ထိုအမှတ်အသားမှာ တိမ်လွှာများကြား ခြေလှမ်းနေသည့် နဂါးတစ်ကောင်ပုံပင်။၎င်းနဂါးသည် အဇူရာနှင့် ပြီးနှင့်နေကာ အဇူရာနဂါးတစ်ကောင်ကဲ့သို့ ဆင်တူသည်။ထိုဒိုင်းငယ်ထံမှ ထွက်ပေါ်နေသည့် ရှေးဟောင်းနတ်ဘုရားအော်ရာကို ၎င်းအမှတ်အသားက ပိတ်ဆို့ထားခြင်းပင်။ထိုအမှတ်အသားသည် ဒိုင်းအတွင်းရှိအော်ရာကို ချိပ်ပိတ်ထားခြင်း ဖြစ်သည်။
ဝမ်လင်းသည် အချိန်ယူ၍ စဉ်းစားနေ၏။ ထို့နောက် သူ့လက်ကို ပင့်မြှောက်ကာ ၎င်းအမှတ်အသားပေါ်သို့ ဖိချသည်။
သူက ထိုအမှတ်အသားကို ထိမိသည်နှင့် ပြင်းထန်သောပြန်ကန်အားက ၎င်းထံမှ ပေါက်ကွဲထွက်လာ၏။ထိုအားက ဝမ်လင်း၏ လက်ကို နောက်လွင့်သွားစေသည်။
ဒိုင်းပေါ်ရှိအဇူရာအလင်းက တုန်ယင်နေ၏။နဂါးအမှတ်အသားက တောက်ပလာသည်။နဂါးအမှတ်အသားထံမှ အလင်းသည် အထွတ်အထိပ်သို့ ရောက်လာကာ အဇူရာနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲ၏။
ထိုအဇူရာနဂါး၏ခန္ဓာကိုယ်သည် ပေတစ်ရာရှည်လျားကာ နန်းတော်အတွင်းနေရာတစ်ဝက်ကျော်ကို သိမ်းပိုက်သွားသည်။နဂါးကြေးခွံများက အလွန်လှ၏။၎င်းက ပါးစပ်ဟ၍ ဟိန်းသံပြုကာ ဝမ်လင်းကို ဝါးမြိုရန် တာဆူလာ၏။
“ဒီသောက် တိရိစ္ဆာန်…” ဝမ်လင်း၏မျက်လုံးတို့က အေးစက်လာသည်။သူ့ညာလက်ကို ဆန့်ထုတ်၏။မုန်တိုင်းတစ်ခု ထိုးထွက်ကာ နဂါးထံသို့ ရိုက်ခတ်သည်။သူက အဇူရာနဂါးကို ဆုပ်ကိုင်ကာ ခြေမွပစ်ရန် ပြင်သည်။
သို့ရာတွင် ချက်ခြင်းပင် အဇူရာနဂါး၏မျက်လုံးက အလွန်တောက်ပလာ၏။၎င်း၏ခန္ဓာကိုယ်သည်လည်း တောက်ပလာကာ အဇူရာအလင်းတစ်ခုကို ထပ်၍ ထုတ်လွှတ်ကာ အဇူရာနဂါးငယ်တစ်ကောင်အဖြစ်သို့ ဖြစ်တည်၍ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာလေသည်။
ဝမ်လင်းသည် နှာခေါင်းရှုံ့၏။သူ့ထံ၌ အားအကောင်းဆုံးစွမ်းအားသည် သူ့မျက်ခုံးနှစ်ခုကြား၌ ရှိသည်။သူ့တတိယမျက်လုံးကိုသာ ဖွင့်လိုက်ပါက ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ပင် မယှဉ်သာပေ။ ထို့အပြင် သူ့ထံ၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့လည်း ပိုင်ဆိုင်ထားသေးသည်။
“မင်း သေချင်နေတာပဲ…” သူ့မျက်ခုံးနှစ်ခုကြားမှ အဟကြောင်းတစ်ခု ပွင်ဟလာကာ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။၎င်းအဟက တွင်းနက်တစ်ခုအား ဆင်တူကာ ပြင်းထန်သောစုပ်အား ပါဝင်နေ၏။
အဇူရာနဂါး၏မျက်လုံးသည် တုန်လှုပ်မှုနှင့်ပြည့်နှက်နေ၏။၎င်းက နောက်သို့ ပြန်ဆုတ်လိုက်၏။သို့ရာတွင် ၎င်းက ဝမ်လင်းနှင့် နီးကပ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ၎င်းသည် အဟကြောင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
နဂါးဟိန်းအော်သံများက သည်နန်းတော်အတွင်း၌ပင် ကျန်နေခဲ့ရသည်။
ဝမ်လင်းလက်ထဲရှိ အဇူရာနဂါးကမူ ချက်ခြင်း အားနည်းသွားကာ အလင်းမှိန်ဖျော့သွားသည်။ထို့နောက် ဝမ်လင်းက ညှစ်ချေလိုက်ရာ နဂါးသည် တစစီဖြစ်သွားစေသည်။ထိုအဇူရာအလင်းပျောက်ကွယ်သွားချိန်၌ ဝမ်လင်းလက်ထဲ၌ လက်သည်းခွံအရွယ်အစိတ်အပိုင်းတစ်ခု ပေါ်လာသည်။
ထိုအစိတ်အပိုင်းပေါ်၌ အဇူရာနဂါးပုံ ထွင်းထား၏။၎င်းအဇူရာနဂါးသည် အသက်ဝင်လွန်းလှသည်။
ဝမ်လင်းက ၎င်းအစိတ်အပိုင်းကို ကိုင်ထားရင်း သေချာကြည့်ရှုနေ၏။သူက သူ့မျက်ခုံးနှစ်ခုကြားရှိ ဟင်္သာငှက်အမှတ်အသားသည်လည်း ၎င်းအစိတ်အပိုင်းနှင့် တူညီသောအော်ရာတစ်ခု ရှိသည်ဟု ခံစားမိသည်။
“နတ်လေးပါးကလန်မှာ ဟင်္သာငှက်၊လိပ်နက်၊အဇူရာနဂါးနဲ့ အဖြူရောင်ကျား ဆိုပြီး ရှိကြတယ်။ ဒီအစိတ်အပိုင်းက အဇူရာနဂါးနတ်ကလန်က ပိုင်ဆိုင်တာများ ဖြစ်နေမလား…”
အဇူရာနဂါးအမှတ်အသား ချိပ်ပိတ်ခြင်း မရှိတော့သည့်အတွက် ဒိုင်းထံ၌ ရှေးဟောင်းနတ်ဘုရားအော်ရာ ပြည့်နှက်လာသည်။သို့သော် ၎င်းက သိပ်မသိသာသေးပေ။ဝမ်လင်းက ၎င်းဒိုင်းကို သေချာကြည့်နေရင်း မျက်မှောင်ကြုတ်၏။ထို့နောက် သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
အဇူရာနဂါးကို ဖယ်ရှာပြီး ဖြစ်သော်လည်း အဇူရာဝဲကတော့တစ်ခုသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေတုန်းပင်။အရင်တုန်းက အဇူရာနဂါးအမှတ်အသားက ၎င်းဝဲကတော့အတွင်း၌ ကွယ်ဝှက်နေခြင်း ဖြစ်သည်။သို့သော် အခု ထိုအမှတ်အသား မရှိတော့သည့်အတွက် ဝဲကတော့သည် ထွက်ပေါ်လာလေပြီ။
ထိုဝဲကတော့က အလွန်အားကောင်းလှခြင်း မရှိပါ။ သို့သော် ဝမ်လင်းက ၎င်းဝဲကတော့ကို သေချာစမ်းစစ်ကြည့်ပြီးနောက် သူက အတွင်းရှိ မူလစွမ်းအင်အမျှင်တန်းများကို ခပ်ရေးရေးခံစားမိသည်။ထိုမူလစွမ်းအင်၌ မည်သည့်တိုက်ခိုက်မှုစွမ်းရည်မှ မရှိဘဲ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုမျှသာ ဖြစ်နေသည်။
ဤနတ်ဘုရားအာရုံသည် ရှေးဟောင်းနတ်ဘုရားအော်ရာနှင့် ရောယှက်နေသည်။၎င်းနှစ်ခုက တစ်ခုနှင့်တစ်ခု လုံးဝ ပေါင်းစပ်နေသည်ဟုပင် ဆိုနိုင်သည်။ထို့အတွက်ကြောင့် လူတစ်ယောက်သည် ရှေးဟောင်းနတ်ဘုရားစွမ်းအား မရှိပါက ၎င်းနတ်ဘုရားအာရုံကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်တော့ပါ။
တတိယအဆင့်ကျင့်ကြံသူများကမူ ထိုသို့ ဖယ်ရှားနိုင်လားကိုမူ ဝမ်လင်း မသိပေ။ သို့ရာတွင် သူက အရှင်ချိုင့်လေ မလုပ်နိုင်သည်ကိုမူ သိ၏။ ထို့အတွက်ကြောင့်လည်း ထိုနတ်ဘုရားအာရုံသည် ယနေ့အထိ ရှိနေခြင်း ဖြစ်သည်။
“ဒီဒိုင်းထဲမှာ နတ်ဘုရားအာရုံတစ်ခု ချန်ထားတာ…ဒါက တော်တော်လေး ထူးဆန်းနေတဲ့ တစ်ခုပဲ…” ဝမ်လင်းသည် စဉ်းစားနေ၏။သူက ထိုနတ်ဘုရားအာရုံကိ မဖယ်ရှားပါက ရှေးဟောင်းနတ်ဘုရားအော်ရာကို ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။ထို့အတွက်ကြောင့် သည်ဒိုင်း၏စွမ်းအားကိုလည်း အပြည့်ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။
အနည်းငယ်စဉ်းစားနေပြီးနောက် ဝမ်လင်းမျက်လုံးထဲ၌ ပြတ်သားမှုတို့ ရှိလာ၏။တွေဝေမနေတော့ဘဲ သူက သူ့ညာလက်ညှိုးကို မြှောက်ကာ အသက်ဝဝရှိုက်သွင်းသည်။သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် လှည့်လည်လာကာ ရှေးဟောင်းနတ်ဘုရားစွမ်းအားက သူ့လက်ချောင်း၌ လာရောက်စုဝေးလေသည်။ဝမ်လင်းက သူ့လက်ချောင်းကို ဖျပ်ခနဲ ဖိချ၏။
သူ့လက်ချောင်းက ဒိုင်းဘေးတစ်ဖက်ပေါ်ရှိ ဝဲကတော့ငယ်ပေါ်သို့ တိုက်ရိုက် ဦးတည်လာ၏။
ဝမ်လင်း၏လက်ချောင်းမှ ထွက်ပေါ်လာသည့် ရှေးဟောင်းနတ်ဘုရားစွမ်းအားက ၎င်းဝဲကတော့နှင့် ထိပ်တိုက်တွေ့သည်။
ဤအခိုက်၌ ဝဲကတော့ထံမှ ထွက်ပေါ်လာနေသည့် ရှေးဟောင်းနတ်ဘုရားအော်ရာသည် တုန်ယင်လာကာ ဝမ်လင်း၏လက်ချောင်းထံသို့ မြန်ဆန်စွာ စုစည်းလာသည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားအော်ရာက အပြင်းအထန် ပြောင်းလဲ၏။ ၎င်းထံမှ နတ်ဘုရားအာရုံသည် ပြန်ခွဲထွက်လာသည်။ဤအခိုက်၌ ဝမ်လင်း၏စိတ်ထဲတွင် ကြီးကြယ်သောအသံတစ်ခု ပဲ့တင်ထပ်လာခဲ့တော့သည်။
“ဒီအဘိုးအိုက အဇူရာနဂါးတော်ဝင်အင်ပါယာပဲ။ငါက မိုးကောင်းကင်ဘုံနယ်မြေမှာ ပိတ်လှောင်ခံထားခဲ့ရတယ်။ ငါ့ကို ကယ်တင်တဲ့လူဟာ အဇူရာနဂါးတသီတသန်းရဲ့ ဦးစားပေးဖြစ်လာလိမ့်မယ်။နတ်လေးပါးကလန်ကလည်း သင့်အတွက် တစ်စုံတစ်ခ ပြန်လုပ်ပေးမယ်။ ဒီအဘိုးအိုရဲ့အော်ရာက အားနည်းနေပြီ ဖြစ်တဲ့အတွက် အချိန်အကြာကြီး တောင့်မခံနိုင်တော့မှာ စိုးမိတယ်။ ဒီသတင်းစကားကို လက်ခံတဲ့လူက ငါ့ကို အမြန်လာကယ်ပေးဖို့ မျှော်လင့်ပါတယ်…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူက အများကြီးမတွေးနိုင်ခင်မှာပင် အဇူရာဝဲကတော့ငယ်သည် ပျောက်ကွယ်သွားသည်။ထိုအခါ ရှေးဟောင်းနတ်ဘုရားအော်ရာသည် အရူးအမူး ပေါက်ကွဲထွက်လာတော့သည်။
ဤဒိုင်းအတွင်း၌ ရှေးဟောင်းနတ်ဘုရားအော်ရာ ချိပ်ပိတ်ခံထားရသည်မှာ အချိန်မည်မျှ ကြာမှန်းပင် မသိနိုင်တော့ပေ။ ခုချိန်၌ ချိပ်ပိတ်မှု ကျိုးပျက်သွားသည့်အခါ ၎င်းအော်ရာသည် မုန်တိုင်းတစ်ခုအလား ထိုးထွက်လာသည်။ဝမ်လင်း၏အသွင်က ပြောင်းလဲသွား၏။သူက အဇူရာဒိုင်းကို ဆွဲယူကာ နန်းတော်ထဲကနေ လှမ်းထွက်လာ၏။သူက ကြယ်များအောက်၌ မားမားရပ်နေသည်။
သူ ထွက်လာသည်နှင့် ဒိုင်းအတွင်းရှိ ရှေးဟောင်းနတ်ဘုရားအော်ရာသည် လုံးဝ ပေါက်ကွဲထွက်လာခဲ့လေသည်။ထိုအော်ရာသည် အလွန်အားကောင်းလှရာ ဝမ်လင်းပင် မတုန်ယင်မိဘဲ မနေနိုင် ဖြစ်ရသည်။
အဆုံးမဲ့ရှေးဟောင်းနတ်ဘုရားအော်ရာ ပေါက်ကွဲထွက်လာကာ ဧရာမရှေးဟောင်းနတ်ဘုရားပုံရိပ်ယောင်ကြီးတစ်ခုသည် လောက၌ ဖြစ်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီးက အလွန်ဝေဝါးကာ ၎င်း၏ကြယ်များက မြန်ဆန်စွာ လှည့်လည်နေသည်။ထိုရှေးဟောင်းနတ်ဘုရားပုံရိပ်၌ ကြယ်မည်မျှရှိသည်ကိုပင် ယခုအခိုက်၌ သိရှိရန် မဖြစ်နိုင်ပေ။
ဤအခိုက်၌ ဒိုင်းသည် မူလအရွယ်အစားကနေ ပေဒါဇင်ချီ၍ ချက်ခြင်းလိုလို ကြီးမားလာခဲ့သည်။
၎င်းဒိုင်း ကြီးမားလာရင်း အားကောင်းသောအော်ရာတစ်ခု ပျံ့လွင့်သည်။ဒိုင်းသည် ပေတစ်ထောင်အထိ ကြီးမားလာသည်။ထို့နောက် အံ့မခန်းဖိအားသည် လောကသို့ သက်ဆင်းချေ၏။
အကွာအဝေးတစ်ခုရှိ ချန်ညီကိုသုံးယောက်သည် ထိုအဖြစ်ကို သတိပြုမိကြသည်။ သူတို့က ၎င်းအဖြစ်သနစ်ကို ကြည့်နေရင်း တုန်လှုပ်မိနေကြသည်။ ဝမ်လင်းသည် သူတို့အမြင်၌ အနှိုင်းမဲ့ ဖြစ်နေချေတော့သည်။
“ဒါက ဘယ်လို ရတနာမျိုးလဲ…”
“ဒီရတနာက ဒိုင်းတစ်ခုပဲ။ ဒါက အကာအကွယ် ရတနာလို့ ယူဆနိုင်တယ်။ဒါပေမဲ့လည်း ဒီရတနာက ကြီးမားလွန်းလှတယ်။ငါတော့ ဒီလိုရတနာမျိုး တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးဘူး…”
“ရောင်းရင်းကျင့်ကြံသူဝမ်က ဒီရတနာဒိုင်းကို ရရှိခဲ့ပြီး ဒါကို မွန်းမံသန့်စင်နေတာနေမယ်…”
ချန်ညီကိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေရင်း အမှန်တရားအချို့ကို ခန့်မှန်းလိုက်နိုင်သည်။
ပိုဝေးသောနေရာရှိ ဂြိုဟ်ပေါ်မှ ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းကနေ နိုးထထာကြသည်။သူတို့၏ကျင့်ကြံမှုအဆင့်များသည် လုံလောက်အောင် မြင့်မားကြခြင်း မရှိပါ။ထို့ကြောင့် သူတို့က မျှော်စင်လောက်ဖိအားကို ခံစားနေရသည်။သူတို့က မလှုပ်ဝံ့ပေ။သူတို့ လှုပ်သည်နှင့် ကောင်းကင်သည် သူတို့အပေါ်သို့ ပြိုကျလာမလား စိုးရွှံ့နေကြသည်။
လင်းအာသည် သူမရှေ့ရှိ ခေါင်းလောင်းများကို ကြည့်နေရင်း ကျင့်ကြံနေသည်။ သူမက ပို၍ ကြည်မိလေလေ ထိုခေါင်းလောင်းများကို သဘောကျမိနေလေသည်။ ဤအခိုက်အတန့်၌ ပြင်းထန်သောဖိအားတစ်ခုက သူမပေါ်သို့ သက်ဆင်းလာ၏။ထို့နောက် သူမရင်ဘက်မှ အပြာရောင်အလင်းတစ်ခု တောက်ပလာကာ ထိုဖိအားကို ခုခံပေးသည်။
ထိုအပြာရောင်အလင်းဖြင့်ပင် လင်းအာက မသက်မသာ ခံစားနေရသည်။သူမက အားတင်းထ၍ အပြင်ဘက်သို့ လှမ်းထွက်လာသည်။သူမက အပြင်ဘက်ရှိ အဖြစ်သနစ်ကို တွေ့မြင်သည့်အခါ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသလို သူမ၏မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန်တို့ ပြည့်နှက်သွားသည်။
မိုးကုပ်စက်ဝန်းအစွန်း၌ ဧရာမပုံရိပ်ကြီးသည် တင်ပလွေခွေထိုင်နေ၏။ ထိုပုံရိပ်ကြီးသာ မတ်တပ်ရပ်လာပါက ၎င်း၏ ခြေတစ်ပေါက်စာဖြင့်ပင် ဂြိုဟ်တစ်လုံးကို ဖျက်စီးပစ်နိုင်လောက်ပေမည်။
ခေါင်းကြီးကောင်လေးနှင့် ကျန်သည့်သူများက ပျံသန်းထွက်လာသည်။ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မင်သက်သွားကြ၏။လိုင်ဂျီ၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူသည် ဒိုင်းနောက်ရှိ ပုံရိပ်ယောင်ကြီးကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ ကြည်ညိုခြင်းတို့ ပြည့်နှက်နေတော့သည်။ သူက ဘီလူးနတ်ဆိုးကလန်ဂြိုဟ်ပေါ်ရှိ တော်ဝင်အထွတ်အမြတ်နေရာတွင် ရှိသော ကလန်၏ မြင့်မြတ်အရာဝတ္ထုအကြောင်း ပြန်မှတ်မိသည်။ထိုမြင့်မြတ်အရာဝတ္ထုသည် ယခု ဧရာမပုံရိပ်ကြီးကဲ့သို့ပင်။
အရှင်ချိုင့်လေက သာမန်မဟုတ်သည်ကို သတိပြုမိသည်။ဤအခိုက်အတန့်၌ သူက လေထဲသို့ ခုန်တက်သည်။သူက ဝမ်လင်းဘေးနားရှိ ဒိုင်းကြီးကို ကြည့်နေရင်း စိတ်ရှုပ်ထွေးမိနေသည်။သူက ထိုဒိုင်းကို သူသတ်ခဲ့သော ရန်သူ့လက်ထဲကနေ ရရှိခဲ့ခြင်းပင်။၎င်းဒိုင်းကို ကြည့်မိသည့်အခါ သူက တုန်လှုပ်ရကာ ယင်းဒိုင်းသည် နတ်လေးပါးကလန်နှင့် ချိတ်ဆက်မှုရှိကြောင်းကိုလည်း ခပ်ရေးရေး ခံစားမိသည်။
သူက ၎င်းဒိုင်းကို အလွယ်တကူ အသုံးမပြုခဲ့ပေ။ သေရေးရှင်ရေး အခိုက်မှသာ ၎င်းဒိုင်းကို ထုတ်ယူ၏။သူက အဇူရာအမှတ်အသားကို ချိုးဖျက်နိုင်၏။သို့သော် သူ့ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းအမှတ်အသားအောက်ရှိ အဇူရာဝဲကတော့ကိုလည်း တွေ့မြင်ခဲ့သည်။မည်သို့ပင်ဖြစ်စေ သူက ထိုဝဲကတော့ကို ချိုးဖျက်နိုင်စွမ်း မရှိခဲ့ပေ။ထို့ကြောင့် သူက ၎င်းရတနာကို ရရှိခဲ့သည့်အတိုင်း အခုထိ ရှိနေစေခဲ့ခြင်းပင်။
သည်အခိုက်အတန့်၌ သူက ဝမ်လင်းသည် ယခုလို အချိန်တိုအတွင်း ထိုဝဲကတော့ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ခြင်းကို မမျှော်လင့်ထားပေ။ ထို့အချက်ကြောင့် သူက ခုချိန်၌ ဝမ်လင်းကို မသိလိုက်မသိဘာသာဖြင့် ပို၍ ကြောက်လန့်မိလာရသည်။
“ဒီဝမ်လင်းက မရိုးရှင်းဘူး…။ ငါ သူ့နောက်ကို လိုက်ရတာလည်း ငါ့ သိက္ခာတော့ ကျလိမ့်မှာ မဟုတ်တော့ဘူး…” အရှင်ချိုင့်လေက သက်ပြင်းချမိ၏။
ဝမ်လင်း၏အသွင်က ထိုချဲ့ကားလာသည့် ဒိုင်းကိုကြည့်ကာ အလေးအနက် ဖြစ်နေသည်။ ထိုဒိုင်းက အခုဆို ပေသုံးထောင်လောက်အထိ ချဲ့ကား ကြီးမားလာခဲ့ပြီ ဖြစ်သည်။
ထိုဒိုင်းကို အနီးကပ်ကြည့်ပါက နံရံကြီးတစ်ခုနှင့်ပင် တူနေပေဦးမည်။မည်သူကမျှ ထိုဒိုင်း၏စွမ်းအားကို လျော့တွက်မိလိမ့်မည် မဟုတ်ပေ။
ဤအရာက ရှေးဟောင်းနတ်ဘုရားများ၏ ရတနာတစ် မဟုတ်လား။
ဒိုင်းနောက်ရှိ ရှေးဟောင်းနတ်ဘုရားပုံယောင်ကြီးသည်လည်း ကြီးမားလာနေသည်။အဆုံးသပ်၌ ၎င်းက ဂြိုဟ်ပေါ်ရှိ လူတိုင်းမြင်ရနိုင်လောက်သည့်အထိ ရှည်လျားမြင့်မားလာခဲ့၏။
ဒိုင်းသည် ချဲ့ကားနေရာကနေ တန့်သွားသည်။ရှေးဟောင်းနတ်ဘုရားက ၎င်း၏ခေါင်းကို ငုံ့၏။
၎င်း၏မျက်ခုံးနှစ်ခုကြားရှိ လှည့်ပတ်နေသော ကြယ်များသည် တဖြည်းဖြည်း အရှိန်လျော့လာရင်း အဆုံးသပ်၌ တန့်သွားတော့သည်။
၎င်းကြယ်များ လှည့်ပတ်နေရာကနေ ရပ်တန့်သွားသည့်အခိုက်တွင် ဝမ်လင်း၏ မျက်လုံးသည် အလွန်တောက်ပလာတော့သည်။ သူ့ထံကနေ တုန်လှုပ်မှု၊အံ့အားသင့် ကျေနပ်မှုတို့ ဖြစ်ပေါ်နေတော့၏။
“ဒါ…ဒါက…”
***