Switch Mode

အပိုင်း (၁၀၄၀)

အသန်မာဆုံးအချိန်

အရှင်ချိုင့်လေသည် သူ့စဉ်းစားဉာဏ်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားစေသည့် သည်မန္တာန်ကို ဝမ်လင်းဖန်တီးခဲ့တာ ဟုတ်လား၊မဟုတ်လား မသေချာ ဖြစ်နေသည်။သူက ထိုမန္တာန်၏ စွမ်းအားပြင်းထန်ပုံကို ခံစားမိသည်။

အရှင်ချိုင့်လေ သည်မန္တာန်ကို ဝမ်လင်းဖန်တီးခဲ့သည်ဟု တွေးထင်မိခြင်းမှာ သူ့နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းအတွေ့အကြံနှင့် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းကျင့်ကြံမှုအဆင့်တို့ကြောင့် ဖြစ်လေသည်။စောနက မန္တာန်ကို ရင်ဆိုင်တွေ့ကြုံပြီးသည့်နောက် အရှင်ချိုင့်လေက မန္တာန်အပေါ်ကျွမ်းကျင်ပိုင်နိုင်မှုကင်းမဲ့နေသေးကြောင်း ခံစားမိခဲ့၏။

ထိုသို့ ကျွမ်းကျင်မှုကင်းမဲ့ခြင်းမှာ မန္တာန်အသုံးပြုသူသည် ထိုမန္တာန်နှင့် အသားကျမှု မရှိသေးခြင်းကြောင့်ပင်။

ထို့အတွက်ကြောင့်လည်း အရှင်ချိုင့်လေက ၎င်းမန္တာန်ကို ဝမ်လင်းခုမှ ဖန်တီးခဲ့သလားဟု မေးမြန်းခဲ့ခြင်းပင်။

ဝမ်လင်းက အရှင်ချိုင့်လေကို တည်ငြိမ်စွာ ကြည့်၍ ခေါင်းညိတ်ပြသည်။

သူ့ခေါင်းတစ်ချက်ညိတ်ပြမှုက အရှင်ချိုင့်လေ၏ စိတ်နှလုံးကို မုန်တိုင်းထန်သွားစေသည်။သူက ဝမ်လင်းကို အကြောင်သား စူးစိုက်ကြည့်နေမိကာ အချိန်အတန်ကြာထိ စကားမဆိုနိုင် ဖြစ်နေသည်။

ကိုယ်တိုင်ကိုယ်ကျဖန်တီးထားသော မန္တာန်များသည် လူတိုင်း ပြုလုပ်နိုင်သည့် အရာမဟုတ်ပါ။ အရှင်ချိုင်လေ့၏ အတွေ့အကြုံဖြင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မွန်းစတားအိုကြီးများကသာ ထိုကဲ့သို့သော သီးသန့်မန္တာန်များကို ပြုလုပ်နိုင်သည့် အရည်အသွေးရှိကြသည်ဟု ကြားဖူးခဲ့သည်။

“မိမိဘာသာဖန်တီးထားတဲ့ မန္တာန်…” အရှင်ချိုင့်လေသည် ခါးသီးဟန် ဖြစ်ပေါ်နေ၏။သူက ဝမ်လင်းသည် ယခုလိုစွမ်းအားဖြင့် မန္တာန်မျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့မိပေ။

သူ့ခန္ဓာကိုယ် စုတ်ဖြဲခံရသည့် ခံစားချက်ကို ပြန်တွေးမိကာ အရှင်ချိုင့်လေ၏ မျက်နှာသည် ပြန်ဖြူရောသွား၏။ အရှင်ချိုင့်လေသည် ဝမ်လင်း သူ့ကို မသတ်လိုခြင်းကြောင့်သာ မဟုတ်ပါက စောနကမန္တာန်အောက်၌ ပျက်စီးသွားရမည်ကို သိထား၏။

အရှင်ချိုင့်လေ၏ စိတ်ထဲ၌ အတွေးများနေ၏။ထို့အတူ ဝမ်လင်းသည်လည်း စဉ်းစားတွေးတောနေသည်။ နေသာသောည မန္တာန်၏ စွမ်းအားက ဝမ်လင်းကိုပါ တုန်လှုပ်စေခဲ့သည် မဟုတ်လား။တကယ်တော့ သူက ပို၍ပင် တုန်လှုပ်မိနေသေးသည်။

“ငါ့ခုလက်ရှိ ကျင့်ကြံမှုက နိဗ္ဗာနကြိုမြင်ခြင်းအလယ်ဆင့်အထွတ်အထိပ် ဖြစ်ပြီး နောက်ဆုံးအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်း လိုနေသေးတယ်။ဒါပေမဲ့လည်း နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်နဲ့တော့ သိပ်မလှမ်းဝေးတော့ဘူး။နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူနဲ့ ငါ့ကြားက ကွာခြားမှုက ကြီးမားလွန်းလှတယ်။ဒါတောင် နေသာသောညမန္တာန်က အရှင်ချိုင့်လေကို လွယ်လင့်တကူ ဒဏ်ရာရစေနိုင်ခဲ့တယ်…”

ဝမ်လင်းသည် ထိုအဖြစ်ကို ဆက်၍ စဉ်းစားကြည့်နေ၏။

သူက စဉ်းစားနေရင်း သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။သူ့မျက်လုံးသည် တောက်ပလာ၏။ နေသာသောည သည်သူ့ စိတ်ထဲ၌ ပေါ်လာ၏။သူ့ညာလက်၌ ရွှေရောင်အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုရွှေရောင်အလင်းက ထိန်းညီးတောက်ပသော နေမင်းကဲ့သို့ပင်။

အရှင်ချိုင့်လေက ထိတ်လန့်သွားကာ နာကျင်မှုကို တောင့်ခံ၍ မတ်တပ်ရပ်ကာ နောက်ဆုတ်၏။သူက ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကိုပင် မတွေ့လိုက်ပေ။

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းသည် ပြန်ပျောက်ကွယ်သွားတော့သည်။

အရှင်ချိုင့်လေက သက်ပြင်းချ၍ တလေးတစား ဆိုလာသည်။ “ရောင်းရင်းကျင့်ကြံသူ ဝမ်ရဲ့ သနားညှာတာမှုကို ငါ မှတ်ထားမှာပါ။ ဒီတစ်ကြိမ် ငါ အဆင်အခြင်မဲ့သွားခဲ့တယ်။ ငါ့ညာလက် ဆုံးရှုံးရမှုက ငါ့အမှားကို အမြဲ အမှတ်ရနေစေပါလိမ့်မယ်။ငါ..အရှင်ချိုင့်လေက ဒီလိုအဖြစ်မျိုး ဒုတိယအကြိမ် ထပ်မဖြစ်စေရဘူးလို့ ငါ့တာအိုနဲ့ တိုင်တည်ပြီး ကျိန်ဆိုပါတယ်…”

သူက ဝမ်လင်းကို အလျော့ပေးခဲ့သော်လည်း ရန်ငြှိုး တေးမှတ်ထားခဲ့၏။မူလတုန်းက သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရောက်မှ ဝမ်လင်းကို ပုန်ကန်မည်ဟု တွေးထားခဲ့ခြင်းပင်။

သို့ရာတွင် အခု နေသာသောည ကို ကိုယ်တိုင်ကြုံရပြီးသည့်နောက် သူ့မူလအတွေးအကြံများကို လက်လွှတ်လိုက်တော့သည်။ခုချိန်၌ သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဝမ်လင်းကို ကူညီပေးကာ သူ့လွတ်လပ်မှု ပြန်ရရန်အတွက်သာ အာရုံစိုက်တော့သည်။

၎င်းမန္တာန်ကို ဝမ်လင်း ဖန်တီးခဲ့သည် ဖြစ်စေ၊ မဖြစ်စေ သူသည် မေးခွန်းအများအပြား မမေးတော့ပေ။ သူ့ကျင့်ကြံမှုအဆင့်နှင့်အတွေ့အကြုံများကြောင့် သူက အချို့သဲလွန်စများကို မြင်နိုင်ပေ၏။သူက ၎င်းမန္တာန်ကို ဝမ်လင်း ဖန်တီးခဲ့မှန်း (၈၀)ရာခိုင်နှုန်း သေချာသည်ဟု ထင်ထားသည်။

သို့ရာတွင် သေချာခြင်း၊မသေချာခြင်းက အရေးမပါတော့ပါ။ထိုမန္တာန်၏ တုန်လှုပ်ဖွယ်စွမ်းအားက သူ့ပုန်ကန်လိုသည့် အတွေးအကြံအားလုံးကို လက်လွှတ်စေခဲ့ပေပြီ။

ဝမ်လင်းက အရှင်ချိုင့်လေက တည်ငြိမ်စွာ ကြည့်၏။သူတို့နှစ်ယောက်လုံးက အကင်းပါးသူများ ဖြစ်ကြသည့်အတွက် သူ့အဖို့ အရှင်ချိုင်လေက သတိပေးဖို့ မလိုတော့ပေ။ဝမ်လင်းက ပြီးခဲ့သော ကိစ္စကို သည်အတိုင်း ထားပေးလိုက်၏။

“ရောင်းရင်းကျင့်ကြံသူဝမ်…ထျန်ယွမ်ဂြိုဟ်ပေါ်က မွန်းစတားအိုတွေကို ငါနားလည်ထားတဲ့အရဆိုရင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက မကြာခင်ဖွင့်တော့မှာ။ နောက်လအနည်းငယ် ဒါမှမဟုတ် နှစ်ဝက်လောက်အတွင်းမှာကို ဖွင့်နိုင်တယ်။ငါက ဒဏ်ရာအပြင်းအထန် ရထားတော့ တံခါးပိတ်ကျင့်ကြံဖို့ လိုနေတယ်။ငါ သင့်ကို မနှောက်ယှက်တော့ဘူး…”

ဝမ်လင်းကို နှုတ်ဆက်ပြီးနောက် အရှင်ချိုင့်လေသည် သူ့နန်းတော်သို့ ပြန်သွားကာ စတင်ကျင့်ကြံတော့သည်။

အရှင်ချိုင့်လေ ထွက်သွားသည့်နောက် ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သူ့ညာလက်ကို ကြည့်သည်။ ခဏတာ တိတ်ဆိတ်သွားသည့်နောက် သူက နေသာသောညကို ထပ်မံ၍ အသုံးပြုသည်။ရွှေရောင်အလင်းက ထပ်မံ၍ ပေါ်လာ၏။

ထိုရွှေရောင်အလင်း ပျောက်ကွယ်သွားသည့်အခိုက်အတန့်၌ ဝမ်လင်းခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် ထိန်းချုပ်မှုကင်းမဲ့သော မြင်းရိုင်းတစ်ကောင်ကဲ့သို့ လာရောက်စုဝေးသည်။

ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေသည်။သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ထို့နောက် သူ့မူလစွမ်းအင်သည် ဖြည်းဖြည်းချင်း ပြန်ရရှိလာသည်။သို့သော် ဤအခိုက်အတန့်လေးအတွင်း၌ပင် သူ့မူလစွမ်းအင်၏ ဆယ်ရာခိုင်နှုန်းကို သုံးစွဲလိုက်ရပေသည်။

“ဒီလိုဆိုရင် ငါ ဒီမန္တာန်ကို အသုံးပြုတဲ့အချိန်မှာ ငါ့မူလစွမ်းအားအားလုံးကို အသုံးပြုပြီး ဖြစ်နေလိမ့်မယ်။ ငါပိုင်ဆိုင်ထားတဲ့ မူလစွမ်းအင်ပမာဏနဲ့ ဒီနေသေသောညမန္တာန်ကို အသုံးပြုဖို့ မဖြစ်နိုင်တော့ဘူး။ဒါပေမဲ့လည်း စောနပိုင်းက ငါ ဒီမန္တာန်ကို အသုံးပြုခဲ့တဲ့ အချိန်မှာ ငါ့မူလစွမ်းအင် မကုန်ဆုံးစေဘဲ တုန်လှုပ်ဖွယ်စွမ်းအားကို ထွက်ပေါ်စေခဲ့တယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်နေမိသည်။

“ဖြစ်နိုင်တာက…” ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့လာ၏။သူ့မျက်လုံးသည် အရောင်တောက်လာသည်။သူက တစ်ခုခုကို နားလည်သွားသည့်ပုံပင်။

မျက်စိတစ်မှိတ်အတွင်း နေအချိန်လွန်၍ ညအချိန်သို့ ရောက်လာပြန်သည်။ဝမ်လင်းသည် နန်းတော်အတွင်း၌ ထိုင်နေကာ ညနက်သည့်အထိ စဉ်းစားခန်းဝင်နေသည်။အာရုံမတက်ခင်အချိန်လေး၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ ထရပ်၍ လှမ်းလျှောက်ထွက်လာ၏။

ရုတ်တရက် သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားကာ နေသာသောညမန္တာန်ကို နားလည်သွားသည့် တောင်ထိပ်နေရာ၌ ပြန်ပေါ်လာခဲ့သည်။

အဝေးရှိ ပင်လယ်ပြင်မှ တိုက်ခတ်လာသည့် လေပြေညင်းသည် ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက်လာသည်။သို့သော် ဝမ်လင်းက ထိုအရာကို စိတ်မဝင်စားဘဲ အကွာအဝေးတစ်ခုမှ မြင့်တက်လာသည့် နေမင်းကိုသာ စူးစိုက်ကြည့်နေသည်။ထို့နောက် သူ့ညာလက်ကို လှုပ်ရှားလိုက်လေ၏။

ထိုအခိုက်အတန့်၌ သူ့ညာလက်မှ ရွှေရောင်အလင်းသည် တလက်လက် ဖြစ်နေ၏။သူက သူ့ခန္ဓာကိုယ်ထဲရှိ မည်သည့်မူလစွမ်းအင်ကိုမျှ အသုံးမပြုထားပေ။သူ့ညာလက်ကို ပင့်မြှောက်လိုက်သည့်အခိုက် ဝမ်လင်းသည် ထွက်ပေါ်လာသည့်နေမင်းမှ အဆုံးမဲ့မူလစွမ်းအင်များသည် သူ့ညာလက်ထံသို့ စုစည်းနေသည်ကို တွေ့ရှိရသည်။ထိုအဖြစ်က သူ့လက်ထဲရှိ ရွှေရောင်အလင်းကို ရုတ်တရက် ချဲ့ကားထွက်သွားစေသည်။

ထွက်ပေါ်လာသောနေမင်းမှ မူလစွမ်းအင်များသည် သူ့ညာလက်၌ စုစည်းလာနေရင်း သူ့ညာလက်တစ်ဖက်မှ ရွှေရောင်အလင်းများသည် တကိုယ်လုံးပေါ်သို့ ပျံ့နှံ့သည်။

ဝမ်လင်းသည် ရွှေရောင်အလင်းများနှင့် ဖုံးအုပ်နေ၏။သူက နေမင်းကဲ့သို့ တောက်ပလာသည်။ခဏအကြာတွင် သူက အစစ်အမှန်နေမင်းနေရာတွင် အစားထိုးကာ ပင်လယ်ပြင်မှ မြင့်တက်လာသည့် နေမင်းဖြစ်လာခဲ့သည်။

ဝမ်လင်း၏မျက်လုံးထဲ၌ ဉာဏ်အလင်း ဖြစ်ပေါ်လာ၏။အတွေးတစ်ချက်ဖြင့်ပင် သူ့ပတ်လည်ရှိ ရွှေရောင်အလင်းတို့သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်ရင်း လုံးဝ ကွယ်ပျောက်သွားတော့သည်။

“ဒီတော့ ဒါက ဒီလိုပေါ့။ ငါ့မူလစွမ်းအင်က ဒီတုန်လှုပ်ဖွယ်မန္တာန်ကို ဖန်တီးဖို့အတွက် မလုံလောက်ဘူး။ငါက ထွက်ပေါ်လာတဲ့နေမင်းရဲ့ စွမ်းအားကို ငှားယမ်းပြီးတော့မှ ဒီမန္တာန်ကို အသုံးပြုနိုင်လိမ့်မယ်…” ဝမ်လင်းသည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခေါင်းရမ်းလိုက်သည်။ထို့နောက် သူက ခြေတစ်လှမ်းဖြင့် ပျောက်ကွယ်သွားတော့သည်။

“ဒါက အကန့်အသတ်နဲ့ ဖြစ်နေပေမယ့်လည်း တစ်စုံတစ်ယောက်က ငါနဲ့ နေထွက်ချိန်အတွင်း ယှဉ်တိုက်ရင် ငါ့တတိယမျက်လုံး၊နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားတို့ကိုပါ ထည့်တွက်လိုက်ရင် ငါဟာ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်လောက် စွမ်းရည် ရှိသွားနိုင်တယ်…”

“မိုးကုပ်စက်ဝန်းအစွန်းမှာ နေမင်းထွက်ပေါ်လာတဲ့အခိုက်က ငါ့အသန်မာဆုံးအချိန်ပဲ…”

ဝမ်လင်းသည် သူ့နန်းတော်သို့ ပြန်ရောက်လာချိန်၌ သူ့မျက်လုံးတို့သည် အေးစက်လာသည်။သူက ခပ်တိုးတိုး ရေရွတ်၏။ “အရှင်ချိင့်လေကို ထည့်မတွက်ရင် ငါ့အသန်မာဆုံးအချိန်မှာ ဘယ်သူနဲ့များ တွေ့ကြံပြီး တိုက်ခိုက်ရမလဲ ငါ သိချင်မိတယ်…”

ဝမ်လင်းသည် ကြာပွင့်ပုံစံ ထိုင်နေ၏။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်ကို ဖြစ်စေရာ မရေမတွက်နိုင်သောအတားအဆိးများ နန်းတော်၌ ပြည့်နှက်သွားသည်။သည့်နောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်ကာ အတားအဆီးနှလုံးသားကို အသက်သွင်းသည်။ထိုအခါ မရေမတွက်နိုင်သော အနက်ရောင်လိုင်းများသည် ပျံသန်းထွက်လာကြသည်။

အတားအဆီးများစွာက ဤဧရိယာတွင် ပြည့်နှက်နေရင်း နန်းတော်သည် လုံးဝ ချိပ်ပိတ်ခြင်း ခံရသည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက်တွင်ပင် ဝမ်လင်းက အနည်းငယ် စိတ်ပူပန်နေသေး၏။သူက သူ့သိုလှောင်အိတ်ကို ထုတ်ယူလိုက်ရာ သံလိုက်အိမ်မြှောင်တစ်ခု သူ့လက်ထဲ၌ ပေါ်လာသည်။ထိုသံလိုက်အိမ်မြှောင်သည် ပျက်သုဉ်းခြင်းအတားအဆီး၏ အမွေဆက်ခံသူများသည် ပိုင်ဆိုင်နိုင်သည့်အရာမျိုးပင်။

မူလစွမ်းအင်များကို သံလိုက်အိမ်မြှောင်ထံသို့ ရိုက်ခတ်စေပြီးနောက် ၎င်း၏ သံလိုက်လက်တံသည် စတင်လှည့်လည်လာသည်။သံလိုက်အိမ်မြှောင်သည် အထက်သို့ ပျံတက်ကာ ပေတစ်ရာလောက်ထိ ကျယ်ပြောကြီးမားလာသည်။၎င်းက ဝမ်လင်းအထက်၌ မြောလွင့်နေ၏။ဝမ်လင်းက အထက်သို့ ခုန်တက်ချိန်၌ သံလိုက်အိမ်မြှောင်သည် သက်ဆင်းကာ မြေကြီးထဲသို့ နစ်မြုပ်သွားသည်။ဝမ်လင်းက သံလိုက်အိမ်မြှောင် အလယ်၌ ထိုင်ချလိုက်သည်။

“ ဒီလောက်ဆို လုံလောက်သင့်ပြီ…” ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ငွေရောင်အလောင်းသည် သူ့ရှေ့၌ ပေါ်လာ၏။ထိုအလောင်းကို ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ထို့နောက် သူက ထိုအလောင်း၏မျက်ခုံးနှစ်ခုကြားသို့ ကြမ်းတမ်းစွာ ဖိချလိက်သည်။

ဤအခိုက်အတန့်၌ အမျိုးသမီးအလောင်းသည် ရုတ်တရက် မျက်လုံးပွင့်လာကာ ဝမ်လင်းကို အေးစက်စက်ကြည့်သည်။ထို့အပြင် သူမ၏မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ပေါ်လာကာ သူမ၏ အရေပြားနှင့် လက်တစ်ထောက်စာအကွာ၌ ဝမ်လင်း၏လက်ချောင်းကို ရပ်တန့်သွားစေသည်။

အမျိုးသမီးအလောင်း၏ မျက်လုံးထဲ၌ ကြမ်းကြုတ်သည့်အကြည့် ဖြစ်ပေါ်လာရင်း သူမက နောက်ဆုတ်သည်။သို့သော် သူမ နောက်ဆုတ်ချိန်၌ သူမအောက်ရှိ သံလိုက်အိမ်မြှောင်သည် တုန်ခါကာ လှည့်လည်လာသည်။ထိုသံလိုက်အိမ်မြှောင်ထံမှ အတားအဆီးများ ပျံသန်းထွက်လာရင်း နန်းတော်အခန်းအတွင်းရှိ အခြားအတားအဆီးများနှင့် ချိတ်ဆက်သွားသည်။သူမက အတားအဆီးတစ်ခုကို ရုန်းကြွ ဖျက်စီးသည်နှင့် အခြားအတားအဆီးများသည် သူမပေါ်သို့ သက်ဆင်းချည်နှောင်တော့သည်။

သူမ၏မျက်လုံးထဲ၌ ကြမ်းကြုတ်မှုမအပြင် မထင်ထားစွာဖြင့် ဉာဏ်ရည်ရှိသည့်အရိပ်အမြွက်ပါ ထွက်ပေါ်နေလေသည်။သူမက နောက်ဆုတ်သည့်နှုန်းကို လျော့ချကာ ဝမ်လင်းရှိရာသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့၏။

ထိုအမျိုးသမီးအလောင်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ သူမ၏ကျင့်ကြံမှုအဆင့်က လျော့ကနေသော်လည်း သူမ၏ကြမ်းကြုတ်မှုကတော့ လျော့ပါးသွားခြင်း မရှိပေ။သူမသည် ဝမ်လင်းရှိရာသို့ တဟုန်ထိုး တိုးဝင်လာကာ လက်သည်းဖြင့် ကုတ်ချ၏။

ဝမ်လင်း၏အသွင်က တည်ငြိမ်နေဆဲပင်။သူမ၏လက်သည်းကုတ်ချက် အနားရောက်လာသည့်အခါ ဝမ်လင်း၏မျက်လုံးထဲမှ အပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်သွားသည်။သူမ၏လက်က ၎င်းအပြာရောင်အလင်းနှင့် ချက်ခြင်း ထိမိသည်။

နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီးနောက် အမျိုးသမီးအလောင်းသည် နောက်သို့ အလျင်အမြန်ဆုတ်သည်။သူမက နောက်ဆုတ်နေသော်လည်း သူမ၏ လှုပ်ရှားမှုများက ပေါ့ပါးလှသည်။မထင်မှတ်စွာပင် သူမက မည်သည့်အတားအဆီးကိုမျှ ထိမိခြင်း မရှိ ဖြစ်နေခြင်းပင်။သူမက ဝမ်လင်းနှင့် ဆယ့်နှစ်ပေလောက်အကွာတွင် ရပ်တန့်သွား၏။သူမက ဝမ်လင်းကို စူးစိုက်ကြည့်ရင်း သွားစေ့ကာ မာန်ဖီ၍ အော်ဟစ်သံပြုသည်။

ထိုအမျိုးသမီးအလောင်းသည် လှပြီးသားလူတစ်ယောက် ဖြစ်ခဲ့၏။ထို့ကြောင့် သူမ၏ ခုလိုပုံစံလှုပ်ရှားမှုသည် လူအများကို အန္တရာယ်ဟု မခံစားရစေဘဲ ကြောက်တစ်ကောင်ကဲ့သို့ အသွင်အပြင်ကိုသာ ပေးစွမ်းနေသည်။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးနှစ်ခုသည် သူမ လှုပ်ရှားသည့်အခါ တချွင်ချွင် ရိုက်ခတ်၏။ထိုအသံက သည်နန်းတော်အနှံ့တွင် ပဲ့တင်ထပ်မြည်စေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset