Switch Mode

အပိုင်း (၁၀၄၄)

အဆိပ်

သူ့ညာလက်သီးကို စုပ်ကာ ဝမ်လင်းသည် ရှေ့သို့ လှမ်း၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံကြီး မြည်ဟိန်းထွက်သွားသည်။ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်ကြီးသည် ဝမ်လင်းရှေ့၌ ပေါ်လာကာ ထိုလက်သီးချက်သည် ရှေးဟောင်းနတ်ဘုရား၏လက်သီးချက် ဖြစ်သွားသကဲ့သို့ပင်။

ဘုန်း…ဘုန်း…ဘုန်း…။ မြေပြင်ထုပင် အက်ကွဲစေမည့် အသံသည် အခြားအသံများကို ဖုံးလွှမ်းကာ လူတိုင်း၏ နားထဲ၌ မြည်ဟိန်းပဲ့တင်ထပ်စေသည်။

တောင်စိတ်ဝိညာဉ်များကို စုစည်းထားသည့် စစ်ထူနန်၏ တောင်တုန်ခါခြင်းလက်ချောင်းသည် ဝမ်လင်း၏ လက်သီးချက်နှင့် ထိပ်တိုက်တွေ့လေသည်။ပြင်းထန်သောတုန်ခါလှိုင်းကြောင့် ဂြိုဟ်ပေါ်ရှိ ပင်လယ်ပြင်ထုပင် လှိုင်းထန်ရသည်။

စစ်ထူနန်က ရယ်မော၍ နောက်ဆုတ်၏။သူ့မျက်လုံးထဲ၌ လေးစားမှုတို့ ဖြစ်ပေါ်နေသည်။သူက ပြုံး၍ ဆိုသည်။ “ငါတို့မတွေ့ရတာ အချိန်ကြာခဲ့ပြီ။ဝမ်လင်း မင်းက ငါ့ကို ဒီနေ့မှာ တကယ့် အံ့အားသင့်စေခဲ့တာပဲ…”

ဝမ်လင်းသည်လည်း နောက်ဆုတ်၍ ရယ်မောကာ ဆိုသည်။ “ကြည့်ရတာ သင်က ဒီနှစ်ရာချီမှာ တံခါးပိတ်ကျင့်ကြံခဲ့တယ်နဲ့ တူတယ်…”

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေရင်း ပျော်ရွှင်ဟန် ပြုံးနေကြ၏။ဝမ်လင်းသည် ခုလိုမျိုး မပျော်ရွှင်ရသည်မှာ အချိန်ကြာလှခဲ့လေပြီ။ သူနှင့်စစ်ထူနန်တို့ ပြည်လည်စုံစည်းမှုသည် သူတို့နှစ်ယောက်ကြား ရင်းနှီးမှုကို ပြန်တွေးမိစေကာ သူ့စိတ်နှလုံးကိုလည်း နွေးထွေးစေသည်။

စစ်ထူနန်သည်လည်း တူတူသာ ဖြစ်၏။သူက အလွန်မောက်မာကာ ရင်းနှီးသည့်သူ အလွန်ရှားလှ၏။ ဝမ်လင်းသည် သူ့ဘဝ၌ သေရေးရှင်ရေး အခိုက်အတန့်များကို အတူဖြတ်သန်းခဲ့သည့်သူ မဟုတ်လား။သူက ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့် ခုလောက်ထိ မြင့်မားလာသည်ကို တွေ့သည့်အခါ အလွန်ပျော်ရွှင်နေမိသည်။

ဝမ်လင်း၏ ဖိတ်ခေါ်မှုဖြင့် သူတို့နှစ်ယောက်သည် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားကြသည်။ဤနေရာရှိ လူတိုင်းသည် စိတ်ရှုပ်ထွေး၍ ကျန်ခဲ့ကြသည်။

အထူးသဖြင့် ချန်ညီကိုသုံးယောက်ပင်။သူတို့က ရုတ်တရက်ပြောင်းလဲမှုကြောင့် မင်သက်မိနေကြ၏။သည့်နောက် သူတို့သုံးယောက်က ညစ်ပြုံးပြုံးမိကြ၏။သူတို့သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် အကင်းပါးကြသည်မှာ ပြောစရာပင် မလိုပေ။ခုချိန်၌ စစ်ထူနန် ကျောက်ရွှဲ့နှင့်လင်းအာတို့ကို သူ့ညီအတွက် ဆိုပြီးခေါ်သွားခဲ့ခြင်းမှာ ဝမ်လင်းအတွက်ဖြစ်မှန်း သိခဲ့ကြပေပြီ။

အရှင်ချိုင့်လေသည် ခါးသီးစွာပြုံး၍ ခေါင်းယမ်းသည်။ထို့နောက် သူက စစ်ထူနန်၏ မန္တာန်ထဲမှ လှမ်းထွက်လာသည့် ငွေရောင်အမျိုးသမီးကို ကြည့်၏။သူ့စိတ်ထဲ၌ သံသယဖြစ်မှုကို ခံစားမိသည်။

သူတို့အားလုံးက လူပြန်ခွဲသွားကြ၏။ခုချိန်၌ ဝမ်လင်းနှင့်စစ်ထူနန်တို့သည် ဝမ်လင်း နေသာသောည မန္တာန်ကို နားလည်ခဲ့သည့် တောင်ထိပ်ပေါ်၌ ထိုင်နေကြသည်။

သူတို့နှစ်ယောက်ကြား၌ စစ်ထူနန် ယူဆောင်လာခဲ့သော အဖြူရောင်ကျောက်စိမ်းစားပွဲနှင့်အရက်အိုးတစ်လုံး ရှိနေ၏။စစ်ထူနန်က အရက်တစ်ကြိုက်သောက်၍ ဆိုလာသည်။ “မင်း ထျန်ယွမ်ဂြိုဟ်ကို သွားပြီးတဲ့နောက် ဒီလိုကိစ္စတွေအများကြီး ဖြစ်လာခဲ့လိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။မင်းသာ ငါ့နောက်ကို လိုက်ခဲ့ရင် ဘုရာတစ်ပါးလို ပျော်ရွှင်စွာ နေနိုင်မှာ…”

ဝမ်လင်းက အရက်ခွက်ကို ကောက်ကာ မော့သောက်၏။သူက ခေါင်းယမ်း၍ ဆိုလာသည်။ “ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ဖြစ်ခဲ့တဲ့ မထင်ထားခဲ့တဲ့ ကိစ္စတွေကြောင့်သာ မဟုတ်ရင် ငါ့ခုလက်ရှိကျင့်ကြံမှုအဆင့် ရှိလာမှာ မဟုတ်ဘူး…”

စစ်ထူနန်က ပြုံး၏။ထို့နောက် သူက အရက်ခွက်ကို ပြန်ချကာ ရယ်မော၍ ပြောလာသည်။ “ဖန်လန်ဂြိုဟ်ပေါ်မှာတုန်းက အလုံးစုံကောင်းကင်နဲ့မဟာမိတ်တို့ကြား စစ်ပွဲ ဖြစ်တယ်လို့ ငါ ကြားခဲ့တယ်။အဲ့စစ်ပွဲမှာ အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသားလို့ ကျော်ကြားလှတဲ့လူက မင်းဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက ပြုံး၍ ဆိုသည်။ “ကံကောင်းလို့ပါ…”

“ဒါပေမဲ့လည်း မင်းရဲ့ ကျင့်ကြံမှုက နည်းနည်းထူးဆန်းနေတယ်။မင်းက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အထွတ်အထိပ်အဆင့်ပဲ။ဒါပေမဲ့ ငါတောင် စောနကလက်သီးရဲ့အားကို ဖြုံမိတယ်…” စစ်ထူနန်သည် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။သူ့ပါရမီကလည်း အတော်လေး ကောင်းမွန်ပေသည်။သူက ကျပ်းတည်းကျပ်တည်း ရောက်လာခဲ့ပါက တန်ဖိုးကြီးကြီးမားမား ပေးဆပ်၍ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်တစ်ယောက်နှင့် တိုက်ခိုက်နိုင်ပေ၏။

ဝမ်လင်းနှင့်စစ်ထူနန်တို့ကြား စောနကတိုက်ပွဲသည် လက်ရေစမ်းရုံမျှသာ ဖြစ်၏။သို့ရာတွင် စစ်ထူနန်သည် ဝမ်လင်းထံ၌ ပုန်းကွယ်နေသေးသော တုန်လှုပ်ဖွယ်စွမ်းအားတစ်ခု ရှိနေသည်ကို သိသာစွာ ခံစားမိနေပေသည်။စစ်ထူနန်၏ မောက်မာမှုဖြင့်ပင် သူက တုန်လှုပ်မိရလေ၏။

နှစ်ပေါင်းတစ်ထောင်ကျော်ပြီးသည့်နောက် အတိတ်တုန်းက လူငယ်လေးသည် နုံ့အခြင်း၊အတွေ့အကြုံမရှိမှုတို့ကနေ လွတ်ကင်းကာ အစစ်အမှန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပေပြီ။

စစ်ထူနန်သည် မိန်းမောကာ အတွေးမြောနေသည်။ သူ့အတွေးထဲ၌ လူငယ်လေးတစ်ယောက်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို ရိုးရှင်းစွာ ကောက်ယူရရှိခဲ့သည်။ထို့နောက် လူငယ်သည် ဟုန်ယွီကလန်၌ ရိုးစင်းသည့် ကျင့်ကြံခြင်းလောက၏ ရက်စက်မှုအကြောင်း နားမလည်ခဲ့သေးသည့် လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုလူငယ်က သူ့မိဘများနှင့် သူ့ခန္ဓာကိုယ်ပင် ဆုံးရှုံးကာ စစ်ထူနန်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ထို့နောက် ယင်းလူငယ်လေးသည် သတ်ဖြတ်သူလမ်းကြောင်းကို လျှောက်လှမ်းတော့သည်။

ထိုလူငယ်က တဖြည်းဖြည်းဖြင့် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကျော်ကြားစပြုလာကာ နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်လာကာ သူ စစ်ထူနန်ကို နိုးထစေခဲ့သည်။

စစ်ထူနန်သည် ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချနေ၏။သူက သူတို့နှစ်ယောက်ခွဲခွာခဲ့သည့် နေရက်များကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်မိသည်။ တစ်ယောက်က ထျန်ယွမ်ဂြိုဟ်ထံသို့ သွားရောက်ကာ ကောင်းကင်ဘုံကံကြမ္မာကလန်၏ တပည့်ဖြစ်လာခဲ့ပြီး သူကတော့ ဘဝ၏ ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် ဖန်လန်ဂြိုဟ်ထံသို့ သွားခဲ့ပေသည်။

ဖျပ်ခနဲပင် နှစ်ရာချီကုန်ဆုံးသွားခဲ့၏။ယနေ့နောက် သူတို့နှစ်ယောက်သည် တစ်ဖန် ပြန်တွေ့ဆုံရပေပြီ။ သူတို့ကြားရှိ ရင်းနှီးမှုက ပြောင်းလဲသွားခြင်းမရှိသော်လည်း အရာအားလုံးသည် အတော်လေး ပြောင်းလဲသွားခဲ့ပြီ မဟုတ်လား။

ဝမ်လင်းသည်လည်း စစ်ထူနန်ကို ကြည့်နေရင်း အတိတ်ကမှတ်ဉာဏ်များ သူ့စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်နေ၏။ထိုမှတ်ဉာဏ်များသည် ကြာမြင့်လွန်းခဲ့ပြီ။သို့သော် ဝမ်လင်းက ၎င်းမှတ်ဉာဏ်များကို ရှင်းလင်းစွာ မှတ်မိနေမြဲပင်။သူက ညကောင်းကင်အောက်၌ တစ်ကြိမ်က သူကိုယ်တိုင် ပြောခဲ့ဖူးသည့် စကားကိုလည်း မမေ့သေးပေ။ ယင်းစကားမှာ

“ငါ ဝမ်လင်းက ကောင်းကင်ဘုံကိုလည်း ဦးမညွတ်ဘူး တစ္ဆေသရဲ၊နတ်ဘုရားတွေကိုလည်း ဦးမညွတ်ဘူး။ ငါ့မိဘတွေပေါ်မှာသာ ဦးညွတ်ပြီး စစ်ထူအပေါ်မှာသာ ငါ့လေးစားသမှုကို ပေးအပ်တယ်…”

စစ်ထူနန်က သူ့အပေါ် များစွာ ကူညီပေးခဲ့သူ မဟုတ်လား။စစ်ထူကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ကျောက်နိုင်ငံတွင်ပင် သေဆုံးခဲ့ပြီး ဖြစ်ကာ ယနေ့လိုအောင်မြင်မှုမျိုး ဘယ်တော့မှ ရရှိလာခဲ့လိမ့်မည် မဟုတ်ပေ။

စစ်ထူကြောင့်သာ မဟုတ်ပါက ဝမ်လင်းအဖို့ ပထမအဆင့်ကျင့်ကြံခြင်း၏ အခြေခံအဆင့်များဖြစ်သည့် ချီစုဆောင်းခြင်း၊အခြေခံတည်ဆောက်ခြင်း၊အမြုတေဖြစ်ပေါ်ခြင်းနှင့် စဦးစိတ်ဝိညာဉ်အဆင့်တို့ကို ရောက်ရှိဖို့ အတော်လေး ခက်ခဲခဲ့ပေမည်။ ထိုအခြေခံအုတ်မြစ်များ မရှိဘဲ သူက ခုလက်ရှိအဆင့်ကို မည်သို့ ရောက်နိုင်ပါ့မည်နည်း။

စစ်ထူနန်၏ မရဏလက်ချောင်း၊နတ်ဆိုးလက်ချောင်းနှင့် တစ္ဆေလောကလက်ချောင်းတို့ကြောင့်နှင့်အတူ မန္တာန်များ၊ရတနာများကြောင့်သာ မဟုတ်ခဲ့ပါက ဝမ်လင်းအဖို့ ထျန်ယွမ်ဂြိုဟ်ပေါ်၌ ခြေကုပ်ယူနိုင်ဖို့ အတော်လေးခက်ခဲ ခဲ့ပေလိမ့်မည်။

ထိုအချက်များအပြင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့လည်း ရှိသေး၏။စစ်ထူနန်ကသာ လောဘတက်ခဲ့လျှင် သူသည် ဝမ်လင်းကို ဤသို့ဆန်းကြယ်လွန်းလှသည့် ရတနာကို ထိန်းသိမ်းစေခဲ့လိမ့်မည် မဟုတ်ပေ။စစ်ထူကသာ ထိုရတနာကို ဝမ်လင်းထံမှ ပြန်ရယူခဲ့ပါက ဝမ်လင်းသည် သေဆုံးခဲ့မည် ဖြစ်၏။ထိုရတနာအတွက် စစ်ထူနန်က စကားတစ်ခွန်းသာ ရိုးရိုးရှင်းရှင်း ဆိုခဲ့ပေသည်။

“ငါ ဒီပုတီးစေ့ကို မင်းကို လက်ဆောင်အဖြစ် ပေးတာ…”

အတိတ်ကမှတ်ဉာဏ်များကို ပြန်တွေးမိနေရင်း လူနှစ်ယောက်သည် တောင်ထိပ်ပေါ်၌ တိတ်ဆိတ်နေချေသည်။

တောင်ထိပ်၌ လေသည် တဝီဝီ တိုက်ခတ်နေ၏။ထိုလေသည် သူတို့၏ စိတ်ခံစားချက်များကို ပြန့်ကျဲသွားစေခြင်း မစွမ်းသာပေ။ သူတို့နှစ်ယောက်၏ စိတ်ခံစားချက်များသည် ပို၍ပင် အားကောင်းလာခဲ့၏။

သည့်နောက် သူတို့နှစ်ယောက်သည် အရက်ခွက်ကို တစ်ကျိုက်စီ မော့လိုက်ကြ၏။ခဏတာ တိတ်ဆိတ်သွားပြန်ပြီးနောက် သူတို့နှစ်ယောက်လုံး ထရယ်မောကြသည်။စစ်မှန်သောမိတ်ဆွေများသည် စကားအများကြီး ပြောနေဖို့ မလိုပါ။အရက်ခွက်တစ်ခွက်၊ရယ်မောသံတစ်ချက်ဖြင့်ပင် သူတို့၏ ဝမ်းနည်းမှု အတွေးများကို ဖယ်ရှားကာ ကျေနပ်ပျော်ရွှင်မှု အစားထိုး ရောက်လာနိုင်ပေ၏။

ယောက်ျားတစ်ယောက်သည် ချစ်သူရှိရန်မလို။ စစ်မှန်သော မိတ်ဆွေတစ်ယောက် ရှိရန်သာ လိုအပ်သည် မဟုတ်လော။

စစ်ထူနန်က ဝမ်လင်း၏ကျင့်ကြံမှု ထူးဆန်းနေခြင်းအပေါ် မေးခွန်းဆက်၍ မထုတ်တော့ပေ။သူက အရက်ခွက်ကို မြှောက်ကာ ပြုံး၍ ဆို၏။ “ငါတို့ညီကိုနှစ်ယောက်ကြားမှာ ပြောစရာတွေအများကြီးပဲ။ ငါ ဖန်လန်ဂြိုဟ်ပေါ်မှာ ဆိုးဆိုးဝါးဝါးခံစားလိုက်ရချိန် အရင်ဆုံးတွေးမိတာ မင်းကိုပဲ။ နောက်ပိုင်း မင်းနဲ့ငါ ဖန်လန်ဂြိုဟ်ကို အတူသွားပြီး ပြန်လက်စားချေကြရအောင်…”

ဝမ်လင်းသည် ပြုံး၍ ခေါင်းညိတ်ပြ၏။သူက စစ်ထူနန်နှင့် အရက်သောက်ရင်း ညနက်သည့်အထိ စကားထိုင်ပြောနေ၏။ကောင်းကင်ထက်၌ သာနေသည့်လမင်းသည် တောက်ပနေသည်။တောင်ထိပ်သည် အေးစိမ့်သော်လည်း အလွန်ငြိမ်သက်အေးဆေး၏။မိတ်ဆွေတစ်ယောက်နှင့် ဘဝအကြောင်း ပြောနေရခြင်းက ဝမ်လင်း၏စိတ်ကို ငြိမ်းအေးမှုကို ခံစားရစေသည်။

သူက ဤသို့သော နွေးထွေးမှုမျိုးကို မခံစားမိသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပေပြီ။သည်လိုနွေးထွေးမှုမျိုးက စစ်မှန်သော မိတ်ဆွေဟောင်းထံမှသာ ရရှိသည့်အရာပင်။ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ရှိစဉ်ကတည်းက သူနှင့်စစ်ထူနန်တို့၏ ကံကြမ္မာသည် ချိတ်ဆက်မိနေခဲ့ပြီ။

“မင်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ကျော်ကြားခဲ့တော့ အဲ့နေရာမှာ ပျော်ရွှင်ခဲ့ရတဲ့ပုံပဲ။သနားစရာကောင်းတဲ့ ငါကတော့ ဖန်လန်ဂြိုဟ်ပေါ်မှာ ရောက်ရောက်ခြင်းတုန်းကတော့ ကျေနပ်ပျော်ရွှင်ခဲ့ရပါသေးတယ်။ဒါပေမဲ့လည်း ငါက ဟိုသောက်အမျိုးသမီးတွေထဲက အချို့ရဲ့ ဟိုပုံရိပ်တွေကို မတော်တဆ မြင်ခဲ့ရတယ်။ငါက ဒီပုံရိပ်တွေကို ကျောက်စိမ်းပြားပေါ်မှာ ရေးထွင်းမထားသင့်ခဲ့ဖူးလား၊ဒါက ကျင့်ကြံခြင်းလောကမှာ ကိစ္စကြီးတစ်ခုပဲလေ…”

စစ်ထူနန်က စိတ်ပျက်ဟန်ဖြင့် အရက်မော့သောက်လိုက်သည်။

“ငါ ဒီလို ဒီပုံရိပ်တွေကို မှတ်တမ်းတင်ထားခဲ့တဲ့အတွက်ကြောင့်ပဲ သူတို့က ခုထိ ငါ့ကို နေ့ရောညပါ အမဲလိုက်စေခဲ့တော့တယ်။အဲ့ကစပြီး ငါက ပုန်းနေခဲ့ရပြီး ဘုရင်တစ်ပါးလို မပြုမူနိုင်တော့ဘူး။နောက်ဆုံးတော့ ငါက နေရာအစုံမှာ တံခါးပိတ်ကျင့်ကြံဖို့အထိ ဖြစ်လာခဲ့ရတယ်။ ဒီပြီးခဲ့တဲ့နှစ်ရာချီမှာ ငါက ဟိုဂြိုဟ်ကနေ ဒီဂြိုဟ်ပြောင်းနေနေရတဲ့ ကြွက်တစ်ကောင်လိုပဲ…”

စစ်ထူနန်သည် ထိုအကြောင်းကို ပြောရင်း ဒေါသထွက်လာပြန်၏။သူက အရက်အိုးကို ကောက်ကိုင်ကာ မနားတမ်း မော့ချပြန်သည်။ထို့နောက် သူက အရက်အိုးကို ပြန်ချကာ မုန်းတီးဟန်ဖြင့် ဆို၏။ “ငါ တံခါးပိတ်ကျင့်ကြံပြီး ထွက်လာတဲ့နောက် ငါက ဖန်လန်ဂြိုဟ်လမ်းတစ်လျှောက်မှာ သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်။ဒါပေမဲ့လည်း သူတို့က အရေအတွက် များလွန်းတယ်။ သူတို့က အကူအညီပေးတဲ့လူ အချို့ကိုပါ ရရှိခဲ့ပြီး ငါ့ကို ကြီးကြီးမားမား ရှုံးနိမ့်စေခဲ့ပြန်တယ်…”

စစ်ထူနန်က ထိုစကားနေရာသို့ ရောက်သည့်အခါ သူ့မျက်နှာသည် နီမြန်းလာ၏။

ဝမ်လင်းသည် စစ်ထူနန်၏ဇာတ်ကြောင်းကို အကြမ်းဖျဉ်းခန့်မှန်းမိနေပေပြီ။သူ့မျက်လုံးက ကျဉ်းမြောင်းကာ မျက်မှောင်ကြုတ်သွား၏။ထို့နောက် သူက စစ်ထူနန်၏ ညာလက်ကို လှမ်းကိုင်ကာ သူ့နတ်ဘုရားအာရုံဖြင့် သေချာစစ်ဆေးကြည့်သည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းအသွင်က ပို၍ပင် ထူးဆန်းလာသည်။

စစ်ထူနန်က မချင့်ပြုံးပြုံး၍ သူ့ရှေ့ရှိ အရက်ခွက်ကို ကောက်ကိုင်ကာ ဆို၏။ “မင်း ဒါကို မြင်တယ်မလား…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစားနေ၏။ထို့နောက် သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးကာ မွန်းစတားဆန်သောသတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်သည်။သူက ခေါင်းညိတ်ကာ ပြောသည်။ “ဒါက ဘယ်လို အဆိပ်မျိုးမလို့ သင့် ကျင့်ကြံမှုအဆင့်နဲ့တောင် ထုတ်ပယ်မပစ်နိုင်ရတာလဲ…”

စစ်ထူနန်က အရက်ခွက်ကို ပြန်ချကာ မချင့်ပြုံးပြုံး၍ ဆိုသည်။ “ဖန်လန်ဂြိုဟ်က ဒီမိန်းမတွေ ဒီအဆိပ်ကို ဘယ်ကနေ ရခဲ့လဲ ငါ မသိဘူး။ငါက ဒီအဆိပ်အကြောင်း မှတ်တမ်းတွေထဲမှာ စစ်ကြည့်ခဲ့တော့ ဒီအဆိပ်ကို ခုနစ်ခုမြောက်ကောင်းကင်ဘုံလို့ ခေါ်တာ သိခဲ့တယ်။သုံးရက်ကတော့ ကောင်းကင်ဘုံမှာလို့ ခံစားရပြီး သုံးရက်ကျော်ရင်တော့ ငရဲပဲ။အဲ့နေ့တွေတုန်းက ငါ တကယ် သေပစ်ချင်စိတ်ပါ ပေါက်ခဲ့တယ်…”

“ဒီအဆိပ်က ကောင်းကင်ဘုံနယ်မြေရဲ့ အကြွင်းအကျန် အဆိပ်ပဲ။ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်တုန်းက နှစ်ပေါင်းတစ်ရာကြာကြာ မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံသားတွေကို သန့်စင်ပြီးမှ ဒီအဆိပ်ကို ပြုလုပ်ခဲ့တာ။ဒီအဆိပ်က သေမျိုးတွေအပေါ်တော့ သက်ရောက်မှု မရှိဘူး။ဒီအဆိပ်ရဲ့ ပစ်မှတ်က ကောင်းကင်ဘုံသားတွေအပေါ်ပဲ။ဒီအဆိပ်က ခန္ဓာကိုယ်ထဲ ဝင်သွားရင် အားနဲ့အတင်း ပြန်ထုတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီအဆိပ်က လူတစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ်နဲ့ လုံးဝ ပေါင်းစပ်သွားလို့ပဲ ဖြစ်တယ်…”

ခုနစ်ခုမြောက်ကောင်းကင်ဘုံ အဆိပ်ရဲ့ အဓိက သက်ရောက်မှုဟာ သုံးရက်မှာ ကောင်းကင်ဘုံ၊ နောက်သုံးရက်မှာ ငရဲပဲ။ဒီအဆိပ်ကိုသာ မိခဲ့ရင် ဒီပထမသုံးရက်အတွင်း မင်းက ပုံရိပ်ယောင်အခြေအနေမှာ ရောက်ရှိနေပြီး မင်းရဲ့ စိတ်စွမ်းအားအားလုံးဟာ အချည်းနှီး ဖြစ်နေစေမယ်။အဲ့နောက်မင်းက နောက်သုံးရက်ကို သေလုနီးပါး ဖြတ်သန်းရတယ်။ခုနစ်ရက်မြောက်နေ့မှာတော့ မင်းရဲ့ မူလစိတ်ဝိညာဉ်ဟာ လုံးဝ ဖျက်စီးခံလိုက်ရမှာ ဖြစ်တယ်။

“ဒီအဆိပ်က မင်းကို သေဆုံးစေဖို့ ခုနစ်ရက် ကြာမြင့်တယ်ဆိုပေမဲ့လည်း မင်းက အဆိပ်မိတဲ့အချိန်မှာ မင်းရဲ့ ကျင့်ကြံမှုအားလုံးကိုလည်း ဆုံးရှုံးနေလိမ့်မယ်…”

“ဒါဆို…သင်ကရော…” ဝမ်လင်းသည် စစ်ထူနန်ကို ကြည့်နေ၏။စစ်ထူနန်သည် သူ့ကျင့်ကြံမှုအဆင့် ဆုံးရှုံးခြင်းမရှိသည်မှာ သိသာနေပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset