အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးနေ၏။မျက်စိတစ်မှိတ်အတွင်း စစ်ထူနန်သည် ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်၌ နေထိုင်သည်မှာ နှစ်လတာ ရှိခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် ကောင်းကင်ဘုံကံကြမ္မာကလန်မှ အတားအဆီးအစီအရင်သည် ပွင့်ဟလာကာ ရှေ့ဖြစ်ဟောသူကိုယ်တိုင် ဖိတ်ကြားချက်များကို ပေးပို့လာခဲ့သည်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မှီသည့် လူတိုင်းသည် ထိုဖိတ်ကြားချက်များကို လက်ခံရရှိခဲ့ကြသည်။
“ဆယ်ရက်အတွင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ပွင့်ဟမယ်။ ငါတို့ ကောင်းကင်ဘုံလှိုဏ်ဂူထဲ ဝင်ရောက်ကြမယ်…”
ထိုဖိတ်ကြားချက်၌ အထက်ပါ စာသားသာ ပါ၏။သို့သော် ထိုဖိတ်ကြားမှုကို လက်ခံရရှိသူများကြား မုန်တိုင်းထန်စေခဲ့ပေပြီ။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်းရှိ ကောင်းကင်ဘုံလှိုဏ်ဂူသည် အနှီမွန်းစတားအိုကြီးများကြား လျှို့ဝှက်ချက် မဟုတ်ပေ။သူတို့အားလုံးနီးပါးက အချို့အဝက်ကို သိရှိထားကာ ကုန်းမြေအတွင်း၌ အသက်ရှင်နေသေးသော ကောင်းကင်ဘုံသားရှိမည်ဟု အချို့က ခန်းမှန်းကြသည်။
အများစုသည် ထိုကောင်းကင်ဘုံသားမှာ ကောင်းကင်ဘုံအင်ပါယာချင်းလင် ဖြစ်မည်ဟု ထင်ကြေးပေးထားကြသည်။
သို့ရာတွင် ထိုအရာက မှန်းဆချက်မျှသာ ဖြစ်သည်။မည်သူကမျှ သက်သေမပြနိုင်ပေ။သို့သော် မှန်းဆချက်မျှသာ ဖြစ်သော်လည်း ထိုအချက်ဖြင့်ပင် မွန်းစတားအိုကြီးများ၏ စိတ်နှလုံးကို လှုပ်ခတ်ကာ သွေးများ ဆူပွက်စေပေသည်။
ထိုကောင်းကင်ဘုံလှိုဏ်ဂူထဲ၌ ကောင်းကင်ဘုံရတနာများ၊မန္တာန်များ ရှိနေမည်။သို့သော် ထိုအရာများက မွန်းစတားအိုကြီးများ၏ အာရုံကို အဓိက ဆွဲဆောင်ခြင်းတော့ မဟုတ်ပါ။
သူတို့ကို အမှန်တကယ် စိတ်လှုပ်ရှားစေသည်က ထိုလှိုဏ်ဂူအတွင်း၌ မှန်းဆချက်တစ်ခု ဖြစ်သည့် သက်ရှိထင်ရှားရှိနေသော ကောင်းကင်ဘုံသားသာ ဖြစ်ချေ၏။
ထိုလှိုဏ်ဂူထဲရှိ ပုဂ္ဂိုလ်ကသာ ကောင်းကင်ဘုံနယ်မြေလေးခုတွင် အသန်မာဆုံး အင်ပါယာချင်လင်းသာ ဖြစ်ခဲ့ပါက သူတို့သည် သူ့ခန္ဓာကိုယ်ပေါ်၌ တတိယအဆင့်ကို ရောက်ရှိဖို့ လျှို့ဝှက်ချက်ကို ရှာတွေ့ကောင်း တွေ့နိုင်သည်ဟု ထင်မှတ်ထားကြသည်။
ထိုအချက်ကသာ ရှေ့ဖြစ်ဟောသူကဲ့သို့ မွန်းစတားအိုကြီးများကို အမှန် ဆွဲဆောင်သည့်အချက် ဖြစ်ချေ၏။
မရေမတွက်နိုင်သော နှစ်များစွာ စူးစမ်းရှာဖွေမှုများအရ မွန်းစတားအိုကြီးများထဲမှ အချို့သည် ထိုလှိုဏ်ဂူထဲ၌ ချင်းလင်း ရှိနေသည်ဟု မှတ်ယူ၍ရသော အချက်အလက်တော်တော်များများကို ရရှိခဲ့ပေသည်။
ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြီးနောက် မသေဆုံးခဲ့ခြင်း ဆိုသည့်အချက်ကပင် ချင်းလင်၏ ကျင့်ကြံခြင်းသည် မည်မျှ သန်မာသည်ကို ပြသနေသည်။သူက နယ်မြေပြိုကျပျက်စီးမှုအတွင်း မသေဆုံးခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရပေမည်။ထို့ကြောင့် သူက တံခါးပိတ်ကျင့်ကြံဖို့ နေရာတစ်ခု ရှာကိုရှာရမည်။ထိုလက္ခဏာရပ်အားလုံးက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ ကောင်းကင်ဘုံလှိုဏ်ဂူကို ညွှန်ပြနေသည်။
ထို့အပြင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ အကြိမ်များစွာ ဝင်ရောက်ပြီးသည့်နောက် မွန်းစတားအိုများက လှိုဏ်ဂူထဲရှိ ပုဂ္ဂိုလ်မှာ ခုထိ ပြန်ကောင်းမွန်ခြင်း မရှိသေးကိုလည်း သေချာလုနီးပါး သိရှိနေကြသည်။
ရှေ့ဖြစ်ဟောသူ ဖိတ်ကြားချက်ကို ပေးပို့သည့်အချိန်၌ လင်းထျန်ဟူသည် သူ့ဂြိုဟ်၏ အတွင်းနက်ပိုင်းကနေ ပြန်ထွက်လာ၏။နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေနှင့် ပတ်သတ်၍ သူ့ထံ၌ ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိထားသည်။သူကလည်း သူ့ဖိတ်ခေါ်မှုများကို ပေးပို့ကာ သူ့မိတ်ဆွေများပါ ရောက်ရှိလာဖို့ စောင့်ဆိုင်းနေလေ၏။
ဤသို့ဖြင့် ထျန်ယွမ်ဂြိုဟ်ပေါ်သို့ ကျင့်ကြံသူတော်တော်များများ ရုတ်တရက် ရောက်ရှိလာကြ၏။အများစုမှာ အခြားဂြိုဟ်များမှ ဖြစ်နေသည်။အလွန်နည်းပါးသည့်သူများကသာ ဖိတ်ကြားခံရကာ အများစုသည် ဖိတ်ကြားခြင်း မရှိဘဲ ရောက်ရှိလာကြသူများပင်။
အမှန်တော့ အပြင်လူများသည် သည်အကြောင်းကို သိဖို့ မဖြစ်နိုင်ပေ။သို့သော် ခုချိန်၌ အလုံးစုံကောင်းကင်နှင့်မဟာမိတ်တို့ကြား စစ်ပွဲသည် ပို၍ ကြမ်းလာနေ၏။တခါတရံ စစ်ပွဲအသေးစားများကနေ အလယ်အလတ်လောက်ထိ တိုက်ပွဲများ ဖြစ်လာခဲ့၏။ထို့အတွက်ကြောင့် အားကောင်းသောကျင့်ကြံသူအချို့ပါ ကိုယ်တိုင်ထွက်လာရ၏။ထို့အပြင် ရှေ့ဖြစ်ဟောသူ၏ မဟာမိတ်မှအကြီးအကဲ တစ်ယောက်အဆင့်အတန်းကြောင့် အချို့ကျင့်ကြံသူများသည် အခွင့်အရေးကို ကြားဖြတ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။
ဆယ်ရက်သည် မြန်ဆန်စွာ ကုန်ဆုံးသွား၏။ကျင့်ကြံသူများက ဝင်ပေါက်၌ စုဝေးနှင့်နေကြပြီ။ ကျင့်ကြံသူများ ဆက်၍ ရောက်ရှိလာကြရင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ဝင်ပေါက်၌ လူများ ပိုပိုများပြားလာသည်။
ထျန်ယွမ်ဂြိုဟ် နယ်နိမိတ်အတွင်းမှ ကျင့်ကြံသူများလည်း ရောက်ရှိလာကြသည်။သူတို့အားလုံးက ထိုကုန်းမြေ ပွင့်ဟချိန်၌ ရရှိမည့် အကျိုးအမြတ်အချို့ကို ဖမ်းဆုပ်နိုင်မည့် အခွင့်အရေးကိုလည်း မျှော်လင့်ထားကြသည်။
ဆယ်ရက်မြောက်နေ့၌ ရှေ့ဖြစ်ဟောသူ ရောက်ရှိလာသည်။သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရောက်ရှိလာချိန်၌ အလွန်တည်ငြိမ်လျက် ရှိသည်။သူ့မီးခိုးရောင်ဆံပင်များက လွင့်ဝဲလို့နေသည်။
ထို့အပြင် သူ့ခြေထောက်အောက်၌ သုံးမြှောင့်ခရင်းတစ်ခုလည်း ရှိနေ၏။သူ့ခြေလှမ်းတိုင်းသည် ထိုခရင်းပေါ်သို့ ကျရောက်နေ၏။
ကျင့်ကြံသူအားလုံးသည် ရှေ့ဖြစ်ဟောသူက ရတနာများ အသုံးပြုခဲလှသည်ကို သိရှိထားကြသည်။သူက သူ့မရေမတွက်နိုင်သောမန္တာန်များဖြင့်ပင် လောကကို တုန်လှုပ်စေနိုင်သည့်သူ မဟုတ်လား။
ခုချိန်၌ လူတိုင်း၏အကြည့်က ရှေ့ဖြစ်ဟောသူ ခြေထောက်အောက်မှ သုံးမြှောင့်ခရင်းပေါ်သို့ အာရုံရောက်နေ၏။သူတို့အားလုံးက တုန်လှုပ်နေမိသည်။သို့သော် မည်သူကမျှ ထိုအကြောင်းနှင့် ပတ်သတ်၍ မဟပေ။သူတို့က ရှေ့ဖြစ်ဟောသူ နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ထက်သို့ ရောက်ရှိဖို့အတွက် လမ်းရှင်းပေးကြသည်။
ရှေ့ဖြစ်ဟောသူ၏ အောက်၌ အရှေ့ပိုင်းနတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ရှိနေသည်။ထိုနေရာရှိ ဝဲကတော့က မည်သည့်စုပ်အားမှ ရှိမနေပါ။၎င်းဝဲကတော့သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ပေါက်ဂိတ် ဖြစ်ချေ၏။
ရှေ့ဖြစ်ဟောသူ၏ ဟန်ပန်က ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်စေသည်။သူ ဘာတွေးနေသည်ကိုလည်း မည်သူမျှ မသိနိုင်ပေ။သူက စဉ်းစားသည့်ဟန်ပန်ဖြင့် အရှေ့ပိုင်းနတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကိုသာ စူးစိုက်ကြည့်လို့နေသည်။
သိပ်မကြာခင်တွင် အကွာအဝေးတစ်ခုမှ မွန်းစတားအိုများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။သူတို့ထဲမှ တစ်ယောက်သည် ဝမ်လင်း ပြန်ရောက်လာချိန်၌ ဘူးသီးခြောက်ပေါ်၌ ထိုင်နေသည့် ကျင့်ကြံသူအဘိုးအိုပင်။
ခုချိန်၌ သူ့နောက်၌ သူ့ကလန်မှ လူကိုးယောက်ပါလာ၏။သူကလည်း အရှေ့ပိုင်းစိတ်ဝိညာဉ်ပင်လယ်အထက်သို့ တက်၍ ရှေ့ဖြစ်ဟောသူကို နှုတ်ဆက်သည်။
ရှေ့ဖြစ်ဟောသူက ပြုံး၍ ခေါင်းညိတ်ပြသည်။သူတို့က စကားဆက်၍ ဆိုမနေကြပေ။
ဆယ့်ငါးမိနစ်ခန့်ကြာမြင့်ပြီးနောက် အကွာအဝေးတစ်ခုမှ အနီရောင်တိမ်တိုက်များ ထွက်ပေါ်လာသည်။ထိုတိမ်တိုက်မှာ မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ထိုအနီရောင်တိမ်တိုက်ပေါ်၌ လှပသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ရှိနေသည်။သူမနောက်၌ မိန်းမလှလေးယောက် ပါလာ၏။ထိုအမျိုးသမီးသည် အရင်တုန်းက ဝမ်လင်းကို ဖိတ်ခေါ်ခဲ့ဖူးသည့်သူပင်။ သူမနောက်မှ ပါလာသည့် အမျိုးသမီးလေးယောက်ထဲမှ ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီးသည် ပတ်ဝန်းကျင်ကို တစ်ခုခုရှာဖွေသကဲ့သို့ ဟိုဟိုဒီဒီ ကြည့်နေ၏။
သူမက တောက်ပသောလေဟာနယ်သခင်မဟု လင်းထျန်ဟူ ထင်ကြေးပေးထားခဲ့သူပင်။
ထို့နောက် မွန်းစတားအိုအချို့ ထပ်ရောက်လာသည်။သူတို့က မွန်းစတားအိုဟု ရည်ညွှန်းရသော်လည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၌သာ ရှိကြသည်။သူတို့ ရောက်ရှိလာပြီးနောက် သူတို့ မိတ်ဆွေအပေါင်းအပါများနှင့် စကားစမြည် ဆိုနေကြသည်။
သူတို့ထဲမှ အများစုသည် ထျန်ယွမ်ဂြိုဟ်မှ ကျင့်ကြံသူများ မဟုတ်ကြပေ။သူတို့က အုပ်စုလေးများဖွဲ့၍ ရှိနေကြ၏။
သိပ်မကြာခင်တွင် ကျယ်လောင်စွာ တဝီဝီမြည်ဟိန်းသည့် အသံတစ်ခုကို ကြားလိုက်ရကာ ရွှေရောင်အလင်းတန်းများ တဝီဝီနှင့်ဖြတ်၍ အရှေ့ပိုင်းနတ်ဆိုးပင်လယ်ထက်၌ စုဝေးလာသည်။
ထိုရွှေရောင်အလင်းတန်းများ စုစည်းမိချိန်၌ တောက်ပစွာ ဖျပ်ခနဲ လင်းလက်သည်။
ထိုရွှေရောင်အလင်းထဲမှ လူတစ်ယောက်သည် ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာသည်။သူ့ဆံပင်များက လေမတိုက်ဘဲ လွင့်ဝဲနေ၏။သူက ကောင်းကင်ဘုံစစ်သည်တစ်ယောက်အလား။
သူ့ပုံစံက အသက်လေးဆယ် ဝန်းကျင်ခန့်ရှိပေမည်။ သူ့ထံမှ ထည်ဝါမှုကို ပေးစွမ်းနေသည်။
သည်နေရာ၌ ကျင့်ကြံသူများစွာ ရှိနေကြ၏။သို့သော် သူတို့က ထိုလူ၏ အကြည့်ကို တွေ့ဆုံသည်နှင့် ချက်ခြင်း ခေါင်းငုံ့မိကြသည်။
ထိုလူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ပုခုံးထက်၌ မျက်လုံးသုံးလုံးဖျံ တစ်ကောင် ရှိနေသည်။ထိုဖျံ့၏ အကြည့်က လျှပ်စီးကဲ့သို့ပင်။
ထိုလူပေါ်လာသည်နှင့် ရှေ့ဖြစ်ဟောသူက ခေါင်းမော့ကာ မျက်မှောင်အနည်းငယ် ကျုံ့သွား၏။
ဘူးသီးခြောက်ပေါ်ရှိ အဘိုးအို၏အသွင်ကလည်း သုန်မှုန်သွားသည်။
ခရမ်းရောင်ဝတ်စုံနှင့်လူက ပြုံး၍ ဆိုလာသည်။ ရောင်းရင်းကျင့်ကြံသူ “ရှေ့ဖြစ်ဟောသူ…ငါတို့ မတွေ့ရတာ နှစ်ပေါက်နေပြီ။ ဒီနေ့ ငါက ဒီကိုလာဖို့ ဖိတ်ကြားခံရလို့ အမှီလာခဲ့ရတာပဲ…”
“အကြီးအကဲစွန်က ယဉ်ကျေးနေပါပြီ…” ရှေ့ဖြစ်ဟောသူက ထိုပုဂ္ဂိုလ်ကို တည်ငြိမ်စွာ ကြည့်နေသည်။
ခရမ်းရောင်ဝတ်စုံနှင့်လူ၏ ပုခုံးထက်ရှိ ကြယ်အမှတ်အသားနှင့်ဖျံ့က သူ့ပတ်လည်ကို ကြည့်နေ၏။
အကြီးအကဲစွန်ပေါ်လာသည့်နောက် သိပ်မကြာခင်မှာပင် ဓားစွမ်းအင်များ ပေါ်လာ၏။ အကွာအဝေးတစ်ခု၌ တောက်ပသော ဓားစွမ်းအင်များသည် ကောင်းကင်ထက်၌ ပြည့်လာသည်။ထို့နောက် အနီရောင်ချီလင်သားရဲသည် မိုးကုပ်စက်ဝိုင်းထက်၌ ပေါ်လာခဲ့ချေ၏။
ထိုချီလင်ထက်၌ ပိန်ပါးပါးအဘိုးအိုတစ်ယောက် ထိုင်နေသည်။သူသည် လူကိုယ်တိုင် ရောက်မလာခင်မှာပင် သူ့ရယ်သံကို အရင်ကြားရ၏။
“အစ်ကိုစွန်က မြန်လှပါလား…”
ခရမ်းရောင်ဝတ်စုံနှင့်လူက ပြုံး၍ ဆိုသည်။ “ဓားသူတော်စင်က ဖိတ်ကြားစာ ပို့မှတော့ ငါက ရောက်လာရတာပေါ့။ ငါသာ မဟုတ်ဘူး။ သင့် ဖိတ်ကြားမှုကို လက်ခံရရှိတဲ့ အခြားတစ်ယောက်လည်း ရှိသေးတယ်…”
ဓားသူတော်စင်၏မျက်လုံးထဲ၌ တောက်ပမှုတို့ ရှိနေသည်။သူ့မျက်လုံးထဲ၌ ကျေနပ်မှုအရိပ်အယောင် ဖြတ်ခနဲ သန်းသွားသည်။
ခုချိန်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်း၌မူ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားနေ၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို နိုင်ငံကိုးခုအဖြစ် ပိုင်းခြားထားသည်။သို့ရာတွင် ခုချိန်၌ မီးနိုင်ငံနှင့်ကောင်းကင်နတ်ဆိုးနိုင်ငံကြား၌ သူတို့ကိုယ်သူတို့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ခေါ်တွက်ကြသည့် ကလန်တစ်ခုသည် စွမ်းအားထောက်တိုင်တစ်ခုအဖြစ် အသစ်ပေါ်လာခဲ့ပေသည်။
ထိုမျိုးနွွယ်စုက အတော်လေး ရန်လို၏။ လူမြောက်များစွာကို ဝါးမြိုပြီးသည့်နောက် သူတို့က နိုင်ငံနှစ်ခုအတွင်း အလွန်အားကောင်းလာခဲ့ကြသည်။
သူတို့ကလန်၌ မျိုးနွယ်စုဝင် သန်းချီရှိ၏။ထိုမျိုးနွယ်စုကြီးက နိုင်ငံနှစ်ခုကိုပင် ခြိမ်းခြောက်မှုပေးသည့် အရာ ဖြစ်လာခဲ့သည်။သို့ရာတွင် ထူးဆန်းသည်က ရှေးဟောင်းနတ်ဆိုးများက သည်မျိုးနွယ်စုကြီးကို ဆန့်ကျင်မှု မလုပ်ဘဲ ငြိမ်ပေးနေခြင်းပင်။လူတိုင်းသည် ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်ဒွိဟ ဖြစ်ရသည်။
နိုင်ငံနှစ်ခု၏ စစ်တပ်များ အလန့်ဆုံးက သည်မျိုးနွယ်စုဝင်တိုင်း၌ အားကောင်သောမန္တာန်များ ရှိနေခြင်း ဖြစ်၏။သူတို့က မကြာခဏ အလံကြီးများကို ထုတ်ယူသည်နှင့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများသည် ၎င်းအလံများထံကနေ ပျံသန်းထွက်လာကြသည်။၎င်းစိတ်ဝိညာဉ်အပိုင်းအစများသည် ပေါင်းစပ်၍ စိတ်ဝိညာဉ်သားရဲများအဖြစ် ပြောင်းလဲကာ ရန်သူများကို ဝါးမြိုကြသည်။
အထူးငဖြင့် ခေါင်းဆောင်ပိုင်းအချို့၌ အံ့မခန်းစွမ်းအား ပိုင်ဆိုင်ထားခြင်းပင်။ ဆယ့်သုံးလို့ ခေါ်သည့် လူသည် စိတ်ဝိညာဉ်အပိုင်းအစများကို အရူးအမူး စုစည်း၍ နတ်ဆိုးဗိုလ်ချုပ်များကိုပါ အထိတ်တလန့် ဖြစ်စေသည့်အထိပင်။
သည့်အပြင် မျိုးနွယ်စုခေါင်းဆောင် ချူယောင်ဟွာလည်း ရှိသေး၏။သူ့ထံ၌ အလံပေါင်း (၉၉)ခု ရှိသည်။သူက အလံများကို ထုတ်ယူသည်နှင့် စိတ်ဝိညာဉ်အစိတ်အပိုင်းသန်းချီကို အမိန့်ပေး ဆင့်ခေါ်ကာ တိုက်ခိုက်နိုင်သည်။သူက ထိတ်လန့်ဖွယ် ရန်သူတော် တစ်ယောက်အဖြစ် နိုင်ငံနှစ်ခုက မှတ်ယူကြသည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ လူများသည် ကျင့်ကြံသူများနှင့် ကွာခြားလှသော်လည်း သူတို့၏ ကျင့်ကြံမှုနှုန်းက ကျင့်ကြံသူများနှင့် မယှဉ်သာသော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ တိုးတက်မှုက အံ့မခန်းမြန်ဆန်နေသည်။ဆိုလိုသည်က သူတို့သည် သည်နှစ်ရာချီအတွင်း စိတ်ဝိညာဉ်အပိုင်းအစများစွာကို စုပ်ယူနိုင်ခဲ့ပြီး ဖြစ်သည် ဟူ၍ပင်။
ထိုအရာက အမှန်ပင်။ စိတ်ဝိညာဉ်မျိုးနွယ်စုများက နတ်ဆိုးနိုင်ငံကိုးခုလုံး၌ အကိုင်းအခတ်များ ရှိနေလေပြီ။သူတို့က သည်နှစ်ရာချီတစ်လျှောက် ရှေးဟောင်းတိုက်ပွဲများ၊နိုင်ငံနှစ်ခုကြားရှိ စစ်ပွဲတိုင်း၊ အခြားမျိုးနွယ်စုများကြား တိုက်ပွဲအားလုံးကို ထောက်လှမ်းခဲ့ကြကာ စိတ်ဝိညာဉ်အပိုင်းအစများစွာကို စုပ်ယူမှု ပြုခဲ့ကြ၏။
ယနေ့၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များသည် သူတို့၏ နေရာကနေ အားလုံးနီးပါး ထွက်ရှိလာကြ၏။ မျိုးနွယ်စုဝင်သန်းချီက အလံကြီးများ ကိုင်ဆောင်ကာ မီးနတ်ဆိုးနိုင်ငံ ရှိရာသို့ တန်းတန်းမတ်မတ် ချီတက်လာနေကြ၏။
မီးနတ်ဆိုးနိုင်ငံ၌ ရှေးဟောင်းနတ်ဆိုး မရှိတော့ပေ။လွန်ခဲ့သောနှစ်ရာချီ အတိတ်တုန်းက ထိုနိုင်ငံသည် သင်းကွဲသွားခဲ့၏။မူလတုန်းက ကောင်းကင်နတ်ဆိုးနိုင်ငံက ၎င်းမီးနတ်ဆိုးနိုင်ငံကို သိမ်းပိုက်ထားခဲ့၏။သို့သော် သူတို့၏ဆုံးရှုံးမှုက ကြီးမားလှသည့်အတွက် သူတို့သည် အချိန်တိုအတွင်း ပြန်တည်ဆောက်နိုင်ကြခြင်း မရှိပေ။အဆုံးသပ်၌ ကောင်းကင်နတ်ဆိုးနိုင်ငံသည် မီးနတ်ဆိုးနိုင်ငံအပေါ် လက်လျော့ခဲ့တော့သည်။
ထိုအချက်က စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုအတွက် အခွင့်အလမ်း ဖြစ်လာခဲ့သည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ချူယောင်ဟွာနှင့်ဆယ့်သုံးတို့သည် မျိုးနွယ်စုခေါင်းဆောင်များနှင့်အတူ မီးနတ်ဆိုးနိုင်ငံနှင့် တိုက်ပွဲ စတင်ခဲ့ကြ၏။
ထိုကြီးမားလှသည့်မျိုးနွယ်စု စစ်တပ်ကြီး၏ အလယ်၌ အနက်ရောင်ရောင်ရုပ်တုတစ်ခုကို သယ်ဆောင်လာကြ၏။ မျိုးနွယ်စုဝင်တိုင်းက ထိုရုပ်တုကို လေးစားသမှုနှင့် ကြည့်ကြသည်။နှစ်ပေါင်းများစွာအတွင်း မည်သူကမျှ ထိုရုပ်တုနှင့် ပတ်သတ်၍ မေ့ပျောက်မသွားကြပေ။ထိုရုပ်တုအဖြစ် ထုထားသည့် ပုဂ္ဂိုလ်ကို အခြေခံ၍ အမျိုးမျိုးသော ဒဏ္ဌာရီများလည်း ဖြစ်ပေါ်ခဲ့သည်။
ထိုရုပ်တုက သူတို့စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ စိတ်ဝိညာဉ်ပင်။ထိုရုပ်တုပိုင်ရှင်က သူတို့မျိုးနွယ်စု၏ ဘုရင်တစ်ပါး တစ်ပါး ဖြစ်သလို သူတို့၏ ဘိုးဘေးလည်း ဖြစ်သည်။လူသန်းချီ၏ နှစ်ပေါင်းများစွာ အလေးအမြတ်ပြုမှုက ထိုရုပ်တုကို ထူးဆန်းသောစွမ်းအားတစ်ခု ရရှိလာစေခဲ့လေ၏။
“ဘိုးဘေး ထွက်သွားခဲ့ပြီ။ ဒါပေမဲ့ ငါတို့က ဘိုးဘေး ပြန်လာလိမ့်မယ်လို့ ယုံကြည်တယ်။ဘိုးဘေးက ငါတို့နဲ့ ပတ်သတ်လို့ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး…”
***