ထိုပုံရိပ်ယောင်ရှေးဟောင်းနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြား၌ ကြယ်ရှစ်လုံး ရှိနေရုံဖြင့် မကသေးပေ။ကြယ်ရှစ်လုံးဆိုလျှင် ဝမ်လင်းသည် အံ့အားသင့် တုန်လှုပ်မိလိမ့်မဟုတ်ပေ။ကြယ်ရှစ်လုံးအပြင်နောက်ထပ် ကြယ်တစ်လုံး၏ အရိပ်အမြွက်ရှိနေသေးသည်။ထိုကြယ်က အလွန်ဝေဝေဝါးဝါး ရှိကာ ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း ပုံသဏ္ဍန်တော့ ရှိလို့နေသည်။
“ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရား ဖြစ်လာဖို့ တစ်ဆင့်အလို…” ဝမ်လင်းက ပင့်သက်ရှိုက််မိနေသည်။သူက ဤဒိုင်းမှာ ထိုကဲ့သို့ အဆင့်ရှိသည့် ရှေးဟောင်းနတ်ဘုရား ပိုင်ဆိုင်သည့်အရာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
ပုံရိပ်ယောင်ဧရာမရှေးဟောင်းနတ်ဘုရားက ရုတ်တရက် မရေမတွက်နိုင်သော အလင်းစက်များ အဖြစ်သို့ ပြိုပျက်ကာ ကြယ််များသည် လှည့်ပတ်နေရာကနေ တဖြည်းဖြည်း ရပ်တန့်သွားသည်။ထိုအလင်းစက်များအောက်၌ ဂြိုဟ်တစ်ခုလုံး ချက်ခြင်းတောက်ပသွားသည်။
ထိုအလင်းက အချိန်အနည်းငယ်သာ ကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။အမှောင်ထုက တစ်ဖန်ပြန် ကြီးစိုးသွားသည်။
ဝမ်လင်းရှေ့ရှိ ဒိုင်းက ပေတစ်သောင်းနီးပါးထိ မြင့်မားလာကာ ၎င်းသည် ယင်နှင့်ယန်ဖြင့် ပိုင်းခြားထားသော အကာအရံတစ်ခု အလား ထင်ရ၏။ထိုဒိုင်းက တောက်ပသောအဇူရာအလင်းနှင့် ပတ်ဝန်းကျင်ကို ထိန်လင်းစေသည်။၎င်းက ဤလောက၌ပင် မပေါ်လာသင့်သည့်အလား။
ဝမ်လင်းက အသက်ဝလင်စွာ ရှိုက်သွင်းပြီးနောက် ဒိုင်းထံသို့ တိုးဝင်လာသည်။အကွာအဝေးတစ်ခုရှိ အရှင်ချိုင့်လေသည် လွန်ဆွဲနေရသည်။သူက ထိုဒိုင်း၏ ချိပ်ပိတ်မှု ပြေလျော့သည်နှင့် ပေါ်ထွက်လာမည့် စွမ်းအားကို တွေးကြည့်မိခဲ့ ဖူးသည်။သို့သော် ခုချိန် ထွက်ပေါ်လာသည့် ဒိုင်း၏စွမ်းအားက သူ စိတ်ကူးနိုင်သည်ထက် ပိုနေသည်။
သူက ၎င်းဒိုင်းကို အတော် ပြန်လုယူချင်နေမိ၏။သို့သော် သူ့မျက်ခုံးနှစ်ခုကြားရှိ ချိပ်ပိတ်မှုကို တွေးမိသည့်အခါ သူ့ထိုစိတ်အတွေးကို ချက်ခြင်း ပြန်စွန့်ပစ်သည်။သူက ထိုချိပ်ပိတ်မှုကို အတင်းချိုးဖျက်ပါက မည်သို့ ပြစ်ဒဏ်မျိုး ခံစားရလိမ့်မည်ကို မသိပေ။
သူက ပို၍ မသိလေလေ သူကြားဖူးခဲ့သည့် ချိပ်ပိတ်မှုများအကြောင်း ပိုတွေးမိလေ ဖြစ်နေရသည်။ရလဒ်အနေဖြင့် သူက ၎င်းချိပ်ပိတ်မှုကို ပိုကြောက်မိနေတော့သည်။
ဝမ်လင်းက ဒိုင်းနားသို့ ရောက်လာသည့်အခါ သူ့ညာလက်ကို ချက်ခြင်းဆန့်ထုတ်သည်။သူက ဒိုင်းနှင့်ထိမိသည့်အခိုက် အားကောင်းလွန်းသော ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
၎င်းစွမ်းအားက ဝမ်လင်းကို အန္တရာယ် မပြုပေ။ထိုအော်ရာက သူ့ခန္ဓာကိုယ်အတွင်းသို့ အကြိမ်များစွာ လှည့်ပတ် ဖြတ်သန်းသွားပြီးနောက် ဒိုင်းထံသို့ ပြန်သွားသည်။အနှီအခိုက်အတန့်၌ ဝမ်လင်းက သတင်းအချက်အလက်များ ရရှိလာသကဲ့သို့ ခံစားမိသည်။ဝမ်လင်းက ၎င်းအချက်အလက်များကို စိတ်ဖြင့်မှတ်သားထားလိုက်သည်။
ထို့နောက် ဝမ်လင်းက ခပ်တိုးတိုးရေရွတ်၏။ ” ဓီ ”
၎င်းစကားက ရှေးဟောင်းနတ်ဘုရား အသံပင်။ အနှီစကားအသံက အလွန်ထူးဆန်းလှ၏။သူ ထိုစကားဆိုလိုက်သည်နှင့် ထူးဆန်းသောအားတစ်ခု ဒိုင်းပတ်လည်၌ ပေါ်လာသည်။၎င်းဒိုင်းက အဇူရာအလင်းကို ထုတ်လွှတ်ပေးနေသည်။ ထို့နောက် ဒိုင်းသည် သူ့လက်ဝါးအရွယ်လောက်ထိ ကျုံ့လာကာ သူ့ရှေ့၌ လွင့်မြောသည်။
ဝမ်လင်းအကြည့်က တည်ငြိမ်နေ၏။သူက သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သာ မပိုင်ဆိုင်ထားပါက စောနက သူ့ထံသို့ တိုးဝင်လာသည့် ဖိနှိပ်မှုအော်ရာသည် သူ့ကို သတ်ပစ်နိုင်သည်ကို သိထားသည်။ထိုရတနာက ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုနှင့် မတူပေ။
ရှေးဟောင်းနတ်ဘုရား မီးပြင်းဖိုသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏အော်ရာ ပိုင်ဆိုင်ထားသော်လည်း ၎င်းရတနာက ဥာဏ်ရည်ကင်းမဲ့ကာ အရာ၀တ္ထု သပ်သပ်ဖြစ်သည်။တကယ်တော့ ရှေးဟောင်းနတ်ဘုရား မီးပြင်းဖိုသည် ထူစီကျေနပ်မှု မရှိ၍ ဖန်တီးပြီးသည်နှင့် ပစ်ထားခဲ့သည့် အရာ မဟုတ်လား။
ထူစီအဖို့ ၎င်းမီးပြင်းဖိုကို တစ်ကြိမ်မျှအသုံးမပြုခဲ့ဟုပင် ဆိုနိုင်သည်။သို့သော် ယခုဒိုင်းကတော့ ကွဲပြား၏။မူလပိုင်ရှင် ရှေးဟောင်းနတ်ဘုရားက သည်ဒိုင်းကို အကြိမ်များစွာ အသုံးပြုခဲ့ရမည်။မဟုတ်ပါက ၎င်းဒိုင်းသည် အသက်ဝင်သည့် အခါ၌ မူလသခင်၏ပုံရိပ်ယောင်ကို ယခုလို ဖန်တီးဖြစ်ပေါ်စေလာလိမ့်မည် မဟုတ်ပေ။
၎င်းဒိုင်းသည် အစစ်အမှန် နတ်ဘုရားသတ်ဖြတ်ခြင်းလှံလောက် ကောင်းမွန်ခြင်း မရှိသော်လည်း အနီးစပ်ဆုံးစွမ်းရည် ရှိ၏။ရှေးဟောင်းနတ်ဘုရားတစ်ပါးကသာ အနှီဒိုင်းကို အသုံးပြုနိုင်ပေမည်။
ရှေးဟောင်းနတ်ဘုရားတစ်ပါးမဟုတ်သည့်သူ တစ်ယောက်ယောက် ရရှိခဲ့ပါက ထိုသူတို့သည် ဒိုင်း၏စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုနိုင်စွမ်း ရှိပေလိမ့်မည်။
တကယ်တော့ သည်ဒိုင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးကိုသာ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခြင်းပင်။
ဝမ်လင်းသည် လေထဲ၌ရပ်နေရင်း တည်ငြိမ်စွာ ဆိုသည်။ ” အရှင်ချိုင့်လေ…ငါ့ကို အင်အားပြည့် တစ်ချက်တည်း တိုက်ခိုက်ပါ…”
အရှင်ချိုင့်လေက အနည်းငယ်စဉ်းစားသွားသည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရာ ခရမ်းရောငွအလင်းသည် သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းလာသည်။ ထိုအလင်းက ကျောက်ပြားအဖြစ်သို့ ပြောင်း၍ ကောင်းကင်ထက်သို့ တဝီဝီလှည့်လည်ရင်း ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။
ကျောက်ပြားပေါ်၌ မရေမတွက်နိုင်သော စာလုံးများ တဖျပ်ဖျပ် ဖြစ်နေကာ မွန်းစတားဆန်သော အော်ရာကို ဖန်တီး၍ ဝမ်လင်းပေါ်သို့ ရိုက်ချလာသည်။အက်ကွဲသံများ ထွက်ပေါ်လာ၏။ ဟင်းလင်ပြင်အက်ကြောင်းများပါ ချက်ခြင်းထွက်ပေါ်လာသည်။
သို့ရာတွင် ကျောက်ပြား ဝမ်လင်းပေါ်သို့ ကျရောက်လာချိန်၌ အဇူရာအလင်းသည် လင်းလက်လာကာ အံ့မခန်းနှုန်းဖြင့် ကျောက်ပြားကို ပိတ်ဆို့သည်။ကျောက်ပြားနှင့်ဒိုင်းတို့သည် ထိပ်တိုက်တွေ့ဆုံလေ၏။
ကျယ်လောင်စွာ ပေါက်ကွဲသွားကာ ကျောက်ပြားသည် ပျက်စီးသွားသည်။ထိုမျှသာဆိုပါက သိပ်မဆိုးသေးပေ။သို့သော် အရှင်ချိုင့်လေကို တုန်လှုပ်သွားစေသည်က ကျောက်ပြားပျက်စီးရာမှ ဖြစ်ပေါ်သည့် မူလစွမ်းအင်သည် ဒိုင်း၏စုပ်ယူခြင်း ခံလိုက်ရတာ ဖြစ်သည်။
ဒိုင်းက အတော်လေး တောက်ပလို့ သွား၏။
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့လက်ကိုဝေ့ရမ်းလိုက်ရာ ဒိုင်းသည် သူ့လက်ထဲသို့ ပျံသန်းလာတော့သည်။ ဝမ်လင်းက ဒိုင်းကိုသေချာကြည့်၍ ပြုံးနေ၏။
“ဒါက တော်ဝင်ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက် ရတနာတစ်ခု မဟုတ်ပေမယ့်လည်း သာမန်ရှေးဟောင်းနတ်ဘုရားတွေကြားမှာတော့ အထွတ်အထိပ် ရတနာတစ်ခုပဲ။ဒီဒိုင်းရဲ့ အမွေအနှစ်အရဆိုရင် ဒီဒိုင်းက လုံလောက်တဲ့ မူလစွမ်းအင် စုပ်ယူပြးတာနဲ့ ငါဟာ ဒိုင်းအတွင်းက အသက်ကယ်မန္တာန်ကို အသက်သွင်းနိုင်ပြီ…”
ထိုအချက်ကြောင့် ဝမ်လင်းသည် စိတ်မလှုပ်ရှားမိဘဲမနေနိုင် ဖြစ်ရသည်။
“ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရားရဲ့ မန္တာန်က အသက်ကယ်ရတနာ အဖြစ် ယူဆလို့ ရတယ်။ဒါက ဘယ်လောက်တောင် အားကောင်းနေလိမ့်မလဲ…”
ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ ဒိုင်းကိုကြည့်နေသည်။ သူ့မျက်လုံးက ဖျပ်ခနဲ လင်းလက်သွားပြီးနောက် နောက်တဖန် ပြန်ကျုံ့လာသည်။၎င်းက
ဝမ်လင်း၏ ညာမျက်လုံးထဲသို့ တိုက်ရိုက်ဝင်ရောက်သွားတော့သည်။
ခုလက်ရှိ၌ ဝမ်လင်း၏ဆံပင်ရှည်များက လွင့်ဝဲနေပြီး သူ့ညာမျက်လုံးက အလွန်ဆန်းကြယ်နေသည်။သူ့ညာမျက်လုံးက အပြာရောင်အတိ ပြီးနေသည်။
သည်အခိုက်အတန့်၌ ရေစိတ်ဝိညာဉ်ဂြိုဟ်နှင့် အဝေးတနေရာတွင် အလင်းတန်းတစ်ခုသည် ထျန်ယွမ်ဂြိုဟ်ထံသို့ နီးကပ်လာနေသည်။ ထိုအလင်းတန်းထဲရှိလူမှာစစ်ထူနန် ဖြစ်နေ၏။
သိပ်သည်းသော မူလစွမ်းအင်များက သူ့အား ခြုံလွှမ်းထားသည်။ သူ့မျက်မှာထက်၌ နတ်ဆိုးဆန်မှု အငွေ့အသက် ရှိနေ၏။
သူ့ဘေး၌လည်း အမျိုးသမီးတစ်ယောက် ရှိနေ၏။ထိုအမျိုးသမီးမှာ အတော်လှသည်။သူမက ပိုးသားဝတ်စုံကို ဝတ်ဆင်ထားကာ ပျံသန်းနေရင်း ထိုဝတ်စုံက ခန္ဓာကိုယ်နှင့် ကပ်နေသဖြင့် သူမ၏ကောက်ကြောင်းအလှကို ပေါ်လွင်စေနေတော့သည်။
“ဒီထျန်ယွမ်ဂြိုဟ်စုတ်…ရှာဖို့ ဘာဖြစ်လို့ ဒီလောက်ခက်နေရတာလဲ…။ဒီမှာသာ ညီမလှလှလေးနဲ့ မတွေ့ခဲ့ရင် ငါ ဘယ်တော့မှ ဒါကို ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး…”
စစ်ထူနန်က အမှန်ကို မသိဘဲ ရေရွတ်နေသကဲ့သို့ပင်။ထိုအဖြစ်က သူ့ဘေးရှိ အမျိုးသမီးကို တခစ်ခစ် ရယ်မောသွားစေသည်။
အမျိုးသမီး၏မျက်လုံးတို့က ဆွဲညှို့မှုတို့ ရှိနေသည်။သူမက စကားဆိုလာ၏။ “စီနီယာစစ်ထူက ဘာကြောင့် ထျန်ယွမ်ဂြိုဟ်ကို လာခဲ့ရတာလဲ…”
“ဟားဟား…ငါက ညီတစ်ယောက်ကို လာကြည့်တာ။ ငါတို့ တွေ့ခဲ့တဲ့ အချိန်က နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ခု သူ့ကျင့်ကြံမှုအဆင့်က ဘယ်လိုဖြစ်နေမလဲ ငါ သိချင်မိတယ်…”
စစ်ထူနန်သည် အတိတ်ကို ပြန်အောက်မေ့သွားသည်။သူက စိတ်ထဲကနေ သက်ပြင်းချမိ၏။
“ငါ ဝမ်လင်းနဲ့ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီကောင်လေး ခုချိန်မှာ ဘာများ လုပ်နေမလဲ…”
လှပဆွဲညှို့နိုင်စွမ်းပြင်းသည့် အမျိုးသမီးက ရယ်မော၍ ပြောလာသည်။ “အို…စီနီယာရဲ့ ညီနာမည်က…သူလား…။ ဒါဆို ဂျူနီယာ သူ့ကို သိလောက်တယ်…”
***