အပြာရောင်ကျင့်ကြံခြင်းဂြိုဟ်ကို ကြည့်နေရင်း စစ်ထူနန်၏ နတ်ဘုရားအာရုံသည် ရှေ့တည့်တည်သို့ ပျံ့လွင့်လာသည်။သူ့နတ်ဘုရားအာရုံက မုန်တိုင်းတစ်ခုအလား ဂြိုဟ်ထံသို့ ဦးတည်သွားကာ ခြုံလွှမ်းသည်။
စစ်ထူနန်၏ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံခြင်းကြောင့် သူ့နတ်ဘုရားအာရုံသည် အလွန်ထက်ရှသည်။သူ့မောက်မာမှုနှင့် နတ်ဆိုးဆန်လွန်းသောနယ်ပယ်ကိုပါ ထည့်ပေါင်းပါက သူသည် အစွမ်းထက်လှသူဟု ဆိုနိုင်ပေမည်။
သူက ဂြိုဟ်ထံသို့ နတ်ဘုရားအာရုံကို ခြုံလွှမ်းနေရင်း ဂြိုဟ်တစ်ခုလုံးသည် တုန်ယင်လာ၏။
ထိုအချိန်၌ ချန်ညီကိုသုံးယောက်သည် ကျင့်ကြံနေကြသည်။သူတို့က ရုတ်တရက် မျက်လုံးဖွင့်လာကြ၏။သူတို့အသွင်က သုန်မှုန်နေကြသည်။သူတို့သုံးယောက်သည် တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြပြီး လေထဲ၌ ပြန်ပေါ်လာကြ၏။
သို့ရာတွင် သည်နတ်ဘုရားအာရုံသည် သန်မာလွန်းလှ၏။ သူတို့သုံးယောက်ပေါ်လာသည်နှင့် သူတို့က နောက်သို့ ပေထောင်ချီ ဆုတ်လိုက်ရကာ သူတို့၏စွမ်းအားအပြည့်ဖြင့် ၎င်းနတ်ဘုရားအာရုံကို ခုခံနေရသည်။
ခေါင်းကြီးကောင်လေးနှင့်လိုင်ဂျီတို့သည်လည်း ထိုနတ်ဘုရားအာရုံကို ခံစားမိ၏။လိုင်ဂျီ၏ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်မားခြင်း မရှိသေးသည့်အတွက် သူက ချက်ခြင်း သွေးအန်လိုက်ရသည်။သို့ရာတွင် သူက ကြောက်လန့်သွားခြင်းမရှိသည့်အပြင် ထိုအစား သုန်မှုန်နေ၏။
ခေါင်းကြီးကောင်လေးက နတ်ဘုရားအာရုံ၏ ဖိအားကို ခုခံရင်း ဝမ်လင်းနန်းတော်အနားသို့ ရောက်ရှိသွား၏။သူက ထာရှန်နှင့်အတူ ဝမ်လင်းရှိနေသော နန်းတော်ကို ကာကွယ်ပေးထားသည်။
ဂျူနီယာကျင့်ကြံသူမျိုးအဖို့မူ သူတို့၏မျက်နှာသည် လုံးဝ ဖြူရောနေကြသည်။ ချန်ညီကိုသုံးယောက်ထံမှ ကျောက်ရွှဲ့နှင့်လင်းအာကဲ့သို့ အကာအကွယ်ပစ္စည်းများ ရရှိထားသည့်သူများသည်ပင် ထိုနတ်ဘုရားအာရုံဖိအားကို တောင့်ခံနိုင်ရုံမျှ ရှိလေ၏။
ထိုမောက်မာလှသည့် နတ်ဘုရာအာရုံက ဝမ်လင်းရှိနေသော နန်းတော်ထံသို့ ပျံ့နှံ့လာ၏။သို့ရာတွင် ဝမ်လင်းက အမျိုးသမီးအလောင်းကို သန့်စင်မွန်းမံနေဆဲ ဖြစ်သည့်အတွက် အရေးကြီးလှသည့် အခိုက်အတန့်သို့ ရောက်ရှိနေသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံက ထိုအမျိုးသမီးအလောင်းနှင့် လုံးဝနီးပါး ချိတ်ဆက်ထားနေသည်။လူတစ်ယောက်၏ ကျင့်ကြံမှုကသာ အလွန်မြင့်မားလှခြင်းမရှိပါက သူတို့သည် ဝမ်လင်းကို မတွေ့ဘဲ အမျိုးသမီးအလောင်းကိုသာ တွေ့မြင်ပေမည်။ တကယ်တော့ အမျိုးသမီးအလောင်းသည် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့် မဟုတ်လား။
နတ်ဘုရားအာရုံသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက် ပျံ့နှံ့သည်။အကွာအဝေးတစ်ခုရှိ အရှင်ချိုင့်လေ၏ မျက်လုံးသည် တောက်ပနေသည်။ထို့နောက် သူက မျက်မှောင်ကြုတ်သွား၏။ နတ်ဘုရားအာရုံ ပျံ့နှံ့လာသည့်အခါ သူ့မျက်လုံးသည် နက်မှောင်ကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ ရှေ့သို့ ညွှန်သည်။
ထိုနတ်ဘုရားအာရုံသည် လေဝဲတစ်ခုလို စုစည်း၍ ရယ်မောပြီးနောက် ပြန်ဆုတ်သွားသည်။
“ဒီအဘိုးအိုက စိတ်ခံစားချက် ကောင်းနေတဲ့အတွက် မင်းတို့ကို အခွင့်ရေးတစ်ခုပေးမယ်။ငါ့ရှိကို ရေစိတ်ဝိညာဉ်အရင်းမြစ်နဲ့ မိန်းကလေးရယ်၊ ကျောက်ရွှဲ့လို့ခေါ်တဲ့ ကောင်မလေးရယ်ကို လွှဲလိုက်ပါ။ မင်းတို့ရဲ့ ဒဏ်ရာရနေတဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ချိန်းခြောက်မှုတစ်ခုလို့ ဒီအဘိုးအိုက မယူဆဘူး…”
ခပ်ကြမ်းကြမ်းအသံသည် ရေစိတ်ဝိညာဉ်ဂြိုဟ်အနှံ့သို့ ပျံ့လွင့်လာသည်။
ထိုအသံထဲ၌ စစ်ထူနန်၏နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံမှု မန္တာန်ပါဝင်နေ၏။ထိုအသံဖြင့်ပင် ချန်ညီကိုသုံးယောက်သည် သွေးအန်ကာ နောက်ဆုတ်လိုက်ရပြန်သည်။
အရှင်ရီချန်၏အသွင်သည် ကြမ်းကြုတ်နေကာ သူက အော်ပြော၏။ “ဂြိုဟ်အကာအကွယ်အစီအရင်ကို အသက်သွင်းကြ…” သူက ထိုသို့ ပြောလိုက်ရင်း သူ့သိုလှောင်အိတ်ကို ထိလိုက်ရာ အနက်ရောင်တုန်ကင်တစ်ခု ပျံသန်းထွက်လာ၏။
တချိန်တည်းမှာပင် အရှင်ရီရှင်းနှင့်အရှင်ရီလုံတို့သည်လည်း သူတို့၏ တုန်ကင်များကို သိုလှောင်အိတ်ထဲမှ အလျင်အမြန် ထုတ်ယူလိုက်ကြ၏။
သူတို့သုံးယောက်က တုန်ကင်များကို တစ်ပြိုင်နက်တည်းနီးပါး ပင့်မြှောက်လိုက်ကြသည်။တုန်ကင်များထဲမှ တစ်ခုက ပျက်စီး၍ အနက်ရောင်လှိုင်းတစ်ခုအဖြစ် ပြောင်းကာ အလျင်အမြန် ပျံ့နှံ့သည်။ချက်ခြင်းပင် ၎င်းလှိုင်းက ဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်းပေးသွားသည်။
ပထမဆုံးတုန်ကင် ကွဲကြေသွားသည့်အခိုက်မှာပင် ကျန်သည့်တုန်ကင်နှစ်ခုသည်လည်း ပျက်စီးသွားကြသည်။ထို့နောက် နောက်ထပ်လှိုင်းနှစ်ခုသည် ဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်းပျံ့နှံ့စေသည်။ဤအခိုက်အတန့်၌ အနက်ရောင်လှိုင်းအလွှာသုံးခုသည် ရေစိတ်ဝိညာဉ်ဂြိုဟ်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပေးသွား၏။
အရှင်ရီချန်၏မျက်နှာက ဖြူရောနေ၏။သူက ထိုအလွှာသုံးခုသည် ရန်သူကို ခုခံနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။သို့သော် သူက ထိတ်ပျာကြောက်လန့်နေခြင်းတော့ မရှိပါ။ သူ့စိတ်ထဲကနေ နှာခေါင်းရှုံ့၍ တွေးနေ၏။ “အစ်ကိုဝမ် ဒီမှာ ရှိနေရင် ဒီရေစိတ်ဝိညာဉ်ဂြိုဟ်ကို မင်း ဘယ်လိုများ အနိုင်ကျင့်လို့ ရပါ့မလဲ ငါ ကြည့်ချင်သေးတယ်…”
“အို…” စစ်ထူနန်က အလင်းလွှာသုံးခုကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။သူ့နတ်ဘုရားအာရုံကို ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်သို့ ဖြန့်ကျက်ချိန်၌ သူက နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတိပြုမိခဲ့၏။
ထိုနိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူနှစ်ယောက်သည် အပြင်းအထန် ဒဏ်ရာရထားကြပေသည်။သူတို့က ဒဏ်ရာရမထားလျှင်ပင် စစ်ထူနန်သည် ဂရုစိုက်လိုက်မည် မဟုတ်ပေ။ သူက ရယ်မော၍ အိပ်ယာထက်ကနေ ပျောက်ကွယ်သွားကာ ရေစိတ်ဝိညာဉ်ဂြိုဟ်အပြင်ဘက်၌ ပြန်ပေါ်လာ၏။
“ခုခံတာ ကောင်းတယ်။ မင်းတို့ ခုခံလေလေ ငါ ပိုစိတ်လှုပ်ရှားရလေပေါ့။ဒီတစ်ကြိမ် ကိုယ်လုပ်တော်တွေ လာရှာတာ ငါ့ညီအတွက်ဟ၊ငါ့အတွက် မဟုတ်ဘူး…”
စစ်ထူနန်၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်နေသည်။သူက ရေစိတ်ဝိညာဉ်ဂြိုဟ်အနီးသို့ ရောက်လာ၏။ထို့နောက် သူက ရုတ်တရက် သူ့လက်ညှိုးကို ရှေ့သို့ ညွှန်သည်။
“ပျက်သုဉ်းခြင်း…”
စစ်ထူနန်၏လက်ချောင်းထိပ်၌ ဝဲကတော့တစ်ခု ပေါ်လာ၏။အသံပေါက်ကွဲမှုများသည် ဝဲကတော့အတွင်းကနေ ထွက်ပေါ်နေသည်။အဆုံးမဲ့မူလစွမ်းအင်များသည် ဝဲကတော့အတွင်း၌ သိပ်သ်ညး၍ ပိုမိုမြန်ဆန်စွာ လှည့်ပတ်နေလေ၏။အဆုံးသပ်၌ ၎င်း၏လှည့်ပတ်မှုသည် အံ့မခန်းအဆင့်ထိ ရောက်ရှိလာခဲ့သည်။
“ငါ နောက်ဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံတုန်းက မရဏလက်ချောင်း၊နတ်ဆိုးလက်ချောင်းနဲ့ တစ္ဆေလောကလက်ချောင်းတို့ကို မွန်းမံခဲ့တယ်။ဒါ့အပြင် ငါ့လက်ချောင်းနည်းစနစ်တွေကိုလည်း ပိုမိုတိုးတက်လာစေခဲ့ပြီ။ငါက ဒီလို ဂြိုဟ်အကာအကွယ်လောက်ကိုတော့ အသက်ရှုချိန်ခဏအတွင်း ဖျက်စီးပစ်နိုင်တယ်ကွ…”
စစ်ထူနန်၏မျက်လုံးထဲ၌ ကြမ်းကြုတ်မှု ဖြတ်ပြေးသွားကာ သူသည် ရှေ့သို့ လက်ညွှန်လိုက်ချေသည်။
ဝဲကတော့သည် ရေစိတ်ဝိညာဉ်အကာအကွယ်အစီအရင်ထံသို့ မြန်ဆန်စွာ ပျံသန်းသွား၏။၎င်းက ချက်ခြင်းပင် ပထမအလွှာနှင့် ထိပ်တိုက်တွေ့၏။
ဝဲကတော့သည် အနက်ရောင်အလင်းလွှာနှင့် ထိပ်တိုက်တွေ့ချိန်၌ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာ၏။တုန်ခါလှိုင်းများ ပျံ့လွင့်ကာ လူတိုင်းသည် နောက်သို့ လွင့်စင်ရသည်။စစ်ထူနန်အပေါ်ကိုမူ တုန်ခါလှိုင်းက သက်ရောက်ခြင်းမရှိပေ။သို့သော် သူ့နောက်ရှိ အမျိုးသမီးကျင့်ကြံသူများကမူ နောက်ဆုတ်ရပေသည်။
အနက်ရောင်လှိုင်း၏ပထမအလွှာသည် တုန်ယင်ကာ ပေါက်ကွဲထွက်သွား၏။ထို့နောက် မုန်ုတိုင်းတစ်ခု ဖြစ်တည်သည်။၎င်းမုန်တိုင်းသည် ဒုတိယအလွှာပေါ်သို့ ကျရောက်၏။
ချက်ခြင်းလိုလိုပင် စစ်ထူနန်က နောက်တစ်ကြိမ် လက်ညွှန်ကာ အော်ပြော၏။ “လက်ညွှန်ချက်တစ်ချက်…စကြဝဠာ တိတ်ဆိတ်စေလော့…”
သူ့လက်ညွှန်ချက်နှင့်အတူ ဝဲကတော့ကြီးတစ်ခု ထပ်ပေါ်လာကာ လောကရှိ မူလစွမ်းအင်တို့သည် အရူးအမူး စုဝေး၏။ဝဲကတော့သည် လောကရှိ စွမ်းအားများကို စုပ်ယူသည့် တွင်းနက်တစ်ခုအလား ဖြစ်လာခဲ့သည်။
ချက်ခြင်းပင် ဝဲကတော့က ပေတစ်ရာထိ ကျယ်ပြောလာ၏။၎င်းဝဲကတော့ မြန်ဆန်စွာ လှည့်လည်နေရင်း လျှပ်စီးများသည် ဝဲကတော့တစ်လျှောက် လှည့်ပတ်၍ အသံပေါက်ကွဲမှုများကို ဖန်တီးနေသည်။
စစ်ထူနန်က အော်ပြောလာ၏။ “ပျက်သုဉ်းခြင်းပြောင်းလဲမှု…”
သူ ထိုသို့ ပြောလိုက်သည့်နောက် ဝဲကတော့အတွင်းရှိ ပေါက်ကွဲမှုများသည် အကန့်အသတ်သို့ ရောက်လာ၏။ ဝဲကတော့အတွင်းရှိ မူလစွမ်းအင်များသည် တုန်လှုပ်ဖွယ် ပြောင်းလဲလာသည်ကိုလည်း တွေ့ရသည်။
နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများသည် လောကရှိ မူလစွမ်းအင်များကို စုပ်ယူနိုင်ကြကာ သူတို့၏မန္တာန်များနှင့် ပေါင်းစပ်နိုင်ကြ၏။ထို့ကြောင့်လည်း သူတို့၏တိုက်ခိုက်မှုများက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများထက် အဆများစွာ သာလွန်နေခြင်းပင်။
သို့ရာတွင် ထိုမူလစွမ်းအင်ကို အသုံးပြုခြင်းက အနိမ့်ဆုံးနည်းလမ်းဟုပင် ပြော၍ရ၏။ရိုးရှင်းသည်ဟုလည်း ဆိုနိုင်သည်။
သို့ရာတွင် သင်သည် ဥပဒေသများကို နားလည်ပါက သည်မူလစွမ်းအင် စုစည်းသိပ်သည်းစေမှုကိုပါ ပြောင်းလဲမှု ထည့်ပေါင်းနိုင်ပေ၏။
နိဗ္ဗာနကျင့်ကြံသူများသည် ထိုသို့ ပြောင်းလဲနိုင်သည့်စွမ်းအားကို ဥပဒေသစွမ်းအားဟု ခေါ်တွင်ကြ၏။
အမှန်တော့ ဝမ်လင်းကိုယ်တိုင် ဖန်တီးခဲ့သည့် နေသာသောညမန္တာန်၌လည်း ဥပဒေသစွမ်းအား ပါဝင်ပေ၏။ဥပဒေသစွမ်းအားသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများကြား၌ပင် တွေ့ရခဲ့သည်။နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများအတွက်ဆို ပို၍ပို၍ပင် တွေ့ရခဲလှ၏။ထို့အတွက်ကြောင့်လည်း အရှင်ချိင့်လေက ဝမ်လင်း၏မန္တာန်ကို တုန်လှုပ်မိလေခြင်းပင်။
စစ်ထူနန်၏ ရှေ့၌ ပေတစ်ရာလောက်ရှိသည့် ဝဲကတော့သည် သိပ်သည်းကာ သူ့လက်ဝါးအရွယ်ထိ ရောက်ရှိလာ၏။ထို့နောက် ၎င်းဝဲကတော့သည် ဂြိုဟ်အကာအကွယ်အစီအရင်ထံသို့ ပျံသန်းသွားတော့သည်။
“ဒီအဘိုးအိုအတွက် ချိုးဖျက်လိုက်စမ်း…” စစ်ထူနန်က ဝဲကတော့ထံသို့ ဦးတည်၍ ရှေ့သို့ လှမ်း၏။
ထိုဝဲကတော့သည် မြန်ဆန်လွန်းသည်။ချက်ခြင်း အကာအကွယ်နားသို့ ရောက်သွား၏။ထိုအခါ ဒုတိယအလွှာသည် ချက်ခြင်း ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ဝဲကတော့သည် ၎င်းအလွှာနှင့် ထိမိသည့်အခါ ဒုတိယအလွှာသည် တွန့်ကြေလိမ်သွားကာ ခုခံနိုင်ခြင်းကင်းမဲ့စွာ ဝဲ့ကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
ထိုဝဲကတော့သည် ရပ်တန့်ခြင်း မရှိသေးပါ။၎င်းက နောက်ဆုံးအနက်ရောင်လှိုင်း တတိယအလွှာသို့ တိုက်ရိုက်ကျရောက်သွားသည်။
၎င်းဝဲကတော့က နောက်ဆုံးအလွှာနှင့် ထိမိချိန်၌ ထိုအလွှာသည် ပြိုပျက်သွားရတော့သည်။ဤနည်းဖြင့် ဂြိုဟ်အကာအကွယ်အစီအရင်သည် ဖျက်စီးခံလိုက်ရချေပြီ။
၎င်းဝဲကတော့သည် ရေစိတ်ဝိညာဉ်ဂြိုဟ်ထံသို့ ဦးတည်နေ၏။မောက်မာလှသော ရယ်သံနှင့်အတူ စစ်ထူနန်သည် လှမ်းအော်၏။ “ဒီအဘိုးအိုက ငါ့ညီအတွက် ကိုယ်လုပ်တော် လာရှာတာ။ငါ့ကို တားဆီးတဲ့လူမှန်သမျှ ဖျက်စီးခံရမယ်…”
စစ်ထူနန်နှင့်ဝဲကတော့တို့သည် ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်သို့ ပေါ်လာသည့်အခိုက်တွင် ချန်ညီကိုသုံးယောက်သည် နောက်တစ်ကြိမ် သွေးအန်ရပြန်သည်။ဂြိုဟ်အကာအကွယ်အစီအရင်သည် သူတို့နှင့် ချိတ်ဆက်ထားခြင်းပင်။ထို့ကြောင့် သူတို့သည် နောက်ဆုတ်ကာ သွေးအန်လိုက်ရခြင်းပင်။
စစ်ထူနန်၏ နောက်၌ ပန်းရောင်နန်းတော်မှ အမျိုးသမီးကျင့်ကြံသူများ အလျင်အမြန် ရောက်ရှိလာကြကာ ကောင်းကင်တခွင်၌ ပြည့်နှက်သည်။သူတို့ထံမှ ပေးစွမ်းနေသည့် မွှေးရနံ့တို့သည် အသက်ရှုမှားစေမည်။အပြာရောင်ဝတ်စုံနှင် သက်လတ်ပိုင်းလူလည်း ရောက်ရှိလာ၏။သူက ချန်ညီကိုသုံးယောက်ကို စိတ်လှုပ်ရှားစွာ ကြည့်၍ စိတ်ထဲကနေ တွေးသည်။ “မင်းတို့ အဘိုးကြီးသုံးယောက်လည်း ဒီနေ့လို နေ့မျိုး ရောက်လာရတာပဲ မဟုတ်လား…”
အရှင်ရီချန်၏အသွင်က သုန်မှုန်နေ၏။သူက စစ်ထူနန်ကို ကြည့်ကာ လှမ်းအော်သည်။ “ရောင်းရင်းကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းက အံ့အားသင့်ဖွယ်ရာပါပဲ။ ဒါ့ကြောင့် သင်က သာမညတစ်ယောက် မဟုတ်ဘူးလို့ ငါ ထင်ပါတယ်…”
စစ်ထူနန်က ရယ်မောလိုက်၏။ “ငါက စစ်ထူနန်ပဲ…”
“ရောင်းရင်းကျင့်ကြံသူစစ်ထူ…သင်က ဘာကြောင့်များ ငါတို့ကို အတင်းဖိအားပေးရတာလဲ။ဒါ့အပြင် လင်းအာနဲ့ကျောက်ရွှဲ့တို့က ဂျူနီယာလေးတွေပါ။ဒါ့ကြောင့် သူတို့ကို ချမ်းသာပေးပါ။ ချန်ညီကိုသုံးယောက်က ဒီအတွက် ပြန်ပေးဆပ်ပါ့မယ်…”
ချန်ညီကိုသုံးယောက်ကို ကြည့်ကာ စစ်ထူနန်က ခေါင်းယမ်း၏။ “ဒီအဘိုးအိုမှာ မိန်းမလှတွေနဲ့ ကျင့်ကြံခြင်းကိုယ်လုပ်တော်တွေ အများကြီး။ဒါ့ကြောင့် သင်တို့ရဲ့ ဂျူနီယာတွေကို ဂရုမစိုက်ဘူး။ဒါပေမဲ့လည်း ဒီအဘိုးအိုရဲ့ ညီက အတော်ငယ်သေးတယ်။သူက အသက်တစ်ထောင်ကျော်လောက်ပဲ ရှိဦးမယ်။စိတ်ချပါ။ ငါ့ညီက အတော်လေး ကြည့်ကောင်းပါတယ်။ငါ့အချိန်ကို မဖြုန်းတော့နဲ့။ သူတို့ကို ခေါ်လိုက်။ မဟုတ်ရင် ငါမင်းတို့အားလုံးကို သတ်ပြီး သူတို့နှစ်ယောက်ကို ခေါ်သွားရလိမ့်မယ်…”
“စီနီယာ…ကျောက်ရွှဲ့က သင်နဲ့အတူ လိုက်နိုင်ပါတယ်။ဒါပေမဲ့ ငါ့ဂျူနီယာညီမလေးကိုတော့ သနားညှာတာပေးပါ…” အကွာအဝေးတစ်ခုကနေ အလင်းတန်းနှစ်ခု ပျံသန်းလာ၏။ သူတို့ကတော့ ကျောက်ရွှဲ့နှင့် လုံးဝ တည်ငြိမ်လျက် ရှိနေသည့် လင်းအာတို့ပင်။
စစ်ထူနန်သည် ကျောက်ရွှဲကို ကြည့်ကာ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွား၏။သူ့စိတ်ထဲ၌လည်း သူမ၏အလှကို ချီးကျူးမိ၏။ ပြောကြသည့်အတိုင်း သည်မိန်းကလေး ကျောက်ရွှဲ့က အေးစက်စက်အလှရှင်ဖြစ်ကာ ကိုယ်လုပ်တော်အဖြစ် အသုံးပြုရန် အတော်ကောင်းမွန်ပေမည်။
ထို့နောက် သူက ကျောက်ရွှဲ့ဘေးရှိ လင်းအာကို ကြည့်လိုက်၏။သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု တောက်ပသွားသည်။
“တကယ်ပဲ သူမက ရေစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားတာပဲ…”
ကျောက်ရွှဲ့သည် စစ်ထူနန်ဘေးရှိ သက်လတ်ပိုင်းလူကို ကြည့်ပင်မကြည့်ပေ။သူမ၏အေးစက်မှုနှင့် မောက်မာမှုက သိသာလှ၏။
စစ်ထူနန်သည် ကျောက်ရွှဲ့၏စကားများအပေါ် အတော်လေး ပျင်းရိနေ၏။သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ခုသည် ကျောက်ရွှဲ့နှင့်လင်းအာတို့ကို ချက်ခြင်း ခေါ်ဆောင်သွား၏။သူက မောက်မာစွာ ပြောလာသည်။ “ဒီအဘိုးအိုက မင်းတို့နှစ်ယောက်ကို ခေါ်သွားမယ်…”
***