စစ်ထူနန်က ထိုသို့ ပြောရင်း နောက်လှည့်ကာ ထွက်ခွာဟန် ပြင်သည်။
ချန်ညီကိုသုံးယောက်မျက်လုံးတို့သည် ချင်းချင်းနီနေသည်။ အထူးသဖြင့် အရှင်ရီချန်ပင်။ သူ့နှလုံးသားသည် စုတ်ဖြဲခံရသည့်အလား ခံစားနေရ၏။လင်းအာသည် သူ့နှင့်မျိုးဆက်များစွာ ကွာသော်လည်း သူမ၏ သမီးတစ်ယောက်ကဲ့သို့ သူမအပေါ် သဘောထားခဲ့သည် မဟုတ်လား။ ခုချိန်၌ သူက သူ့ရှေ့၌ပင် သူ့သမီးကို လူဆိုးက ဖမ်းခေါ်သွားသည်ကို ကြည့်နေရုံသက် တတ်နိုင်တော့သည်။
သူက အံတင်းတင်းကြိတ်ကာ ဝမ်လင်းရှိနေသော နန်းတော်ဘက်သို့ လှည့်၍ ဦးညွတ်ကာ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။ “အစ်ကိုဝမ်…ငါတို့ကို ဒီတစ်ကြိမ် ကူညီပေးပါ…”
ကံမကောင်းစွာဖြင့် ဝမ်လင်းသည် အလောင်းသန့်စင်ခြင်း၌ နစ်မြုပ်နေ၏။သူ့နတ်ဘုရားအာရုံကိုသာ နန်းတော်ပတ်လည်၌ ချန်ထားထားသည်။ထို့ကြောင့် သူက အပြင်ဘက်ရှိ အဖြစ်အပျက်များကို ထောက်လှမ်းချင်လျှင်ပင် သူသည် ထောက်လှမ်းနိုင်ခြင်း မရှိပေ။
စစ်ထူနန်သည် မူလက ထွက်ခွာတော့မည် ဖြစ်၏။သို့သော် သူက အစ်ကိုဝမ် ဟုခေါ်သံကို ကြားသည့်အခါ သူသည် တုန့်ခနဲ ရပ်လိုက်သည်။သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာကာ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဝမ် နာမည်နဲ့ လူတစ်ယောက်…”
“မင်း ပြောတဲ့ အစ်ကိုဝမ် ဆိုတာ ဘယ်သူလဲ…” စစ်ထူနန်က အရှင်ရီချန်ဘက်သို့ ပြန်လှည့်လာသည်။သို့သော် သူသည် ခေါင်းယမ်းကာ ပြောလိုက်၏။ “ထားလိုက်တော့…ငါ့ဘာသာ သွားကြည့်တော့မယ်…”
ထိုသို့ပြောလိုက်ပြီးနောက် သူက ခြေတစ်လှမ်းလှမ်းကာ ဝမ်လင်းရှိနေသော နန်းတော်ဘက်သို့ ဦးတည်သွားတော့သည်။
စစ်ထူနန်သာ ဝမ်လင်းရှိရာသို့ လှမ်းမလာပါက အရှင်ချိုင့်လေသည် ပေါ်ထွက်လာမည် မဟုတ်ပေ။သူက ဒဏ်ရာရထားသည့်သူတစ်ယောက် မဟုတ်လား။ထို့ကြောင့် သူ့အဖို့ ချန်ညီကိုသုံးယောက်ကို ကူညီဖို့ လမ်းမရှိပေ။သို့ရာတွင် ခုချိန်၌ စစ်ထူနန်က ဝမ်လင်းထံသို့ ချဉ်းကပ်လာ၏။သူက လှုပ်ရှားရပေတော့မည်။
ဝမ်လင်းသည် သူ့ကို နှစ်ကြိမ်တိုင်တိုင် ခွင့်လွှတ်ပေးခဲ့ကာ သူ့အမှားကို ဗွေမယူခဲ့သူ မဟုတ်လား။
ထို့အတွက်ကြောင့် သူသာ ခုမလှုပ်ရှားပါက ကျိုးကြောင်းကိုက်တော့မည် မဟုတ်ပေ။အရှင်ချိုင့်လေ၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူသည် သူ့ကိုယ်သူ ကုသနေခြင်းကို ရပ်တန့်လိုက်သည်။စစ်ထူနန် ဝမ်လင်းနန်းတော်နှင့် ငါးကီလိုမီတာအကွာသို့ ရောက်လာသည့်အခါတွင် သူသည် စစ်ထူနန်ရှေ့၌ ပေါ်လာ၏။
အရှင်ချိုင့်လေ၏အသွင်သည် တည်ငြိမ်နေ၏။သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…သင်က သင်လိုချင်တဲ့လူကို ရပြီးသွားတဲ့အတွက် ထွက်သွားတာ အကောင်းဆုံးဖြစ်မှာပါ…”
စစ်ထူနန်၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူ့ပုံစံက စိတ်မရှည်ဟန် ဖြစ်လာသည်။သူက လှမ်းအော်ပြော။ “သင်က ဒဏ်ရာရထားပြီးသား မဟုတ်ရင်တောင့် အရည်အချင်း ပြည့်မှီရုံသာ ရှိတယ်။ဒါပေမဲ့ ခုချိန်မှာတော့ သင် ငါ့ကို ပိတ်ဆို့ဖို့ အရည်အချင်း မရှိသေးဘူး…” စစ်ထူက ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ ချက်ခြင်း ညွှန်သည်။
တစ္ဆေလောကလက်ချောင်း။
ထိုလက်ညွှန်ချက်ကြောင့် ကောင်းကင်သည် အရောင်ပြောင်းသွားရသည်။လောကသည် သေဆုံးခြင်းအော်ရာနှင့် ပြည့်နှက်လာသည်။ခုချိန်၌ တစ္ဆေလောကလက်ချောင်းကို စစ်ထူနန်က ပြန်လည်မွန်းမံထားပြီး ဖြစ်နေ၏။
တစ္ဆေလောကလက်ချောင်းက ကိုယ်ပိုင်ယင်နှင့်ယန်ကို ဖြစ်ပေါ်ကာ အရှင်ချိုင့်လေထံသို့ ကြမ်းတမ်းသောမန္တာန်အဖြစ် တိုက်ရိုက်တိုးဝင်လာတော့သည်။
အရှင်ချိုင့်လေသည် သူ့လက်နှစ်ဖက်ကို လှုပ်ရှားကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူ့လက်ကို ဝေ့ယမ်း၏။မူလစွမ်းအင်များစွာ စုဝေးလာကာ တစ္ဆေလောကလက်ချောင်းနှင့် ထိပ်တိုက်တွေ့တော့သည်။
ကျယ်လောင်စွာ ပေါက်ကွဲသွား၏။အရှင်ချိုင့်လေ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် နောက်သို့ ပေများစွာ ဆုတ်လိုက်ရသည်။သို့ရာတွင် တစ္ဆေလောကလက်ချောင်း၏ သက်ရောက်မှုသည် သူ့နောက်သို့ ဆက်၍ လိုက်ပါလာလေ၏။
စစ်ထူနန်၏မျက်လုံးထဲ၌ အထင်သေးမှုတို့ ပြည့်နေ၏။သူက အော်ပြောလိုက်သည်။ “တစ္ဆေလောကပြောင်းလဲခြင်း…”
ထိုသို့ပြောလိုက်သည့်နောက် တစ္ဆေလောကလေပြင်းသည် မြန်ဆန်စွာ ကျုံ့လာကာ အဖျက်အစီးအော်ရာတစ်ခု အရူးအမူး ပျံ့လွင့်လာသည်။
အရှင်ချိုင့်လေ၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။သူက ထိုလေပြင်းသည် သာမန်မဟုတ်ကြောင်း သိ၏။သူက ချက်ခြင်း နောက်ဆုတ်သည်။
စစ်ထူနန်သည် အရှင်ချိုင့်လေကို အာရုံဆက် မစိုက်တော့ဘဲ ဝမ်လင်းရှိရာနန်းတော်ထံသို့ တိုက်ရိုက် လှမ်းသွား၏။ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့သည် ကြားဝင် တိုက်ခိုက်လိုက်ကြ၏။သို့သော် စစ်ထူနန် သူ့အင်္ကျီလက်အိုး ဝေ့ယမ်းလိုက်သည်နှင့် ခေါင်းကြီးကောင်လေးသည် လွင့်စင်သွား၏။သို့သော် ထာရှန်ကမူ မားမားရပ်နေ၏။တကယ်တော့ သူက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် မဟုတ်လား။ထို့နောက် သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။
ထိုလက်သီးချက်က အသံပေါက်ကွဲမှုများဖြစ်စေကာ စစ်ထူနန်ရှိရာသို့ တိုးဝင်လာသည်။
စစ်ထူနန်သည် ထာရှန် သူ့ထံသို့ တိုက်ခိုက်လိုက်သည့် သေချာကြည့်ကာ အံ့အားသင့်သွား၏။ထို့နောက် ထာရှန်၏ခန္ဓာကိုယ်သည် တုန်ယင်ကာ လွင့်စင်သွားသည်။
“စိတ်ဝင်စားစရာပဲ။ နိဗ္ဗာနသန့်စင်ခြင်း၊နိဗ္ဗာနကြိုမြင်ခြင်းနဲ့ သန်မာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ ရုပ်သေး။ သူတို့စောင့်ကြပ်ပေးနေတဲ့ ဝမ်ဆိုတဲ့ ကျင့်ကြံသူကို ငါ အမှန်တကယ် တွေ့ချင်နေပြီ…”
စစ်ထူနန်သည် ရယ်မောရင်း နန်းတော်နှင့် ပေတစ်ထောင်အတွင်းသို့ လှမ်းဝင်လာသည်။သူ ခြေလှမ်းလိုက်သည့်အခိုက်၌ စစ်ထူနန်သည် မင်သက်သွားသည်။သူ့အသွင်ကလည်း ထူးဆန်းသွားကာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။သူက သူတွေ့မြင်လိုက်ရသည့်အရာကို မယုံကြည်နိုင်ဟန် ဖြစ်နေ၏။တကယ်တော့ သူ နတ်ဘုရားအာရုံနှင့် တွေ့မြင်ခဲ့သည့်အရာမှာ အခု လူကိုယ်တိုင် တွေ့မြင်သည့်အခါ အတော်လေး ကွာခြားနေသည် မဟုတ်လား။
စစ်ထူနန်က စကားဆိုရန် ပြင်၏။သို့သေ်ာ နန်းတော်ထံမှ ကျယ်လောင်သောစူးရှရှအသံတစ်ခု ထွက်ပေါ်လာသည်။မရေမတွက်နိုင်သောအတားအဆီးများသည် ထိုးထွက်လာကာ ကောင်းကင်ထက်၌ ပြည့်နှက်၍ စစ်ထူနန်ရှိရာသို့ တရကြမ်း တိုးဝင်လာကြသည်။
“သေစမ်း…” စစ်ထူနန်က နောက်ဆုတ်ရန် ပြင်သည်။သို့သော် အတားအဆီးများက များပြားလွန်း၏။၎င်းတို့အားလုံးက သူ့ထံသို့ တရကြမ်း တိုးဝင်လာကာ သူ့အား ချိပ်ပိတ်ခြင်းကို လက်လျော့မည့်ဟန် မရှိသည့်အလားပင်။
စစ်ထူနန်က ခါးသီးစွာ ပြုံး၏။သူက နောက်မဆုတ်တော့ရန် ဆုံးဖြတ်သည်။သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့ရှေ့၌ ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာသည်။ထိုဝဲကတော့၏ လှည့်ပတ်နှုန်းက မြန်ဆန်လွန်းသည်။စစ်ထူနန်သည် သူ့လက်နှစ်ဖက်ကို လွှဲယမ်းလိုက်ရာ ၎င်းဝဲကတော့သည် ပျက်စီးသွားကာ လှိုင်းတွန့်များကို စေလွှတ်လေသည်။
ထိုလှိုင်းတွန့်များ၌ ထိမိသည့် အတားအဆီးအားလုံးသည် ပျက်စီးကုန်၏။ခဏအတွင်း အတားအဆီးအားလုံးသည် ပျက်စီးရသည်။
စစ်ထူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် စူးရှရှ အမျိုးသမီးအသံသည် နန်းတော်အတွင်းမှ ထွက်ပေါ်လာ၏။ထိုအော်သံသည် ကောင်းကင်ထိ ထိုးဖောက်သွား၏။စစ်ထူနန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် မဆုတ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။
ထိုအခိုက်အတန့်၌ နန်းတော်တံခါးသည် ရုတ်တရက် ပွင့်ဟလာသည်။ငွေရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ဦးသည် ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ စစ်ထူနန်ရှိရာသို့ တိုးဝင်လာချေ၏။
စစ်ထူနန်၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူ့ညာလက်ကို ဝေ့ယမ်း၍ နောက်ဆုတ်၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖြစ်ပေါ်စေပြီး အလင်းကွင်းတစ်ခုကို ဖြစ်စေကာ ထိုအမျိုးသမီးထံသို့ လှမ်းညွှန်သည်။သူက တစ်လက်စတည်း လှမ်းအော်လိုက်၏။ “ကောင်းကင်ဘုံပိတ်လှောင်ခြင်းလက်ချောင်း…”
ထိုအလင်းကွင်းသည် ခရမ်းရောင်တောက်ပကာ မူလစွမ်းအင်တုန်ခါလှိုင်းကို ပေးစွမ်းနေ၏။၎င်းအလင်းကွင်းသည် အမျိုးသမီးအလောင်းထံသို့ တိုက်ရိုက် ဦးတည်ဝင်ရောက်သွားသည်။
စစ်ထူနန် လက်ညွှန်လိုက်ချိန်၌ ထိုအလင်းကွင်းသည် ပျောက်ကွယ်သွားကာ အမျိုးသမီးပတ်လည်၌ ပြန်ပေါ်လာသည်။၎င်းအလင်းကွင်းက အမျိုးသမီးကို အတွင်း၌ ထား၍ ကြမ်းတမ်းစွာ ကျုံ့လာသည်။
ထိုအလင်းကွင်းသည် တစ်ခုမှနှစ်ခု၊နှစ်ခုမှလေးခု စပွား သွား၏။မျက်စိတစ်မှိတ်အတွင်း ၎င်းအလင်းကွင်းသည် မရေမတွက်နိုင်သောအလင်းကွင်းများအဖြစ် သူမကို ပိတ်လှောင်သည်။သို့ရာတွင် ထိုအမျိုးသမီးသည် ရိုးရှင်းလှခြင်းမရှိပါ။သူမက ပါးစပ်ဟ၍ ကပ်ကြေးတစ်စုံကို ထွေးထုတ်သည်။ထိုကက်ကြေးတစ်စုံသည် သူမပတ်လည်၌ ပျံဝဲ၍ အလင်းကွင်းများကို ဖြက်တောက်သည်။
ထိုအချိန်ကိုယူ၍ စစ်ထူနန်က မချင့်ပြုံးပြုံး၍ ဆိုသည်။ “သေစမ်း…ဒါက ဘာလဲဟ။ ငါက ငါ သိတဲ့လူတစ်ယောက်ကို သိရှိဖို့တောင် မတက်နိုင် ဖြစ်ရတယ်…”
ထိုသို့ပြောပြီးနောက် သူက အမျိုးသမီးကို ကျော်၍ နန်းတော်ရှိရာသို့ တိုက်ရိုက် ဦးတည်သွားသည်။
သူနီးကပ်လာသည့်အခါ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ ရယ်မောကာ လက်ညွှန်လိုက်သည်။ “ငါ့တောင်တုန်ခါခြင်းလက်ချောင်းကို ခံစားကြည့်လိုက်…”
သူ့လက်ညွှန်ချက်နှင့်အတူ စစ်ထူနန်၏နောက်၌ တောင်အရိပ်တစ်ခု ပေါ်လာသည်။ထိုတောင်သည် ကြီးမားလွန်းလှသည်။ထို့နောက် ၎င်းအရိပ်သည် စစ်ထူနန်၏ လက်ချောင်းအပေါ်၌ မြန်ဆန်စွာ သိပ်သည်းလာသည်။
အဆုံးသပ်၌ ထိုတောင်သည် လုံးဝ ပျောက်ကွယ်သွားချိန်၌ လက်ချောင်း၏စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ထိုလက်ချောင်းသည် တောင်တစ်တောင် ခြေမွကျဆင်းလာခြင်းအလား။
နန်းတော်အတွင်းမှ အားပါးတရ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ထိုရယ်သံအတွင်းကနေ အော်ရာတစ်ခုလည်း ပေါက်ကွဲထွက်လာသည်။
နန်းတော်အတွင်းမှ ထွက်ပေါ်လာသည့်အားနှင့် စစ်ထူနန်၏ လက်ချောင်းအားတို့သည် ထိပ်တိုက်တွေ့ရာ အံ့မခန်းတုန်ခါလှိုင်းကို ပျံ့လွင့်စေသည်။ထိုတုန်ခါလှိုင်းကြောင့် ပတ်ဝန်းကျင်ဧရိယာသည် ဖုန်မှုန့်များနှင့် ပြည့်နှက်သွားရသည်။နေရာအနှံ့မှ ကျောက်တုံးများ တစစီကွဲထွက်ကုန်ကြသည်။
စစ်ထူနန်၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ရှိနေသည်။သူက အလင်းတန်းအသွင်ပြောင်း၍ နောက်သို့ ပေတစ်ထောင်ခန့် ပြန်ဆုတ်သည်။မည်သို့ပင်ဖြစ်စေ သူ့ညာလက်သည် တုန်ယင်ကာ ထုံထိုင်းမှုကို ခံစားနေရပေသည်။
“ဒါက ဘယ်လိုမန္တာန်မျိုးလဲ။ ခန္ဓာကိုယ်စွမ်းအားနဲ့ ငါ့မန္တာန်ကို ချိုးဖျက်တဲ့အပြင် ငါ့ကိုလည်း နောက်ဆုတ်သွားစေတယ်။ဒီခွေးကောင်က ဒီလောက်တောင် သန်မာလာတာလား…” စစ်ထူနန်၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။သူက လေထဲသို့ ခုန်တက်၏။သူက လက်ညွှန်ကာ ပြုံး၍ ဆိုသည်။ ဒီတောင်တုန်ခါခြင်းက ငါ့ခွန်အားရဲ့ အစိတ်အပိုင်းအချို့ကိုပဲ အသုံးပြုထားတာ။ခုတစ်ခါတော့ ဒီဟာရဲ့ စွမ်းအားအပြည့်အဝကို မင်းကို တွေ့စေမယ်။
“ကောင်းပြီ…” ဝမ်လင်းသည် အောက်ဘက်ကနေ ရယ်မော၍ သူလည်း လေထဲသို့ ပျံတက်လာသည်။သူက စစ်ထူနန်ကို ကြည့်သည့်အချိန်၌ ဖြစ်ခဲလှသည့် စိတ်လှုပ်ရှားမှုနှင့် ရင်းနှီးကျွမ်းဝင်မှုသည် သူ့မျက်လုံးထဲ၌ ဖြစ်ပေါ်နေသည်။
စစ်ထူနန်ကလည်း ပြုံး၏။ သူဝမ်လင်းကို ကြည့်နေသော အကြည့်ထဲ၌ စိတ်လှုပ်ရှားမှုနှင့် အသိအမှတ်ပြုမှုတို့ ပြည့်နှက်နေသည်။
လေထဲ၌ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။တခါတရံ ညီကိုများသည် စကားအများကြီး ပြောနေဖို့ မလိုအပ်ပေ။ အကြည့်တစ်ချက်ဖြင့်ပင် သူတို့နှစ်ယောက်ကြား မိတ်ဆွေဆက်ဆံရေးခိုင်မြဲမှုကို ဖလှယ်ဖို့သာ လိုအပ်သည်။
ဟင်္သာပြဒါးဂြိုဟ်၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် သူတို့နှစ်ယောက်၏ စိတ်ထဲ၌ တချိန်တည်းလိုလို ပြန်ဖြစ်ပေါ်နေကြသည်။
“တောင်တုန်ခါခြင်းလက်ချောင်း…” စစ်ထူနန်က ရယ်မော၍ သူ့ညာလက်ဖြင့် ဝမ်လင်းထံသို့ ညွှန်သည်။သည်အခိုက်၌ ဂြိုဟ်တစ်ခုလုံးသည် တုန်ယင်လာကာ တောင်စိတ်ဝိညာဉ်များသည် ပျံသန်းထွက်လာကြသည်။စစ်ထူနန်ပတ်လည်၌ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာ၏။
တောင်များသည် စစ်ထူနန်ဘေးနား၌ ပေါ်လာ၏။စစ်ထူနန်သည် မထင်မှတ်ထားစွာ သည်ဂြိုဟ်ပေါ်ရှိ တောင်စိတ်ဝိညာဉ်များကို ဤနေရာသို့ ဆင့်ခေါ်လိုက်ပေသည်။၎င်းတို့ အစစ်အမှန်ဟု ထင်ရချေသည်။
သူ လက်ညွှန်လိုက်သည်နှင့် တောင်စိတ်ဝိညာဉ်များသည် ရှေးဟောင်းအော်ရာကိုပေးစွမ်းရင်း အလျင်အမြန် စုစည်းလာကြသည်။၎င်းတို့က ပြင်းထန်သော အားတစ်ခုအဖြစ် သိပ်သည်း၍ ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။
ထိုလက်ချောင်းသည် ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်ရှိ တောင်များ၏စိတ်ဝိညာဉ်များကို စုစည်းထားသည့် ပြင်းထန်အားကောင်းသည့် မန္တာန်မည်၏။
ထိုတောင်တုန်ခါခြင်းလက်ချောင်း၏ စွမ်းအားသည် ဝမ်လင်း၏မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။သူက သူ့လက်ကို ဆုပ်ကာ ကောင်းကင်ကို တုန်ဟီးစေသည်။ဝမ်လင်းသည် ကောင်းကင်ကို သူ့လက်ထဲ၌ ဆုပ်ကိုင်ထားသည့်အလား ထင်မှားရစေသည်။
***