံးတွေက ဖြည်းညှင်းစွာပွင့်လာခဲ့ပြီး တောက်ပတဲ့အလင်းရောင်တွေ ဖြတ်ခနဲပေါ်ပေါက်လာခဲ့ရသည်။ သူ့ရဲ့ခေါင်းကိုငုံ့ချလိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီအလင်းတွေ တစ်ဟုန်ထိုးလှည့်လည် စီးဆင်းနေတာကို ကြည့်လိုက်မိသည်။ သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက လုံးဝကျိုးပျက်သွားတာကို ခံစားလိုက်ရသည့်အခါ သူ့နှလုံးသားထဲကနေ အပျော်တွေက မထိန်းချုပ်နိုင်ဘဲ ထွက်ပေါ်လာခဲ့ရသည်။
သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို အမှန်တကယ်ဖွင့်နိုင်ခဲ့လိမ့်မယ်လို့ သူလည်းမမျှော်မှန်းထားခဲ့ပေ။
သူမူလကမျှော်မှန်းထားချက်အရ တတိယမြောက်စွမ်းအင်ဝင်ပေါက်ကိုဖွင့်နိုင်ဖို့က အနည်းဆုံး ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ဖို့လိုအပ်ပေလိမ့်မည်။ သို့ပေမဲ့လည်း သူက ကျောက်စိမ်းဝိညာဉ်ရေတံခွန်က သတ္တုဓာတ်စွမ်းအင်ကို အနည်းငယ်လျော့တွက် မိခဲ့လိုက်သည်။ သတ္တုဓာတ်စွမ်းအင်ကို မယုံကြည်နိုင်လောက်တဲ့ပမာဏအထိ စုပ်ယူခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်က ဒီနေ့တွင်ပဲပွင့်သွားခဲ့ရသည်။
“ငါကံကောင်းခဲ့တာပဲ… ဒါက ငါ့ရဲ့သတ္တုဓာတ်စွမ်းအင်ကို ပထမဆုံးအကြိမ်စုပ်ယူခြင်းဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှုများခဲ့တဲ့ပုံပဲ… ငါ့ရဲ့ခန္ဓာကိုယ်က ဒီစွမ်းအင်နဲ့ တစ်ကြိမ်ယဉ်ပါးသွားခဲ့ပြီးတာနဲ့ နောက်လာမယ့်ရလဒ်တွေက ဒီလောက်မြန်ဆန်နိုင်လိမ့်မယ်မထင်ဘူး…” ဇူယွမ်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိသကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း ပျော်ရွှင်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။
ဒီလိုမျိုး သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ခဲ့ခြင်းက ဇူယွမ့်ကို အလွန်အမင်းပျော်ရွှင်သွားစေခဲ့ပေသည်။ ဒါက သူ့ရဲ့ဒုတိယဝင်ပေါက်ကိုဖွင့်ပြီး ရက်အနည်းငယ်အကြာမှာပဲ တတိယဝင်ပေါက်ကို ထပ်ဖွင့်နိုင်ခဲ့ခြင်းကြောင့်ပင်။
ဇူယွမ်က ညင်သာစွာတစ်ချက်ရယ်မောလိုက်ပြီး သူ့ရဲ့ခြေထောက်ထိပ်ကို တစ်ချက်တွန်းကန်လိုက်သလို သူ့ခန္ဓာကိုယ်ကလည်း ရေကန်အစပ်ကို ပျံထွက်သွားခဲ့လိုက်သည်။ သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ လူတိုင်းကတိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့ကိုစိုက်ကြည့်နေကြတာကို တွေ့လိုက်ရသည်။
“ဖြောင်း… ဖြောင်း…”
လက်ခုပ်တီးသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ချူထျန်းယန်ရဲ့ အမြဲတမ်းအပြုံးအရယ်မရှိ တင်းမာနေတဲ့မျက်နှာက လက်ရှိအချိန်မှာ နွေးထွေးတဲ့အပြုံးတစ်ခုဖြင့် တန်ဆာဆင်ထားလျက်ရှိသည်။ သူ့ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဇူယွမ်ကို စိုက်ကြည့်နေလျက်ရှိပြီး လက်ခုပ်တီးခဲ့လိုက်သည်။
စုယုဝေ၊ ယန်ဇန်း၊ ဆောင်ချူရွှီနဲ့ ကျန်သည့်ပါရမီရှင်အတန်းမှ ကျောင်းသားတွေကလည်း သူတို့ရဲ့လက်ရှိအခြေအနေကို ပြန်ရောက်လာခဲ့ရပြီး သူတို့ရဲ့မျက်နှာတွေမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေကြလျက် ချက်ချင်းဆိုသလို စတင်၍လက်ခုပ်တီးခဲ့လိုက်ကြသည်။
သူတို့တွေဟာ အစောပိုင်းတုန်းက ချီယွဲ့ရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီး သူတို့ရဲ့စိတ်ဓာတ်တွေလည်း ကျဆင်းခဲ့ရသည်။ ချီယွဲ့ရဲ့စံချိန်က မျက်စိတစ်မှိတ်အတွင်းမှာပင် ဇူယွမ်ရဲ့ချိုးဖျက်ခြင်းကိုခံလိုက်ရပြီး ချီယွဲ့တောင်မှ နောက်မှာဝေးကွာစွာကျန်ရစ်ခဲ့ရလိမ့်မယ်လို့ သူတို့တွေဘယ်သူကမှ ထင်မှတ်ထားခဲ့ခြင်းမရှိခဲ့ချေ။
ဝင်ပေါက်နှစ်ခုသာဖွင့်ထားနိုင်သေးသည့် ခန္ဓာကိုယ်ဖြင့် ဇူယွမ်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ တစ်နာရီကြာအောင် တောင့်ခံနိုင်ခဲ့ပေသည်။ ဒါက တော်ဝင်ဇူကျောင်းတော် စတင်တည်ထောင်ပြီးချိန်မှစ၍ တစ်ခါမှမဖြစ်ဖူးခဲ့သည့် ကိစ္စတစ်ခုပင်ဖြစ်သည်။
သူတို့လူစုရဲ့ လက်ခုပ်တီးမှုက ဇူယွမ့်ကို ပထမတော့ အံ့အားသင့်သွားစေခဲ့ရပေမဲ့ မကြာခင်မှာပဲ သူကအပြုံးတစ်ခုပြုံးလိုက်မိသည်။ အဲ့ဒီနောက်မှာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ချီယွဲ့နဲ့ ဒုတိယအတန်းမှ ကျောင်းသားတွေရပ်နေသည့်နေရာကို လှည့်ကြည့်လိုက်သည်။
ဇူယွမ်ရဲ့အကြည့်ကို မြင်လိုက်ရသည့်အခါ ဒုတိယတန်းရဲ့ကျောင်းသားတွေက မျက်မှောင်ကျုံ့သွားခဲ့ရသလို သူတို့ရဲ့မျက်နှာတွေလည်း ထူပူသွားခဲ့ရသည်။ ဒါ့အပြင် အစောပိုင်းက ဇူယွမ့်အပေါ် သူတို့ရဲ့လှောင်ပြောင်မှုတွေက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဘက်ကို ပြန်လည်ရောက်ရှိလို့လာခဲ့ရသည်။
လျှိုစီရဲ့တည်ငြိမ်တဲ့မျက်နှာကလည်း လွန်စွာမှပင်ပျက်ယွင်းနေခဲ့ရပြီး သူမအနေနဲ့ စကားတစ်ခွန်းတစ်လေမျှ ပြောနိုင်ခြင်းမရှိခဲ့ပေ။ အခုအချိန်မှာ သူမလုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာက သူမရဲ့သွားတွေကို တင်းတင်းစေ့ကိုက်ထားခြင်းပင်ဖြစ်သည်။
သူတို့နဲ့ဆန့်ကျင်စွာပင် ချီယွဲ့ရဲ့အမူအယာကနက်မှောင်နေခဲ့သလို အေးစက်စက်အသံတစ်ခုကလည်း သူ့သွားကြားထဲကနေ စိမ့်ထွက်လာခဲ့သည်… “ကောင်းတယ်… အရမ်းကိုထူးချွန်တာပဲ… မင်းသားလေးက လူတိုင်းရဲ့ထင်မြင်ချက်တွေကို အမှန်တကယ် လွဲမှားသွားစေခဲ့တာပဲ…”
ဇူယွမ်က ချီယွဲ့ကို သာမန်မျှသာတစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့အတူ ပြန်ပြောလိုက်သည်… “ဒီနေရာမှာ ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ရပ်ပြီးကြည့်ချင်တယ်ဆိုရင်လည်း မင်းတို့က ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားပြီးလုပ်သင့်တယ်… ငါတို့မှာမင်းတို့ကို အမှန်တကယ် ဖျော်ဖြေဖို့ အချိန်မရှိဘူး…”
ချီယွဲ့ရဲ့မျက်လုံးထောင့်တွေက လှုပ်ရှားသွားခဲ့ပေမဲ့ သူကအသက်ကိုသာ ပြင်းစွာရှူလိုက်မိပြီး သူ့နှလုံးသားထဲကဒေါသတွေကို ဖိနှိပ်ထားခဲ့လိုက်ရသည်။ သို့ပေမဲ့လည်း ဇူယွမ်ကိုကြည့်နေတဲ့ သူ့ရဲ့မျက်လုံးတွေက တဖြည်းဖြည်းနဲ့ပိုပြီးအေးစက်လာခဲ့ရသည်။
ဇူယွမ်က ဒါကိုမြင်လိုက်ရတဲ့အခါ သူ့အနေနဲ့ ချီယွဲ့နဲ့ဆက်ပြီး အချိန်ဖြုန်းလိုစိတ်မရှိတော့ပေ။ သူ့ရဲ့ခေါင်းက စုယုဝေ၊ ယန်ဇန်း၊ ဆောင်ချူရွှီနဲ့ ကျန်တဲ့လူတွေဘက်ကို ပြုံး၍လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်… “ဆက်လေ့ကျင့်ကြစို့… အချိန်ကသိပ်မကျန်တော့ဘူး…”
သူတို့တွေက အချိန် ၆ နာရီရရှိခဲ့ခြင်းဖြစ်ပြီး အခုအချိန်မှာ အချိန်ထက်ဝက်ကျော် ကုန်ဆုံးသွားခဲ့ရပြီပဲဖြစ်သည်။
“ကောင်းပြီ…”
ပါရမီရှင်အတန်းမှ ကျောင်းသားတွေက အလျင်အမြန်ပဲ တုံ့ပြန်ခဲ့လိုက်ကြသလို သူတို့ရဲ့စိတ်ဓာတ်တွေကလည်း နောက်တစ်ကြိမ်ပြန်လည်မြင့်တက်လို့လာခဲ့ရသည်။ သူတို့ရဲ့ ဇူယွမ့်အပေါ်ကြည့်တဲ့အကြည့်တွေက ယခင်အချိန်ကထက်စာလျှင် များစွာ ကွာခြားသွားခဲ့ရပြီဖြစ်သည်။
သို့ပေမဲ့လည်း ကျောင်းသားသစ်တစ်ယောက်အပေါ်မှာ စီနီယာကျောင်းသားတစ်ယောက်ရဲ့ ကြည့်ရှုစောင့်ရှောက်ခြင်းမျိုးတော့ အနည်းငယ်ကျန်ရှိနေပေသေးသည်။ ဒါ့အပြင်ကို ဇူယွမ်ရဲ့အောင်မြင်မှုက ချီယွဲ့နဲ့ ဒုတိယအတန်းကျောင်းသားတွေကို ခြောက်လှန့်နိုင်ခဲ့ရုံ သာမက ပါရမီရှင်အတန်းကကျောင်းသားတွေကိုလည်း သူ့အပေါ်မှာပိုပြီး လေးစားလာစေခဲ့သည်။
ဘေးမှာရပ်နေတဲ့ ချူထျန်းယန်က ပါရမီရှင်အတန်းကကျောင်းသားတွေ သူတို့ရဲ့စိတ်ဓာတ်ပြန်လည်မြင့်တက်လာတာကို မြင်လိုက်ရမှသာ သက်ပြင်းကျိတ်ချလိုက်မိသည်။ သူ့ရဲ့အကြည့်တွေက ရုတ်ချည်းဇူယွမ့်ထံကို ရောက်ရှိသွားသည့်အခါ ပိုပြီးကျေနပ်ပီတိ ဖြစ်ခဲ့ရပေသည်။
ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ ချီယွဲ့က ပါရမီရှင်အတန်းမှ ကျောင်းသားတွေရဲ့နှလုံးသားထဲမှာ လေးလံတဲ့ကျောက်တုံးကြီးတစ်ခုအလား ဖြစ်ပေါ်နေခဲ့ရပြီး သူတို့အနေနဲ့ သူ့အပေါ်ကို ဘယ်တော့မှအနိုင်မရရှိနိုင်တော့ဘူးလို့ ခံစားရစေခဲ့သည်။ ဒါပေမဲ့လည်း ဒီနေ့မှာတော့ ဇူယွမ်က ချီယွဲ့ကို ရိုက်ချဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ လူတိုင်းကို သိစေခဲ့သည်။
တောင်တစ်လုံးထက် အခြားတောင်တစ်လုံးက ပိုမြင့်နိုင်တယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပေသည်။ အရင်အချိန်တွေတုန်းက သူတို့ဘက်မှာ ချီယွဲ့ကို ယှဉ်ပြိုင်နိုင်မည့်သူ တစ်ယောက်မှ မပေါ်ထွက်လာခဲ့ပေ… ဒါပေမဲ့ အခုအချိန်မှာတော့…
အဲ့ဒီတစ်စုံတစ်ယောက်က နောက်ဆုံးမှာ ပေါ်ပေါက်လာခဲ့ပြီပဲ ဖြစ်သည်။ ချူထျန်းယန်က ဇူယွမ်ကို ကြည့်နေသကဲ့သို့ တိတ်တဆိတ်ပဲတွေးနေလိုက်မိသည်။
ကျောက်စိမ်းဝိညာဉ်ရေတံခွန်အောက်မှာတော့ ပါရမီရှင်အတန်းရဲ့ကျောင်းသားတွေက သူတို့ရဲ့လေ့ကျင့်မှုတွေကို နောက်တစ်ကြိမ် ဆက်လက်ပြုလုပ်နေလျက်ရှိပေသည်။ ရေတံခွန်မှရေတွေက သူတို့အပေါ်ကို ပြင်းထန်စွာစီးကျနေသလို ရေတံခွန်ထဲမှာ ရပ်နေကြတဲ့သူတို့ရဲ့ပုံရိပ်တွေကလည်း တဖြည်းဖြည်းနဲ့ ပိုပိုပြီးစွမ်းအားတွေမြင့်တက်လာခဲ့ကြရသည်။
ကျန်ရှိနေတဲ့ အချိန်အတွင်းမှာ ဇူယွမ်က တစ်ကြိမ်ကြိုးစားမှုတိုင်းမှာ သူ့ရဲ့တစ်နာရီဆိုတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး ဒီအချက်က လူတိုင်းကို လုံးဝအံ့အားသင့်စေခဲ့ရသည်။ သူဘယ်လိုလုပ်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း နားလည်နိုင်ခြင်းမရှိခဲ့ပေ။
ပိုပြီးအရေးကြီးတာက ဇူယွမ့်အနေနဲ့ တစ်နာရီကြာအောင်ခုခံပြီးတဲ့နောက်မှာတောင်မှ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအနည်းငယ်ကိုသာ မြင်ခဲ့ရသည့်အတွက်ပင်။ ဒါကိုကြည့်ခြင်းအားဖြင့် ရေတံခွန်က သူ့ကိုထိခိုက်ဒဏ်ရာရအောင် မပြုလုပ်နိုင်သည့်ပုံပင်။
ဒါ့ကြောင့်ပဲ ဇူယွမ်ကို ကြည့်နေကြတဲ့ သူတို့ရဲ့အကြည့်တွေထဲမှာ လေးစားမှုတွေပိုပြီးတိုးလာခဲ့ရသည်။
၆ နာရီကြာလေ့ကျင့်မှုက မကြာခင်မှာ အဆုံးသတ်ကို ရောက်ရှိလာခဲ့သည်။ ထို့နောက်မှာတော့ ပါရမီရှင်အတန်းရဲ့ကျောင်သားတွေက ဇူယွမ်ရဲ့ဦးဆောင်မှုနဲ့အတူ ဒုတိယအတန်းကျောင်းသားတွေကိုကျော်ဖြတ်ကာ ထွက်ခွာသွားခဲ့ကြသည်။
ဒုတိယအတန်းမှကျောင်းသားတွေက တိတ်ဆိတ်စွာဖြင့်ပင် သူတို့တွေထွက်ခွာသွားတာကို စောင့်ကြည့်နေခဲ့ကြသည်။
လျှိုစီက သူမရဲ့သွားတွေကို ဖိကိုက်လိုက်ပြီး မုန်းတီးစွာဖြင့်ပြောသည်… “အချိန်လေး တစ်နာရီလောက်တောင့်ခံနိုင်ခဲ့တာနဲ့ သူကတော်တော်လေး ပျော်ရွှင်သွားရတဲ့ပုံပဲ… သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ကိုဖွင့်နိုင်တာနဲ့ပဲ ထိပ်ဆုံးကိုရောက်သွားလိမ့်မယ်လို့ သူကအမှန်တကယ်များ ထင်နေတာလား…”
“ချီယွဲ့ နင်အနေနဲ့ ဇူယွမ်ဒီလိုမျိုး စိတ်ထင်တိုင်းလုပ်နေတာကို ခွင့်ပြုမပေးသင့်ဘူး…”
ချီယွဲ့က ခံစားချက်ကင်းမဲ့တဲ့ပုံစံဖြင့် အေးစက်စွာပြောသည်… “ဘယ်လိုဖြစ်လို့ ဒီလိုမျိုးဖြစ်သွားခဲ့ရတာလဲ…”
သူ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ရပြီး သူ့ရဲ့ခေါင်းကိုလှည့်ကာ လွန်စွာကြီးမားတဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို ကြည့်လိုက်မိသည်။ တစ်ခဏအကြာမှာ သူကအေးစက်စွာရယ်မောလိုက်ရင်းမှ ပြောလိုက်သည်… “ကြည့်ရတာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က သူ့အတွက်တော်တော်လေး အသုံးဝင်မယ်ထင်တယ်…”
သူ့ရဲ့မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်တွေ တလက်လက်တောက်ပလာခဲ့ပြီး လျှိုစီကိုကြည့်လိုက်ကာ ပြောသည်… “ပါရမီရှင်အတန်းအတွက် ၆ နာရီဆိုတာက နည်းနည်းတော့များတယ်လို့ နင်မထင်ဘူးလား…”
ဒါကို ကြားလိုက်ရတဲ့အခါ လျှိုစီရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ရပြီး… “နင်ဘာကိုဆိုလိုတာလဲ…”
ချီယွဲ့က ရယ်မောလိုက်သလို သူ့ရဲ့မျက်နှာပေါ်မှာလည်း မကောင်းတဲ့အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့သည်… “ဒီလိုကိစ္စတွေမဖြစ်ခင်ကတည်းက ဆရာရှုက ကျောက်စိမ်းဝိညာဉ်ရေတံခွန်အတွက် အချိန်ခွဲတာက မမျှတဘူးလို့ပြောတာကို ငါကြားခဲ့ရတယ်… အခြားအတန်းကဆရာတွေကလည်း ဒါနဲ့ပတ်သက်ပြီးတော့ တူညီတဲ့ထင်မြင်ချက်အချို့ရှိကြတယ်…”
“အရင်တုန်းက ပါရမီရှင်အတန်းရဲ့အရည်အချင်းက အခြားအတန်းတွေထက် တော်တော်လေးကိုမြင့်မားခဲ့တဲ့အတွက် ဘယ်သူကမှ ဒါကိုမပြောနိုင်ခဲ့ကြဘူး… ဒါပေမဲ့ လက်ရှိအချိန်မှာ ပါရမီရှင်အတန်းက ဒီလိုအရည်အချင်းမျိုးရှိသေးလို့လား…”
“သူတို့ကိုသူတို့ အတန်းတွေရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်ထားကြတဲ့သူတွေက လွန်ခဲ့တဲ့နှစ်နှစ်ဆက်တိုက် ငါတို့ဒုတိယအတန်းရဲ့ အနိုင်ယူမှုကို ခံခဲ့ရတယ်မလား…”
ချီယွဲ့က ထွက်ခွာသွားတဲ့ ဇူယွမ်နဲ့ပါရမီရှင်အတန်းကကျောင်းသားတွေကို ကြည့်လိုက်ရင်းမှ သူ့ရဲ့မျက်လုံးတွေက ပိုပြီးအေးစက်လာခဲ့ရကာ သူ့နှုတ်ခမ်းထောင့်စွန်းမှာလည်း လှောင်ပြောင်သရော်တဲ့အပြုံးတစ်ခုက ခိုတွဲလာခဲ့ရသည်။
“အခုအချိန်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အချိန်ခွဲဝေမှုပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးအချိန်လို့ ငါခံစားရတယ်…”