Switch Mode

အပိုင်း (၁၀၃၇)

ကြယ်ငါးလုံးက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် မြန်ဆန်စွာ လှည့်လည်နေသည်။ယခုအချိန်က သူ့ထိန်းချုပ်မှုမပါဘဲ ရှေးဟောင်းနတ်ဘုရားကြယ်များ သူ့ဟာသူ လှည့်လည်သည် အဖြစ်မျိုးပင်။ထိုအဖြစ်အပျက်မျိုးက ဖြစ်တောင့်ဖြစ်ခဲပင်။

ဝမ်လင်း၏အသွင်က အနည်းငယ် ပြောင်းလဲသွားသည်။ထူးဆန်းသောအားတစ်ခုက သူ့ကိုယ်တွင်း၌ နိုးထလာသည့်အလား။၎င်းအား၏ဖိသိပ်မှုအောက်၌ ထူစီ၏မှတ်ဉာဏ်များသည် ဝမ်လင်းစိတ်ထဲ၌ တဖျပ်ဖျပ် ပြန်ပေါ်လာသည်။

လင်းအာက ဝမ်လင်းကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာသည့်အခိုက်၌ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်လာသည်။သူမ၏ မျက်လုံးတို့က တောက်ပလာသည်။သူမ၏ ခန္ဓာကိုယ်ထဲရှိ ပုန်းကွယ်နေသည့် မှတ်ဉာဏ်တစ်ခုက နိုးထလာသကဲ့သို့ သူမ၏ခန္ဓာကိုယ်က တုန်ယင်လာ၏။

သူမအဖြစ်က မိန်းမောနေသည့်အခြေအနေသို့ ဆိုက်ရောက်နေလေ၏။အိပ်မက်ထဲ၌ ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်သည် သူမရှေ့၌ ပြန်ပေါ်လာခဲ့သည်။သူမက ပလ္လင်ကတစ်ခုပေါ်၌ ဒူးထောက်လျက်ရှိနေကာ မရေမတွက်နိုင်သောလူများသည် ထိုပလ္လင်ပတ်လည်၌ မန္တာန်များ ရွတ်ဆိုနေကြသည်။

ဒူးထောက်နေရင်း သူကကောင်းကင်ထက်သို့ မော့ကြည့်ကာ ရတနာပုလင်းတစ်ခုကို ဆုပ်ကိုင်ဟန် လက်ဟန်မျိုးဖြင့် ရှိနေ၏။ တိုးညင်းလှသော အသံတစ်ခုသည်လည်း ထုတ်လွှတ်လာသည်။၎င်းအသံက ထူးဆန်းလှ၏။

“စီ…”

တိမ်ထုများသည် တဝီဝီလှည့်လည်၍ ဒေါမာန်ကြီးမားလာသည့်အလား။တိမ်ထုများက လွင့်ပါးကွဲထွက်သည့်အခါ အပြာရောင်ကောင်းကင်ထက်၌ ပုံရိပ်ကြီးတစ်ခုထွက်ပေါ်လို့လာသည်။

ထိုပုံရိပ်ကြီး၏ မျက်ခုံးနှစ်ခုကြား၌ ကြယ်ငါးလုံး ရှိ၏။ ထိုပုံရိပ်က ပြင်းထန်သောဖိအားကို ပေးစွမ်းကာ တော်ဝင်သွေးမျိုးဆက်၏ ပြိုင်စံရှားအော်ရာကိုပါ ပေးစွမ်းလို့နေသည်။

သည်ပုံရိပ်က လောကရှိ မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အလား မထူးခြားနားဟန်ပန်နှင့်ရှိနေ၏။ ပုံရိပ်၏ အေးစက်စက်အကြည့်က လင်းအာမျက်လုံးထံသို့ ကျရောက်လာသည်။

ထိုရှေးဟောင်းနတ်ဘုရားပုံရိပ်က ဝမ်လင်းပင်။

အိပ်မက်ထဲကကဲ့သို့ လင်းအာ၏မျက်နှာထက်၌ လေးစားကြည်ညိုခြင်းတို့ ပြည့်နှက်နေသည်။ဝမ်လင်းပုံရိပ်ပေါ်လာသည့်အခိုက်၌ သူမကခပ်တိုးတိုး ရေရွတ်လာသည်။ ရှေးဟောင်းလကလန်ရဲ့ အစေခံမူလင်းက ရှေးဟောင်းနတ်ဘုရား သက်ဆင်းလာပြီး မျှော်စင်ကလန်နဲ့ တိုက်ပွဲဝင်နိုင်ဖို့ စွမ်းအား ငှားယမ်းပေးဖို့ ဆုတောင်းပြုပါတယ်…”

တစ်ချိန်တည်းမှာပင် မျှော်စင်ပတ်လည်ရှိ မရေမတွက်နိုင်သော အမျိုးသား၊အမျိုးသမီးများထံ၌လည်း လေးစားကြည်ညိုသည့်ဟန်ပန်တို့ ထွက်ပေါ်လို့နေသည်။သူတို့အားလုံးက မန္တာန်စရွတ်ကာ သည်ဧရိယာအနှံ့ မုန်တိုင်းတစ်ခု ဖန်တီးစေသည်။

သူတို့၏မျက်ခုံးနှစ်ခုကြား၌ တောက်ပသောလအမှတ်အသားသည် ပေါ်ထွက်လာရင်း တောက်ပသထက် တောက်ပလာသည်။

“ရှေးဟောင်းလကလန်က ရှေးဟောင်းနတ်ဘုရားအတွက် လုံလောက်မယ့် မူလစွမ်းအင်ကို ပြင်ဆင်ပေးထားပါတယ်။ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ…”

ပုံရိပ်ယောင်အတွင်း၌ လင်းအာလက်ထဲရှိ ရတနာပုလင်းသည် မြောက်တက်လွင့်မြောသွားသည်။ သည်အခိုက်၌ ပလ္လင်ပတ်လည်ရှိ လူအားလုံးသည် မန္တာန်စတင်ရွတ်ဆိုနေရာ သူတို့၏မျက်ခုံးကြားရှိ လအမှတ်အသားများသည် တောက်ပနေတော့သည်။ထို့နောက် သူတို့၏မျက်ခုံးနှစ်ခုကြား၌ အံ့မခန်းမူလစွမ်းအင်တို့ သိပ်သည်းလာကာ ပလ္လင်ထံသို့ တိုးဝင်သွားကြသည်။

မူလစွမ်းအင်အမျှင်တန်းများသည် ပလ္လင်ထံသို့ နဂါးများကဲ့သို့ ရွှေ့လျားသွားလာနေကာ လင်းအာလက်ထဲရှိပုလင်းထံသို့ စုစည်းလေသည်။

လင်းအာလက်ကြားထဲ၌ မူလစွမ်းအင်များက ပိုပို၍ စုစည်းလာသည်။ရတနာပုလင်းသည် ပို၍ အထည်ဒြပ်ဆန်လာသည်။သူမက လက်မြှောက်လိုက်ရင်း ပုလင်းသည် လေထဲသို့ပျံတက်ကာ လက်သီးစုပ်ခန့်အရွယ် ဆိုင်ကလုန်းမုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းနှင့်တူသော ရှေးဟောင်းနတ်ဘုရားထံသို့ပျံသန်းသွားတော့သည်။

ထိုမုန်တိုင်းငယ်သည် အစပိုင်း၌ မမြန်သေးပေ။သို့သော် ၎င်းက ပျံသန်းနေရင်း မြန်သထက်မြန်လာကာ မုန်တိုင်းငယ်အတွင်းမှ အားကောင်းသောစုပ်အားတစ်ခု ပေါ်လာတော့၏။၎င်းက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ ပျောက်ကွယ်သွားချေသည်။

ဝမ်လင်းနှင့်တူသည့် ရှေးဟောင်းနတ်ဘုရားက သူ့ညာလက်ညှိုးကို မြှောက်ကာ အောက်သို့ ညွှန်သည်။ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားက မြင့်တက်လာကာ ပလ္လင်ပေါ်ရှိ လင်းအားထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။ ထို့နောက် ထိုစွမ်းအားက သူမ၏ခန္ဓာကိုယ်ထဲ၌ အသွင်ကူးပြောင်းကာ အစိတ်အပိုင်းထောင်ချီ ခွဲထွက်၍ ပလ္လင်ပတ်လည်ရှိ လူတိုင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သည်အခိုက်၌ လင်းအာသည် မူးဝေကာ လဲကျသွားသည်။

ထို့နောက် ပုံရိပ်ယောင်အဖြစ်သည်လည်း လွင့်ပါးသွားတော့၏။ ရေစိတ်ဝိညာဉ်ဂြိုဟ်ထက်ရှိ ကောင်းကင်သည် မူလအတိုင်း ရှိလို့နေဆဲသာ။ပုံရိပ်ယောင်ပြင်ဘက်ကမ္ဘာ၌ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ ပုံရိပ်အတွင်း၌ လဲကျသွားသည့် လင်းအာသည် အပြင်ဘက်တွင်လည်း ထိုကဲ့သို့ မူးဝေလဲကျသွားခြင်းပင်။

ဝမ်လင်းက သိပ်မဝေးသောနေရာတွင် မတ်တပ်ရပ်နေ၏။သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။

“နတ်ဘုရားကျေးကျွန်…” ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ကောင်းကင်ထက်သို့ လှမ်းကြည့်ရင်း စဉ်းစားနေသည်။အမှန်တော့ ဝမ်လင်းက လင်းအာ ရတနာပုလင်းလက်ဟန် ပြုလုပ်သည်ကို တွေ့မြင်ခဲ့ချိန်က ထူစီထံမှ သူရရှိခဲ့သော မှတ်ဉာဏ်တစ်ခုခု နိုးထလာခဲ့ခြင်းပင်။

ရှေးဟောင်းအချိန်များက မူလစွမ်းအင်ကို ရရှိရန် ဂြိုဟ်တစ်လုံးကို ဖျက်စီးခြင်းအပြင် ရှေးဟောင်းနတ်ဘုရားများသည် မူလစွမ်းအင်ကို ရရှိရန် အခြားနည်းလမ်းများ ရှိနေခဲ့သည်။သူတို့က မူလစွမ်းအင်ကို လူများထံမှ ရယူ၍ နတ်ဘုရားကျေးကျွန်များ၏ တည်ရှိမှုကို ဖြစ်လာစေခဲ့ခြင်းလည်း ဖြစ်သည်။

“ဒါဟာ လောကရဲ့ ပြန်လည်မွေးဖွားခြင်းသံသရာပဲ။နတ်ဘုရားကျေးကျွန်တိုင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ အမှတ်သားခပ်နှိပ်ခြင်းကို ခံရတဲ့ သဘောပေါ့။ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားအပေါ် မူတည်ပြီး နတ်ဘုရားကျေးကျွန်လက်ခံရရှိတဲ့ စွမ်းအားပမာဏက ကွာခြားသွားလိမ့်မယ်…”

“ဒါပေမဲ့လည်း… လင်းအာအပေါ်မှာ ရှိတဲ့ အမှတ်အသားက သိသာစွာ အားကောင်းလွန်းလှတယ်။ မရေမတွက်နိုင်တဲ့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတွေ တွေ့ကြုံပြီးတဲ့နောက်မှာတောင် ဒီအမှတ်အသားက ခုထိ သူမရဲ့ စိတ်ဝိညာဉ်ထဲမှာ ရှိနေသေးတယ်။ ဒီအမှတ်အသားကြောင့်သာ မဟုတ်ရင် သူမက လွန်ခဲ့ပြီးသော အတိတ်က အဖြစ်အပျက်ကို အခုချိန်မှာ ပြန်မှတ်မိနိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်၏။လင်းအာ တစ်ယောက်တည်းသာ စောနက ပုံရိပ်ယောင်မြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း မဟုတ်ပေ။ဝမ်လင်းသည်လည်း တွေ့မြင်ခဲ့သည်သာ ဖြစ်သည်။ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြား၌ စွမ်းအားတစ်ခုဝင်ရောက်သွားသကဲ့သို့ အပူဓာတ်ကို ခံစားမိသည်။

သို့ရာတွင် ၎င်းစွမ်းအားက အားနည်းလွန်းလှ၏။အမျှင်တန်းတစ်ခုမျှသာ ဖြစ်သည်။သို့သော် ၎င်းစွမ်းအားကို ထိတွေ့မိဖို့အတွက်မူ လုံလောက်ပေသည်။သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ၎င်းစွမ်းအားက သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအား၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပေသည်။

လင်းအာ၏မျက်ခုံးနှစ်ခုကြား၌ အမှတ်အသားအပိုတစ်ခု ဖြစ်ပေါ်လာခဲ့၏။ထိုအမှတ်အသားသည် ဝမ်လင်းနှလုံးခုန်သံအတိုင်း တဖျပ်ဖျပ် တောက်သည်ဟု ထင်မှတ်ရသည်။

တနေ့၌ ဝမ်လင်း၏နှလုံးခုန်သံ ရပ်တန့်သွားပါက ဤအမှတ်အသားသည် ပျက်စီးကာ သူမ၏အသက်သည်လည်း သေဆုံးသွားရပေမည်။

“စိတ်ဝိညာဉ်သာ ပျက်စီးခဲ့ရရင် အရာအားလုံးလည်း ပျက်စီးသွားမှာ ပြန်လည်မွေးဖွားဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ရှေးဟောင်းနတ်ဘုရားတစ်ပါး သေဆုံးသွားခဲ့ရဲ့ သူ့ရဲ့ နတ်ဘုရားကျေးကျွန်ကလည်း လိုက်ပါသေဆုံးရလိမ့်မယ်။ဒီတော့ လင်းအာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲမှာ တည်ရှိနိုင်ခြင်းက အကြောင်းပြချက်တစ်ခုပဲ ရှိတော့တယ်…” ဝမ်လင်းသည် စဉ်းစားကြည့်နေရင်း သူ့မျက်လုံးက တောက်ပနေ၏။

“လင်းအာရဲ့ စိတ်ဝိညာဉ်မှာ အမှတ်အသားဖြစ်စေခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားက ခုထိ မသေသေးလို့ပဲ…”

“ငါက မတော်တဆနဲ့ ဒီနတ်ဘုရားကျေးကျွန်ရဲ့မူလပိုင်ရှင် နေရာမှာ အစားထိုးသွားခဲ့တာ။ခုချိန်မှာ ငါ့အမှတ်အသားက အရင်အမှတ်အသားနေရာမှာ အစားထိုးသွားခဲ့ပြီ။ ဒီအတွက် ရှင်းပြလို့ရတဲ့ အကြောင်းရင်းတစ်ခုပဲ ရှိမယ်။ အရင်ရှေးဟောင်းနတ်ဘုရားက မသေသေးဘဲ သူ့စွမ်းအားအားလုံးနီးပါး ဆုံးရှုံးခဲ့ရပြီး ငါ့ထက် အားနည်းနေလိမ့်မယ်။ဒီလိုမှသာ လင်းအာရဲ့အရင်အမှတ်အသားနေရာမှာ ငါ့အမှတ်အသားက အစားထိုးသွားနိုင်မှာ…”

ဝမ်လင်းသည် သက်ပြင်းချမိ၏။

ခုချိန်၌ သူက လင်းအာကို စတွေ့ချိန်က ဘာကြောင့်အမြင်ကောင်း ရှိနေသည်ကို နားလည်သွားတော့သည်။ထိုသို့ လင်းအာအပေါ် မြင်မြင်ခြင်း အကောင်းမြင်သည်မှာ လင်းအာ၏ စိတ်ဝိညာဉ်အတွင်း၌ လွန်ခဲ့သော မရေမတွက်နိုင်သောနှစ်များက ကျန်ရှိနေသေးသော အမှတ်အသားကြောင့် ဖြစ်ရပေမည်။

“ငါက ရှေးဟောင်းနတ်ဘုရားထူစီရဲ့ မှတ်ဉာဏ်တွေနဲ့ ပတ်သတ်လို့ အကုန်လုံးနားလည်သွားခဲ့ပြီလို့ တွေးထင်ထားခဲ့မိတာ။ဒါပေမဲ့ ခုထိ ချိပ်ပိတ်နေသေးတဲ့ မှတ်ဉာဏ်တွေ ရှိနေတဲ့ပုံပဲ။ ဖြစ်နိုင်တာက ငါ မှတ်ဉာဏ်အမွေအနှစ်ကို လက်ခံရခဲ့တဲ့အချိန်က မှတ်ဉာဏ်သလင်းကျောက်တစ်ခုကို လက်လွှတ်ခဲ့ရလို့ ဖြစ်မ်။ဒီသလင်းကိုသာ ရခဲ့ရင် မှတ်ဉာဏ်အမွေအနှစ်က အမှန်တကယ် ပြီးပြည့်စုံသွားလိမ့်မယ်…”

အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးနေ၏။ မသိလိုက်မသိဘာသာနှင့်ပင် နေဝင်သွားခဲ့လေပြီ။ အလင်းရောင်ပျောက်ကွယ်ကာ ကမ္ဘာမြေသည် အမှောင်ပြန်ကြီးစိုးလာနေရင်း ဝမ်လင်းသည်လည်း ထူးဆန်းသောအခြေအနေသို့ နောက်တစ်ဖန် ပြန်နစ်မြောသွားသည်။

ထိုအခြေအနေ၌ သူက လုံးဝ အေးငြိမ်းနေကာ ပူပန်မှုကင်းဝေးနေသည်။သူ့စိတ်ထဲရှိ ရှိနေသည့်အရာမှာ နေထွက်ချိန်၊နေဝင်ချိန်သာတည်း။

သူ့ရှေ့၌ ပဲ့တင်မြည်နေသော အရာတစ်ခုခု အမြဲ ရှိနေခဲ့သည်ဟု ဝမ်လင်းက ခံစားမိနေသည်။သို့သော် သူက ၎င်းအရာကို ထိတွေ့နိုင်စွမ်း မရှိပေ။သူက မည်သည့်အခြေအနေတွင် နစ်မြောနေမှန်း သို့မဟုန် မည်သည့်အရာကို ရှာဖွေနေမှန်းကိုပင် မသိပေ။

သို့သော် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံပြီးသည့်နောက် သူ့စိတ်အာရုံသည် အလွန်အားကောင်းနေခဲ့ပေပြီ။သူက ခုလက်ရှိအခြေအနေသို့ နစ်မြောခြင်းသည် အလွန်ရှားပါးလှသည့် အခွင့်အရေးဟု ခပ်ရေးရေး ခံစားမိသည်။

သူက ၎င်းအခွင့်အရေးကိုသာ ဖမ်းဆုပ်နားလည်ပါက သူ့အတွက် အလွန်အကျိုးများပေမည်။

ဝမ်လင်းက ခုလက်ရှိ၌ သူသည် ရှေးဟောင်းအချိန်တွေတုန်းက မဟာနယ်ပယ်ကြီးသုံးခုထဲမှ တစ်ခုဖြစ်သော ရှီနယ်ပယ် အစွန်းအဖျားသို့ ရောက်ရှိကာ နစ်မြောနေသည်ကို မသိပါ။

ရှီနယ်ပယ်သည် ဂျီနယ်ပယ်ကဲ့သို့လည်း စွမ်းအားမကောင်း၊တာအိုနယ်ပယ်ကဲ့သို့လည်း ဆန်းကြယ်မှု မရှိပေ။သို့သော် အချိန်၏အစကတည်းက ကျင့်ကြံခြင်းလောက၌ ၎င်းရှီနယ်ပယ်သည် နံပါတ်တစ်အဆင့်သတ်မှတ်ချက် ဖြစ်ခဲ့ပေသည်။

မည်သူကမျှ ရှိနယ်ပယ်သည် ဘယ်ကစ၍ ဘယ်သို့ ဝင်ရောက်သည်ကို မသိကြပါ။ ကျင့်ကြံခြင်းလောက သမိုင်းစဉ်တစ်လျှောက် ရှေးဟောင်းအချိန်တွေတုန်းကပင် ရှီနယ်ပယ်သို့ ဝင်ရောက်ခဲ့သည့် ပမာဏသည် အလွန့်အလွန် နည်းပါးခဲ့သည်။

သည့်အပြင် ရှီနယ်ပယ်သို့ ဝင်ရောက်ခဲ့သည့်သူများပင် သူတို့ မည်သို့ ဝင်ရောက်နိုင်ခဲ့သည်ကို မသိခဲ့ကြပေ။ထိုအချက်က ထူးဆန်းလှချေ၏။ထို့အပြင် သူတို့က ရှီနယ်ပယ်သည် မပျောက်ကွယ်ခင် တိုတောင်းသော အချိန်တစ်ခု ရှိခဲ့သည်ကိုသာ မှတ်မိသည်။

ပြောကြသည်က လောက၌ ဂျီ၊တာအိုနှင့်ရှီနယ်ပယ်တို့သည် စိတ်ဝိညာဉ်စွမ်းအင်၌ ပြောင်းလဲမှုဟု ဆိုကြသည်။လူတစ်ယောက်က ၎င်းနယ်ပယ်တစ်ခုခုထဲသို့ ဝင်ရောက်သည်နှင့် ထိုနယ်ပယ်အတွင်း၌သာ ထာဝရနေရလိမ့်မည်ဟုလည်း ဆိုကြသည်။သို့သော ထိုကောလဟာလ အချက်က မှန်၊မမှန်က ဒွိဟ ဖြစ်စရာပင်။

ထိုသို့ နယ်ပယ်အတွင်း ဝင်ရောက်ခဲ့ဖူးကြသည့် သူများက မဟာနယ်ပယ်သုံးခုသည် စိတ်ဝိညာဉ်စွမ်းအင်နှင့် နတ်ဘုရားအာရုံကို ပိုင်းခြားပေးသည်ဟုသာ သိထားကြသည်။

ထိုနယ်ပယ်သုံးခုအကြောင်း နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာခဲ့ကြသော ကျင့်ကြံသူများသည်လည်း တာအိုနယ်ပယ်နှင့်ရှီနယ်ပယ်တို့သည် စိတ်ဝိညာဉ်စွမ်းအင်နှင့် နတ်ဘုရားအာရုံတို့ကို ခွဲခြားပေးသည်ဟု ယုံကြည်ထားခဲ့ကြသည်။

ဂျီစိတ်ဝိညာဉ်စွမ်းအင်၊ ဂျီနတ်ဘုရားအာရုံ။

တာအိုစိတ်ဝိညာဉ်စွမ်းအင်၊ တာအို နတ်ဘုရားအာရုံ။

ရှီစိတ်ဝိညာဉ်စွမ်းအင်၊ ရှီနတ်ဘုရားအာရုံ။

နှိုင်းယှဉ်ပါက စိတ်ဝိညာဉ်စွမ်းအင်နယ်ပယ်သည် ရရှိဖို့ အများကြီး ပိုလွယ်ကာ နတ်ဘုရားအာရုံနယ်ပယ်သည် သိသာစွာပင် အလွန်သိမ်မွေ့လှ၏။ ရှေးဟောင်းအချိန်များက ရှီနယ်ပယ်သို့ ဝင်ရောက်နိုင်စွမ်း ရှိခဲ့ကြသည့်သူများသည် အများအားဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကနေ ဖြတ်ကျော်သွားခဲ့ကြခြင်းပင်။ထိုသို့ ဖြစ်ကျော်သည့် အချိန်အခိုက်၌ သူတို့၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ကြသည်။ သို့ရာတွင် ရှီနယ်ပယ်၏ ကြာချိန်ပမာဏက တိုတောင်းလှ၏။ ထို့ကြောင့်လည်း အကျိုးကျေးဇူးသည် အလွန်မများလှခြင်းပင်။ထိုအခြင်းအရာများအားလုံးသည် လျိုဝမ်ဟု အမည်ရသည့် ကျင့်ကြံသူတစ်ယောက်က ရှီနယ်ပယ်မှတ်တမ်း တစ်ခု ချန်ထားခဲ့ချိန်၌ ပြောင်းလဲသွားတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset