ဝမ်လင်းသည် အနည်းငယ် တုံ့ဆိုင်းနေသည်။ထို့နောက် သူက ချန်ညီကိုသုံးယောက်နောက်ရှိ ဂြိုဟ်ကို ကြည့်သည်။ ၎င်းဂြိုဟ်ထံမှ ထွက်ပေါ်နေသည့် စိတ်ဝိညာဉ်စွမ်းအင်သည် အတော်လေး အားကောင်းလှကာ အကြည့်တစ်ချက်ဖြင့်ပင် ယင်းဂြိုဟ်သည် မည်မျှလှပကြောင်း သိနိုင်သည်။
အရှင်ရီချန်သည် ဝမ်လင်း တုံ့ဆိုင်းနေသည်ကို တွေ့သည့်အခါ သူက ခပ်သွက်သွက် ဆိုလာသည်။ “အစ်ကိုဝမ်….ငါတို့ရေစိတ်ဝိညာဉ်ဂြိုဟ်အပြင် ဒီကီလိုမီတာသောင်းချီ အကွာအကွာမှာ တခြား ဘယ်ကျင့်ကြံခြင်းဂြိုဟ်မှ မရှိပါဘူး။ ဒီဂြိုဟ်ကလည်း အတော်လေး ကြီးမားကျယ်ပြန့်တဲ့အတွက်ကြောင့် ငါတို့က အစ်ကိုဝမ်ရဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက် မဖြစ်စေနိုင်ပါဘူး…”
အရှင်ရီရှင်းနှင့်အရှိရီလုံတို့သည်လည်း အရှင်ရီချန်၏ စိတ်ထဲရှိ အတွေးကို သိနေကြသည့်အတွက် ဝမ်လင်းကို အလျင်အမြန်ပင် ဖိတ်ခေါ်ကြတော့သည်။
ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။သူက သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောသည်။ “ဒီလိုဆိုမှတော့…ငါက သင်တို့ သုံးယောက်ကို အားမနာနေတော့ဘူး…”
အရှင်ရီချန်က ရယ်မော၍ ဆိုသည်။ “ပြဿနာမရှိပါဘူး။ အစ်ကိုဝမ်က ငါတို့ဂြိုဟ်ကိုလာတာ ဂုဏ်ယူစရာပါပဲ။ ဒီလမ်းပါ…” အရှင်ရီချန်က ထိုသို့ ပြောပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ထို့နောက် သူက ရေစိတ်ဝိညာဉ်ဂြိုဟ်ရှိရာသို့ လမ်းပြခေါ်ဆောင်သွားသည်။
ရွှေ့လျားနေရင်း လိုင်ဂျီ၏ခန္ဓာကိုယ်ကြီးသည် သေးငယ်သထက် သေးငယ်လာပြီး ဝမ်လင်းနှင့်ခေါင်းကြီးကောင်လေးတို့ နှစ်ယောက်နောက်၌ လူကောင်ကြီးကြီးတစ်ယောက် အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။လမ်းတစ်လျှောက်၌ အရှင်ချိုင့်လေကမူ စကားတစ်ခွန်းမှ မဆိုဝံ့ချေ။
လမ်းတစ်လျှောက်၌ ချန်ညီကိုသုံးယောက်က ဝမ်လမ်းနှင့် ဟိုဟိုဒီဒီ စကားစမြည် ပြောလာကြသည်။ ချန်ညီကိုများသည် တစ္ဆေမျက်လုံးမြို့အပြင်ဘက်ရှိ အဖြစ်အပျက်ကို ယောင်လိုပင် မမေးပေ။
သူတို့အားလုံးက စွမ်းအားကောင်းသည့်ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် ဂြိုဟ်အနားသို့ ရောက်လာရန် အချိန်သိပ်မကြာလိုက်ပေ။ သူတို့က ဂြိုဟ်လေထုထဲသို့ ဝင်ရောက်လာကြသည်။
သိပ်မကြာခင်တွင် လူတိုင်းက လေထုကို ဖြတ်သန်းလာကြ၏။ ဝမ်လင်းက ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်သို့ ဆင်းသက်လာသည်။
သူတို့က လေထုထဲ၌ တည်ရှိချိန်၌ သိပ်သည်းသောစိတ်ဝိညာဉ်စွမ်းအင်ကို ခံစားမိကြ၏။ဝမ်လင်းက အသက်ဝဝရှိုက်သွင်းသည်။သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ဖြစ်ပေါ်သွားသည်။ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ချန်ညီကိုသုံးယောက်သည် ကြိတ်၍ ဂုဏ်ယူမိကြ၏။ သည်ဂြိုဟ်က ကီလိုမီတာသောင်းချီအတွင်း အကောင်းဆုံးဂြိုလ်ပင်။ ထိုသို့သာမဟုတ်ပါက သူတို့အဖို့ သည်ဂြိုဟ်ကို သိမ်းပိုက်ရန် အကြောင်းရှိလာခဲ့လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ရယ်မော၏။ “ဂြိုဟ် ကောင်းပဲ…”
အရှင်ရီချန်က ရယ်မော၍ ပြောသည်။ “အစ်ကိုဝမ်သာ ဒီနေရာကို သဘောကျရင် အချိန်အကြာကြီး နေနိုင်ပါတယ်။ ဒီအဘိုးအိုက သင့်ကို ကြိုဆိုလျက်ပါ…”
သူတို့စကားပြောဆိုနေကြရင်း ကြိုးကြာငှက်များသည် တိမ်များကို ဖြတ်သန်း၍ ပျံသန်းလာကြ၏။၎င်းငှက်များ၏ လှုပ်ရှားမှုက အတော်လေး လှပသည်။ထိုကြိုးကြာငှက်များထဲမှ တစ်ကောင်ပေါ်၌ အပြာရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက် ရှိနေသည်။သူမက အလွန်လှရက်သည်။
“စီနိယာအစ်မ…သင် မြေအောက်စိမ့်စမ်းချောင်းတစ်ခုကို တွေ့ခဲ့တယ်လို့ ပြောခဲ့တယ်နော်…။အဲ့တာ ဘယ်နေရာမှာလည်း…”
အပြာရောင်ဝတ်စုံမိန်းကလေး၏ ဘေးနားတွင် ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက် ရှိသည်။သူမက အသက်အရွယ်တစ်ခုသို့ ရောက်နေလေပြီ။ သို့သော် သူမ၏အလှကတော့ မင်သက်လို့ ရသေးသည်။
သူမက ပြုံး၍ နူးညံ့စွာ ပြောသည်။ “ညီမလေး…စိတ်မပူပါနဲ့…ငါတို့ သိပ်မဝေးတော့ပါဘူး…”
ထိုအခိုက်မှာပင် သူမက ချန်ညီကိုသုံးယောက်နှင့်ဝမ်လင်းတို့ကို လှမ်းမြင်သွားသည်။
သူမ၏လှပသောမျက်လုံးတို့ဖြင့် လှမ်းကြည့်ကာ မတ်တပ်ရပ်၍ လေးစားစွာ ပြောသည်။ “တပည့် ကျောက်ရွှဲ့က ဆရာနဲ့ဆရာဦးလေးတို့ကို နှုတ်ဆက်ပါတယ်…”
ချန်ညီကိုများထဲမှ ဒုတိယအစ်ကိုဖြစ်သူ အရှင်ရီလုံက ပြုံး၍ ဝမ်လင်းကို ကြည့်သည်။ “အစ်ကိုဝမ်…သူမက ငါ့တပည့် ကျောက်ရွှဲ့ပါ…” သူက ထိုသို့ပြောပြီးနောက် ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ လှည့်၍ ပြောသည်။ “ကျောက်ရွှဲ့…စီနီယာဝမ်ကို ဘာကြောင့် မနှုတ်ဆက်ရသေးတာလဲ…”
ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ လှပသည့်အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ထို့နောက် သူမက လေးစားစွာ နှုတ်ဆက်သည်။ “စီနီယာ့ကို နှုတ်ဆက်ပါတယ်…”
ကြိုးကြာပေါ်ရှိ မိန်းကလေးကလည်း ဝမ်လင်းနှင့်အခြားလူများကို တွေ့မြင်ခဲ့ပြီးပင်။သူမက ပြုံး၍ ဆိုသည်။ “စီနီယာဝမ်က လင်းအာကို မှတ်မိပါသေးရဲ့လား…”
သူ့အသံက အလွန်မိန်းမဆန်ကာ ရေစိတ်ဝိညာဉ်ရင်းမြစ်နှင့်မိန်းမ တစ်ယောက်၏ သဘာဝညှို့ဓာတ် ပါဝင်နေသည်။သူမအသံက ဝမ်လင်းကိုပင် ပြုံးစေ၏။သူက ခေါင်းညိတ်ပြသည်။ “ဒါပေါ့…ငါ မှတ်မိပါတယ်…။ငါ့ မြက်ဦးထုပ်နဲ့ခေါင်းလောင်းတွေတောင် နင့်ကို လက်ဆောင်ပေးခဲ့သေးတယ် မဟုတ်လား…
မိန်းကလေးက ပြုံး၍ စကားပြောဟန် ပြင်သည်။သို့သော် သူမက ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွား၏။သူမ၏မျက်နှာက နီရဲသွားသည်။သူမ၏ အကြည့်က ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။
ခရမ်းရောင်ဝတ်စုံနှင့်ကျောက်ရွှဲ့၏ မျက်လုံးထဲ၌ အံ့အားသင့်မှုတို့ ဖြစ်ပေါ်သွားသည်။သူမသည် သူမ၏ဒီဂျူနီယာညီမအကြောင်း ကောင်းကောင်းသိထားပေသည်။ထိုမိန်းကလေးက လွန်ခဲ့သော ရက်အချို့က ပြန်ရောက်လာပြီးကတည်းက မည်သို့ဖြစ်ပျက်ကြုံခဲ့ရသည့်အကြောင်းကို ပြန်ပြောတာ မရပ်တော့ပေ။တစ်ချိန်လုံး ဝမ် စီနီယာဟု စကားကို ဆိုနေသည်။သူမက ထိုစီနီယာဝမ်နာမည် အကြောင်း ထုတ်ပြောချိန်တိုင်း အတော်လေး စိတ်လှုပ်ရှားနေပုံလည်း ပေါ်သည်။
သူမသည ထိုခေါင်းလောင်းများကို အမှန်ပင် နှစ်သက်သည်။ထို့ကြောင့် သူမက ၎င်းတို့ကို သူမ၏လက်ကောက်ဝတ်၌ အမြဲ ချိတ်ဆွဲထားသည်။ လွန်ခဲ့သော ရက်အချို့က သူမသည် စီနီယာဝမ်အကြောင်းသာ အများဆုံး ပြောသည်။ကျောက်ရွှဲ့ပင် မစပ်စုချင်မိဘဲ မနေနိုင် ဖြစ်ရသည့်အထိပင်။
အရှင်ရီချန်က ပြုံး၍ ထိုမြင်ကွင်းကို ကြည့်နေသည်။သူက ဝမ်လင်းကို ကြည့်နေရင်း သူ့စိတ်ထဲ၌ အတွေးတစ်ခု ရလာ၏။ သူက ပြုံးသည်။ “လင်းအာ…စီနီယာဝမ်က ဒီမှာ ခဏနေမှာ။ သူ့ကို မနှောက်ယှက်နဲ့နော်…” ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို လမ်းပြ၍ ဦးဆောင်ခေါ်သွားတော့သည်။
ဝမ်လင်းက လင်းအာကို ခေါင်းညိတ်ပြသည်။သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသည်။ခေါင်းကြီးနှင့်ထာရှန်တို့က သူ့နောက်ကနေ လိုက်ပါလာ၏။အရှင်ချိုင့်လေက ထိုအမျိုးသမီးနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချ၏။ထို့နောက် သူလည်း ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။
လင်းအားက လျှာကို ခပ်တင်းတင်းကိုက် ထားသည်။သူမမျက်နှာပေါ်ရှိ နီမြန်းမှုက အခုထိ မပျောက်ပျက်သွားသေးပေ။သူမက ကျောက်ရွှဲ့နှင့် နောက်တစ်ဖန် ပျော်ရွှင်စွ စကားစမြည် ပြောနေတော့၏။ သည်လိုဖြင့် ကြိုးကြာငှက်များသည် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားကြတော့သည်။
အရှင်ရီချန်က ဂြိုဟ်၏အရှေ့ပိုင် ရိုးရှင်းကြည်ပျော်သောနေရာတစ်ခုကို စီစဉ်ထား၏။ထိုနေရာက ရှေးကျကာ ကောင်းကင်ဘုံအော်ရာလည်း ရှိနေသည်။ သည်တောင်တန်းများအတွင်းရှိ နန်းတော်များသည် အကွာအဝေးတစ်ခုမှ ကြည့်ပါက ကောင်းကင်ဘုံနယ်မြေတစ်ခုကဲ့သို့ပင် ထင်မြင်ပေမည်။
ဝမ်လင်းကို သည်နေရာသို့ ပို့ဆောင်ပြီးနောက် ချန်ညီကိုသုံးယောက်တို့က ပြန်ထွက်လာခဲ့ကြ၏။သူတို့က နောက်နေ့မနက်ဖြန်မှ လာလည်ကြမည်ဟု သဘောတူကြသည်။
ချန်ညီကိုသုံးယောက် ပြန်ထွက်သွားသည့်နောက် ဝမ်လင်းက သူ့ရှေ့ရှိ တောင်တန်းများကြားမှ နန်းတော်များကို ကြည့်သည်။တောင်ထိပ်တိုင်း၌ နန်းတော်တစ်ခုစီ နီးပါး ရှိလို့နေ၏ အနည်းဆုံးဤနေရာ၌ နန်းတော်ဆယ်ခုထက်မနည်း ရှိပေမည်။ ထိုအဖြစ်က ခမ်းနားထည်ဝါသည်။
“ငါ ရက်အတော်အတန်ကြာ တံခါးပိတ်ကျင့်ကြံမယ်။ထာရှန် ငါ့ကို စောင့်ကြပ်နေပါ။ ကျန်တဲ့လူတွေကတော့ ကိုယ်နေမယ့်နေရာ ကိုယ့်ဘာသာ ရွေးချယ်နိုင်တယ်။ဒါပေမဲ့ ငါနဲ့ ကီလိုမီတာငါးဆယ်အကွာထက် ပို မသွားရဘူး…” ဝမ်လင်းအသွင်က တည်ငြိမ်သည်။သူက အမိန့်တစ်ခုပေးပြီးနောက် နန်းတော်တစ်ခုထံသို့ ဦးတည်သွားတော့သည်။
ထာရှန်က ဝမ်လင်းနောက်ကနေ လိုက်ပါသွားသည်။
ခေါင်းကြီးက အနည်းငယ်စဉ်းစားပြီးနောက် လိုင်ဂျီနှင့်အတူ နေရာတစ်ခုကို ရွေးလိုက်သည်။ထိုနေရာက ဝမ်လင်းနှင့်အတော်လေး နီးနီးနားနား ရှိသည်။ ထို့ကြောင့် ဝမ်လင်းကသာ သူတို့ကို ဆင့်ခေါ်ပါက ချက်ခြင်း အရောက်လာနိုင်စွမ်း ရှိပေမည်။
အရှင်ချိုင့်လေက သက်ပြင်းချ၍ ခပ်ဝေးဝေးရှိ နေရာတစ်ခုကို ရွေးသည်။သူက အလိုလိုပင် ဝမ်လင်းအနီးအနား၌ နေချင်စိတ်မရှိပေ။ သို့သော် သူ့စိတ်ထဲ၌ ဝမ်လင်းနှင့် ကီလိုမီတာငါးဆယ်က အကန့်အသတ်ဖြစ်ကြောင်း မှတ်မိပါ၏။
ခြေတစ်လမ်းဖြင့် ဝမ်လင်းက သူရွေးချယ်လိုက်သည့်နေရာသို့ ရောက်ရှိလာ၏။တစ်ချက်မျှကြည့်ပြီးနောက် သူက အသိအမှတ်ပြုသည့်အကြည့် ဖြစ်ပေါ်သည်။ သည်နေရာရှိ နန်းတော်တိုင်းက မတူညီကြပေ။သို့သော် ၎င်းတို့အားလုံးက ကြီးမားလှသည်။
နန်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက် ထာရှန်က အပြင်ဘက်၌ ထိုင်ချ၏။သူက မလှုပ်မယှက်နှင့် ဝမ်လင်းကို စောင့်ပေးနေတော့သည်။
ဤနေရာက အတော်လေး ခမ်းနားက အလှဆင်ထားမှုများဖြင့် ပြည့်လို့နေသည်။လူသုံးယောက်အရွယ်အစားလောက်ရှိမည့် မီးပြင်းဖိုတစ်ခုသည် အခန်းအလယ်၌ ရှိနေ၏။မီးပြင်းဖိုအတွင်း၌ လက်မောင်းလုံးခန်း အမွှေးတိုင်တစ်တိုင် ထွန်းညှိထားသည်။
ထိုနေရာ၌ ခရမ်းရောင်ကျောက်စိမ်းဖျာတစ်ခုလည်း ရှိသည်။ဤနေရာက ကျင့်ကြံဖို့အတွက် နေရာတစ်ခုဖြစ်မှန်း သိသာသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းက သည်နေရာနှင့်ပတ်သတ်၍ ကျေနပ်နေသည်။ဤနေရာက အလွန်လည်း တိတ်ဆိတ်ငြိမ်သက်သည့်အတွက် ကျင့်ကြံဖို့ နေရာကောင်းတစ်ခုပင်။
သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်နေရာကို သေချာ စစ်ဆေးကြည့်၏။ထို့နောက် ဝမ်လင်းက ခရမ်းရောင်ကျောက်စိမ်းဖျာပေါ်၌ ထိုင်ချကာ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
သူ့မူလစွမ်းအင်တို့က သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်နေ၏။ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံခြင်းက ပျံ့နှံ့လာသည်။ဝမ်လင်းသည် ထိုနေရာ၌ သုံးရက်တာ ထိုင်နေခဲ့သည်။
ထိုအတောအတွင်း ချန်ညီကိုသုံးယောက် ရောက်လာခဲ့သေး၏။သို့သော် သူတို့က ဝမ်လင်းကို မနှောက်ယှက်ကြတော့ပေ။ ခဏတာစောင့်ဆိုင်းပြီးနောက် နှုတ်ခွန်းစကားပြော၍ ပြန်ထွက်ခွာသွားကြသည်။
သုံးရက်မြောက်ည၌ ရေစိတ်ဝိညာဉ်ဂြိုဟ်၏ ညကောင်းကင်ယံသည် ကြယ်များနှင့် တောက်ပနေကာ ညလေပြေက တိုက်ခတ်နေသည်။ထိုလေပြေက သစ်ရွက်များက တရှပ်ရှပ် မြည်စေသည်။ထိုသို့မဟုတ်ပါက ညသည် အတော်လေး တိတ်ဆိတ်လွန်းနေပေမည်။
ဝမ်လင်းသည် နန်းတော်နေရာအတွင်း၌ ထိုင်နေ၏။သုံးရက်ကြာ မလှုပ်မယှက် ရှိနေပြီးနောက် သူက ရုတ်တရက် မျက်လုံးဖွင့်လာသည်။သူ့မျက်လုံးထဲမှ အလင်းတန်းနှစ်ခု ထိုးထွက်သွားသည်။
သူမျက်လုံးဖွင့်လိုက်သည့်အခိုက်၌ နက်မှောင်နေသော နန်းတော်သည် အလင်းတန်းတစ်ခု ဖျပ်ခနဲ ပြေးသွားကာ လင်းလက်သွားသည်။
“ဒီသုံးရက်တာ ကျင့်ကြံမှုက ငါ့ ကျင့်ကြံမှုအဆင့်ကို နိဗ္ဗာနကြိုမြင်ခြင်းအလယ်အထွတ်အထိပ်အဆင့်မှာ တည်ငြိမ်စေခဲ့ပြီ။ ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ဆိုရင် ငါဟာ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်တိုက်နိုင်ပြီ။ဒါပေမဲ့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို သွားဖို့ ခရီးစဉ်အတွက် ဒီလောက်နဲ့ မလုံလောက်သေးဘူး…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဇူရာအလင်းတန်းတစ်ခု ထိုးထွက်လာသည်။
ထိုအဇူရာအလင်းက ချက်ခြင်းပင် သည်နန်းတော်တစ်ခုလုံးကို ထိန်လင်းသွားစေသည်။ အဇူရာအလင်းတန်း အတွင်း၌ ဒိုင်းငယ်တစ်ခု ရှိနေသည်။၎င်းက အမည်မသိသတ္တုတစ်မျိုးဖြင့် သန့်စင်မွန်းမံထားခြင်း ဖြစ်ကာ ၎င်းအတွင်း၌ တိမ်လှိုင်းများ လွင့်မြောနေသလား ထင်မှားရသည်။၎င်းက အလွန်လှပသည့်ပုံပေါ်သည်။
ထိုအဇူရာဒိုင်းသည် ဝမ်လင်းကို လေးကြိမ်လှည့်ပတ်ပြီးနောက် သူ့ရှေ့၌ မလှုပ်မယှက် ပြန်ဖြစ်သွား၏။ဒိုင်းမှ ထွက်ပေါ်နေသည့် အဇူရာအလင်းပင် အေးခဲသွားသလား ထင်မှတ်ရသည်။
ထိုအဇူရာအလင်းထဲရှိ ဒိုင်းငယ်ကို ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။အရှင်ချိုင်လေ့ ၎င်းဒိုင်းကို ပထမဆုံးအကြိမ် ထုတ်ယူခဲ့ချိန်ကတည်းက ဝမ်လင်းသည် ၎င်းထံမှ ရှေးဟောင်းနတ်ဘုရားအော်ရာကို ခံစားမိသည်။
သို့ရာတွင် ထိုအော်ရာက ချိပ်ပိတ်ခံထားရသကဲ့သို့ အားကောင်းခြင်း မရှိဘဲ ဖြစ်နေသည်။ ဝမ်လင်းကိုယ်တိုင်က ရှေးဟောင်းနတ်ဘုရား ဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက မည်သူကမျှ ထိုအော်ရာနှင့်ပတ်သတ်၍ သတိပြုမိကြလိမ့်မည် မဟုတ်ပေ။
“ထူစီရဲ့မှတ်ဉာဏ်တွေထဲမှာ ဒီဒိုင်းရတနာအကြောင်း သန့်စင်မွန်းမံတဲ့အကြောင်း မပါဘူး။ ဒါပေမဲ့ ရှေးဟောင်းအချိန်တွေတုန်းက ရှေးဟောင်းနတ်ဘုရားတွေ အများကြီး ရှိခဲ့မှာပဲ။ဒါ့ကြောင့်လည်း ဒီဒိုင်းဟာ အခြားရှေးဟောင်းနတ်ဘုရားတစ်ပါးပါး သန့်စင်မွန်းမံခဲ့တာလို့ ယူဆိုလို့ ရနိုင်တယ်…”
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ စဉ်းစားနေ၏။အဇူရာအလင်းဒိုင်းသည် သူ့ထံသို့ ပျံသန်းလာကာ သူ့လက်ထဲသို့ ကျရောက်လာသည်။
ရှေးဟောင်းနတ်ဘုရားအော်ရာသည် အနီးသို့ ရောက်လာသည့်အခါ ပို၍ သတိပြုမိဖွယ် ဖြစ်လာ၏။ ဝမ်လင်းက ထိုဒိုင်းကို ကြည့်နေရင်း သူ့မျက်လုံးတို့သည် တလက်လက် ဖြစ်နေတော့သည်။၎င်းဒိုင်းကို သေချာကြည့်နေပြီးနောက် သူ့အကြည့်က ဒိုင်း၏ ဘေးတစ်ဖက်ရှိ အမှတ်အသားတစ်ခု ပေါ်သို့ ကျရောက်သွားတော့သည်။
“အယ်…”
***