Switch Mode

အပိုင်း (၁၀၄၅)

အမူးသောက်ခြင်း

စစ်ထူနန်က ခါးသက်စွာ ပြုံးသည်။သူက အရက်ခွက်ကို ကောက်ကိုင်လိုက်၏။အရက် တစ်စက်မျှ မကျန်တော့ပေ။ထို့အတွက် သူက သိုလှောင်အိတ်ထဲမှ အရက်အိုးကြီးတစ်လုံးကို ထပ်ထုတ်လိုက်ကာ ခွက်ထက်မထည့်ပဲ နှုတ်ခမ်းထောင့်ပေသည့်အထိ တစ်ကျိုက်မော့သောက်ချသည်။

အရက်အိုးကို ပြန်ချပြီးနောက် သူက သက်ပြင်းချကာ ဆိုသည်။ “ကံကောင်းစွာနဲ့ ဒီအဘိုးအိုက တော်လို့ပေါ့။ငါက ဒီအဆိပ်ကို ခုခံနိုင်ဖို့ အဆုံးစွန်နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တယ်။ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ငါ့ရဲ့ ကိုယ်လုပ်တော်အဖြစ် အသုံးချပြီး အထူးစုံတွဲကျင့်ကြံခြင်းနည်းလမ်းနဲ့ ငါက ဒီခုနစ်ခုမြောက်ကောင်းကင်ဘုံအဆိပ်ကို လှုံ့ဆော်ပြီး ဒီအဆိပ်ကို ပထမအဆင့်မှာပဲ ရှိစေနိုင်ခဲ့တယ်။ ဒါက ဒီနေ့ထိ ဒီအဆိပ်ကို ငါ ဘယ်လို တောင့်ခံခဲ့လဲ ဆိုတာပဲ…”

ဝမ်လင်းမျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်သည် ပေါက်ကွဲထွက်လာခဲ့သည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း မေးလိုက်၏။ “ဒီဖန်လန်ဂြိုဟ်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတွေ ရှိလား…”

စစ်ထူနန်က ခေါင်းယမ်းကာ ပြောသည်။ “ဘာနိဗ္ဗာနဖြိုခွဲခြင်းအဆင့်မှ မရှိဘူး။ အများဆုံးမှ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်ပဲ။ နိဗ္ဗာနသန့်စင်ခြင်း နောက်ဆုံးအဆင့်၊ဒါမှမဟုတ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေတောင် တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ဖန်လန်ဂြိုဟ်ပေါ်မှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့် တော်တော်များတယ်။သူတို့ရဲ့ အကူအညီပေးသူတွေကိုပါ ထည့်ပေါင်းရင် ဆယ်ယောက်ကျော်လောက် ရှိမယ်…”

ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ ခေါင်းညိတ်ပြရင်း ပြောသည်။ “ငါတို့ ဒါကို လက်စားပြန်ချေမယ်။ဒါပေမဲ့ ပိုပြီးအရေးကြီးတာက ခုချိန်မှာ ငါတို့ သင့်ရဲ့အဆိပ်ကို ဘယ်လို ထုတ်ပယ်ရမလဲ ဆိုတာပဲ…”

စစ်ထူနန်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလာသည်။ “ငါ့မှာ ဒါနဲ့ ပတ်သတ်လို့ စဉ်းစားထားတဲ့ အစီအစဉ်တွေတော့ ရှိတယ်။ဒီဖန်လန်ဂြိုဟ်က အမျိုးသမီးတွေရှိမှာ ဒီအဆိပ်ရှိပေမဲ့ ဖြေဆေးတော့ မရှိဘူး။အစစ်အမှန် ဖြေဆေးက ကောင်းကင်ဘုံနယ်မြေမှာ ဖြစ်နိုင်တယ်။ မိုးကောင်းကင်ဘုံနယ်မြေ ဖွင့်ဟတာနဲ့ ငါ အဲ့နေရာကို သွားပြီး အဆိပ်ဖြေဆေးကို ရှာနိုင်မှာပါ…”

ဝမ်လင်းအသွင်က ပြောင်းလဲသွားကာ သူက မေးလာသည်။ “ကောင်းကင်ဘုံနယ်မြေ…ဒီအဆိပ်ကို မိုးကောင်းကင်ဘုံနယ်မြေက သန့်စင်ခဲ့တာလား…”

စစ်ထူနန်က ခေါင်းညိတ်ကာ ပြောသည်။ “ငါတွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအရ ဒီအဆိပ်ကို မိုးကောင်းကင်ဘုံနယ်မြေကနေ သန့်စင်ခဲ့တာပဲ…”

ဝမ်လင်းသည် စဉ်းစားသွားသည်။သူ့ထံ၌ ကျောက်ရီထံမှ စေတီ ခုထိ ရှိနေဆဲပင်။ထိုစေတီထဲ၌ ကောင်းကင်ဘုံအရှင်သခင်ချင်းရှောင်၏ အလောင်း လှဲလျောင်းလျက် ရှိ၏။ချင်းရှောင်သည် မိုးကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံအရှင်သခင်တစ်ယောက် ဖြစ်ခဲ့သူပင်။

“အတိတ်တုန်းက ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ အသန်မာဆုံးကောင်းကင်ဘုံအင်ပါယာ ချင်းလင်ရဲ့ ဆန်းကြယ်လှိုဏ်ဂူ တည်ရှိမှုကို ညွှန်ပြခဲ့တဲ့ သဲလွန်စအချို့ကို ရှာတွေ့ခဲ့တယ်။ဒီချင်းလင်က ချင်းရှောင်ရဲ့အဖေပဲ။ သူ့မှာ သူမကို အသက်ပြန်ရှင်စေဖို့ နည်းလမ်းတစ်ခုခု ရှိနိုင်တယ်။ သူမသာ အသက်ပြန်ရှင်လာတာနဲ့ ဒီအဆိပ်နဲ့ ပတ်သတ်လို့ ဖြေရှင်းနိုင်ပြီ…”

ဝမ်လင်းသည် စစ်ထူနန်ကို ကြည့်နေ၏။သူ့မျက်လုံးက တောက်ပနေသည်။သူက ဖြည်းဖြည်းချင်း ဆိုသည်။ “ဖြစ်နိုင်တာက ငါတို့ မိုးကောင်းကင်ဘုံနယ်မြေကို အဆိပ်ဖြေဆေးရှာဖို့အတွက် သွားစရာ မလိုလောက်တော့ဘူး…”

ဝမ်လင်းက စစ်ထူနန်ကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဖြစ်ပျက်ခဲ့သည့်အရာများကို ပြောပြလိုက်သည်။

စစ်ထူနန်သည် နားထောင်နေရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ရှိနေသည်။ဝမ်လင်း စကားစသပ်သည့်အခါ သူက အနည်းငယ် စဉ်းစားလိုက်ပြီး ပြုံး၍ ဆိုသည်။ “ဒါ သိပ်ကောင်းတယ်။ ငါမင်းနဲ့အတူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို လိုက်ခဲ့မယ်။ခု ငါတို့က ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ သဘောပဲ…”

“ဖန်လန်ဂြိုဟ်ကတော့ တို့လက်က မလွတ်နိုင်ပါဘူး…” ဝမ်လင်းမျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်သည် အားကောင်းလှ၏။သူက အမြဲတမ်း သူ့အား လာရောက်ရန်မစပါက အခြားသူများနှင့် ပတ်သတ်၍ စိတ်မဝင်စားခဲ့ပေ။သို့ရာတွင် စစ်ထူနန်ကို ခုလို အခြေအနေသို့ တွန်းပို့စေခဲ့ခြင်းက သူ့ သည်းခံနိုင်စွမ်းကို လာရောက်ထိပါးခြင်းပင်။

သူတို့က တောင်ထိပ်ပေါ်၌ စကားပြောကြရင်း သောက်ကြရင်းဖြင့် နေထွက်ချိန်သို့ပင် ရောက်လာသည်။ စစ်ထူနန်က နောက်ဆုံးလက်ကျန်အရက်အိုးကို အစဖြတ်လိုက်ပြီးနောက် သူက ဝမ်လင်းက ထူးဆန်းစွာ ပြုံး၍ ကြည့်သည်။ “ငါ ပြောမယ်…ညီလေးလင်း…ဖြစ်နိုင်တာက မင်းက သစ်သားတုံး မဟုတ်တော့ဘဲ ဉာဏ်ပေါက်လာပြီ မလား…”

ဝမ်လင်းသည် ကြောင်သွားသည်။သူက သူ့နှာခေါင်းကို ယောင်၍ ပွတ်မိသည်။သူက စစ်ထူနန်၏ ဆိုလိုရင်းကို နားမလည်ပေ။

“ကြောင်တောင်တောင် လုပ်မနေပါနဲ့။မင်းက ရေစိတ်ဝိညာဉ်ဂြိုဟ်ကို ရောက်နေတာ ဟိုဂျူနီယာမိန်းကလေးနှစ်ယောက်ကြောင့် မဟုတ်ဘူးလို့ ကတိပေးရင်တောင် ငါ မင်းကို မယုံဘူး…” စစ်ထူနန်က ပြုံးတုံ့တုံ့လုပ်၏။

“ငါ မူလတုန်းက ဒီမိန်းကလေးနှစ်ယောက်ကို မင်းအတွက် ကိုယ်လုပ်တော် ဖြစ်စေဖို့ လာသိမ်းပိုက်တာ။ ဒါပေမဲ့ မင်းက ငါ့ထက် လက်သွက်နေမယ်လို့ ငါ မထင်ထားမိဘူး။ မင်းက ဒီနေရာကိုတောင် ကြိုရောက်နေခဲ့တယ်။ မင်း ခုလိုမျိုး ပြောင်းလဲလာတာ ကောင်းပါတယ်။ဒါပေမဲ့ ငါ မင်းကို ဆူရဦးမယ်။မင်း ဒီမိန်းကလေးတွေနဲ့ ကစားမနေသင့်ဘူး။ ငါသာဆိုရင် လိုချင်တာ တိုက်ရိုက် ယူပြီးပြီး…”

“သူမဘက်က ဆန္ဒမရှိရင်လား။ ဟင်း …သူမက ဆန္ဒမရှိရင်တောင့် ဒီအဘိုးအိုအတွက် သူမ ဆန္ဒရှိလာအောင် လုပ်ဖို့က ဘာမှ မခက်ဘူး…” စစ်ထူနန်က နှာခေါင်းရှုံ့ကာ စကားဆက်၍ ဆိုသည်။ “အတိတ်တုန်းက ငါ ဟင်္သာပြဒါးဂြိုဟ်မှာ ရှိနေခဲ့တုန်းက ငါ ဒီလိုမျိုး အကြိမ်များစွာ လုပ်ခဲ့ဖူးတယ်။ငါသာ သူတို့ကို သိမ်းပိုက်လိုက်ရင် ဘယ်သူက ဘာပြောဝံ့မှာတုန်း…”

ဝမ်လင်းသည် မချင့်ပြုံးသာ ပြုံးမိတော့၏။သူက စစ်ထူနန်ကို များစွာ နားလည်၏။ထို့ကြောင့် စစ်ထူနန် လုပ်ခဲ့သည့်အရာများအပေါ် သံသယ မရှိပေ။သူက ချောင်းဟန့်ကာ ခေါင်းယမ်း၍ ဆိုသည်။ “ငါ ဒီဂျူနီယာမိန်းကလေးနှစ်ပေါ်အပေါ် ဘာအတွေးမှ မရှိဘူး။ သူတို့ထဲက တစ်ယောက်က ငါနဲ့ ကံကြမ္မာရေစက် ရှိရုံပဲ။ဒါပေမဲ့ တာအိုလက်တွဲဖော်အဖြစ်တော့ မဟုတ်ဘူး…”

ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်လင်းအသွင်က တမျိုးဖြစ်သွား၏။သူက ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားထဲရှိ လီမူဝမ်အကြောင်းကို တွေးမိသွားသည်။ထို့နောက် သူ့ကို စိတ်ရှုပ်ထွေးစွာ ခံစားရစေသည့် လျှိုမေအကြောင်းကိုလည်း တွေးမိသည်။လျှိုမေအကြောင်းတွေးမိသည်နှင့် သူသည် အမြဲနာကျင်ရသည်။

“တကယ်တော့ လျိုမေက မသေသင့်ခဲ့ဘူး…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။

စစ်ထူနန်က ဝမ်လင်းမျက်လုံးထဲ၌ နက်ရှိုင်းစွာ ဖုံးကွယ်နေသော နာကျင်မှုကို မြင်နိုင်ပေသည်။သူလည်း သက်ပြင်းချမိ၏။သူက ဝမ်လင်းနှင့်လျိုမေတို့ကြား ကိစ္စကို အနည်းငယ် သိထားခဲ့ပေ၏။ထို့ကြောင့်လည်း သူက သူ့ညီအတွက် သင့်တော်သော အမျိုးသမီးကျင့်ကြံသူတစ်ယောက် ရှိစေလိုကာ ရှာဖွေပေးနေခြင်းပင်။ထိုမှသာ ဝမ်လင်းသည် အနှီဝမ်းနည်းမှုမှ ကင်းကွာစွာ လျှောက်လှမ်းနိုင်မည်ဟု သူ ထင်ထားသည်။

ဝမ်လင်း၏ အချစ်ခရီးလမ်းသည် အလွန်ဝမ်းနည်းဖွယ် ကောင်းခဲ့၏။လီမူဝမ်သည် သူ့အတွက် ကောင်းချီးပေးသော လက်တွဲဖော်ဟု သိလာခဲ့ချိန်၌ သူမသည် သူ့အား ခွဲခွာသွားခဲ့သည် မဟုတ်လား။

လျိုမေနှင့်သူ့ကြားရှိ ပတ်သတ်မှုကတော့ သူ့ကို အတော်လေး နာကျင်မှုကိုသာ ဖြစ်စေခဲ့သည်။သူက ဝမ်ပိုင်၏ မကျေမချမ်းမှုကို ဖြေလျှော့ရန် နှစ်တစ်ရာ တိတိ အသုံးပြုခဲ့၏။သို့သော် မည်သို့ပင်ဖြစ်စေ ဝမ်လင်းသည် သူ့စိတ်နှလုံးထဲရှိ နာကျင်မှုကို မဖြေရှင်းနိုင်ခဲ့ပေ။

သူက စားပွဲပေါ်ရှိ နောက်ဆုံးလက်ကျန် အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်ချ၏။သူက ဘန်းခနဲ အရက်အိုးကို ပြန်ချကာ ရယ်မောဟားတိုက်၍ ဆိုသည်။ “စစ်ထူ…သင်က ငါ့ကို ကျင့်ကြံခြင်းလောကဟာ ရက်စက်မှုတွေနဲ့ ပြည့်နှက်ပြီး ကြီးနိုင်ငယ်ညှင်းဥပဒေသ ကြီးစိုးတယ်လို့ သင်ကြားပေးခဲ့တဲ့လူ။ လူတစ်ယောက်က အနည်းငယ် ဂရုမစိုက်မိတာနဲ့ ဒုက္ခရောက်သွားနိုင်တယ်လို့ သင် ဆိုခဲ့တယ်။ မင်းသာ အသက်ရှင်ချင်ရင် ပိုပြီး ရက်စက်ကြမ်းကြုတ်ဖို့ လိုမယ်။ အဲ့လိုဖြစ်မှ မင်းအတွက် ရှင်သန်နိုင်မယ့် အရည်အချင်းရှိမယ်တဲ့…”

“ငါက ရက်စက်တတ်ဖို့လဲ သိလာခဲ့ပြီ။ငါ့ နှစ်ပေါင်း၁၃၀၀ ကျော် ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက် သတ်ဖြတ်မှုများစွာလည်း ပြုလုပ်ခဲ့ပြီးပြီး။ ငါက အထီးကျန်မှုကိုလည်း နားလည်ခဲ့ပြီ။ဒါပေမဲ့ ငါ့မှာ ဆုံးရှုံးမှုတွေ များလွန်းနေတုန်းပဲ…”

“ငါ့ ငါ့မိဘတွေ၊ငါ့မိသားစု၊ငါ့ချစ်သူ၊ငါ့ကလေး(လျိုမေနဲ့အမှတ်မထင်ရခဲ့သော ကလေး)၊ငါ့ပျော်ရွှင်မှုနဲ့ အရာအားလုံးကို ဆုံးရှုံခဲ့ဖူးပြီ။ တခါတလေ ငါ့ကိုယ်ငါ မေးချင်တာက ငါက ဘာအတွက် ရှေ့ဆက်နေတာလဲ…”

စစ်ထူနန်သည် ဝမ်လင်းကို ငြိမ်သက်၍သာ ကြည့်နေ၏။သူက စကားဆိုရန် ပါးစပ်ဟသည်။သို့သော် သူက တစ်ခွန်းမှ မပြောခဲ့ပေ။သူက အမြဲတမ်းမောက်မာကာ မာနကြီးမြင့်၏။သို့သော် ဝမ်လင်းစကားလုံးများက သူ့စိတ်နှလုံးကို လှုပ်ခတ်စေပေသည်။

“ငါ့အမေနဲ့အဖေ သေဆုံးခဲ့ချိန်က ငါဟာ ဘာမှ သောက်သုံးမကျလောက်အောင် အားနည်းခဲ့တယ်၊ဒါ့ကြောင့် ဒီအဖြစ်ကို ငါ ဘာမှ မပြောင်းလဲနိုင်ခဲ့ဘူး…”

“လီမူဝမ် သေဆုံးတဲ့အချိန်မှာ ငါက ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေမယ့်လည်း သူမကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကနေ ပြန်ထုတ်ယူနိုင်ခဲ့တယ်။ငါက သူမ အိုမင်းပြီး သေဆုံးတဲ့အချိန်ထိ ဒီအတိုင်း စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ်…”

“ ငါနဲ့လျိုမေကြား မတော်တဆမှုကြောင့် သူမဟာ ငါ့အသွေးအသားနဲ့ ကိုယ်ဝန်ရသွားခဲ့တာကို သင် မသိပါဘူး။ဒါပေမဲ့လည်း သူမက ငါ့ရှိကို နှစ်ရာချီမကျေမချမ်းမှုတွေ စုပ်ယူထားတဲ့ ငါ့သွေးသားစိတ်ဝိညာဉ်ကို ပေးခဲ့တယ်လေ။ဒီကလေးက သူ့အဖေကို မကျေမချမ်းမှုတွေနဲ့ပေါ့…”

“ဒါတွေအားလုံးဟာ ကျင့်ကြံခြင်းကြောင့် ဖြစ်လာရတာ။ငါသာ မကျင့်ကြံခဲ့ရင် ခုချိန်မှာ မြေကြီးထဲ ရောက်နေပြီး ဒီလိုဝမ်းနည်းစရာတွေ ဘာတစ်ခုမှ ငါ့အပေါ်မှာ ဖြစ်လာခဲ့မှာ မဟုတ်ဘူး…”

ဝမ်လင်းမျက်နှာပေါ်၌ ခါးသီးမှုတို့ ပြည့်နေသည်။သူက ထိုအကြောင်းများကို ကမ္ဘာပေါ်ရှိ မည်သူ့ကိုမျှ ပြောမပြခဲ့ပေ။ခုချိန်၌ သူ့ခါးသီးမှုများကို ပေါက်ကွဲကာ စစ်ထူနန်ရှေ့၌ အန်ထွက်ထွက်လာခဲ့လေပြီ။

စစ်ထူနန်ကသာ သူ့အပြစ်ကင်းဆင်းခဲ့သည့် ဆယ်ကျော်သက်အရွယ်ကနေ စလို့ နောက်ဆုံးဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာလာပြီး စစ်မှန်သည့် ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် လျှောက်လမ်းခဲ့သည်ကို သိရှိနေခဲ့သည့်သူ မဟုတ်လား။

စစ်ထူနန်သည် စဉ်းစားနေရင်း အရက်အိုးကို ကောက်ယူကာ ဝမ်လင်းကို ကမ်းပေးလိုက်၏။

ဝမ်လင်းသည် အရက်အိုးကို ယူကာ ပါးစပ်အပြည့် မော့သောက်ချပြီး သူက ရယ်မောကာ ဟစ်ဆိုသည်။ “ကျင့်ကြံသူတွေက သောက်တဲ့အချိန် မူးတာကို မခံစားရဘူး…”

သူက ခြောက်ကပ်ကပ် ရယ်မော၏။သူ့ရယ်သံထဲ၌ ခါးသီးမှုနှင့် ဝမ်းနည်းမှုတို့ အပြည့်ပင်။

“မင်းမူးချင်ရင် မူးစေရမယ်…” စစ်ထူနန်က သူ့သိုလှောင်အိတ်ထဲမှ ခရမ်းရောင်ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်၌ တင်လိုက်၏။

“ဒါက ကောင်းကင်ဘုံနယ်မြေမှာ ဖော်စပ်ထားတဲ့ အရက်ပဲ။ဒီအရက်က အများကြီး မကျန်တာ့ဘူး။ငါက ဒါကို မတော်တဆ တွေ့ခဲ့ပြီ။ဒါက ကျင့်ကြံမှုအဆင့်ကို မတိုးတက်နိုင်ပေမဲ့လည်း ဒီအရက်တစ်စက်နဲ့တောင် မင်းက သေမျိုးတွေလို အရက်မူးသွားဖို့ လုံလောက်တယ်…” စစ်ထူနန်က ထိုအရက်ပုလင်းကို ဝမ်လင်းထံသို့ ကမ်းပေးလိုက်သည်။

“ဝမ်လင်း မင်းနဲ့ငါ ဒီနေရာမှာ အမူးသောက်ကျတာပေါ့…”

ဝမ်လင်းသည် အရက်ပုလင်းကို လှမ်းယူကာ ကြည့်ပင်မကြည့်ပဲ မော့ချ၏။ပူရှရှအရက်များသည် သူ့လည်ချောင်းတစ်လျှောက် ခပ်ပြင်းပြင်း စီးဆင်းသွားသည်။သည့်နောက် သူ့ဝမ်းဗိုက်ထဲမှ လေပူတစ်ချက် မြင့်တက်လာသည်။

“ကျင့်ကြံခြင်း၊ကျင့်ကြံခြင်း…သင်သိလား…ငါ့အသိဟောင်းတစ်ယောက်ရဲ့ အရိုးပြာကို သူ့မွေးရပ်မြွေရှိ ပြန်ပို့ပေးခဲ့ဖူးတယ်။ အဲ့အချိန်က ငါ ကြားခဲ့ရတဲ့စကားက ဘာလဲဆိုတာ သင် သိလား စစ်ထူ…”

ဝမ်လင်းသည် အရက်ပုလင်းကို ကောက်ယူကာ နောက်တစ်ကြိမ် မော့ပြန်သည်။သူ့မျက်လုံးထဲ၌လည်း ခါးသီးမှုတို့သာ ရှိနေသည်။

ဝမ်လင်းသည် စွန်ထိုင်၏ အရိုးပြာကို သူ့မွေးရပ်မြေသို့ ပြန်ပို့ပေးချိန် သူကြားခဲ့သည့် သီချင်းစာသားကို ဝမ်းနည်းမှုအပြည့်နှင့် ပြန်ညည်းဆိုသည်။ စစ်ထူနန်က ထို သီချင်းကို ကြားသည့်အခါ သူ့လက်သည် တုန်ယင်လို့နေ၏။

“နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခြင်း။ ငါက ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်ကို ရောက်ဖို့ သေရေးရှင်ရေး အခြေအနေတွေ ဘယ်လောက်များများကို ရင်ဆိုင်ခဲ့ရလဲ။ဒါက ထိုက်တန်ပါရဲ့လား။ငါ ဒါကို မမွေးဝံ့ဘူး။ ငါသာ မကျင့်ကြံခဲ့ရင် ငါရရှိခဲ့မယ် ပျော်ရွှင်မှုတွေ အကြောင်း ငါ မတွေးဝံ့ဘူး…”

“ငါ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝကို လျှောက်လှမ်းပြီးကတည်းက အေးအေးဆေးဆေး နေရဖို့ ခက်ခဲလွန်းခဲ့ပြီ။ငါက ဆက်ပြီးတော့ ဒီလိုအရာများစွာကို ရင်ဆိုင်နေရဦးမှာပဲ။ ငါသာ ယဉ်ကျေးနေရင် သိမ်မွေ့နေရင် ငါ ဆက်ပြီး ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး…”

“စစ်ထူ…ငါ့မှာ သင် လုံးဝ မတွေ့ခဲ့ဖူးတဲ့ ကလေးတစ်ယောက် ရှိခဲ့ဖူးတယ်။သူ့နာမည်က ဝမ်ပိုင်တဲ့။ငါက သူ့ကို သေမျိုးတစ်ယောက်ရဲ့ ပျော်ရွှင်အေးချမ်းတဲ့ ဘဝမျိုးကို လျှောက်လှမ်းစေခဲ့ပြီး လုံးဝမကျင့်ကြံစေခဲ့ဘူး။သူ့သက်တမ်းတစ်လျှောက်မှာ သူက ငါ့ကို ဘာကြောင့် မကျင့်ကြံခိုင်းရလဲ သုံးကြိမ်တိတိ မေးခဲ့ဖူးတယ်။ ဘာကြောင့်လဲ။ ငါ ဘာလို့ သူ့ကို မကျင့်ကြံခိုင်းလဲ…ဘာလို့လဲ ဆိုတော့ သူ့ကို ငါ့လိုမျိုး မဖြစ်လာစေချင်လို့ပဲ…”

ဝမ်လင်းသည် အရက်ပုလင်းကို ကောက်ကိုင်ကာ မော့ချပြန်သည်။သူက သူ့ခေါင်းထဲ၌ ရီဝေဝေ ဖြစ်မှုကို ခံစားနေရသည်။

“ငါ ရှာဖွေနေတဲ့အရာက ဘယ်သူမှ နားမလည်နိုင်တဲ့ အရာတစ်ခုပဲ။ ငါ့ရည်ရွယ်ချက်၊ရှာဖွေမှုဘာလဲဆိုတာ ငါ တစ်ယောက်ပဲ သိတယ်…”

ထိုသို့ ဆိုနေရင်း ဝမ်လင်း၏ ခန္ဓာကိုယ်သည် ယိုင်ထိုးနေချေပြီ။သူ မူးနေလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset