Switch Mode

အခန်း (၅၀၇)

ငါ လက်တုံ့ပြန်ချင်တယ် 

လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်လှေကလေးအား ထိန်းချုပ်ကာ မီးပင်လယ်ထဲ၌ မောင်းနှင်းနေ၏။ သူသည် ချက်ချင်းထွက်ခွာသွားခြင်းမရှိဘဲ ပင်လယ်ထဲ၌ ဆက်လက်ရှာဖွေကာ ငရဲမီးကြွက်နှစ်ကောင်အား ဖမ်းဆီးခဲ့သေးသည်။ ထို့နောက် သူသည် မီးပင်လယ်ထဲမှ ထွက်ခွာလာပြီး လေပေါ်သို့ ပျံတက်သွားလိုက်၏။

” ဒီ ငရဲမီးကြွက်က ဖမ်းရတာ တော်တော်ခက်တာပဲ။ မီးပင်လယ်ထဲမှာ သရဲတစ္ဆေလိုမျိုး ပျောက်လိုက်ပေါ်လိုက် ဖြစ်နေတာ။ အဲ့တာမလို့လည်း သူတို့ရဲ့ပုံစံက ကြွက်တစ်ကောင်နဲ့ တူနေတာပဲဖြစ်ရမယ်။ ပြီးတော့ သူတို့တွေက ကြွက်လိုပဲ လျင်သလား မမေးနဲ့ ” ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာရနေရတော့သည်။ သူသည် အပြန်ခရီးတွင် အများကြီး ကြိုးစားအားထုတ်ခဲ့သည်တိုင်အောင် ငရဲမီးကြွက် နှစ်ကောင်မျှသာ ဖမ်းမိခဲ့သည်မဟုတ်ပါလော။

အကယ်၍ မီးပင်လယ်ကြီးသာ ရှိမနေပါက ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် ငရဲမီးကြွက်များအား ဆန္ဒရှိသလောက် ဖမ်းဆီးနိုင်စွမ်း ရှိနေမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် သက်ပြင်းချရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် ၎င်းတို့အား တိုက်ပွဲရမှတ်များဖြင့် လဲလှယ်လိုက်ပြီးနောက် မီးစိမ်းကျွန်းပေါ်သို့ ပြန်သွားလိုက်၏။

သူသည် အပြန်လမ်းတစ်လျှောက်တွင် မမလေးအား ဆက်သွယ်နိုင်ရန် ထပ်ခါတလဲလဲ ကြိုးပမ်းခဲ့၏။ သို့သော် မမလေးမှာ ထိုအပိုင်းအစနှင့် ပေါင်းစည်းသွားခဲ့ပြီးနောက် သူမ၏အသံမှာ တဖြည်းဖြည်းနှင့် တိုးသွားခဲ့ပြီး နောက်ဆုံးတွင် လုံးဝတိတ်ဆိတ်သွားတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် မမလေးမှာ သေချင်ယောင်ဆောင်နေခြင်း မဖြစ်နိုင်ကြောင်း မှတ်ယူလိုက်၏။ သူမသည် အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ရပေမည်။

” ငါ မမလေးကိုပဲ အမြဲတမ်း အားကိုးနေလို့မဖြစ်ဘူး။ လက်ရှိမှာ အရေးအကြီးဆုံးက တိုက်ပွဲရမှတ်တွေလေ… ” ဝမ်ပေါင်လဲ့မှာ တိုက်ပွဲရမှတ်များအကြောင်း တွေးမိလိုက်တိုင်း ခေါင်းခဲသွားရသည်သာဖြစ်သည်။ သူသည် လက်ရှိတွင် အကြွေးနွံထဲ၌ နစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူ၏စိတ််ထဲတွင် တိုက်ပွဲရမှတ်များ စုဆောင်းလိုသော အတွေးများဖြင့်သာ ပြည့်နှက်နေတော့သည်။

သူ ထိုသို့ စဉ်းစားတွေးတောနေရင်း ခပ်လှမ်းလှမ်းရှိ အစိမ်းရောင်ကျွန်းကြီး၏ အနီးသို့ ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ဂူဗိမာန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားရန် ပြင်လိုက်စဉ်မှာပင် တောင်ခြေရှိကမ်းခြေပေါ်မှ ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ထို့နောက် မခံမရပ်နိုင်ဖြစ်ကာ အငြိုးအာဃာတများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။

” ဝမ်ပေါင်လဲ့။ ငါ မင်းကို စောင့်နေတာ ကြာလှပြီကွ။ သေဖို့သာ ပြင်ပေတော့ ”

ထိုအော်ဟစ်သံကြီးနှင့်အတူ ဝမ်ပေါင်လဲ့ ပစ်လွှတ်ခဲ့သည့် ကမ်းခြေပေါ်တွင်ရှိနေသော ဧရာမ ခေါင်းလောင်းကြီးမှာ တစ်စစီ ပေါက်ကွဲသွား၏။ ထို့နောက် လျန်လုံမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာတော့သည်။

ယခုအကြိမ်တွင်မူ သူသည် သေချာ ပြင်ဆင်ထားပြီးသား ဖြစ်နေ၏။ သူ၏ ပတ်ပတ်လည်၌ ဝန်းရံနေသော မန္တန်များဆီမှ အနက်ရောင်ဓားပျံများ ပေါ်ပေါက်လာ၏။ သူ၏ ဦးခေါင်းအထက်တွင်မူ သံလိုက်ဓာတ်များ ကိန်းအောင်းနေသည့်ပုံ ပေါ်သော ဧရာမကျောက်တုံးကြီးတစ်တုံး ရစ်ဝဲနေသည်။ ထိုကျောက်တုံးကြီး အရှိန်အဟုန်ဖြင့် လွင့်ထွက်လာသောအခါ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ ၎င်းမှာ ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။ လျန်လုံ၏ ညာဘက်လက်ထဲတွင် သွေးစိမ်းများကဲ့သို့ ရဲရဲနီနေသော အနီရောင်အရည်များဖြင့် ပြည့်နှက်နေသည့် ရေလုံးတစ်လုံး ရှိနေ၏။ ထို ရေလုံးကလေး တွန့်လိမ်ပုံပျက်သွားသောအခါ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် မျက်နှာပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာပြီး ထိုအရည်ထဲမှ ဖောက်ထွက်နိုင်ရန် အသည်းအသန် ကြိုးစားနေကြ၏။ ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

လျန်လုံမှာ ထိုခေါင်းလောင်းအား မနေ့ကတည်းက ဖောက်ခွဲပစ်နိုင်စွမ်း ရှိနေပါသော်လည်း သူ့ကိုယ်သူ အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုသောကြောင့် သူ၏ဆန္ဒများကို ချုပ်တည်းထားခဲ့၏။ ထို့နောက် သူသည် အပြင်လောကကြီး၏ အခြေအနေများကို စောင့်ကြည့်နေခဲ့ပြီး ဝမ်ပေါင်လဲ့ ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေသည်။

ယခုတွင် သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ဆီတွင် ထို ကြောက်မက်ဖွယ်ရာ ခေါင်းလောင်းကြီးနောက်တစ်လုံး ထပ်ရှိနေဦးမည်ဆိုလျှင်တောင် သူသည် အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်သည်ဟု သူ့ကိုယ်သူ ယုံကြည်နေ၏။ သူသည် ၎င်းအား ရှောင်တိမ်းကာ ဖောက်ခွဲပစ်နိုင်စွမ်း ရှိနေ၏။ သူ၏နှလုံးသားထဲတွင် မောက်မာဝင့်ကြွားမှုများနှင့် လက်တုံ့ပြန်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အသံကုန်အော်ဟစ်ကာ သူ့ဆီသို့ ချဉ်းကပ်လာနေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

ထိုအချိန်တွင်… ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် သူ၏အတွေးများအား နှောင့်ယှက်သည့်လူများကို လုံးဝ မနှစ်သက်ပေ။ လက်ရှိတွင် သူသည် တိုက်ပွဲရမှတ်များ ပိုမိုရရှိနိုင်ရန် အာရုံစိုက်ထားသည် မဟုတ်ပါလော။ ၎င်းမှာ အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပေသည်။ ထို့ကြောင့် သူသည် စိတ်ရှုပ်သွားရပြီး လျန်လုံအတွက် အချိန်ကုန်မခံရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် သူ၏ သိုလှောင်လက်ကောက်အား ဖွင့်လိုက်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းကာ သူ၏ လက်သီးဆုပ် အရွယ်အစားရှိသော သလင်းကျောက် ခုနစ်လုံး ရှစ်လုံးခန့်အား ပစ်လွှတ်လိုက်တော့သည်။

” ဘာကိစ္စ အော်ဟစ်နေရတာလဲ။ မင်းတစ်ကောင်ပဲ အော်တတ်တယ် ထင်နေတာလားကွ။ သွားသွား။ ကိုယ့်ဘာသာ တစ်ယောက်တည်း သွားဆော့နေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး ထိုသလင်းကျောက်များအား သူ့ဆီသို့ လှမ်းပစ်လိုက်၏။ ထိုအခါ ထိုသလင်းကျောက်များမှာ လျန်လုံဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

” ဝမ်ပေါင်လဲ့။ ကျင့်ကြံသူတစ်ယောက်ဆိုတာ ဘယ်လိုလူကို ပြောတာလဲဆိုတာကို ငါ မင်းသိအောင် ပြမယ်။ မင်းလို အဆင့်အတန်းမရှိတဲ့ အမှိုက်လိုကောင် ကိုယ့်အဆင့်ကိုယ် သိစေရမယ် ” လျန်လုံမှာ မောက်မာဝင့်ကြွားစွာ ရယ်မောလိုက်၏။ ထို့နောက် သူ၏လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူ၏ အထက်တွင် ရှိနေသော ကျောက်တုံးကြီးမှာ အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ သလင်းကျောက်များဆီသို့ ဦးတည်လာတော့သည်။

” ကွဲအက်စေ ” လျန်လုံမှာ ထိုသို့အော်ဟစ်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာ၏။ သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်သွားပါက မည်ကဲ့သို့ တိုက်ခိုက်မည်ကိုပင် စဉ်းစားပြီးသွားပြီ ဖြစ်သည်။ ထိုကဲ့သို့ သံလိုက်ဓာတ်များ ကိန်းအောင်းနေသော ကျောက်တုံးကြီးဆီမှ ထွက်ပေါ်လာသည့် ပြင်းအားများ ဝမ်ပေါင်လဲ့၏ သလင်းကျောက်များနှင့် ရိုက်ခတ်သွားသောအခါ ထိုသလင်းကျောက်များမှာ အပြင်းအထန် တုန်ရီသွားပြီး ပေါက်ကွဲသွားတော့သည်။

၎င်းတို့မှာ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားခြင်းမရှိဘဲ ပေါက်ကွဲသွားကြပြီးနောက် ပုံသဏ္ဍာန်များ ပြောင်းလဲသွား၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ စေးကပ်သော ဧရာမပိုက်ကွန်ကြီးများအဖြစ် ပြောင်းလဲသွားကြပြီး လျန်လုံအား လွှမ်းခြုံသွားကြတော့သည်။

ထို ပိုက်ကွန်ကြီးများမှာ အလွန်အင်မတန်မှ ထူးဆန်း၏။ ၎င်းတို့မှာ ကျောက်တုံးကြီး၏ သံလိုက်ဓာတ်များကို လျစ်လျူရှုကာ လျန်လုံဆီသို့ ချက်ချင်းဆိုသလို ဦးတည်လာခြင်းဖြစ်သည်။ ထို့ကြောင့် လျန်လုံမှာ အံ့သြမှင်တက်သွားရပြီး ၎င်းတို့အား ရှောင်တိမ်းနိုင်ရန် ကြိုးစားလိုက်၏။ သူသည် ၎င်းတို့ထဲမှ အချို့အား ရှောင်တိမ်း‌နိုင်ခြေ ရှိပါသော်လည်း အကုန်လုံးကို ရှောင်တိမ်းနိုင်မည်တော့ မဟုတ်ပေ။ ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် လျန်လုံမှာ အသံကုန်အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသော သွေးရောင်ရေလုံးလေး၏ စွမ်းအားများနှင့် သူ၏ ပတ်ပတ်လည်ရှိ အဆင့်မြင့်ဓားပျံများကို ထုတ်လွှတ်ကာ ထို ဧရာမပိုက်ကွန်ကြီးများအား တားဆီးနိုင်ရန် ကြိုးပမ်းလိုက်၏။

သူသည် ဓမ္မရတနာများမှာ ထိုပိုက်ကွန်ကြီးများနှင့် ရိုက်ခတ်သွားကြ၏။ သို့သော် မည်သည့်ပေါက်ကွဲသံမှ ထွက်ပေါ်လာခြင်းမရှိပေ။ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ထိသွားကြသည်နှင့် တစ်ပြိုင်နက် သူ၏ မန္တန်များနှင့် ဓမ္မရတနာအားလုံးမှာ စွမ်းအားများ ကုန်ခမ်းသွားကြပြီး ပိုက်ကွန်များထဲ၌ ပိတ်မိသွားကြ၏။ ထို့နောက် ၎င်းတို့မှာ အောက်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာကြပြီး မြေကြီးပေါ်၌ ကပ်နေတော့သည်။

သူ၏ အထက်တွင်ရှိနေသော ကျောက်တုံးကြီးပင်လျှင် ပိုက်ကွန်နှစ်ခုကြားထဲ၌ ပိတ်မိသွားပြီး မြေကြီးပေါ်၌ ကပ်နေတော့သည်။ ထိုမြင်ကွင်းကြောင့် လျန်လုံမှာ ဆွံ့အမှင်တက်သွားရ၏။

” ဒါ ဘာတွေလဲဟ ” သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး ကြက်သေသေနေရပြီ ဖြစ်သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်းမရှိဘဲ သူ့ဆီသို့ သလင်းကျောက် အနည်းငယ်ခန့် ထပ်၍ ပစ်လွှတ်လိုက်ခြင်းဖြစ်၏။

ထို သလင်းကျောက်များမှာ မျက်စိတစ်မှိတ်အတွင်း သူ့ဆီသို့ ရောက်ရှိလာ၏။ ထို့ကြောင့် လျန်လုံမှာ တုန်လှုပ်ချောက်ချားသွားပြီး ၎င်းတို့အား ရှောင်တိမ်းနိုင်ရန် ကြိုးစားလိုက်ပါသော်လည်း ၎င်းတို့ အားလုံးဆီမှ လွတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် ထိုသလင်းကျောက်များမှာ ပေါက်ကွဲသွားပြီး ပိုက်ကွန်ကြီးများအသွင် ပြောင်းလဲသွားကြတော့သည်။ ထို့နောက် သူသည် ပိုက်ကွန်ကြီးလေးခုထဲတွင် ပိတ်မိသွားကာ အောက်သို့ ဘိုင်းခနဲ ပြုတ်ကျလာပြီး မြေကြီးပေါ်၌ ခွာမရအောင် ကပ်နေတော့သည်။

ထိုအခါ လျန်လုံမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အသံကုန်အော်ဟစ်ကာ ရုန်းကန်လိုက်၏။ သို့သော် ပိုက်ကွန်ကြီးများ၏ စေးကပ်မှုမှာလည်း ဩချရလောက်ပေသည်။ ထို့အပြင် ၎င်းတို့မှာ အလွန်အင်မတန်မှ ခိုင်ခံ့မာကျောနေ၏။ ထို့ကြောင့် သူသည် မည်မျှပင် ရုန်းကန်နေစေကာမူ မလွတ်မြောက်နိုင်ဘဲ ဖြစ်နေရ၏။ သူသည် မတ်တတ်ပြန်ထလာရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်တော့ပေ။

သူ၏ အဖြစ်ဆိုးများမှာ ထိုမျှလောက်နှင့် ပြီးသွားသေးပေ။ လျန်လုံတစ်ယောက် အစွမ်းကုန်ကြိုးစား၍ မတ်တတ်ထလာချိန်တွင် ဝမ်ပေါင်လဲ့မှာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူ၏ ပတ်ပတ်လည်၌ ပိုက်ကွန်ကြီးများ ပေါ်ပေါက်လာအောင် ဆင့်ခေါ်လိုက်၏။ ထို့နောက် ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် ရှေ့သို့ ပျံထွက်လာကြပြီး လျန်လုံပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြတော့သည်။

” ဝမ်… ပေါင်… ” လျန်လုံမှာ မျက်လုံးများ ရဲရဲနီနေပြီး ၎င်းတို့ထဲမှ အချိန်မရွေး သွေးများစီးကျလာတော့မည့်အလား ဖြစ်နေ၏။ သူသည် သူ၏ ဘဝသက်တမ်းတစ်လျှောက် အနာကျည်းဆုံးသော လေသံဖြင့် အော်ဟစ်လိုက်ပါသော်လည်း အပြီးထိပင် အော်ခွင့်မရလိုက်ပေ။ အလွန်အင်မတန်မှ စေးကပ်နေသော ပိုက်ကွန်ကြီးများမှာ သူ့ပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြသောကြောင့် နောက်ဆုံးတွင် သူသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

အဝေးမှ ကြည့်လိုက်ပါက လျန်လုံကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ဘဲ ပိုက်ကွန်များအောက် ရောက်နေသည့် သတ္တဝါကြီး တစ်ကောင်ကိုသာ မြင်ရတော့သည်။ ၎င်းမှာ အချုပ်အနှောင်ကြီးတစ်ခုထဲ၌ ပိတ်မိနေပြီး မြေကြီးပေါ်၌ ကပ်နေသောကြောင့် တစ်ကိုယ်လုံး တွန့်လိမ်၍ သွေးရူးသွေးတန်း ရုန်းကန်နေ၏…

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လျန်လုံအား တစ်ချက်ပင် လှည့်မကြည့်ဘဲ ဂူဗိမာန်ဆီသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူသည် လျန်လုံအား သင်ခန်းစာပေးရခြင်းမှာ ထမင်းစားရေသောက်မျှသာဖြစ်ပြီး ရေးကြီးခွင်ကျယ်မဟုတ်ကြောင်း မှတ်ယူထား၏။ မီးစိမ်းကျွန်းပေါ်မှ အခြေတည်အဆင့် ကျင့်ကြံသူများဖြစ်ကြသည့် ကျိုးပျောင်နှင့် အခြားသူများမှာမူ သူတို့ရှေ့၌ မြင်နေရသောမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားနေကြရပြီဖြစ်သည်။ သူတို့မှာ လျန်လုံအား သနားနေကြပါသော်လည်း ဝမ်ပေါင်လဲ့ကိုမူ ပို၍ပင် လေးစားကြောက်ရွံ့လာကြတော့သည်။

” ဒီကောင်က တော်တော်ကို အစွမ်းထက်လွန်းနေတာ။ သူက ဘာမှမဟုတ်တဲ့ ပစ္စည်းတွေကိုပဲ ပစ်လွှတ်ခဲ့တာတောင် လျန်လုံက သွေးရူးသွေးတန်းတွေ ဖြစ်ပြီးတော့ သူ့ကို တားဆီးနိုင်စွမ်းမရှိတော့ဘူး… ”

” အဲ့တာ ဘာဟုတ်သေးလို့လဲ။ မင်းတို့တွေ သတိထားမိလား။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တိုက်ခိုက်တဲ့အချိန်တိုင်း သူ့ရဲ့ပြိုင်ဘက်တွေကို… ဘယ်လိုပြောရမလဲ… ပထမအခေါက်တုန်းက ခေါင်းလောင်းကြီးပဲ ဘယ်ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကွာ…. သူက သူ့ရဲ့ပြိုင်ဘက်တွေကို သေချင်စိတ်ပေါက်လာတဲ့အထိ မခံမရပ်ဖြစ်နိုင်အောင် လုပ်တာကွ ”

” သူ့ကို အပြစ်မလုပ်မိအောင် ဆင်ခြင်ကြတာပေါ့။ သူ့ပုံစံက ခေါင်းထဲမှာ အကြံဆိုးကြီးတွေနဲ့ ပြည့်နေမယ့်ပုံ။ ပြီးတော့ အငြိုးကလည်း ကြီးသေးတယ် ”

ကျိုးပျောင်နှင့် အခြားသူများမှာ ဝမ်ပေါင်လဲ့၏ ယုတ်မာရက်စက်သော အကျင့်စရိုက်အကြောင်း စဉ်းစားတွေးတောရင်း ကြောက်ရွံ့တုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ဂူဗိမာန်ထဲသို့ ပြန်ရောက်သွားပြီးနောက် တိုက်ပွဲရမှတ်များ အမြောက်အမြား စုဆောင်းနိုင်မည့် နည်းလမ်းများကို ဦးနှောက်ခြောက်ခံ၍ စဉ်းစားနေတော့သည်။ သူသည် တာဝန်ကျောက်တိုင်ကြီးအား စစ်ဆေးကြည့်ရှုလိုက်၏။ တိုက်ပွဲရမှတ် အများဆုံးချီးမြှင့်သော တာဝန်များမှာ အသိအမှတ်ပြု တံဆိပ်ပြားများ ယူပေးရသည့် တာဝန်များသာ ဖြစ်ပေသည်။

ထို အသိအမှတ်ပြု တံဆိပ်ပြားများကို ရယူလိုပါက ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လိုအပ်သော အချက်အလက်များကို စတင်စုဆောင်းနေလိုက်တော့သည်။ ရက်အနည်းငယ်ခန့် ကြာပြီးနောက်တွင် သူသည် မျက်မှောင်များကြုတ်ကာ သက်ပြင်းများ ချနေရပြီဖြစ်သည်။ သူ လေ့လာသိရှိခဲ့ရသမျှ အချက်အလက်များအရဆိုလျှင် နေမင်းကြီးထဲသို့ စိုက်ဝင်နေသော ဓားကိုယ်ထည်ပိုင်းမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် နေရာကြီးတစ်ခုဖြစ်၏။ အမြုတေအဆင့်တွင် ရှိနေလျှင်တောင် ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်ရောက်သွားမည်ဆိုပါက အသက်ဆုံးရှုံးရနိုင်ခြေ ရှိပေသည်။ ပုံမှန်အားဖြင့် ကျယ်ပြန့်တာအိုနန်တော်မှ လူများမှာ အဖွဲ့များဖွဲ့ပြီးမှသာ ဓားကိုယ်ထည်ပိုင်းထဲသို့ သွားရောက်လေ့ရှိကြသည်။ တစ်ကိုယ်တော် သွားရောက်သူများမှာ မရှိသလောက်နည်းပါး၏။

မမလေးမှာလည်း ပြန်လည်နိုးထလာခြင်း မရှိသေးသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်မရှိဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် ဓားကိုယ်ထည်ပိုင်းထဲတွင် အသိအမှတ်ပြု တံဆိပ်ပြားများ ရှာဖွေမည့် အစီအစဉ်ကို နောက်ဆုတ်ထားလိုက်ရန် ဖြတ်လိုက်တော့သည်။ သူသည် အခြားနည်းလမ်းမရှိတော့မှသာ ထိုနည်းလမ်းအား ရွေးချယ်မည်ဖြစ်သည်။

” ဒါပေမဲ့ အခုလိုကြီး ဆက်လုပ်နေလို့ မဖြစ်ဘူး ” ဝမ်ပေါင်လဲ့မှာ နဖူးကိုလက်ဖြင့်ပွတ်ရင်း မျက်လုံးများ အရောင်လက်သွား၏။ သူသည် အခြားသူများဆီမှ ဓားပြတိုက်ရန် စဉ်းစားမိလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် သူ၏ အိမ်တံခါးရှေ့၌ သူ ဓားပြတိုက်နိုင်သည့် လူတစ်ယောက် ရှိနေသည်မဟုတ်ပါလော…

သို့‌သော် သူ ထိုကဲ့သို့ ဓားပြတိုက်ပြီးသည်နှင့် သူဓားပြတိုက်ခဲ့သည်လူအား နှုတ်ပိတ်လျှင် နှုတ်ပိတ်၊ နှုတ်မပိတ်ပါက ခြိမ်းခြောက်ထားနိုင်မှသာ အဆင်ပြေမည်ဖြစ်သည်။ ထို့အပြင် သူသည် တစ်စုံတစ်ယောက်က သူ၏ အကြောင်းများကို ဂိုဏ်းဆီသို့ တင်ပြမည်ကိုလည်း အမြဲတစေ စိုးရိမ်နေရမည်ဖြစ်သည် …

” ခေါင်းခဲစရာပါလား ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်ပြီး ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်၏။ သူသည် အခြားသူများ တိုက်ပွဲရမှတ် မည်မျှအထိ စုဆောင်းပြီးကြောင်း သိချင်နေသလို တိုက်ပွဲရမှတ်များအား အလျင်အမြန် စုဆောင်းနိုင်မည့် နည်းလမ်းကောင်းများ ရှိနေမည်လောဟု စုံစမ်းကြည့်ချင်နေခြင်း ဖြစ်သည်။

သူသည် ထိုကျောက်စိမ်းပေလွှာအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လီယီ၏ အကြောင်းကြားစာကို မြင်လိုက်ရ၏။

” တာအိုရောင်းရင်းတို့။ ဒီထက်ပိုပြီး ကြိုးစားမှဖြစ်မယ်နော်။ ငါဆိုရင် တိုက်ပွဲရမှတ် အမှတ်ခြောက်ရာအထိ စုဆောင်းပြီးသွားပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset