Switch Mode

အပိုင်း (၁၀၃၉)

နေသာသောညရဲ့ စွမ်းအား

အရှင်ချိုင့်လေရှေ့၌ နီရဲတောက်ပသောနေမင်း ပေါ်ထွက်လာကာ ထိုနေမင်းအောက်၌ လှိုင်းထန်နေသော ပင်လယ်ပြင် ရှိလို့နေသည်။ဤအခိုက်၌ အရှင်ချိုင့်လေသည် ပုံရိပ်ယောင်အတွင်းသို့ သူ့ခန္ဓာကိုယ်သည် လွင့်ပါးပျောက်ကွယ်၍ မရေမတွက်နိုင်သော ညအမှောင်အဖြစ်သို့ ပြောင်းလဲသွားရသည်။

သို့သော် ပင်လယ်ပြင်မှ နေမင်း မြင့်တက်လာချိန်၌ သူသည် သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို ခံစားရသည်။သူ့ခန္ဓာကိုယ်သည် အပိုင်းပိုင်း စုတ်ဖြဲခံရသည့်အလားပင်။သူ့မူလစိတ်ဝိညာဉ်ပင် မလွတ်ပေ။

အရှင်ချိုင့်လေ၏ စိတ်နှလုံးထဲ၌ သေရေးရှင်ရေး ခံစားမှု ပြင်းပြင်းထန်ထန် ပေါ်လာခဲ့သည်။သူက သူ့ရှေ့ရှိ အခြေအနေကို ပင့်သက်ရှိုက်နေမိသည်။သူက သူ့လက်နှစ်ဖက်ကိုဖြန့်ကား၍ နေမင်းသာသောညမှ စွမ်းအားကို ခုခံရန် ပြင်စဉ် ကောင်းကင်ထက်မှ မူလစွမ်းအင်မုန်တိုင်းတစ်ခု ကျဆင်းလာသည်။

သို့ရာတွင် သူ့မူလစွမ်းအင်ကို ဖြန့်ကျက်လိုက်သည့်အခိုက်၌ ၎င်းစွမ်းအင်သည် ညအမှောင်ထုကိုတောက်ပသော နေအလင်းက ထွင်းဖောက်ခြင်းခံလိုက်ရသည့်အလား ဖြစ်သွားစေသည်။

အချိန်တိုအတွင်း သူ့မူလစွမ်းအင်များသည် တစ်စက်မျှ ကြွင်းကျန်မှု မရှိတော့ပေ။

“ဒါ…ဒါ မဖြစ်နိုင်ဘူး…” အရှင်ချိုင့်လေသည် ဖြူရောနေ၏။သည်အခိုက်၌သူ့ခန္ဓာကိုယ်အတွင်းတွင် ပြောပြနိုင်စွမ်းမရှိသည့် နာကျင်မှုတို့ ပြည့်နှက်နေသည်။သူ့ဒွာရပေါက်များကနေ သွေးများစီးကျနေသည်။သူက သွေးများစွာ အန်ထုတ်ရသည်။သူက နောက်သို့ ဆုတ်၏။သို့သော် သူက မည်သို့ ရွှေ့လျားသည် ဖြစ်စေ သူ့ရှေ့၌ နေမင်းက အမြဲရှိလို့နေသည်။

“ငါလုပ်နိုင်တာ အကုန်လုပ်ရမယ်…” အရှင်ချိုင့်လေသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကိုဖြစ်စေသည်။ သူ့နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံခြင်းသည် ပေါက်ကွဲထွက်လာသည်။မူလစွမ်းအင်စုစည်းနိုင်စွမ်းသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများသာ လုပ်နိုင်သည့် အရာဖြစ်၏။သူကထိုစွမ်းရည်ကို အမြန်အဆန် အသုံးပြုနေသည်။

လေဟာနယ်ထဲမှ မူလစွမ်းအင်အမျှင်တန်းများသည် ထွက်ပေါ်လာ၍ အရှင်ချိုင့်လေရှေ့၌ စုစည်းသည်။သိပ်မကြာခင်တွင် ၎င်းစွမ်းအင်အမျှင်တန်းများသည် သူ့ရှေ့၌ မူလစွမ်းအင်အလုံးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

ထိုစွမ်းအင်လုံးက ကြီးမားလှခြင်း မရှိသော်လည်း ဖျက်စီးနိုင်မှုအားသည် မည်သည့်နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူမှ မခုခံနိုင်သည့်အရာ ဖြစ်နေ၏။

မူလစွမ်းအင်လုံး ပေါ်လာသည်နှင့် လောကသည် အရောင်များ ပြောင်းလဲလာသည်။ဂြိုဟ်သည် တုန်ယင်လာသည်။ချန်ညီကိုသုံးယောက်၏ အမူအရာသည် ပြောင်းလဲသွားကာ သူတို့က နောက်ဆုတ်ရ၏။

ခေါင်းကြီးကောင်လေးနှင့် ကျန်သည့်သူများလည်း နောက်ဆုတ်ရပေသည်။သူတို့က နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ မန္တာန်အနား၌ ပေကပ်မနေဝံ့ကြချေ။

အရှင်ချိုင့်လေ၏ဆံပင်များက ရှုပ်ပွနေ၏။သူက ချောင်ပိတ်ခံနေရသည့်အလား ရှိသမျှ ခွန်အားကို အသုံးပြုနေသည်။သူက ဝမ်လင်းကို သတ်ဖို့အကြောင်းကိုပင် ထပ်၍ မတွေးတော့ဘဲ သည်အံ့မခန်းမန္တာန်အောက်၌ ရှင်သန်နိုင်ဖို့ နည်းလမ်းတစ်ခုကိုသာ ရှာလိုနေခဲ့သည်။

“ဒါ…ဒါက ဘယ်လိုမန္တာန်မျိုးလဲ။ဒီမန္တာန်ထဲမှာ လောကရဲ့ အံ့မခန်းဥပဒေသတွေ ပါဝင်နေတယ်။ဒါက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့ မန္တာန်မျိုး မဟုတ်ဘူး…”

အရှင်ချိုင့်လေသည် မာန်သွင်းကာ သူ့ရှေ့ရှိ မူလစွမ်းအင်လုံးကို တွန်းထုတ်သည်။

ထိုမူလစွမ်းအင်လုံးသည် တောက်ပသောနေမင်းထံသို့ အလင်းတန်းတစ်ခုအလား တိုးဝင်သွားလေသည်။

“ဒီနေမင်းကို ဖျက်စီးနိုင်မှ ငါ့အသက်ကို ကယ်နိုင်မယ်…” အရှင်ချိုင့်လေသည် မူလစွမ်းအင်လုံး ပျံသန်းသွားသည်ကို ကြည့်နေရင်း အတော်လေး ထိတ်လန့်ကြောက်ရွှံ့နေမိသည်။

ထိုမူလစွမ်းအင်လုံးသည် အလွန်မြန်ဆန်လှကာ တောက်ပသောနေမင်းထံသို့ တိုးဝင်သွားနေသည်။၎င်းက နီးကပ်လာချိန်၌ နေမင်းထံမှ ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်လာကာ မူလစွမ်းအင်လုံးနှင့် ထိပ်တိုက်တွေ့တော့သည်။

လောကတစ်ခွင် တုန်ဟီးသံများ ထွက်ပေါ်လာသည်။ထိုအသံသည်ရေစိတ်ဝိညာဉ်ဂြိုဟ်အနှံ့ ဖြတ်သန်းပဲ့တင်ထပ်သည်။

မူလစွမ်းအင်လုံးသည် ပျက်စီးပြိုပျက်သွားရသည်။

အရှင်ချိုင့်လေသည် မဖြစ်ညစ်ကျယ် နာကျင်စွာ ပြုံးမိ၏။သူက သွေးအန်ထုတ်ရသည်။သည်အခိုက်၌ သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ဗရပွ ဖြစ်လာခဲ့သည်။သူ့အဝတ်အစားများသည် သွေးများဖြင့် ချက်ခြင်း ရွှဲနစ်သွားသည်။

သူ့နှစ်ပေါင်းများစွာ ကျင့်ကြံမှုမှ ရရှိလာသည့် ဇွဲနပဲကြောင့်သာ မဟုတ်ပါက သူသည် နာကျင်၍ အော်ဟစ်နေပေမိမည်။ခုချိန်၌ သူသည် ညအမှောင်ဖြစ်ကာ တောက်ပသောနေအလင်း၏ ထိုးခွင်းခြင်း ခံရသည့်အလား ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

သူ့မူလစိတ်ဝိညာဉ်၌လည်း ဒဏ်ရာများနှင့် ပြည့်နှက်နေရသည်သာ ဖြစ်သည်။

ပင်လယ်ပြင်မှ တောက်ပသောနေမင်း မြင့်တက်လာရင်း သူသည် မိန်းမောသည့်အနေထားသို့ ရောက်ရှိနေသည်။သူက ထိုနေမင်းအတွင်း၌ ပုံရိပ်တစ်ခုကို ခပ်ရေးရေးတွေ့မြင်သည်။နေမင်း မြင့်တက်လာသည်နှင့် ထိုပုံရိပ်က ပို၍ ရှင်းလင်းလာသည်။

“ဝမ်လင်း…”

ထိုနေမင်းထဲရှိ ပုံရိပ်မှာ ဝမ်လင်းပင်။

ချက်ခြင်းလိုလိုပင် ဝမ်လင်းသည် တောက်ပသောနေမင်း ကိုယ်တိုင် ဖြစ်လာခဲ့တော့သည်။သူ့ခန္ဓာကိုယ်မှ ရွှေရောင်များတောက်ပနေ၏။ထိုအလင်းက သန်မာလွန်း၏။

နေမင်းအောက်ရှိ ပင်လယ်ပြင်သည် ထိုရွှေရောင်အလင်း၏ ရောင်ပြန်ဟပ်ခြင်းကို ခံရသည်။

ထိုအခြင်းအရာများအားလုံးက အရှင်ချိုင့်လေကို ကြောက်ရွှံ့မှုနှင့်သာ ပြည့်နှက်သွားစေတော့သည်။

အရှင်ချိုင့်လေသည် နာကျင်မှုကို အံကြိတ်ခံရင်း ရုန်းကန်ကာ သူ့သိုလှောင်အိတ်ကို ထိ၏။သို့ရာတွင် သူက သိုလှောင်အိတ်ကို ထိမိချိန်၌ သူ့ညာလက်သည် တစစီဖြစ်ကာ ပျောက်ပျက်သွားသည်။

သူ့သိုလှောင်အိတ်ထဲမှ ရတနာများစွာ ထွက်ပေါ်လာ၍ သူ့ခန္ဓာကိုယ်ကို စုတ်ဖြဲနေသည့်အားကို ရပ်တန့်စေဖို့ တာဆူသည်။သို့သော် ထိုရတနာများသည် ထိုသို့ ရပ်တန့်နိုင်စေဖို့ အားနည်းလွန်းလှသည်။၎င်းရတနာများအားလုံးသည် ပေါ်ထွက်လာသည်နှင့် ချက်ခြင်း ပေါက်ကွဲထွက်သွားသည်။

အရှင်ချိုင့်လေ၏မျက်လုံးတို့သည် သွေးချင်းနီရဲနေသည်။သူ့ရှေ့၌ ဧရာမ အနက်ရောင်ကျောက်ပြားတစ်ခု ချက်ခြင်း ပေါ်ထွက်လာသည်။

ထိုကျောက်ပြားပေါ်၌ မရေမတွက်နိုင်သောမှော်စာလုံးများ ရေးထွင်းထားသည်။၎င်းကျောက်ပြားပတ်လည်၌ အနက်ရောင်စပါးအုံးမြွေကြီးတစ်ခု ရစ်ခွေနေပြန်သည်။ထိုစပါးအုံးကြီး၏ ဦးခေါင်းထက်၌ ဦးဂြိုတစ်ခု ရှိသည်။

အရှင်ချိုင့်လေသည် မာန်သွင်းလိုက်ရင်း ဧရာမစပါးအုံးသည် ၎င်း၏ပါးစပ်ကိုဟကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။အနက်ရောင်ကျောက်ပြားသည် ဝမ်လင်းပေါ်သို့ သက်ဆင်းကျရောက်လာသည့်အလား ထင်မှတ်ရ၏။

ထိုကျောက်ပြားသည် ကြီးမားလွန်းလှရာ ၎င်းကျဆင်းချိန်၌ ကောင်းကင်ကြီးကို ခြုံလွှမ်း၍ ကောင်းကင်ကိုယ်တိုင် ကျဆင်းလာသလား ထင်မှားရသည်။

ဝမ်လင်းက တောင်ထိပ်ပေါ်၌သာ ရှိနေဆဲပင်။ဖြစ်စဉ် အစကနေအဆုံးထိ သူက တောင်ထိပ်ပေါ်၌သာ တစ်လက်မမျှပင် မလှုပ်မယှက် ထိုင်နေ၏။သူက တည်ငြိမ်စွာဖြင့် အရှင်ချိုင့်လေကို ကြည့်ကာ တိုးညင်းစွာ ဆိုသည်။ “နေသာသောည…”

သူက ထိုစကားလုံးများကို ရွတ်ဆိုသည့်အခါ လောကသည် တုန်ယင်ရ၏။ဝမ်လင်း၏ခန္ဓာကိုယ်သည် နေမင်းအဖြစ်သို့ ပြောင်းလဲ၍ တောင်ထိပ်သည် ပင်လယ်အသွင် ဆောင်သွားသည်။နေမင်းသည် ပင်လယ်ပြင်ထက်၌ မြင့်တက်လာကာ အဆုံးမဲ့စွမ်းအားများသည် ညကို ခွင်းကာ ရှေ့သို့ တိုးလာသည်။

ဤအရာက နေသာသောညပင်။

စပါးအုံးမြွေကြီးသည် နေသာသောည၏ စွမ်းအားအောက်၌ အပိုင်းပိုင်းစုတ်ဖြဲခံရသည့်အလား နာကျင်စွာ ရုန်းကန်ရလေ၏။

ကျောက်ပြားသည် အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။

အရှင်ချိုင့်လေက သွေးများစွာ အန်ထုတ်ကာ သူ့ခန္ဓာကိုယ်ထက်၌ မရေမတွက်နိုင်သော ဒဏ်ရာများ ပေါ်လာ၏။ဒဏ်ရာမရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းဟူ၍ မရှိတော့ချေ။သို့သော် သူ့ခန္ဓာကိုယ်သည် ဆက်လက်၍ပျက်စီးခြင်းတော့ မရှိပါ။ပြင်းထန်သောအားတစ်ခုက သူ့အား နောက်သို့ လွင့်စေ၍ မြေပြင်ထက်သို့ စောင့်ကျစေသည်။

ညသည်ဆက်၍ မတည်ရှိတော့ပါ။အရာအားလုံးသည် ပြန်ပျောက်ကွယ်သွားသည်။အရာအားလုံးသည် သာမန်အတိုင်း ပြန်ဖြစ်ကာ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား။ ချန်ညီကိုသုံးယောက်က သူတို့ရှေ့ရှိ အဖြစ်အပျက်ကို ကြည့်ကာ သူတို့၏ဦးရေပြားပင် တင်းကြပ်နေ၏။ သူတို့၏ စိတ်နှလုံးထဲမှ ကြောက်ရွှံ့မှုကို ခံစားရသည်။

“ဆရာတောင် ဒီလိုမန္တာန်မျိုး အသုံးမပြုနိုင်လောက်ဘူး…”

“ဒီ…ဒီမန္တာန်ကို နားလည်ဖို့ သူက နှစ်လလောက် အသုံးပြုခဲ့တယ်။ဒါက ကြောက်မက်ဖွယ်ကောင်းလွန်းလှတယ်။ဒီလိုမန္တာန်မျိုးသာ ငါ့အပေါ် သက်ရောက်လာရင် ငါက သေဖို့ စောင့်ဆိုင်းနေဖို့ပဲ ရှိတော့မယ်…”

“အရှင်ချိုင့်လေက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ…။ဒါတောင် သူက အတင်းနောက်ဆုတ်ခဲ့ရတယ်။ စီနီယာဝမ်လင်းက သူ့ကို သတ်ဖို့ဆန္ဒမရှိလို့သာ တော်သေးတယ်။ မဟုတ်ရင် ဒီမန္တာန်ရဲ့ကပ်ဘေးကနေ အရှင်ချိုင့်လေ လွတ်မြောက်ဖို့ အတော်လေးကို ခက်ခဲပေလိမ့်မယ်…”

ချန်ညီကိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။သူတို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေကြသည်။

ခေါင်းကြီးကောင်လေးက မထူးခြားနားဟန်ရှိနေသော ဝမ်လင်းကို ကြည့်နေရင်း ပင့်သက်ရှိုက်မိ၏။သူ့စိတ်ထဲ၌လည်း အတော်လေး ရှုပ်ထွေးမိနေ၏။

“ငါတို့နှစ်ယောက်ကြားက ကွာဟချက်က ပိုပိုကြီးမားလာခဲ့ပြီ။မဟာမိတ်ကို လာခဲ့တဲ့ ဒီခရီးစဉ်မှာ သူ့ကျင့်ကြံမှုအဆင့်က အတော်လေးကို တိုးတက်လာခဲ့တာပဲ…”

လိုင်ဂျီ၏မျက်လုံးထဲ၌ စိတ်ဆန္ဒအားသန်နေ၏။သူက တွေးနေသည်။ “သခင် ပိုပြီး သန်မာလာလေလေ ငါက ဘီလူးနတ်ဆိုးကလန်ကို ပြန်နိုင်လေပဲ…”

ထာရှန်တစ်ယောက်သည် အရင်တိုင်း မထူးခြားနားဟန်နှင့် ရှိနေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေ၏။ မည်သူကမျှ သည်လိုမျိုး အခြေအနေ၌ စကားမဟဝံ့ကြပေ။

ဝမ်လင်းသည် ကောင်းကင်ထက်ရှိ နေမင်းကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူ့မျက်လုံးထဲ၌ ကြည်လင်မှု ပြန်ရလာ၏။သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ အရှင်ချိုင့်လေရှေ့သို့ ရောက်ရှိသွား၏။သူက အရှင်ချိုင့်လေကို ဆံပင်ကနေ စုပ်ကိုင်၍ ရှေ့တည့်တည့်သို့ ဦးတည်သွားတော့သည်။

သူ မထွက်ခွာခင် သူက ချန်ညီကိုသုံးယောက်ကို ခေါင်းညိတ်ပြသေး၏။ထို့နောက် ဝမ်လင်းသည် ပျောက်ကွယ်သွားတော့သည်။

“နှစ်လတာ စောင့်ဆိုင်းပြီးတဲ့နောက် နောက်ဆုံးတော့ ငါက တဒင်္ကအခိုက်အတန့်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီ။ ခုအဖြစ်အပျက်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာတုန်းက ရှေးဟောင်းနတ်ဆိုးပေလော ထောက်ပံ့ပေးမှုနဲ့ ဆန်းကြယ်နယ်ပယ်ထဲ ဝင်ရောက်ခဲ့ရတာနဲ့ တူနေတယ်။ဒါပေမဲ့လညဘ်း ဒါက တူရုံလောက်ပဲ။နှိုင်းယှဉ်ရင်တော့ရှေးဟောင်းနတ်ဆိုးပေလောရဲ့ ဆန်းကြယ်နယ်ပယ်က အသေးအဖွဲ့လောက် ဖြစ်သွားခဲ့ပြီ…”

ဝမ်လင်းသည် စဉ်းစားနေရင်း နန်းတော်ရှေ့၌ ပေါ်လာ၏။သူက အထဲသို့ လှမ်းလျှောက်ဝင်သွားသည်။

“ဒါက ဘယ်လို နယ်ပယ်မျိုးလဲ။ ငါက ဒီလိုနယ်ပယ်မျိုးကို ခဏတာ ဝင်ရောက်နိုင်တာနဲ့နောင် ညအမှောင်ထုကို စုတ်ဖြဲပစ်နိုင်တဲ့ နေသာသောညလို စွမ်းအားမျိုးကို နားလည်နိုင်စွမ်း ရှိသွားခဲ့တယ်။ဒါက ငါကိုယ်တိုင် ဖန်တီးတဲ့ ပထမဆုံးမန္တာန်လို့တောင် ယူဆလို့ ရနိုင်တယ်…”

ဝမ်လင်းသည် အရှင်ချိုင့်လေကို ဘေးတွင်ပစ်ချ၍ စတင် စဉ်းစားကြည့်နေခြင်းပင်။

သူက အစောပိုင်းအဖြစ်အပျက်က သူ့ရှေ့ရှိ မြင်ကွင်းကို ပြန်တွေးနေသည်။တဖြည်းဖြည်းဖြင့် နေသာသောည၏ ခံစားမှုသည် သူ့စိတ်ထဲတွင် ရေးထွင်းသွားချေတော့သည်။

အရှင်ချိုင့်လေက ဝမ်လင်းက စိတ်ရှုပ်ထွေးဟန်နှင့်ကြည့်ကာ ထထိုင်ရန် ကြိုးစား၏။ ခုချိန်၌ သူက အရိုးအိတ်လို ဖြစ်နေခဲ့လေပြီ။အချိန်အတန်ကြာပြီးမှ ခပ်ရှရှအသံနှင့် သူက မေးလာသည်။ “မင်း…မင်း…ဒီမန္တာန်ကို အခုမှ ဖန်တီးခဲ့တာလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset