အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်၌ ကျင့်ကြံသူများစွာ စုစည်းရောက်ရှိနေကြပြီ ဖြစ်သည်။
လင်းထျန်ဟူက ထိုခရမ်းရောင်ဝတ်စုံနှင့်လူ၏ စကားကို ကြားသည့်အခါ သူ့မျက်လုံးထဲ၌ ကျေနပ်မှုအရိပ်အယောင် ဖြတ်ပြေးသွားသည်။
သို့သော် သူက ထပ်၍ မမေးပေ။သူက နေရာတစ်နေရာယူ၍ သူ့အောက်ရှိ ဝဲကတော့ကိုသာ ကြည့်နေတော့သည်။
နောက်ထပ်လူများ ထပ်၍ ရောက်မလာသည့်အခါ လင်းထျန်ဟူက မျက်မှောင်ကြုတ်မိ၏။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အကွာအတေးတစ်ခုထံသို့ လှမ်းကြည့်သည်။
သူသာမက ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုသည်လည်း မျက်မှောင်ကြုတ်နေ၏။သူကလည်း တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ ရှိနေ၏။
ရှေ့ဖြစ်ဟောသူကသာ ပုံမှန်အတိုင်း ရှိနေရင်း အေးဆေးစွာ စောင့်ဆိုင်းနေသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ကျင့်ကြံသူများသည် စောင့်ဆိုင်းနေကြရင်း စကားစမြည် ပြောလာကြ၏။အချို့ သေချာမသိသေးသူများကတော့ မည်သို့ ဖြစ်နေသည်ကို မသိကြပေ။ သူတို့အားလုံးက သည်စွမ်းအားကောင်းသည့် ကျင့်ကြံသူများ မည်သူ့ကို စောင့်နေသလဲဟု စိတ်ရှုပ်ထွေးမိနေကြသည်။
တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေကြစဉ်မှာပင် ရှေ့ဖြစ်ဟောသူက ခေါင်းမော့၍ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။
“သူ ရောက်လာပြီ…”
ရှေ့ဖြစ်ဟောသူ တစ်ခုခုကို သတိပြုမိပြီးနောက် ခရမ်းရောင်ဝတ်စုံနှင့်လူကလည်း အကွာအဝေးတစ်ခုသို့ လှမ်းကြည့်၏။သူကလည်း ဝမ်လင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများကို လင်းထျန်ဟူထံမှ သိနှင့်နေခဲ့ပြီး ဖြစ်၏။သူ့စိတ်ထဲကပင် ဝမ်လင်းကို အသိအမှတ်ပြုမိနေသေးသည်။
“ရှေ့ဖြစ်ဟောသူကို ဆန့်ကျင်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက်က ကျိန်းသေပေါက် အားနည်းမှာ မဟုတ်ဘူး…”
ထို့နောက် ကျန်သည့်သူများကလည်း တစ်ခုခုကို သတိပြုမိကာ အကွာအဝေးတစ်ခုထံသို့ တချိန်တည်းလိုလို လှမ်းကြည့်လိုက်ကြ၏။
အကွာအဝေးတစ်ခုထံမှ တဝီဝီအသံတစ်ခု ထွက်ပေါ်လာရင်း လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။ခဏအကြာတွင် ကျင့်ကြံသူများအားလုံးက သူတို့ရှေ့ရှိ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ပင့်သက်ရှိုက်မိသွားကြ၏။
သူတို့ထံသို့ ပေတစ်ထောင်ကျော် မြင့်မားသည့် ဧရာမဘီလူးကြီးတစ်ကောင်က တရကြမ်း တိုးဝင်လာနေ၏။
“ဘီလူးနတ်ဆိုးကလန် စီးတော်ယာဉ်…” လူအုပ်ထဲမှ တစ်ယောက်ယောက်က ထိုဘီလူးကြီး မည်သူမည်ဝါဖြစ်မှန်း ချက်ခြင်း သတိပြုမိသွား၏။
“ဒါက သာမန်ဘီလူးနတ်ဆိုးကလန်ဝင် တစ်ယောက် မဟုတ်ဘူး။ သူ့မျက်ခုံးနှစ်ခုကြားက အမှတ်အသားအရ သူက ဘီလူးနတ်ဆိုးကလန်ရဲ့ တော်ဝင်သွေးမျိုးဆက် ကလန်ဝင် တစ်ယောက်ပဲ ဖြစ်လိမ့်မယ်…”
“ဒီလို ဘီလူးနတ်ဆိုးကလန်ဝင်စီးတော်ယာဉ်ကို ပိုင်ဆိုင်ထားပုံအရ ဒီလူက စွမ်းအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါ သူ ဘယ်သူလဲတော့ မသိဘူး..”
“ဒီဘီလူးနတ်ဆိုးကလန်ဝင်က သူ့သွေးမျိုးဆက်စွမ်းရည်ကို သိသာစွာ အသုံးပြုထားတာပဲ။ဒါက သူ့ကို ပိုပြီး စွမ်းအားကောင်းစေတယ်။ ကျင့်ကြံသူတစ်ယောက်ကလည်း သူ့အပေါ်မှာ လိုက်ပါနေပုံထောက်တော့ ဒီလူက မရိုးရှင်းဘူး…”
ဘီလူးနတ်ဆိုးကလန်ဝင် ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြား စကားတွတ်ထိုးမှုများကိုပါ ဖြစ်ပေါ်သွားစေ၏။
ဘီလူးနတ်ဆိုးကလန်ဝင်စီးတော်ယာဉ် နီးကပ်လာချိန်၌ လူအချို့သည် ၎င်းအပေါ်၌ စီးနင်းလာသည်ကိုပါ တွေ့လိုက်ရ၏။
ပထမ၌ သူတို့က ဘီလူးနတ်ဆိုးကလန်ဝင်ပေါ်ရှိ ကျောပေါ်၌ လူလေးယောက်ကို အရင်ဆုံးတွေ့၏။ထိုလေးယောက်မှာ ထျန်ယွမ်ဂြိုဟ်ပတ်လည်၌ ကျော်ကြားလှသူများလည်း ဖြစ်ကြသည်။
“ချန်ညီကိုသုံးယောက်…”
“ချန်ညီကိုသုံးယောက်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွေ ဖြစ်ကြပေမဲ့ သူတို့က အမြဲတမ်း အတူလှုပ်ရှားကြတယ်။ သူတို့ စုပေါင်းတိုက်ခိုက်ရင် နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်တောင် သူတို့နဲ့ ရင်ဆိုဖို့ ခေါင်းခဲစရာ ဖြစ်သွားနိုင်တယ်…”
“သူတို့သုံးယောက်က ဘာကြောင့် ဒီဘီလူးစီးတော်ယာဉ်ပေါ်မှာ ရှိနေကြတာလဲ။ ဒီစီးတော်ယာဉ်က သူတို့ ပိုင်ဆိုင်တာများလား…”
“သူတို့ဘေးမှာလည်း ခေါင်းကြီးကျင့်ကြံသူတစ်ယောက်လည်း ရှိနေတယ်။ဒီလူ့က လူစိမ်းတစ်ယောက်ပဲ။ဒါပေမဲ့ သူလည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်မှာ ရှိနေတယ်…”
“နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်။ ဒီအင်အားက ခုဒီနေရာရှိ ကျင့်ကြံသူများကြား လှိုင်းထန်အောင် လုပ်နိုင်တယ်လို့တောင် ပြောနိုင်တယ်…”
ကျင့်ကြံသူများက ဘီလူးနတ်ဆိုးကလန်ဝင်၏ ကျောပေါ်ရှိ လူများကို ပို၍ ရှင်းလင်းစွာ တွေ့သည့်အချိန်၌ စကားတစ်ထိုးမှုများ တန့်သွားကာ သူတို့အားလုံး တုန်လှုပ်သွားမိကြ၏။
လင်းထျန်ဟူနှင့်အပေါင်းအပါများပင် မင်သက်လို့သွား၏။သူတို့မျက်လုံးကလည်း တောက်ပလာကြသည်။
လိုင်ဂျီသည် ပိုနီးကပ်လာနေရင်း သူတို့က ချန်ညီကိုသုံးယောက်နောက်၌ အနီရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။သူ့ခန္ဓာကိုယ်က တောင်ကဲ့သို့ ကြီးမားကာ အသွေးအသားပုံကြီးအလား။ သူ့ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ကျင့်ကြံမှုက ပျံ့လွင့်နေ၏။ ထိုအခါ ကျင့်ကြံမှုအဆင့်နိမ့်သူများ၏ စိတ်ကို တုန်ယင်စေတော့သည်။
“အရှင်ချိုင့်လေ…”
အရှင်ချိုင့်လေသည် ထျန်ယွမ်ဂြိုဟ်ပတ်လည်၌ အတော်လေး ကျော်ကြားသည့်သူ ဖြစ်သည်။ သူ ပေါ်လာသည်နှင့် လူတိုင်းက သူ့ကို မည်သူမှန်း သိရှိသွားကြသည်။
“အရှင်ချိုင့်လေက မမျှော်လင့်ဘဲ ဝမ်လင်းရဲ့ အကူပေးသူ ဖြစ်လာခဲ့တာပေါ့…” ဘူးသီးခြောက်ပေါ်ရှိ အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ချန်ညီကိုသုံးယောက်နှင့် ခေါင်းကြီးကောင်လေးတို့သည် သူ့ကို ချိန်းခြောက်နိုင်စွမ်း မရှိပေ။သို့ရာတွင် အရှင်ချိုင့်လေကမူ ကွာခြားသွားပေပြီ။
အရှင်ချိုင့်လေ ဘေး၌ လှပသောအမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။သူမ၏ အော်ရာကလည်း အတော်လေးကို ကြမ်းကြုတ်သည်။
“နောက်ထပ် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်…” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နောက်တစ်ကြိမ် အံ့အားတသင့် ဖြစ်မိကုန်ကြ၏။
သို့ရာတွင် ထိုငွေရောင်အမျိုးသမီးနှင့် အနည်းငယ်အကွာ၌ စစ်ထူနန်၏ မောက်မာသည့်ဟန်ပန်လည်း ရှိနေ၏။သူ့အသွင်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို နောက်တစ်ဖန် တုန်လှုပ်မိစေကုန်သည်။
“တတိယမြောက် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ…”
“ငါ ဒီလူ့ကို သိတယ်။သူက ထျန်ယွမ်ဂြိုဟ်ပတ်လည်မှာ ကျော်ကြားလာတာ သိပ်မကြာသေးဘူး။သူက ပန်းရောင်နန်းတော်ရဲ့ နန်းတော်ရှင် စစ်ထူနန် ဆိုသူပဲ…”
ထိုစကားကို ပြောလိုက်သည့် မိန်းမလှက မျက်မှောင်ကြုတ်၏။သူ့အကြည့်၌လည်း မနှစ်မြို့ဟန် ပါနေ၏။သူမက ထျန်ယွမ်ဂြိုဟ်တွင် နေထိုင်သူ မဟုတ်သော်လည်း ထိုသူ၏ အညှီအဟောက်များအကြောင်း ကြားသိခဲ့ရသည်သာ ဖြစ်သည်။သူမက ထိုသို့သော စွမ်းအားကောင်းသည့် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူက ဘာကြောင့်များ ပွေလီရလဲ နားမလည်နိုင်ပေ။
ရှေ့ဖြစ်ဟောသူက ဘီလူးနတ်ဆိုးကလန်ဝင်စီးတော်ယာဉ်ပေါ်ရှိ လူများကို တည်ငြိမ်စွာသာ ကြည့်နေ၏။သူ့အတွေးကို မည်သို့မျှ ပြောနိုင်လိမ့်မည် မဟုတ်ပါ။
နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူသုံးယောက် စုပေါင်းနေမှုက အတော်လေး တုန်လှုပ်စရာပင်။
“နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်၊ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်…၊ ဘယ်သူကများ သူတို့ခုနစ်ယောက်ကို အကူအညီပေးစေဖို့ ချိတ်ဆက်နိုင်ရတာလဲ…”
လိုင်ဂျီက အရှိလျော့ချ၏။ ဝမ်လင်း၏ ပုံရိပ်သည် လူတိုင်းရှေ့၌ ပေါ်လာခဲ့သည်။
သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူ့ဆံပင်များက ဝဲလွင့်နေသည်။သူ့အကြည့်က မထူးခြားနားဟန်နှင့် ရှိ၏။သူက လူတိုင်းကို တည်ငြိမ်စွာသာ ကြည့်သည်။
ဝမ်လင်း ပေါ်လာသည့်အခိုက်၌ အကြီးအကဲစွန် ပုခုံးပေါ်ရှိ ကြယ်အမှတ်အသားနှင့်ဖျံသည် ရုတ်တရက် ခေါင်းမော့လာ၏။ ၎င်း၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်း ဖြစ်ပေါ်လာသည်။၎င်း၏ ခန္ဓာကိုယ်က တုန်ယင်ကာ လှုပ်ရှားရန် ပြင်သည်။ သို့သော် ဝမ်လင်းက ယဉ်ကျေးသမှုနှင့် ပြုံး၍ ထိုခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲစွန်ထံသို့ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူက ပြန်ပြုံးရ၍ ခေါင်းညိတ်၏။သူ့ ပုခုံးပေါ်ရှိ ကြယ်အမှတ်အသားနှင့် ဖျံ၏ ထူးဆန်းစွာ တုန့်ပြန်မှုသည် သူ့ကို အာရုံစိုက်သွားစေသည်။
သို့ရာတွင် ထိုအခိုက်၌ ၎င်းဖျံက ပုံမှန်အတိုင်း ပြန်ဖြစ်ကာ မည်သည့်မူမမှန်မှုကိုမှ မပြသတော့ပေ။ ထိုအဖြစ်က အကြီးအကဲစွန်ကို စိတ်ရှုပ်ထွေးသွားစေသည်။
ဝမ်လင်းအသွင်ဟန်ပန်က လူတိုင်း၏ အကြည့်အောက်၌ပင် အေးဆေး ရှိနေ၏။သူက ရှေ့ဖြစ်ဟောသူနှင့် ကျန်သည့်သူများထံသို့ လက်နှစ်ဖက်ယှက်၍ တည်ငြိမ်စွာ ဆိုသည်။
“ရှေ့ဖြစ်ဟောသူ၊ဓားသူတော်စင်နဲ့ စီနီယာရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်။ ငါ ရောက်လာတာ အနည်းငယ် နောက်ကျသွားခဲ့တယ်…”
လင်းထျန်ဟူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူ့အကြည့်ထဲ၌ လန့်နေသည့် အရိပ်အယောင်ပင် ပါနေသည်။သူက သူကြုံခဲ့ရသည့် အလင်းတန်းအကြောင်း လုံးဝ မေ့နိုင်မည် မဟုတ်ပေ။
သူ ဝမ်လင်းကို ကြည့်ပုံကြည့်နည်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။သူက ဝမ်လင်းအပေါ် ရန်မစလိုတော့ပေ။ သူက ပြုံး၍ ခေါင်းယမ်းကာ ဆိုလာသည်။ “ရောင်းရင်းကျင့်ကြံသူဝမ်က အတော်လေး ယဉ်ကျေးနေပါပြီ။ ငါ့ကို စီနီယာလို့ သုံးနှုန်းဖို့ မလိုပါဘူး။ ဒီအဘိုးအိုကို လင်းထျန်ဟူ လို့ပဲ ခေါ်နိုင်ပါတယ်…”
သူ ထိုသို့ပြောလိုက်ချိန်၌ ကျင့်ကြံသူများကြား လှုပ်ခတ်သွားစေတော့၏။ လူတိုင်း၏မယုံကြည်နိုင်ဟန်အကြည့်များက ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။
လင်းထျန်ဟူသည် ရှေ့ဖြစ်ဟောသူ ပြီးလျှင် ဒုတိယလိုက်သည့် ကျင့်ကြံသူ မဟုတ်လား။သူ့စွမ်းအားသည် မေးခွန်းထုတ်ဖို့ပင် မလိုပေ။ လူအနည်းငယ်ကသာ သူ့ထံမှ ရောင်းရင်းကျင့်ကြံသူ ဟု ခေါ်ဆိုဖို့ ထိုက်တန်ပေသည်။
လင်းထျန်ဟူ ထံမှ ရောင်းရင်းကျင့်ကြံသူ ဟု အသုံးအနှုန်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ကို တုန်လှုပ်သွားစေသည်။
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်နေ၏။အစကနေ အဆုံးထိ သူ့အသွင်က ပြောင်းလဲမှု မရှိပေ။သူ့ပုံစံက လွန်ခဲ့သော လအတော်အတန်က ဘာကိစ္စမှ သူနှင့်ဝမ်လင်းကြား မဖြစ်ပျက်ခဲ့သည့်အလား ရှိနေ၏။သူက ခေါင်း အနည်းငယ် ညိတ်ပြ၏။
ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။သူက ဘူးသီးခြောက်ပေါ်မှ အဘိုးအိုနှင့် သက်လတ်ပိုင်းအရွယ် လှပသည့်အမျိုးသမီးတို့ကိုလည်း နှုတ်ဆက်လိုက်၏။ထို့နောက် သူက အကွာအဝေးတစ်ခု၌ ရှိနေသော အနက်ရောင်ဝတ်စုံနှင့်လူထံသို့လည်း ပြုံး၍ နှုတ်ဆက်ဟန် ပြုသည်။
ထိုလူကလည်း ဝမ်လင်းကို ပြန်နှုတ်ဆက်ဟန် ပြု၏။သို့သော် သူ့အသွင်က အေးဆက်နေဆဲပင်။
“လူစုံပြီဆိုတော့ ငါတို့ အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို ဖွင့်လှစ်ကြမယ်…”
ရှေ့ဖြစ်ဟောသူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံသက်တန့်တစ်ခု စုစည်း၍ တုန်ကင်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။ထိုတုန်ကင်က သူ့လက်ဝါးအရွယ်မျှသာ ရှိ၏။သို့သော် ခုနစ်ရောင်စုံ တောက်ပနေသည်။ လူတိုင်း၏အမြင်က ထိုတောက်ပမှုကြောင့် ကျိန်းစပ်သွား၏။ထိုတုန်ကင်က ဝဲကတော့ထံသို့ ပျံသန်းသွားချေသည်။
ခုတစ်ကြိမ်က အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ခြင်း မဟုတ်သည့်အတွက် နေရာတိုင်းရှိ ရတနာများကို ဆွဲငင်သည် ပင်လယ်ဒီရေသည် မြင့်တက်မလာခဲ့ပေ။ထိုအစား တုန်ကင်က ပင်လယ်ရှိ ဝဲကတော့ထဲသို့ နစ်မြုပ်ကာ ပြောင်းပြန်လည်ပတ်သည့် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုပြောင်းပြန်ဝဲကတော့ မြန်ဆန်စွာ ချဲ့ကားကာ အနက်ရောင်တွင်းပေါက်တစ်ခု ပွင့်ဟလာတော့၏။ ထိုတွင်းပေါက်အတွင်းမှ ဝမ်လင်းနှင့် ရင်းနှီးသော နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အော်ရာ ထွက်ပေါ်လာနေသည်။
“ကောင်းကင်ဘုံလှိုဏ်ဂူလေးခုကို ဖွင့်လှစ်နိုင်မှသာ ငါးခုမြောက်လှိုဏ်ဂူကို ဖွင့်နိုင်လိမ့်မယ်…။ဒီအဘိုးအိုက အရင်ဆုံးဝင်သွားပြီး လူတိုင်းရှိက သတင်းကောင်းကို စောင့်ဆိုင်းနေမယ်…” ရှေ့ဖြစ်ဟောသူက သုံးမြှောင့်ခရင်းပေါ်၌ ရပ်နေရင်း အနက်ရောင်တွင်းပေါက်ထဲသို့ လှမ်းဝင်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ခုနစ်ရောင်စုံသက်တံနှင့် လွှမ်းခြုံနေ၏။
ဝမ်လင်းအကြည့်က ထိုခရင်းပေါ်သို့ ကျရောက်သွား၏။သူက ထိုခရင်းကို အစောကတည်းက သတိပြုမိခဲ့ပေသည်။၎င်းခရင်းထံမှ သူနှင့် ရင်းနှီးသော အော်ရာတစ်ခု ထွက်ပေါ်နေသည်ကို သိနေ၏။ထိုခရင်းမှာ ရှေးဟောင်းနတ်ဘုရားထူစီ သန့်စင်မွန်းမံထားသည့် ရတနာတစ်ခု ဖြစ်နေနိုင်ပေသည်။
***