ထိုအချိန်၌ နန်းတော်တံခါးသည် ပွင့်လာ၏။ဝမ်လင်းက ပြုံး၍ လင်းအာကို ကြည့်သည်။သူက ရယ်မော၍ ဆိုသည်။ “ဘာကိစ္စများရှိလို့…ဒီလောက်စောစောစီးစီး ငါ့ဆီ ရောက်လာရတာတုန်း…”
သူမက ဝမ်လင်းထွက်လာသည်ကို မြင်မှ စိတ်သက်သာရာရတော့၏။ထို့နောက် သူမ၏ ရင်ဘက်ကို ပုတ်ကာ ခပ်သွက်သွက်ဆိုသည်။ “စီနီယာ…ရေစိတ်ဝိညာဉ်ဂြိုဟ်ရဲ့ နေထွက်ချိန်က အတော်လေးကို လှပပါတယ်။လင်းအာက စီနီယာ ဒီမြင်ကွင်းကို ကြည့်ချင်လား လာမေးချင်တာပါ…”
သူမက ထိုသို့ပြောနေရင်း မျက်နှာနီမြန်းလာ၏။ဝမ်လင်းသည် သူမ၏ စီနီယာဖြစ်သော်လည်း သူမအမြင်၌မူ သူသည် သူမထက် အသက်အများကြီး ကြီးသည့်ပုံပေါ်မနေပေ။ထိုသို့ ဖိတ်ခေါ်မှု ပြုပြီးနောက် လင်းအာ၏နှလုံးခုန်သံက သိသိသာသာ ပိုမြန်ဆန်လာ၏။
ဝမ်လင်းသည် ထိုစကားလုံးကို ကြားသည့်နောက် သူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်ကာ မျက်မှောင်ကြုတ်သွား၏။
လင်းအာသည် ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့သည့်အခါ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားမိ၍ ဘာဆက်ပြောရမှန်း မသိ ဖြစ်နေ၏။
“မိန်းကလေးလင်းအာ…ငါက အခု ကျင့်ကြံနေတာ။ နင် တစ်ယောက်တည်း ကြောက်လန့်နေတယ်ဆိုရင် ထာရှန်ကို အဖော်ထည့်ပေးလိုက်မယ်…”
ဝမ်လင်းအကြည့်က ထာရှန်ပေါ်သို့ ကျရောက်သွား၏။သူက တည်ငြိမ်စွာ ဆိုသည်။ “ထာရှန်…မိန်းကလေးလင်းအာနဲ့ လိုက်သွားပြီး သူမကို စောင့်ရှောက်ပေးလိုက်…”
ထိုသို့ပြောပြီးနောက် သူက လင်းအာကို အာရုံမစိုက်တော့ဘဲ နန်းတော်အတွင်းသို့ ပြန်လျှောက်လှမ်းသွားသည်။
သူက စိတ်ထဲ၌ ခါးသီးစွာ ပြုံးနေမိ၏။သူက လင်းအာထံမှ စကား၏ အဓိပ္ပာယ်ကို နားမလည်ဘဲ မည်သို့ ရှိပါ့မည်နည်း။သူ့ကို မွန်းစတားအိုဟု ခေါ်တွင်၍ ရသော်လည်း သူကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်သာ ရှိသေးသည်။
သို့သော် သူ့သက်တမ်းက လင်းအာထက် အများကြီး ပိုပေ၏။သူ သူမကို စတွေ့ခဲ့ချိန်က ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ခြင်းက သူမပိုင်ဆိုင်ထားသည့် ရေစိတ်ဝိညာဉ်ကြောင့်ဖြစ်ကာ စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်အပေါ် ကြင်နာမှုမျိုးသာ ဖြစ်သည်။အခြား အဓိပ္ပာယ်များ မပါဝင်နေပေ။
“လင်းအာမှာ အခြားအဓိပ္ပာယ်မရှိပါဘူး။လင်းအာက စီနီယာနဲ့အတူ နေထွက်ချိန်ကို ကြည့်ချင်ရုံလေးပါ။ဒီလိုကိစ္စသေးသေးလေးကို စီနီယာ လိုက်လျောပေးလို့ မရနိုင်ဘူးလား…”
လင်းအာ၏မျက်လုံးက သလင်းကဲ့သို့ ကြည်လင်နေ၏။သူမက အိပ်ယာနိုးနိုးချင်း ဝမ်လင်းကို ဘာကြောင့် ရှာချင်မှန်း သူမကိုယ်သူမပင် မသိပေ။သူမ အိပ်မက်၏ အဖြေကို ဝမ်လင်းကို ဖြေရှင်းပေးနိုင်မည်ဟုလည်း ခံစားနေမိသည်။
ဝမ်လင်းသည် လင်းအာကို နောက်ကျောပေးကာ ဆက်၍ လျှောက်နေ၏။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ နန်းတော်တံခါးသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။
“စီနီယာ…လင်းအာ ညတုန်းက ပေါ်ခဲ့တဲ့ ဧရာမပုံရိပ်ကြီးအကြောင်း သိချင်ပါတယ်။ဒီပုံ…ပုံရိပ်က…” လင်းအာက ရှေ့သို့ ခြေလှမ်းဟန် ပြင်၏။
ထာရှန်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှေ့သို့ ခြေလှမ်းလာသည်။လှိုင်းတစ်ခု ပျံ့နှံ့လာကာ လင်းအာပေါ်သို့ ကျရောက်၍ သူမကို နောက်သို့ ပေဒါဇင်ခန့် ဆုတ်သွားစေသည်။
လင်းအာ၏ကျင့်ကြံမှုအဆင့်က မြင့်မားလှခြင်း မရှိပေ။ထို့ကြောင့် သူမက နောက်သို့ ဆုတ်နေရင်း သူမမျက်နှာသည် ဖြူရောသွား၏။သူမကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်သည် မတည်မငြိမ် ဖြစ်လာကာ သွေးအန်ထုတ်လိုက်ရတော့သည်။
ဝမ်လင်းသည် သက်ပြင်းချမိ၏။သူက မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်သည် နန်းတော်အတွင်းကနေ ပျောက်ကွယ်သွား၍ လင်းအာနား၌ ပေါ်လာ၏။သူက သူမ၏နောက်ကျောကို ညင်သာစွာ ပုတ်၍ မူလစွမ်းအင်ကို သူမ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးသည်။ ထို့နောက် သူမရရှိသွားသော ဒဏ်ရာများသည် ယူပစ်သလို ပျောက်သွားတော့၏။
“ကောင်မလေး…သွားကြစို့။ ဒီအဘိုးအိုက နင်နဲ့ နေထွက်ချိန် ကြည့်ဖို့ အဖော်ပြုပေးမယ်…” ဝမ်လင်းသည် သူမပေါ်၌ ကောင်းမွန်သော စိတ်ဆန္ဒရှိသော်လည်း သူ့ဆုံးဖြတ်ချက် ပြင်ရလောက်အောင်ထိမူ မလုံလောက်သေးပေ။ခုလို သူ သူမနှင့်အတူ သွားခြင်းမှာ လင်းအာ သူ့အား မေးခွန်းအချို့ အမှန်တကယ်မေးလိုက်သည်ကို တွေ့မြင်သောကြောင့်သာ ဖြစ်သည်။
“စီနီယာ…လင်းအာရဲ့ တောင်းဆိုမှုကို သဘောတူတယ်ပေါ့…” လင်းအာ၏မျက်နှာက ဖြူရောနေဆဲ ဖြစ်သော်လည်း သူမမျက်လုံးရွှဲကြီးထဲ၌ ပျော်ရွှင်ကျေနပ်မှုတို့ ရှိနေ၏။
“ဒီတစ်ကြိမ်ပဲ…” ဝမ်လင်းသည် သက်ပြင်းသဲ့သဲ့ချမိ၏။သူသည် အတိတ်တုန်းက လီမူဝမ်နှင့်အတူ နေဝင်နေထွက်ချိန်ကို အတူစောင့်ကြည့်ခဲ့ကြသည်အား ပြန်အောက်မေ့သည်။ထိုအဖြစ်အပျက်များသည် ဝမ်လင်း၏မှတ်ဉာဏ်ထဲ၌ ထာဝရ တည်မြဲနေပေလိမ့်မည်။
လင်းအာသည် ခေါင်းညိတ်၍ တောက်ပစွာပြုံးနေ၏။သူမက သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ခေါင်လောင်းများကို လှုပ်ခတ်လိုက်၏။ထိုအခါ အကွာအဝေးတစ်ခုကနေ အဖြူရောင်ကြိုးကြာတစ်ကောင်သည် လင်းအာရှိရာသို့ ပျံဝဲလာလေသည်။
လင်းအာက ထိုကြိုးကြာကျောပေါ်သို့ ခုန်တက်လိုက်၏။ဝမ်လင်းသည် ထိုမိန်းကလေးနှင့်အတူ ကြိုးကြာပေါ်၌ မည်သို့အတူ ထိုင်နိုင်ပါ့မည်နည်း။သူက ရိုးစင်းစွာ ခြေလှမ်း၍ လေထဲသို့ လျှောက်လှမ်းသွားသည်။
လင်းအာက ပြုံးနေရင်း ကြိုးကြာခေါင်းကို ပုတ်ကာ ပြောသည်။ “စီနီယာ လင်းအာနောက်လိုက်လာခဲ့ပါ…” ထိုသို့ပြောပြီးနောက် ကြိုးကြာသည် ကောင်းကင်ထက်သို့ လှပစွာ ပျံဝဲတက်သွားတော့၏။
ဝမ်လင်းသည် ခါးသီးစွာပြုံး၍ နောက်ကနေ လိုက်သွား၏။
လမ်းတစ်လျှောက်၌ လင်းအာသည် အလွန်ပျော်ရွှင်နေ၏။သူမက စိတ်ရွှင်မြူးစွာဖြင့် လမ်းတစ်လျှောက်၌ ရယ်မောသွား၏။ သူမလက်ကောက်ဝတ်မှ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံနှင့် သူမ၏ရယ်မောသံတို့က ရောက်ယှက်သွားကာ ဝမ်လင်းအဖို့ နားထောင်ရသည်မှာ သက်တောင့်သက်သာ ဖြစ်လှသည်။
ကြိုးကြာပေါ်ရှိ လင်းအာကို ကြည့်ကာ ဝမ်လင်းသည် သက်ပြင်းချမိသည်။သူက သူမ အမှန်တကယ် ပျော်နေသည်ကို တွေ့နေရပေသည်။သူ့ကလေးဘဝကလွဲ၍ သည်မိန်းကလေးလို ပျော်ရွှင်ရသည့် အခိုက်အတန့်မျိုးသည် သူ့အတွက် ရှားပါးလွန်းခဲ့ပြီ မဟုတ်လား။
မိုးထိထိုးတက်နေသည့် တောင်ထိပ်ဖျားသို့ ရောက်ဖို့ ကြိုးကြာအတွက် အချိန်သိပ်မကြာလိုက်ပေ။ ထိုတောင်ထိပ်ဖျား၌ တိမ်စိုင်များ ဝန်းရံနေသည်။ထွက်ပေါ်စပြုသည့် နေမင်းအလင်းစက တောင်ထိပ်ပေါ်သို့ ထိတွေ့လေရာ အလွန်လှပသောမြင်ကွင်းကို ဖြစ်ပေါ်နေစေတော့သည်။
တောင်ထိပ်သည် တိမ်စိုင်များကြား၌ မြုပ်နေ၏။ယခုမြင်ကွင်းသည် အတော်လေး သဘာဝဆန်လှချေသည်။
တောင်ထိပ်၏ အနောက်ခြမ်း၌ အမှောင်ထု အရိပ်အမြွက် ရှိနေသေးသည်။ဤနေရာက သည်ဂြိုဟ်၏ အဆုံးမဲ့ပင်လယ်ပြင် တည်ရှိရာနေရာလည်း ဖြစ်သည်။
ကြိုးကြာသည် တိမ်စိုင်များကြား၌ အသံပေးရင်း တောင်ထိပ်တည့်တည့်သို့ ပျံသန်းလို့နေသည်။၎င်းက တောင်ထိပ်ပေါ်သို့ သိပ်မကြာခင်မှာပင် ရောက်ရှိလာပြီး ရပ်နားလိုက်သည်။
လင်းအာက ကြိုးကြာပေါ်ကနေ လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ပျံဝဲဆင်းသက်လာသည်။သူမက အပြာရောင်ကျောက်တုံးပေါ်သို့ သက်ဆင်းလိုက်သည်။
“စီနီယာ…မြန်မြန်လာပါ…” တောင်ထိပ်၌ လေများတိုက်ခတ်နေရာ သူမ၏ ဆံပင်များက ဝဲလွင့်၍ မျက်နှာအစိတ်အပိုင်းအချို့ကိုပင် ဆံပင်များဖြင့် ဖုန်းကွယ်နေစေသည်။ထိုအဖြစ်က သူမကို အံ့ဩဖွယ်လှပစေသည်။ဝဲလွင့်နေသည့် နက်မှောင်သောဆံပင်များနှင့် ပြီးပြည့်စုံသောမျက်နှာက ဝမ်လင်း၏ မြင်ကွင်းထဲသို့ တိုးဝင်လာသည်။
ထိုအချိန်မှာပင် အရှေ့ဘက်မှ နေမင်းသည် ထွက်ပေါ်စပြုကာ အမှောင်ထုသည် တဖြည်းဖြည်း လွင့်ပါးနေသည်။
နူးညံသောအလင်းရောင်ကို အထိုင်ချကာ နေမင်းသည် မြင့်တက်လာနေသည်။ထိုအချိန်သမာယ လင်းအာ၏အပြုံးက ဝမ်လင်းစိတ်ထဲ၌ ထာဝရ ကျန်ရှိနေနိုင်လောက်အောင်ပင်။
ဝမ်လင်း၏မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ရှိနေသည်။သူက ခြေတစ်လှမ်းလှမ်းကာ ကျောက်တုံးပေါ်သို့ ခြေချသည်။ထို့နောက် သူသည် နေထွက်ချိန်ကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူ့စိတ်နှလုံးသည် ထူးဆန်းသောအခြေအနေသို့ ဖြတ်သန်းနေတော့သည်။
ငြိမ်းအေးမှု။
လင်းအာသည် စကားမဆိုဘဲ သူမ၏ ဆံပင်များကို နားနောက်ဘက်သို့ ပို့၏။သူမက နေထွက်ချိန်ကို ကြည့်နေသော ဝမ်လင်းကို ကြည့်၍ ပြုံးနေသည်။
နေမင်းက အပြည့်အဝ ထွက်ပေါ်မလာသေးပါ။လင်းအာသည် ခပ်တိုးတိုး ရေရွတ်၏။ “အမကြီးရွှဲ့ ဒီဂြိုဟ်ကို ရောက်မလာခင်တုန်းက ငါတစ်ယောက်တည်း နေထွက်ချိန်၊နေဝင်ချိန်ကို ကြည့်ဖို့အတွက် ဒီနေရာကို မကြာမကြာ လာခဲ့တာပဲ…”
နေထွက်ချိန်ကို ကြည့်နေရင်း ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောသည်။ “ဒါက အတော်လေးလှပတယ်…” ထိုသို့ ပြောလိုက်သည့်အခိုက်၌ သူသည် အလွန်ထူးဆန်းသောအခြေအနေသို့ အမှတ်မထင် နစ်မြောသွားသည်။ထိုအချိန်က တိုတောင်းလှသော်လည်း မေ့နိုင်တော့မည် မဟုတ်ပါ။
ထိုထူးဆန်းသောအခြေအနေထဲ၌ သူသည် တစ်စုံတစ်ခုကို ခပ်ရေးရေး တွေ့မြင်နေသည်။သို့သော် သူက ထိုအရာကို သေချာစဉ်းစားကြည့်သည်နှင့် ဘာတစ်ခုမှ မတွေ့မြင်ရသကဲ့သို့ ဖြစ်သွားပြန်သည်။ထိုအဖြစ်က အလွန်ထူးဆန်းဖွယ် ခံစားမှုပင်။၎င်းခံစားမှုမျိုးအဖြစ်ကို ဝမ်လင်းသည် ခုမှ ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းလည်း ဖြစ်သည်။
အကွာအဝေးတစ်ခုရှိ ပင်လယ်မှ လှိုင်းသံတို့သည် ဤဧရိယာရှိ ငြိမ်းအေးငြိမ်သက်မှုနှင့် လုံးဝ ပေါင်းစည်းနေ၏။
အချိန်အတန်ကြာပြီးနောက် လင်းအာက ညင်သာစွာ မေးလာ၏။ “စီနီယာ…လင်းအာက မနေ့ညက ပေါ်ခဲ့တဲ့ ပုံရိပ်ကြီးက ဘာလဲဆိုတာ သိချင်မိပါတယ်…”
ဝမ်လင်းသည် အကွာအဝေးတစ်ခုထံသို့ ကြည့်နေ၏။နေမင်းသည် မြင့်တက်လာခဲ့ပြီး ဖြစ်၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “ဒါက ငါ့ ရတနာတွေထဲက တစ်ခုရဲ့ ရတနာစိတ်ဝိညာဉ်တစ်ခုပဲ…”
လင်းအာသည် ဝမ်လင်းကို ကြည့်နေရင်း သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထားသည်။သူမက ခေါင်းယမ်း၏။ “စီနီယာ လင်းအာကို အရူးလုပ်ဖို့ မလိုပါဘူး။ ကျွန်မက ဒီပုံရိပ်ကြီးဟာ ရတနာစိတ်ဝိညာဉ်မဟုတ်ဘဲ ဟိုးလွန်ခဲ့တဲ့အချိန်ကတည်းက ရှိခဲ့တဲ့ တည်ရှိမှုတစ်ခုဆိုတာ သိပါတယ်။ ဒီပုံရိပ်ကြီးတွေက ကြယ်တွေကြားမှာ အားအကောင်းဆုံးတည်ရှိမှုတွေ ဖြစ်ခဲ့ကြလိမ့်မယ်…”
ဝမ်လ်း၏မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားသည်။သူက တည်ငြိမ်စွာ ပြောလိုက်၏။ “နင်က ဘာကြောင့် ဒီလို ပြောရတာလဲ…”
လင်းအာသည် အံတင်းတင်းကြိတ်ကာ သူမစိတ်ကိုသူမ ပြင်ဆင်၏။သူမက ဝမ်လင်းကို ကြည့်နေရင်း ရောထွေးနေသော ထူးဆန်းသည့်ခံစားမှုမျိုး ရနေသည်။သူမက ခပ်တိုးတိုး ဆိုလာပြန်သည်။ “ဂျူနီယာက ကလေးဘဝတည်းက အိပ်မက်တစ်ခုကို အမြဲ မက်ခဲ့တယ်။အဲ့အိပ်မက်ထဲမှာ ဟိုနေ့ညက ပေါ်လာခဲ့တဲ့ ပုံရိပ်ကြီးကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်တယ်။လင်းအာရဲ့ အိပ်မက်ထဲက ပုံရိပ်ကြီးနဲ့ မနေ့ညက ပေါ်ခဲ့တဲ့ ပုံရိပ်တို့က မတူညီပေမဲ့လည်း ပုံရိပ်နှစ်ခုလုံးရဲ့ မျက်ခုံးကြားမှာ ကြယ်တွေရှိတာတော့ တူညီတယ်…”
လင်းအာသည် မည်သူ့ကိုမျှ ထိုအကြောင်း လုံးဝ မပြောပြခဲ့ဖူးပေ။သို့ရာတွင် ဝမ်လင်းနှင့် တွေ့သည့်အချိန်၌ သူမက ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်ကာ သူမ၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို သူ့အား ပြောပြလိုက်ခြင်းပင်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူ့စိတ်ထဲ၌ တုန်လှုပ်မိနေ၏။သူက လင်းအာကို စူးစိုက်ကြည့်နေရင်း တဖြည်းဖြည်း မျက်မှောင်ကြုတ်နေမိသည်။သူက သူမ ပြောသည့်အရာကို လုံးဝ မယုံကြည်ပေ။
သူက ထူစီ၏အမွေအနှစ်ကို ဆက်ခံရချိန်၌ ထူစီ၏ မှတ်ဉာဏ်ထဲ၌ သေမျိုးများနှင့် ဆက်နွှယ်ပတ်သတ်မှု လုံးဝ ရှိမနေခဲ့ပေ။ထူစီ၏ မှတ်ဉာဏ်ထဲ၌ သူမပြောခဲ့သည် အကြောင်းနှင့်ပတ်သတ်သည့် အရာလည်း ဘာတစ်ခုမှ ရှိမနေခဲ့ပေ။
“ရှေးဟောင်းနတ်ဘုရားတပါးအကြောင်း အိပ်မက်မက်တာက တော်တော်လေး အခြေအမြစ် မရှိတာပဲ..” ဝမ်လင်းသည် လင်းအာကို ဆက်၍ ကြည့်မနေတော့ပေ။သူက အကွာအဝေးတစ်ခုထံသို့သာ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “နေထွက်ချိန်ပြီးသွားရင် ငါ နင့် မေးခွန်းကို ဖြေပေးမယ်။ခုတော့ နင်သွားနိုင်ပြီ။ငါ ဒီမှာနေပြီး ဉာဏ်ဆင်ခြင်မှု အနည်းငယ် ပြုလုပ်စရာရှိတဲ့အတွက် ငါ နှောက်ယှက်တာကို မလိုချင်ဘူး…”
လင်းအာ၏အသွင်က ချက်ခြင်း ဖြူရောသွား၏။သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ဝမ်လင်းကိုသာ စူးစိုက်ကြည့်နေ၏။သူမက ဝမ်လင်းသည် သူမ၏စကားများကို မယုံသည်ကို သိနေသည်။
အနည်းငယ် စဉ်းစားပြီးနောက် လင်းအာထံ၌ ပြတ်သားသောအကြည့်တစ်ခု ပေါ်လာ၏။သူမက အပြင်ပိုင်းပုံစံလောက် အတွင်းစိတ်ဓာတ်သည် အားနည်းနေဟန် မရှိသည့်ပုံပင်။ သူမက ဆုံးဖြတ်ချက်တစ်ခု ချပြီးသည်နှင့် လွယ်လွယ်လက်လျော့လိမ့်မည် မဟုတ်ပါ။
တုံ့ဆိုင်းခြင်းမရှိ လင်းအာက မြေပြင်ထက်သို့ ဒူးထောက်ချကာ သူမ၏လက်နှစ်ဖက်ဖြင့် ရတနာပုလင်းပုံသဏ္ဌာန်ကို ပြုလုပ်လိုက်၏။ သူမက ခေါင်းမော့ကာ သူမ၏ အိပ်မက်ထက်၌ အကြိမ်ထောင်ချီ၍ ပြုလုပ်ခဲ့ဖူးသည့် ကိုယ်နေဟန်ထားကို ဖြစ်စေသည်။
ဝမ်လင်း၏မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ထိုအဖြစ်က သူ့စိတ်ထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
***