ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်အား လူပေါင်းများစွာ တစ်ပြိုင်နက်တည်း အသံလွှင့်အကြောင်းကြားစာများ ပေးပို့နိုင်အောင် ဖန်တီးထားသည်။ ထို့ကြောင့် ၎င်းမှာ အုပ်စုဖွဲ့ စကားဝိုင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ပြည်ထောင်စုပျိုးပင်များမှာ ထိုစကားဝိုင်းထဲတွင် အသံလွှင့်အကြောင်းကြားစာများနှင့် စာတိုများ ပေးပို့နိုင်ပေသည်။
လက်ရှိတွင် ကျွန်းအသီးသီးပေါ်၌ ရှိနေကြသော ပြည်ထောင်စုပျိုးပင်များမှာ ထိုစကားဝိုင်းထဲ၌ စကားစမြည်များ ပြောဆိုနေကြ၏။ သူတို့မှာ ဇာတိမြေမှ ထွက်ခွာလာရပြီး တိုင်းတစ်ပါးသို့ ရောက်နေကြသည်ဖြစ်ရာ သူစိမ်းများနှင့် အတူတူနေနေရသည် မဟုတ်ပါလော။ အများစုမှာဆိုလျှင် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများမှာ သူတို့အား အထင်အမြင်သေးကာ ဝိုင်းကြဥ်ထားကြသည်ကို ခံစားမိနေ၏။ ထို့ကြောင့် သူတို့မှာ အချင်းချင်း ပို၍ပင် စည်းလုံးနေကြတော့သည်။
သူတို့မှာ ထိုကဲ့သို့ ညီညီညွတ်ညွတ် နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ ကျင့်ကြံခြင်းသုခဘုံကြီးတစ်ခု ဖြစ်နေသည့်တိုင်အောင် သူတို့ မမြင်နိုင်သည့် အန္တရာယ်ပေါင်းမြောက်မြားစွာဖြင့် ပြည့်နှက်နေ၏။ ပြီးခဲ့သည့် လအတွင်းတွင် သူတို့ထဲမှ ကျင့်ကြံသူပေါင်းများစွာမှာ အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရ၏။ အချို့သောအန္တရာယ်များမှာ တာဝန်များထမ်းဆောင်နေစဉ် ကြုံတွေ့ရသည့် အန္တရာယ်များ ဖြစ်ကြပါသော်လည်း အချို့အန္တရာယ်များမှာမူ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျင့်ကြံသူများကြောင့် ပေါ်ပေါက်လာကြခြင်းဖြစ်သည်။
ထို့ကြောင့် ဤ အုပ်စုဖွဲ့စကားဝိုင်းလေးမှာ လူတိုင်း တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်သွယ်နိုင်သည့် အရေးကြီးစကားဝိုင်းလေးတစ်ခု ဖြစ်လာတော့သည်။ ထို့အပြင် သူတို့မှာ အန္တရာယ်များနှင့် ကြုံနေရချိန်တွင်လည်း အကူအညီ လှမ်းတောင်းနိုင်ပေသည်။ ယခုတွင် သူတို့အားလုံးမှာ တိုက်ပွဲရမှတ်များအကြောင်း ဆွေးနွေးနေကြ၏။
လီယီ၏ အသံလွှင့်အကြောင်းကြားစာကြောင့် လူအများစုမှာ အံ့အားသင့်သွားရ၏။ သူမ စုဆောင်းနိုင်ခဲ့သည့် တိုက်ပွဲရမှတ် အရေအတွက်မှာ အလွန်အင်မတန်မှ များပြားနေသည် မဟုတ်ပါလော။ သူမသည် တိုက်ပွဲရမှတ် အမှတ်ခြောက်ရာတိတိ စုဆောင်းပြီးသွားပြီဖြစ်ရာ အများစုမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြ၏။ ကျယ်ပြန့်တာအိုနန်းတော်မှ ပေးအပ်သော တာဝန်များမှာ အလွန်အင်မတန်မှ ခက်ခဲပြီး ၎င်းတို့ ချီးမြှင့်ကြသည့် တိုက်ပွဲရမှတ် အရေအတွက်မှာမူ အလွန်အင်မတန်မှ နည်းပါးနေသည် မဟုတ်ပါလော။
ထို့ကြောင့် အများစုမှာ သူမအား ရိုရိုသေသေနှင့် မေးခွန်းများ မေးနေကြတော့သည်။ ဝမ်ပေါင်လဲ့ကမူ နှာမှုတ်လိုက်၏။ သူသည် မကျေမချမ်း ဖြစ်နေရပါသော်လည်း ထိုစကားဝိုင်းအား ဆက်၍ နားထောင်နေလိုက်၏။ သူသည်လည်း လီယီ အသုံးပြုခဲ့သော နည်းလမ်းများကို သိချင်နေသည်။
လီယီမှာလည်း ထိုကဲ့သို့ဖြစ်လာအောင် ယခုလို အသံလွှင့်အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် သူမကိုယ်သူမ ကျေနပ်သွားပြီး တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် အုပ်စုဖွဲ့စကားဝိုင်းထဲ၌ ထပ်၍ ပြောလိုက်၏။
” တာအိုရောင်းရင်းတို့။ နင်တို့တွေ ဒီအချက်တစ်ချက်ကို မှတ်ထားရင်ရပြီ… တိုက်ပွဲရမှတ်တွေ စုဆောင်းချင်ရင် ကျင့်ကြံခြင်းအဆင့်က အရေးကြီးတာ မှန်ပေမဲ့ ခေါင်းသုံးတတ်ဖို့က ပိုပြီးတော့ကို အရေးကြီးတယ်။ ငါတို့တွေထဲမှာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ တာအိုရောင်းရင်း ဝမ်ပေါင်လဲ့ရော တိုက်ပွဲရမှတ်တွေ ဘယ်လောက်များ ရနေပြီလဲမသိဘူး ”
လီယီတစ်ယောက် ဝမ်ပေါင်လဲ့အကြောင်း ပြောလိုက်သည်နှင့် အခြားသူများအားလုံးမှာ ငြိမ်ကျသွားကြ၏။ မည်သူကမှ သူတို့နှစ်ယောက်၏ ပဋိပက္ခကြားတွင် ဝင်မပါလိုပေ။ အင်္ဂါဂြိုဟ်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ကြားသိထားကြသည့် လူတိုင်းမှာ လီယီနှင့် ဝမ်ပေါင်လဲ့တို့ကြားမှ တင်းမာမှုများ အကြောင်းကိုလည်း သိရှိထားကြပြီးဖြစ်သည်။ ထိုပဋိပက္ခကြီးမှာ သူတို့နှစ်ယောက် မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန်ရာထူးအတွက် ယှဉ်ပြိုင်ခဲ့စဉ်တုန်းက စတင်ခဲ့သည်ဖြစ်ပြီး လီယီတစ်ယောက် အမှားကြီးတစ်ခု ကျူးလွန်မိကာ အင်္ဂါဂြိုဟ်ပေါ်မှ နှင်ထုတ်ခံလိုက်ရသည့် အချိန်အထိ ကြာမြင့်နေခဲ့၏။ သို့ဖြစ်ရာ သူတို့၏ တစ်ယောက်ပေါ်တစ်ယောက် ထားရှိသော ရန်ငြိုးများမှာ နှလုံးသားထဲ၌ အမြစ်တွယ်နေကြပြီဖြစ်ပြီး ပြေလည်သွားမည့်ပုံ မပေါ်သေးပေ။
ထို့အပြင် လီယီမှာ အင်္ဂါဂြိုဟ်ပေါ်မှ ထွက်ခွာသွားပြီးကတည်းက ရာထူးထပ်မတက်ခဲ့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးကာ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်အဖြစ်သို့ ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ အကယ်၍ လက်ရှိတွင် သူတို့မှာ ပြည်ထောင်စုကြီးထဲတွင်သာရှိနေပါက လီယီမှာ သူမ၏ စိတ်ထဲမှနေ၍ ဝမ်ပေါင်လဲ့အား မည်မျှပင် ကျိန်ဆဲနေစေကာမူ သူ့အား ပေါ်ပါ်တင်တင် အာခံရဲမည်တော့ မဟုတ်ပေ။ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအဆင့်အတန်းများမှာ အလွန်အင်မတန်မှ ကွာခြားနေသည် မဟုတ်ပါလော။
ကျယ်ပြန့်တာအိုနန်းတော်ထဲတွင်မူ ပြည်ထောင်စုကြီးထဲ၌ ရရှိခဲ့သည့် အောင်မြင်မှုများကို ထည့်တွက်နေစရာ မလိုတော့ပေ။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှပင် မြင့်မားနေစေကာမူ လီယီမှာ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကာ ဝမ်ပေါင်လဲ့အား ဆန့်ကျင်ကြမည် အဖွဲ့တစ်ဖွဲ့အား စုစည်းထားပြီးသားဖြစ်သည်။ ထို့ကြောင့်လည်း သူမသည် အုပ်စုဖွဲ့စကားဝိုင်းထဲ၌ ဝမ်ပေါင်လဲ့အား ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် လှောင်ပြောင်ရဲနေခြင်းပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ ကျောက်စိမ်းပေလွှာအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူသည် ထိုစကားဝိုင်းထဲ၌ စကားဝင်ပြောရန် ပြင်လိုက်ပါသော်လည်း သူ စုဆောင်းမိထားသည့် တိုက်ပွဲရမှတ် အရေအတွက်နှင့် သူ အကြွေးပေးစရာရှိသော တိုက်ပွဲရမှတ်များအကြောင်း တွေးမိသွားသောအခါ ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်များကျသွားရတော့သည်။ ထို့ကြောင့် သူသည် သက်ပြင်းများချကာ ထိုအုပ်စုဖွဲစကားဝိုင်းထဲမှ ထွက်ခွာလာတော့သည်။
” မဖြစ်ဘူး။ ငါ စကားတစ်ခွန်းခွန်း ဝင်ပြောလိုက်ရင် ခေါင်းကြီးပြီး ဦးနှောက်မပါတဲ့ လီယီ သူ့ကိုယ်သူ ကျေနပ်နေလိမ့်မယ် ” ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး သုန်မှုန်သွားပြီး စဉ်းစားတွေးတောနေလိုက်တော့သည်။ အချိန်အနည်းငယ်ခန့်ကြာအောင် စဉ်းစားပြီးသွားသောအခါမှသာ သူသည် တိုက်ပွဲကျောက်တိုင်ကြီးဆီသို့ ထပ်၍ ဦးတည်သွားလိုက်ပြန်သည်။ သူသည် ၎င်းအား သေသေချာချာ စိုက်ကြည့်ကာ ကမ္ဗည်းစာလုံးများ လေ့လာမှတ်သားထားသည့် အံ့ဩဖွယ်ရာ မှတ်ဉာဏ်ဖြင့် ကျောက်တိုင်ကြီးပေါ်ရှိ တာဝန်အများစုကို စိတ်ထဲ၌ မှတ်သားလိုက်ပြီးနောက် ၎င်းတို့အား အနှစ်ချုပ်ကာ အမျိုးအစား ခွဲခြားနေလိုက်တော့သည်။
ထိုသို့လုပ်ရသည်မှာ အလွန်အင်မတန်မှ ပင်ပန်းပါသော်လည်း ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ အစွမ်းကုန်ကြိုးစားနေ၏။ သူသည် လီယီ၏ စကားများကြောင့် ဒေါပွသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဖြင့် နှစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် မျက်လုံးများနီမြန်းနေသော ဝမ်ပေါင်လဲ့မှာ နဖူးကိုလက်ဖြင့်ပွတ်ကာ ခေါင်းမော့လာ၏။ သူ၏ အသက်ရှူသံများမှာလည်း အနည်းငယ်ပို၍ မြန်ဆန်လာပြီ ဖြစ်သည်။
” တိုက်ပွဲရမှတ်အများဆုံးပေးတဲ့ တာဝန်အများစုက အမြုတေအဆင့် ကျင့်ကြံသူတွေပဲ ထမ်းဆောင်လို့ရတာ။ ပြီးတော့ အဲဒီတာဝန်တွေက တစ်ယောက်တည်း ခဏခဏ လုပ်လို့ရတဲ့ တာဝန်တွေမဟုတ်ဘူး… အဖွဲ့တွေဖွဲ့ပြီးမှ လုပ်ရတာ ”
” ဒါပေမဲ့ ဒီလိုမျိုး တာဝန်တွေက တိုက်ပွဲရမှတ်တွေ ပိုပေးပေမဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက် သင့်တော်တဲ့တာဝန်တွေလောက် အများကြီး မရှိကြဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ သူ၏ အမျိုးအစားခွဲခြားမှုအရဆိုလျှင် အခြေတည်အဆင့် ကျင့်ကြံသူများအတွက် သင့်တော်သည့် တာဝန်များမှာ တာဝန် စုစုပေါင်းအရေအတွက်၏ ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ရှိနေသည်ကို သိလိုက်ရသည်။ သို့သော် ထိုတာဝန်များမှ ရရှိနိုင်သည့် တိုက်ပွဲရမှတ် အရေအတွက်မှာ အလွန်အင်မတန်မှ နည်းပါးပေသည်။
” ငါ အခြေတည်အဆင့်တာဝန်တွေကို အဓိကထားပြီး လုပ်ရမယ်။ ပြီးတော့ ငါ့ဆီမှာ ကုန်ကြမ်းပစ္စည်းတွေ အများကြီး သိပ်မရှိတာမလို့ တခြားနည်းလမ်းတွေနဲ့လည်း တိုက်ပွဲရမှတ်တွေရအောင် လုပ်မှဖြစ်မယ်… တိုက်ပွဲရမှတ်တွေ ရယူနိုင်ဖို့ တာဝန်တွေ ထမ်းဆောင်ရတဲ့ နည်းလမ်းတစ်ခုပဲ ရှိတယ်ဆိုပြီး စည်းမျဉ်းတွေမှ သတ်မှတ်မထားပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ အတွေးထဲ၌ အစီအစဉ်တစ်ခု တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာတော့သည်။ သူသည် ထိုအစီအစဉ်အား သေသေချာချာ အကဲဖြတ် သုံးသပ်ကြည့်လိုက်၏။ ခဏအကြာတွင် သူ၏မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ထို့နောက် သူ၏ ညာဘက်လက်ကို မြောက်လိုက်သောအခါ မီးပင်လယ်ထဲသို့ ဝင်နိုင်စွမ်းရှိသည့် ဝိညာဉ်လှေကလေးမှာ သူ၏ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ထို ဝိညာဉ်လှေကလေးအား အကဲခတ်လေ့လာလိုက်၏။ သူသည် ထိုဝိညာဉ်လှေကလေးအား သူကိုယ်တိုင် ဖန်တီးခဲ့သည်ဖြစ်ရာ အခြေတည်အဆင့်ကျင့်ကြံသူများမှာလည်း ၎င်းအား ထိန်းချုပ်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း ကောင်းကောင်းကြီးသိထား၏။ သို့ဖြစ်ရာ သူသည် ထိုလှေကိုအသုံးပြု၍ မီးပင်လယ်ကြီးထဲသို့ ဝင်ရောက်နိုင်သလို ပင်လယ်ကြီး၏ အောက်ပိုင်းအထိ ဆင်းချင်သော အခြားသူများကိုလည်း ငှားစားနိုင်ပေသည်။
အမြုတေအဆင့် ကျင့်ကြံသူများမှာမူ ထိုကဲ့သို့ အောက်သို့ဆင်းနိုင်စွမ်း ရှိနေပြီဖြစ်ရာ ဤ ဓမ္မရတနာလေးမှာ သူတို့အတွက် သိပ်၍အသုံးမဝင်ပေ။ သို့သော် မီးပင်လယ်ထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိသော အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ အလွန်အင်မတန်မှ အသုံးဝင်နေမည် ဖြစ်သည်။ သူတို့မှာ ကုန်းမြေပေါ်တွင်ရှိသော တာဝန်များကိုသာ ထမ်းဆောင်နိုင်သည်ဖြစ်ရာ အခြားကျင့်ကြံသူပေါင်း မြောက်မြားစွာနှင့် ယှဉ်ပြိုင်နေရမည် မဟုတ်ပါလော။ ထို့အပြင် သူတို့ ထမ်းဆောင်နိုင်သည့် တာဝန်များက ချီးမြှင့်ပေးသော တိုက်ပွဲရမှတ် အရေအတွက်မှာလည်း မက်လောက်စရာ မရှိပေ။
သို့သော် အကယ်၍ သူတို့သာ မီးပင်လယ်ထဲသို့ ဝင်ရောက်သွားနိုင်မည်ဆိုပါက ရွေးချယ်နိုင်မည့် တာဝန်များ ပို၍ များပြားလာမည်ဖြစ်သည်။ ပင်လယ်ကြမ်းပြင်ပေါ်တွေရှိသော ငရဲမီးကြွက်များကို လိုက်လံရှာဖွေကာ ဖမ်းဆီးရသည့် တာဝန်များမှာ… အခြေတည်အဆင့် ကျင့်ကြံသူများလည်း ထမ်းဆောင်နိုင်သည့် တာဝန်များဖြစ်ကြ၏။ သူတို့မှာ မီးပင်လယ်ကြီးထဲသို့ မဆင်းနိုင်သောကြောင့်သာ ထိုတာဝန်များအား မထမ်းဆောင်နိုင်ဘဲ ဖြစ်နေရသည် မဟုတ်ပါလော။
ထို့ကြောင့် ယခုအချိန်အထိ အမြုတေအဆင့် ကျင့်ကြံသူများသာလျှင် မီးပင်လယ်ထဲသို့ ဝင်ရောက်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့်လည်း မီးပင်လယ်ထဲမှ တာဝန်များအားလုံးကို အမြုတေအဆင့် ကျင့်ကြံသူများက မောင်ပိုင်စီးထားကြခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ သေသေချာချာ စဉ်းစားတွေးတောခဲ့ပြီးနောက် မျှမျှတတ ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် ဝိညာဉ်လှေများ ထပ်၍ဖန်တီးကာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ အခြေတည်အဆင့်ကျင့်ကြံသူများအား ငှားစားတော့မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အခကြေးငွေ အများကြီး မကောက်ခံသင့်ကြောင်း တွေးလိုက်ပြီး နှစ်နာရီစာအတွက် တိုက်ပွဲရမှတ် တစ်မှတ်နှုန်းဖြင့်သာ ကောက်ခံရန် ဆုံးဖြတ်လိုက်၏။ သူသည် မီးပင်လယ်ကြီး၏အကြောင်းနှင့် အခြေတည်အဆင့် ကျင့်ကြံသူများ၏ စွမ်းအားပမာဏများကို သိရှိနားလည်ထားသည်ဖြစ်ရာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဝိညာဉ်လှေနှင့်သာဆိုပါက ပင်လယ်အောက်တွင် အများဆုံး နှစ်နာရီအထိသာ နေနိုင်မည်ဖြစ်ကြောင်း သိထား၏။
အကယ်၍ အခြေတည်အဆင့်ကျင့်ကြံသူများမှာ ဝိညာဉ်ကျောက်တုံးအချို့ကို အသုံးပြုမည်ဆိုပါက ပင်လယ်အောက်တွင် အချိန်ကြာကြာ ပိုနေနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤ စီးပွားရေးလုပ်ငန်းကြီးမှာ သူ့အတွက် ကျိန်းသေပေါက် အမြတ်ထွက်မည့် လုပ်ငန်းကြီးတစ်ခုသာဖြစ်သည်။
” သူတို့တွေ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့တော့ လိုလိမ့်မယ်။ အဲတာမှ ငါ့ရဲ့ ဝိညာဉ်လှေတွေကို ထိခိုက်ပျက်စီးအောင်လုပ်မိရင် လျော်ကြေးပြန်တောင်းလို့ရမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်လှုပ်ရှားလာ၏။ သို့သော် လက်ရှိတွင် သူ၏လက်ထဲ၌ တစ်ပြားတစ်ချပ်မှ မရှိဘဲ ဝိညာဉ်လှေတစ်စင်းသာ ရှိပေသည်။ အခကြေးငွေများ ပိုလိုချင်ပါက လှေများများ ရှိနေရန် လိုအပ်ပေသည်။
” ကြည့်ရတာ ငါ ဓမ္မလက်နက်တွေ ထပ်ပြီးတော့ ပေါင်ရဦးမယ့်ပုံပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်မှ ဖက်တီးကျင့်ကြံသူအား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မလက်နက်များအား ထပ်၍ပေါင်နှံချင်နေသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုကျင့်ကြံသူကြီးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွား၏။ သူသည် ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့ ပေါင်နှံခဲ့သော ဓမ္မလက်နက်အား စမ်းသုံးကြည့်ခဲ့ပြီးနောက် ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်ကြောင်း သိခဲ့ရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား ချက်ချင်းပင် လိုက်လျောလိုက်တော့သည်။ သို့သော် သူသည် သူတစ်ယောက်တည်း ဓမ္မလက်နက်အများကြီး ယူထား၍ မဖြစ်သောကြောင့် အခြားသူများကိုပါ ဆက်သွယ်လိုက်သေးသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မလက်နက်နှစ်ခုအား ပေါင်နှံ၍ တိုက်ပွဲရမှတ်များဖြင့် လဲလှယ်ခဲ့၏။ ထိုတိုက်ပွဲရမှတ်များနှင့်သာဆိုလျှင် ဝိညာဉ်လှေနှစ်စင်းတိတိ ဖန်တီးသန့်စင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့၏ ကြိုးစားအားထုတ်မှုများကြောင့် ခဏအကြာတွင် သူသည် နောက်ထပ် ဝိညာဉ်လှေနှစ်စင်းတိတိ ထပ်၍ ဖန်တီးနိုင်ခဲ့၏။ ထို့နောက် သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြု၍ တာဝန်ကျောက်တိုင်ကြီးပေါ်၌ ကြေညာချက်တစ်ခု ချန်ရစ်ခဲ့လိုက်၏။
” ပင်လယ်ထဲဝင်ဖို့ ဝိညာဉ်လှေတွေ ရပြီဗျို့ ”
” ဘယ်ကျင့်ကြံခြင်းအဆင့်မှာပဲရှိရှိ ဒီလှေနဲ့ဆိုရင် မီးပင်လယ်ကြီးရဲ့ အောက်ခြေအထိ ဆင်းလို့ရတယ်။ ရောင်းဖို့တော့ မဟုတ်ဘူး။ တိုက်ပွဲရမှတ် တစ်မှတ်တည်းနဲ့ ဒီလှေကို နှစ်နာရီတိတိ ငှားလို့ရမှာနော်။ အကန့်အသတ်နဲ့ ရှိတာမလို့ စိတ်ဝင်စားရင် မြန်မြန်ဆက်သွယ်ကြပါ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ကြော်ငြာပြီးသည့်တိုင်အောင် လုံလောက်မှု မရှိသေးကြောင်း ခံစားနေရသဖြင့် ကျိုးပျောင်နှင့် မီးစိမ်းကျွန်းပေါ်ရှိ အခြားကျင့်ကြံသူများအား ချက်ချင်းပင် လှမ်း၍ ဆက်သွယ်လိုက်၏။ သူတို့မှာ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကြောက်ရွံ့နေကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်များကို ရရှိလိုက်ပြီးနောက် စိတ်မပါလက်မပါ ဖြစ်နေကြသည့်တိုင်အောင် အခြားရွေးချယ်စရာမရှိသဖြင့် ကြိတ်မှိတ်သည်းခံကာ ကျွန်းပေါ်မှ ထွက်ခွာလာပြီး ကျယ်ပြန့်တာအို ပင်မကျွန်းဆီသို့ ဦးတည်သွားကြတော့သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ လုပ်ငန်းအကြောင်းနှင့် မီးပင်လယ်ထဲသို့ ဝင်ရောက်နိုင်သော သူ၏လှေများအား ကြော်ငြာပေးလိုက်ကြတော့သည်။
” ကဲ လိုအပ်တာတွေတော့ ပြင်ဆင်ပြီးပြီ။ အခု ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာမလဲဆိုတာကိုပဲ စောင့်ရတော့မှာ။ တစ်ရက်မှာ နှစ်ဆယ့်လေးနာရီ။ ငါ့ဆီမှာက လှေသုံးစင်း။ နှစ်နာရီတိုင်းကို အများဆုံး တိုက်ပွဲရမှတ်သုံးမှတ် ရနိုင်တယ်ဆိုတော့ တစ်ရက်မှာဆိုရင် အများဆုံး သုံးဆယ့်ခြောက်မှတ်အထိ ရနိုင်တယ်။ အဲ့တာဆိုရင် တစ်လကို အမှတ်တစ်ထောင်ကျော်ရမှာ။ ဒီအတိုင်းသာဆို သုံးလနေရင် အရင်းကျေပြီ ”
” ငါ့ဆီမှာ အရင်းအနှီး အလုံအလောက်မရှိတာ နှမြောစရာပဲ။ အဲလိုသာမဟုတ်ရင် ငါ ဒီ့ထက်ပိုပြီးတော့တောင် အမြတ်ထွက်နေဦးမှာ ” ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုများ ပြုလုပ်လိုက်ပြီးနောက် ကျေနပ်နေ၏။ ထို့နောက် သူသည် ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်းနေလိုက်တော့သည်…
လက်ရှိတွင် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ သူ၏ကြော်ငြာကဲ့သို့သော ကြေညာချက်များ အများကြီးသိပ်မရှိသည်ကို သူက သတိမထားမိပေ။ ထို့ကြောင့်လည်း သူ၏လှေများကို ငှားရမ်းပေးမည်ဟု ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာမှာ စိတ်ဝင်စားသွားကြတော့သည်…