Switch Mode

အပိုင်း(၁၀၃၈)

ကိုယ်တိုင်ဖန်တီးသော နေသာသောည မန္တာန်

လျိုဝမ်သည် မူလက မထင်မရှား ရှေးဟောင်းကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။သူက ပါရမီရှိသော်လည်း ထူးချွန်မှု မရှိခဲ့ပေ။သို့သော် သူသည် ပထမဆုံးရှီနတ်ဘုရားအာရုံ မှတ်တမ်းကို ချန်ထားခဲ့ပေသည်။

မည်သူကမျှ သူ ရှီနတ်ဘုရားအာရုံကို မည်သို့အောင်မြင်ခဲ့သည် ထိုရှီနယ်ပယ်သို့ ဘယ်လောက်ကြာကြာ နစ်မြောဈဉ်ဝင်စားနိုင်ခဲ့သည်ကို မသိခဲ့ကြပေ။သူဈဉ်ဝင်စားခဲ့သည့် အချိန်က ခဏတာလော၊ထာဝရလောလည်း မသိခဲ့ကြပေ။

သို့ရာတွင် ဝမ်လင်းသည် လျိုဝမ်မှာ ကျင့်ကြံခြင်းလောက၌ မည်သည့်ကျော်ကြားမှုမှ မရှိခဲ့သည့်သူ တစ်ယောက် ဖြစ်ခဲ့သည်ကိုတော့ သိထား၏။လျိုဝမ်က တံခါးပိတ်ကျင့်ကြံပြီး ပြန်ထွက်လာသည့်အခါမှ ကျင့်ကြံခြင်းလောက၌ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်သူပင်။ သူ့ကို ထိုသို့ ကြောက်မက်ဖွယ်ကောင်းသူ တစ်ယောက် ဖြစ်စေခဲ့သည့်အရာက သူအသုံးပြုသည့် မန္တာန်များကို အရင်က ဘယ်သူကမျှ မြင်တွေ့ဖူးခြင်း မရှိခဲ့သောကြောင့် ဖြစ်လေ၏။

ထို့အပြင် လျိုဝမ်၏မန္တာန်များသည် အလွန်စွမ်းအားကောင်းကာ ကောင်းကင်ဘုံတာအို ပါဝင်နေ၏။ထိုအဖြစ်သနစ်က ရှေးဟောင်းအချိန်တွေတုန်းက မုန်တိုင်းထန်စေခဲ့ပေသည်။

လူများစွာက လျှို့ဝှက်ချက်ကို သိလိုခဲ့ကြ၏။ ထို့ကြောင့် သွေးမြေကျမှုများ စတင်ခဲ့ကြသည်။ လူဘယ်လောက်များများ တိုက်ခိုက်လာပါစေ အချို့မွန်းစတားအိုကြီးများပင် ပါဝင်လာပါစေ သူတို့သည် လျိုဝမ်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ကြပေ။လျိုဝမ်က အန္တရာယ်အားလုံးကို ကြိုသိကာ ရှောင်နိုင်ခဲ့သည့်အလား ထင်မှတ်၍ ရသည်။

နောက်ပိုင်း၌ သူက သူ့စွမ်းအားဖြင့် လူအားလုံးကို ခုခံ၍မရဟု သဘောပေါက်ခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် သူက ရှေးဟောင်းကျင့်ကြံခြင်းလောက၏ ထူးဆန်းဆန်းကြယ်သော ဒဏ္ဌာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တော့သည်။

လျိုဝမ်က တစ်ခါမျှ မမြင်မကြားဖူးသည့် မန္တာန်များကို အသုံးပြုနိုင်စွမ်း ရှိခဲ့သည်ကို ထောက်ချင့်၍ ကောလဟာလ တစ်ခု ဖြစ်ပေါ်လာတော့၏။၎င်းသတင်းစကားမှာ ရှီနယ်ပယ်သည် လူတစ်ယောက်ကို ကိုယ်ပိုင်လောက ဖန်တီးစေနိုင်သည်ဟူ၍ပင်။ ၎င်းကောလဟာလသည် တိတိကျကျ သေချာမှု မရှိသော်လည်း အတော်လေး ပျံ့နှံ့ခဲ့လေ၏။

ဂျီနယ်ပယ်သည် သေဆုံးစေခြင်း ဆိုပါက ရှီနယ်ပယ်သည် ရှင်သန်စေခြင်းဟု ဆိုရပေတော့မည်။

ဝမ်လင်းသည် ထိုအရာများကို သိနှင့်မနေပေ။ ခုချိန်၌ သူက ရှီနယ်ပယ်အခြေအနေထဲ၌ နစ်မြောနေ၏။သို့သော် သူက ၎င်းနယ်ပယ်ကို မဖမ်းဆုပ်နိုင်ချေ။

သူ့ရှေ့၌ အခွင့်အရေးတစ်ခု အမြဲ ရှိနေကာ သူက ၎င်းအခွင့်အရေးကို ဖမ်းဆုပ်ဖို့ ကြိုးစားတိုင်း ဗလာနတ္ထိ ဖြစ်နေပြန်၏။ဝမ်လင်းသည် အရင်က ခုလိုမျိုးခံစားမှုမျိုး လုံးဝ မဖြစ်ပေါ်ခဲ့ဖူးပေ။

သူက နေလုံးဝ ဝင်သွားကာ အမှောင်ထုကြီးစိုးလာသည်ကိုသာ စောင့်ကြည့်နေမိ၏။

ဝမ်လင်းက စိတ်ပူပန်ဗျာပါဒ ဖြစ်နေခြင်းတာ့ မရှိပါ။သူက အမြဲတမ်း ဇွဲလုံ့လ ရှိသည့်သူ တစ်ယောက်၊လွယ်လွယ် လက်မလျော့တတ်သူ တစ်ယောက် မဟုတ်လား။ သူသာ ထိုသို့ ဇွဲသတ္တိမျိုးမရှိခဲ့ပါက ယနေ့ ဝမ်လင်းဟူ၍ ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေ။

သူက တည်ငြိမ်စွာပင် ကောင်းကင်ထက်သို့ ကြည့်နေသည်။သူက အခွင့်အရေးကို မဖမ်းဆုပ်နိုင်သေးခင် စောင့်ဆိုင်း၍သာ နေ၏။နေဝင်နေထွက်ကို စောင့်ဆိုင်းနေရင်း၊ သူ စောင့်ဆိုင်းနေသည့် မဖမ်းဆုပ်နိုင်သေးသော အခွင့်အရေးသည် ပို၍ ကြည်လင်ထင်ရှားလာခဲ့၏။ဤအခိုက်မှာပင် သူက ၎င်းကို ဖမ်းဆုပ်နိုင်ခဲ့သည်။

ညနက်ပိုင်း၌ လင်းအာ နိုးလာ၏။သူမ၏ မျက်တောင်မွှေးများက တုန်ခါနေကာ သူမသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။သူမတွေ့ မြင်လိုက်ရသည်က ကြယ်ရောင်စုံကောင်းကင်ပင်။သူမက တိတ်တဆိတ် ထထိုင်ကာ အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို ကြည့်နေ၏။လရောင်အောက်၌ သူမသည် ဝမ်လင်း၏ ခပ်ပြတ်ပြတ်မျက်နှာကို တွေ့မြင်နေရသည်။

သူမ နိုးထလာပြီးနောက် သူမစိတ်ထဲရှိ ချိပ်ပိတ်ထားမှုသည် ပွင့်ဟသွားခဲ့ပြီးသလိုပင်။သူမသည် ခပ်ရေးရေး မှတ်ဉာဏ်များကို တွေ့မြင်နိုင်စွမ်း ရှိနေလေပြီ။သို့ရာတွင် ထိုမှတ်ဉာဏ်များသည် ရှည်ကြားလွန်းခဲ့လေပြီ။ သူမက ဝမ်လင်းကို ကြည့်နေရင်း မိန်းမောသည့်အခြေအနေသို့ ပြန်ဝင်ရောက်သွားပြန်သည်။

ကြာမြင်ခဲ့လှပြီ ဖြစ်သည့် အတိတ်က မှတ်ဉာဏ်များသည် လင်းအာ၏ စိတ်အတွင်း၌ ဖြစ်ပေါ်နေသည်။သူမ၏ နှဖူးထက်သို့ ထိလိုက်ရင်း လင်းအာ၏မျက်လုံးတို့သည် တောက်ပလာခဲ့သည်။ သူမ နှစ်ပေါင်းများစွာ မက်ခဲ့သည့် အိပ်မက်သည်လည်း ခုချိန်၌ ဖြေရှင်းပြီးသွားခဲ့လေပြီ။သူမက အချိန်အတန်ကြာ စဉ်းစားနေ၏။ထို့နောက် မတ်တပ်ထရပ်ကာ ဝမ်လင်းထံသို့ လှမ်းလျှောက်သွား၍ လေးစားမှုအပြည့်ဖြင့် ပြောသည်။ “နတ်ဘုရားကျေးကျွန်မူလင်းက ရှေးဟောင်းနတ်ဘုရားကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းသည် ခေါင်းဆတ်ခနဲ ညိတ်ပြသည်။သူက တည်ငြိမ်စွာ ပြော၏။ “နင် ပြန်သွားနိုင်ပြီ…”

ဝမ်လင်း၏စကားလုံးများသည် လင်းအာအတွက် တသွေမတိမ်းနာခံရမည့် အမိန့်ပင် မဟုတ်လော။သူမက ဦးညွတ်၍ လက်ကောက်ဝတ်ရှိ ခေါင်းလောင်းလေးများကို လှုပ်ယမ်းသည်။ထိုအခါ ကြိုးကြာတစ်ကောင် ပျံသန်းရောက်ရှိလာကာ သူမက ၎င်းကြိုးကြာ၏ကျောပေါ်သို့ ခုန်တက်၍ ထွက်ခွာသွားသည်။

သူမက ဝမ်လင်းထံသို့ နောက်လှည့်၍ ထွက်မသွားခင် သေချာကြည့်သည်။ စိတ်ရှုပ်ထွေးမှု အရိပ်အမြွက် ဖြစ်ပေါ်သွားကာ သူမသည် သက်ပြင်းချ၏။ထို့နောက် ကြိုးကြားနှင့်အတူ ထွက်ခွာသွားတော့သည်။

ဝမ်လင်းသည် လင်းအာကို အာရုံမထားပေ။သူ့အကြည့်က အကွာအဝေးတစ်ခုရှိ ပင်လယ်ထံသို့ ကျရောက်နေ၏။သိပ်မကြာခင်တွင် နေသည် မိုးကုပ်စက်ဝန်းကနေ လွှမ်းပေါ်လာ၍ အလင်းဓာတ်သည် ကမ္ဘာမြေသို့ တဖြည်းဖြည်း ပြန်ကျရောက်လာ၏။

နေမင်း ကလေထဲသို့ မြင့်တက်သွားသည့်အချိန်ထိ ဝမ်လင်းက ဉာဏ်အလင်း မရရှိသေးပေ။

အချိန်သည် ဖြည်းဖြည်းချင်းဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေ၏။ဝမ်လင်းသည် သူထိုင်နေသည်မှာ မည်မျှကြာနေပြီကိုပင် မေ့လို့နေသည်။သူက ချန်ညီကိုသုံးယောက်၊အရှင်ချိုင့်လေနှင့် ခေါင်းကြီးကောင်လေးတို့ သည်နေရာသို့ ရောက်လာနေကြသည်ကို သတိပြုမိ၏။

သူက အကွာအဝေးတစ်ခုထံသို့သာ အဆက်မပြတ်ကြည့်လို့နေ၏။သူ့မျက်လုံးက ချင်းချင်းနီလို့နေသည်။သို့သော် သူက မည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။သူက နေထွက်ချိန်အခိုက်ကိုသာ အလေးထားနေ၏။

ချန်ညီကိုသုံးယောက်သည် ဝမ်လင်းရှိနေသော တောင်ထိပ်နှင့် ငါးကီလိုမီတာအကွာရှိ လေထဲ၌ ရပ်နေကြ၏။သူတို့က တောင်ထိပ်ပေါ်ရှိ မလှုပ်မယှက် ထီးတည်းရှိနေသော ဝမ်လင်းကို တွေ့မြင်နေရသည်။

“တစ်လ ရှိသွားပြီ…” အရှင်ရီလုံသည် ပဟေဠိ ဖြစ်နေ၏။သူက မျက်မှောင်ကြုတ်ကာ မေးသည်။ “သူက ဘာကို ဉာဏ်အလင်း ရအောင် လုပ်နေတာလဲ…”

အရှင်ရီရှင်းက ခေါင်းယမ်းကာ ဖြည်းဖြည်းချင်း ဆိုသည်။ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဒီလောက် အချိန်ကြာကြာ ဉာဏ်အလင်းရအောင် ဖမ်းဆုပ်နေပုံထောက်တော့ ဒီမန္တာန်ဟာ အလွန်စွမ်းအားကောင်းနေရလိမ့်မယ်…”

အရှင်ရီချန်က အချိန်အတန်ကြာ စဉ်းစားနေရင်း ခေါင်းယမ်းကာ ပြောလာသည်။ “ငါတော့ ဒီလိုမထင်ဘူး။ အဲ့တောင်ထိပ်မှာ မူလစွမ်းအင် ဒါမှမဟုတ် နတ်ဘုရားအာရုံ တုန်ခါမှုလှိုင်း လုံးဝ မရှိတာ မင်းတို့နှစ်ယောက် သတိပြုမိကြလား။ဒါတောင် ငါတို့က အနားကို ချဉ်းကပ် မသွားနိုင်ဘူး။ အဲ့နေရာမှာ ငါတို့နားမလည်နိုင်တဲ့ တစ်ခုခု ဖြစ်ပွားနေတဲ့ပုံပဲ။ ဒါ့အပြင် သူက တာအိုကို ဆင်ခြင်နေတယ်လို့ ငါ ခံစားမိနေတယ်…”

“တာအိုကို ဆင်ခြင်ခြင်း…” အရှင်ရီလုံ၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်၍ ဆိုသည်။ “ဟုတ်လောက်တယ်…”

အရှင်ရီရှင်းကလည်း ပြောလာသည်။ “မူလစွမ်းအင်လုံးဝ ရှိမနေပေမဲ့ သူနဲ့ ပေတစ်ရာအတွင်း ခြေလှမ်းလာတဲ့လူတိုင်း ခြေလှမ်းသုံးလှမ်း လှမ်းပြီးတာနဲ့ ပြင်းထန်သောအားတစ်ခုရဲ့ တွန်းကန်ခြင်းကို ခံရတယ်…”

အရှင်ရီချန်က တည်ငြိမ်စွာ ဆိုသည်။ “ခုတော့ ငါတို့ ဒီအတိုင်း စောင့်ကြည့်ကြတာပေါ့။သူသာ အမှန်တကယ် တာအိုကို ဆင်ခြင်နေတာဆိုရင် ငါတို့သုံးယောက်အတွက် တွေ့ကြုံရခဲတယ့် အတွေ့အကြုံပဲ။ သူ့ကို ကြည့်နေရုံနဲ့တင် ငါတို့သုံးယောက်အတွက် အကျိုးရကောင်း ရနိုင်တယ်…”

ထို့နောက် သူတို့သုံးယောက်သည် လေထဲ၌ ထိုင်ကာ တောင်ထိပ်ရှိ ဝမ်လင်းကို ကြည့်နေကြတော့သည်။

သူတို့သုံးယောက်နှင့် အတန်လှမ်းသည့်နေရာတွင် အရှင်ချိုင့်လေ၏ မျက်လုံးတို့က တလက်လက် ဖြစ်နေသည်။သူက တောင်ထိပ်ကို ကြည့်ကာ တွေးနေသည်။ “သူက တာအိုကို နားလည်သွားတဲ့ပုံ မပေါ်သေးဘူး။ဒါပေမဲ့လည်း သူ ဒီလိုလုပ်ဆောင်နေတာ ငါ့အတွက် အခွင့်အရေးပဲ။ဒါပေမဲ့လည်း ငါက ငါ့အပေါ်မှာ ရှိတဲ့ ချိပ်ပိတ်မှုကို ချိုးဖျက်လိုက်ရင် ဘာများ ဖြစ်လာနိုင်မလဲ…”

အရှင်ချိုင့်လေသည် သူ့စိတ်ထဲ၌ ရုန်းကန်နေသည်။

ခေါင်းကြီးကောင်လေး၊ထာရှန်နှင့်လိုင်ဂျီတို့သည်လည်း သည်နေရာနားသို့ ရောက်နေကြ၏။တကယ်တော့ ဝမ်လင်း ကျင့်ကြံနေသည်မှာ တစ်လတိတိ ရှိလို့နေပေပြီ။ထို့ကြောင့် သူတို့သုံးယောက်က စိတ်ပူပန်နေမိကြသည်။

နေထွက်လိုက်၊ဝင်လိုက် ဖြစ်နေရင်း အချိန်သည် ကုန်ဆုံးနေသည်။သည်လိုဖြင့် နောက်ထပ်တစ်လ ကုန်သွားခဲ့ပြန်လေပြီ။

ဝမ်လင်း၏မျက်လုံးတို့က ချင်းချင်းနီရဲနေ၏။သူက အကွာအဝေးတစ်ခုရှိ ပင်လယ်ရေမျက်နှာပြင်ကိုသာ မမှိတ်မသုန် ကြည့်နေရင်း အရာအားလုံးကို မေ့နေသည်။ နေဝင်လိုက်၊ထွက်လိုက် ဖြစ်နေရင်း သူသည် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ ပို၍ ပြတ်သားလာနေသည်။

ယနေ့၌ တတိယမြောက်လ၏ ကိုးယောက်မြောက်နေ့ပင်။

အနက်ရောင်တိမ်များသည် ကောင်းကင်ထက်၌ ဖုံးအုပ်နေ၏။၎င်းတိမ်စိုင်များထဲမှ မိုးကြိုးလျှပ်စီးများ ခပ်အုပ်အုပ် ထွက်ပေါ်နေသည်။သိပ်မကြာခင်တွင်ပင် မိုးစက်များ ရွာသွန်းကျလာသည်။

အကွာအဝေးတစ်ခု၌ မိုးစက်များ ကျဆင်းရင်း ပင်လယ်ပြင်သည် လှိုင်းထန်လာကာ ကောင်းကင်ဘုံကို ဖိဆန်သည့်အလား ထင်မှားရသည်။

နေမင်းသည် မိုးစက်များကြား၌ ပေါ်ထွန်းလာဖို့ ရုန်းကန်နေရသည့်အလား။ ဤအခိုက်၌ ဝမ်လင်း၏မျက်လုံးတို့သည် ကျဉ်းမြောင်းသွားသည်။သူက နှစ်လတာ စောင့်ဆိုင်းနေပြီးနောက် အရေးကြီးလွန်းလှသည့် အချိန်အခိုက်သို့ ရောက်လာပြီ ဖြစ်ကြောင်း အားကောင်းစွာ ခံစားမိနေသည်။

ခုလက်ရှိ၌သူသည် နေထွက်လာမှုကိုသာ အဆုံးစွန်အာရုံစိုက်ထား၍ သူကိုယ်တိုင် နေထွက်လာမှုနှင့် တစ်သားတည်း ဖြစ်လာသကဲ့သို့ပင်။

မိုးများရွာသွန်းနေ၏။လျှပ်စီးမိုးကြိုးများလင်းလက်နေသည်။ သို့သော် ၎င်းအခြင်းအရာများသည် ဝမ်လင်း၏အမြင်ကို မရပ်တန့်နိုင်စေပေ။

နေမင်းသည် ကောင်းကင်ထက်၌ ရုန်းကြွမြင့်တက်လာရင်း ဝမ်လင်းစိတ်ထဲ၌ တစ်စုံတစ်ခု ပေါက်ကွဲလာနေခဲ့သည်။သူက သူ့ရှေ့ရှိ ဝိုးတဝါးရှိနေသော အမျှင်အတန်းကဲ့သို့ အရာများသည် မြန်ဆန်စွာ သိပ်သည်း၍ အခွင့်အရေးကိုခံစားမိနေသည်။ထို့နောက် ၎င်းတို့သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကြသည်။

ချက်ခြင်းလိုလိုပင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ယင်လာခဲ့သည်။

သူက ပင်လယ်ပြင်ထက်မှ ရုန်းကြွမြင့်တက်လာသည့် နေမင်းကို တွေ့မြင်နေရသည်။

နေမင်းထွက်ပေါ်လာသည်နှင့် အံ့မခန်းအားတစ်ခုသည် ပျံ့နှံ့လာသည်။ထိုစွမ်းအားသည် အမှောင်ထုကို ခွင်းသည့် အလင်းပင်။ထိုစွမ်းအားက ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်ဖြစ်စေဖို့ လုံလောက်အောင် သန်မာနေသည်။ကောင်းကင်ဘုံကို လှုပ်ခါစေဖို့ လုံလောက်နေသည်။ညအမှောင်သည် ထိုစွမ်းအားကြောင့် မရေမတွက်နိုင်သော အပိုင်းအစအဖြစ်သို့ ကွဲထွက်ပြိုပျက်၍ အလင်းဓာတ် အစားထိုး ဝင်လာသည်။

နေသာသောညသည် ပင်လယ်ပြင်ထက်မှ ခြုံလွှမ်း၍ မြင့်တက်လာသည့် နေမင်းနှင့်အတူ မွေးဖွားလာခဲ့တော့သည်။

“ဒီစွမ်းအားပဲ…” ဝမ်လင်း၏မျက်လုံးတို့သည် အလွန်တောက်ပနေသည်။သူ့စိတ်သည် ဆန်းကြယ်သောအခြေအနေသို့ ဆိုက်ရောက်နေ၏။နေထွက်လာသည့် အခိုက်အတန့်သည် ညကို ဖယ်ရှားပစ်သည့် စွမ်းအားကို သူ့စိတ်ထဲ၌ သံမှိုလိုစွဲနေစေသည်။

“အခု…” အရှင်ချိုင့်လေ၏ မျက်လုံးတို့သည် အေးစက်လာ၏။သူက သည်နှစ်လကြာ စောင့်ဆိုင်းနေရင်း ချိပ်ပိတ်မှုကိုချိုးဖျက်ပြီးနောက် ဖြစ်ပေါ်လာမည့် အရာကို ရင်ဆိုင်ရန် နည်းလမ်း ရှာဖွေနေသည်။ထို့အပြင် သူက ဝမ်လင်းကို သတ်ပစ်ဖို့ပါ နည်းလမ်း ရှာဖွေနေခြင်းပင်။

“သူ့ကို သတ်လိုက်ရင် ဒီချိပ်ပိတ်မှုကလည်း ပျက်စီးသွားလိမ့်မယ်…” အရှင်ချိုင့်လေ၏မျက်လုံးတို့သည် တလက်လက် ဖြစ်နေ၏။သူက ဝမ်လင်း ညအမှောင်ကိုဖယ်ရှားသည့် စွမ်းအားကို နားလည်သွားသည့်အခုက်၌ ရှေ့သို့ တိုးဝင်လာတော့သည်။

သို့ရာတွင် သူက ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ခြေချမိသည်နှင့် သူ့အသွင်က အကြီးအကျယ်ပြောင်းလဲသွားသည်။ သူက မယုံကြည်နိုင်ဝံ့သည် အရာတစ်ခုကို တွေ့မြင်လိုက်ရသကဲ့သို့ တုန်လှုပ်မှုနှင့်ကြောက်ရွှံ့မှုတို့သည် သူ့မျက်လုံးထဲ၌ ပြည့်နှက်လာခဲ့တော့သည်။

“ဒါ…ဒါက ဘာကြီးလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset