Switch Mode

အပိုင်း(၁၀၂၉)

ဝမ်လင်း၏ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အထွတ်အထိပ်အဆင့် မူလစွမ်းအင်သည် တာလော့ဓားကလန်ကို မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သည်။ဝမ်လင်းကို ဗဟိုပြုကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲကတော့သည် တဝီဝီမြည်ဟိန်း၍ ဂြိုဟ်တစ်ခုလုံးကို ဝန်းရံသည်။

ရုတ်တရက်ကြီး တာလော့ဓားကလန်မှ တပည့်အားလုံးသည် သူတို့ပေါ်သို့ တောင်ကြီးတစ်တောင် ပြိုဆင်းကျလာသကဲ့သို့ ခံစားလိုက်ရကြရသည်။သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များပင် ခုခံနိုင်ရန်အလို့ငှာ သူ့ဟာသူ စတင်ရွှေ့လျားကြ၏။သို့သော် သူတို့သည် ထိုဖိအားကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အကွာအဝေးတစ်ခုကနေ ကြည့်ပါက တာလော့ဂြိုဟ်အထက်၌ ဝဲကတော့တစ်ခု ရှိနေသည်ကို တွေ့မြင်ရပေမည်။ဝမ်လင်းသည် ထိုဝဲကတော့၏ ဗဟိုချက်၌ ရှိနေသည်။သူက လက်နောက်ပစ်ကာ ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်၏။

သူ့မျက်လုံးတို့သည် အလွန်တောက်ပနေသည်။

ဝမ်လင်းသည် တည်ငြိမ်စွာသာ ရပ်နေသည်။သူက ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်၍ သူ့စိတ်နှလုံးထဲရှိ နားလည်မှုဉာဏ်အလင်းကို တည်ငြိမ်စွာ ဆင်ခြင်နေသည်။

“ဒါက ငါ့ရှေ့ဘဝများ ဖြစ်နေနိုင်လား…” ဝမ်လင်းသည် စဉ်းစားနေရင်း သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းတံခါးချပ်ရှေ့ သူ့ညာခြေထောက်ကို ပင့်မြှောက်ချိန် သူတွေ့မြင်ခဲ့သည့်အရာအားလုံးတွင်သာ နစ်မြုပ်လို့နေသည်။

“မူလရင်းမြစ်…မူလရင်းမြစ်က ဘာလဲ…ဒီငှက်…ဒါက ငါ့ရှေးဘဝ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့စိတ်ဓာတ်အင်အားရဲ့ ရှင်သန်ခြင်း သင်္ကေတ တစ်ခု ဖြစ်တယ်။ဒီငှက်ဟာ စပါးအုံးလက်ထဲမှာ သေဆုံးခဲ့ရတယ်…ဒါက ဘာကို ဆိုလိုတာလဲ…” ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။သူက ထိုအချက်ကို ရှာမတွေ့နိုင်သေးပေ။ သို့သော် သူသည် အချို့သဲလွန်စကို ဖမ်းဆုပ်မိနိုင်လိုက်သည့်ပုံ ပေါ်သည်။

“ဒါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ အဆုံးစွန်ယန်ဓာတ်ကို စုပ်ယူပြီးတဲ့နောက် အသေးစားပြည့်စုံမှုပဲ ရှိသေးတယ်။ငါက ဒါတွေအားလုံးကို တွေ့မြင်ချင်ရင် ပုတီးစေ့က ယင်စွမ်းအင်ကိုပါ စုပ်ယူစေဖို့ လိုအပ်တယ်။အဲ့အခါကျမှ ငါ အဖြေတစ်ခုခု ရနိုင်ကောင်းတယ်…”

ဝမ်လင်းက အသက်ဝဝရှိုက်သွင်း၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။

“ရှေ့ဖြစ်ဟောသူက ငါ့အပေါ်မှာ ဒါမှမဟုတ် လင်းထျန်ဟူပေါ်မှာ ဘယ်သူပေါ်မှာ ကြံစည်မှု ရှိနေပါစေ သူက ဒီတစ်ကြိမ်တော့ မှားသွားခဲ့ပြီ။ဒီတော့ ထောင်ချောက်ဟာလည်း ပျက်စီးသွားပြီ…” ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ လေဟာနယ်ထဲသို့ ခြေချ၏။ သူ့အကြည့်သည် လင်းထျန်ဟူ ဝင်ရောက်သွားခဲ့သည့် မျှော်စင်ကြီးပေါ်သို့ ရောက်ရှိသွားသည်။

ထိုမျှော်စင်၏ ဘေးတစ်ဖက်၌ ဧရာမအပေါ်ကြီးတစ်ခု ရှိနေ၏။ထိုအပေါက်ကြီးထဲမှ မူလစွမ်းအင်လှိုင်းများ ကျန်ရှိနေဆဲ ဖြစ်သည်။

“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပွင့်လာတဲ့ အခါတိုင်း ၎င်းက မူလစွမ်းအင်မြောက်များစွာ လိုအပ်တယ်။ ဒီတစ်ကြိမ် ပွင့်လာတဲ့နောက် ဒီဧရိယာရဲ့ မူလစွမ်းအင်တွေ သက်ရောက်ခြင်း မခံရဘူး။ဒီတော့ လင်းထျန်ဟူကလည်း အလျင်စလို ထွက်ပြေးတာကို ထည့်တွက်ရင် ပုတီးစေ့ထဲကနေ ထွက်လာတဲ့ အလင်းတန်းနှစ်ခုမှာ တစ်ခုက သူ့ရှိ ဦးတည်တာ ဖြစ်မယ်…”

ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ တာလော့ဂြိုဟ်ကနေ ထွက်လာ၏။

“ဒါဆို နောက်ထပ်အလင်းတန်းတစ်ခုရဲ့ ပစ်မှတ်ကရော ဘယ်သူကိုများ ဖြစ်မလဲ…” ဝမ်လင်းသည် စဉ်းစားနေ၏။ထို့နောက် သူ့မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒီနောက်ထပ်အလင်းတန်းက ရှေ့ဖြစ်ဟောသူရှိ ပစ်မှတ်ထားတာဆို ကောင်းလိမ့်မယ်…”

သူက သူ့အတွေးများကို ပြန်သိမ်းဆည်းကာ သည်ကိစ္စကို ဆက်၍ မတွေးတော့ပေ။ထို့နောက် ဝမ်လင်းသည် အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ဟင်းလင်ပြင်ထဲသို့ ပျံသန်းသွားတော့သည်။

“ရှေ့ဖြစ်ဟောသူရဲ့ အကြံအစည်ကလည်း ပျက်စီးသွားခဲ့ပြီ။ ဒါ့ကြောင့် ငါ တာလော့ဂြိုဟ်ပေါ်မှာ ဆက်နေနေစရာ မလိုတော့ဘူး။ ခုချိန်မှာ ငါ လုပ်ဖို့လိုတာက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို သွားဖို့ အတွက် ကြိုပြင်ဆင်ရမှာ။ ငါက လှိုဏ်ဂူလေးခုထဲက တစ်ခုကို ထိန်းချုပ်နိုင်တော့ ငါနဲ့အတူ လူအချို့ကိုလည်း ခေါ်သွားနိုင်တယ်…” ဝမ်လင်းသည် ပျံသန်းနေရင်း သူ့စိတ်ထဲ၌ အတွေးပေါင်းစုံ ဖြစ်နေ၏။

နာရီအချို့ကြာပြီးနောက် သူက လူသူကင်းမဲ့သည့်ဂြိုဟ်တစ်လုံးကို လှမ်းမြင်သည်။

“ဒီနေရာပဲ…” ဝမ်လင်း၏ပုံရိပ်က ရပ်တန့်ခြင်း မရှိိပေ။သူက ထိုဂြိုဟ်ရှိရာသို့ ဆက်၍ တိုးဝင်လာ၏။

ဝမ်လင်းက ဂြိုဟ်အနားသို့ ချက်ခြင်း ရောက်ရှိလာကာ သူက လေထုအတွင်းသို့ ဖြတ်သန်းလာ၏။

၎င်းဂြိုဟ်မှ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မျှ ထွက်ပေါ်နေခြင်း မရှိပေ။ လေထုသည်ပင် အတော်လေး အားနည်းနေ၏။ဝမ်လင်း လေထုကို ဖြတ်သန်းလာသည့်အခါ ၎င်းလေထုက ပျက်စီးသွားသည်။

ဂြိုဟ်တစ်ခုလုံး၌ အက်ကြောင်းများဖြင့်သာ စိုးမိုးထားကာ မည်သည့်သက်ရှိ လက္ခဏာမှ မတွေ့ရပေ။

ဝမ်လင်း ခြေချလိုက်သည့် အချိန်၌ အလင်းတန်းနှစ်ခုသည် သူ့ထံသို့ ပျံသန်လားကြ၏။ အလင်းတစ်ခုက ကြီးမား၍ တစ်ခုက သေးငယ်သည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက ခပ်ရေးရေးပင် ပြုံးနေသေးသည်။

သေးငယ်သောအလင်းတန်းက ချက်ခြင်း နီးကပ်လာ၏။ ထိုအလင်းတန်းထဲမှ ထူးဆန်းသောပုံပန်းသဏ္ဌာန်ရှိသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုလူမှာ ခေါင်းကြီးကိုယ်သေး လူတစ်ယောက်ပင်။

“သခင့်ကို နှုတ်ဆက်ပါတယ်…” ထိုထူးဆန်းသောကျင့်ကြံသူက ခေါင်းကြီးကောင်လေးပင်။ ဝမ်လင်းက ထျန်ယွမ်ဂြိုဟ်သို့ သွားခဲ့သည့်အချိန်၌ သူနှင့်လိုင်ဂျီတို့သည် သည်နေရာတွင် ဝမ်လင်း၏ ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

သိပ်မကြာခင်တွင် လိုင်ဂျီသည် ရောက်လာ၏။ သူက ဝမ်လင်းကို လေးစားစွာ ကြည့်၍ ပြောသည်။ “လိုင်ဂျီက သခင့်ကို နှုတ်ဆက်ပါတယ်…”

ခေါင်းကြီးကောင်လေးက တုံ့ဆိုင်းဆိုင်းဖြင့် မေးလာ၏။ “သခင့်ခရီးစဉ် အဆင်ပြေချောမွတ်ရဲ့လား…”

ဝမ်လင်းသည် ခေါင်းညိတ်ပြကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ပြေတယ်…ဒါပေမဲ့ ပြဿနာလေးနည်းနည်းတော့ တက်သွားတယ်။ ဒီနေ့ ငါ ဒီကိုလာခဲ့တာ မင်းတို့နှစ်ယောက်ကို တံခါးပိတ်ကျင့်ကြံစေဖို့ ဂြိုဟ်တစ်ခုရှိ ခေါ်သွားမလို့။အခု ဒီဂြိုဟ်က ကျင့်ကြံဖို့အတွက် မသင့်တော်ဘူး…”

ခေါင်းကြီးကောင်လေးက ခေါင်းညိတ်ကာ ပြောသည်။ “ဒီနေရာက တံခါးပိတ်ကျင့်ကြံဖို့ တကယ် မသင့်တော်ပါဘူး။ ဒီနေရာဟာ လူသူကင်းမဲ့တဲ့အပြင် ဒီဂြိုဟ်ရဲ့အစိတ်အပိုင်းတော်တော်များများကလည်း မကြာခဏ ပြိုကျပျက်စီးနေတာ…”

ဝမ်လင်းသည် စကားဆက်ပြော၍ အချိန်ဖြုန်းမနေတော့ပေ။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။သူက ခေါင်းကြီးကောင်လေးနှင့်လိုင်ဂျီတို့ကို သည်ဂြိုဟ်ကနေ ခေါ်ဆောင်၍ ကြယ်များကြားသို့ ပျံသန်းသွားတော့သည်။

ကြယ်များကြား၌ လိုင်ဂျီက စောင့်ကြောင့်ထိုင်ကာ မာန်ဟိန်းလိုက်၏။ သူ့ခန္ဓာကိုယ်က ပေတစ်ထောင်လောက်ထိ မြင့်မားရှည်လျားလာတော့သည်။

ဝမ်လင်းက လိုင်ဂျီ၏ကျောပေါ်သို့ တက်ကာ ထိုင်ချလိုက်၏။ခေါင်းကြီးကောင်လေးသည်လည်း နောက်ကနေ လိုက်တက်၍ ဝမ်လင်းဘေးနား၌ သက်တော်စောင့်တစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေသည်။ ဝမ်လင်းနောက်ဘက်မှ ဖျပ်ခနဲ အရိပ်တစ်ခု လက်သွားကာ ထာရှန်သည် မထူးခြားနားဟန်ပန်နှင့် လှမ်းထွက်လာ၏။

ဝမ်လင်းက သူ့ညာလက်ဖြင့် ရှေ့သို့ ညွှန်သည်။လိုင်ဂျီက မာန်သွင်း၍ ထိုးထွက်လာတော့၏။လမ်းတစ်လျှောက်၌ ဝမ်လင်းသည် တည်ငြိမ်နေ၏။သို့သော် ထျန်ယွမ်ဂြိုဟ် နယ်နိမိတ်အတွင်းရှိ ကျင့်ကြံသူများနှင့်တော့ တွေ့ကြုံရပေသည်။ လိုင်ဂျီကြောင့် သူတို့သည် မင်သက်၍ လမ်းဖယ်ရှားကြ၏။မည်သူကမျှ သူတို့ကို မတားဆီး မနှောက်ယှက်ဝံ့ကြချေ။

“ဘယ်လို မွန်းစတားအိုက ဘီလူးနတ်ဆိုးကလန်ဝင်ကို စီးတော်ယာဉ်အဖြစ် ပိုင်ဆိုင်ထားတာလဲ…”

“ဒီထိုင်နေတဲ့ ကျင့်ကြံသူကို ငါ တွေ့ဖူးသလိုပဲ…”

“ဒီစီးတော်ယာဉ်ကို ထားလိုက်ပါဦး…ဒီမွန်းစတားအိုဘေးနားမှာ ရှိနေတဲ့ အစောင့်နှစ်ယောက်ကိုလည်း ကြည့်ဦး။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကရော ဘာလဲ။ ငါတော့ သူတို့ရဲ့ကျင့်ကြံမှုအဆင့်ကိုတောင် မြင်နိုင်စွမ်းမရှိဘူး…”

လမ်းတစ်လျှောက်၌ ဝမ်လင်းကို တွေ့ကြသည့် လူတိုင်းသည် တီတိုးဆိုကြကာ သူ့အား လေးစားသည့်အကြည့်ဖြင့် ကြည့်နေကြ၏။ ကျင့်ကြံခြင်းလောက၌ သန်မာမှုသည်သာ လေးစားမှု မဟုတ်လား။

ဝမ်လင်းသည် လိုင်ဂျီ၏ နောက်ကျော၌ ထိုင်နေ၏။လမ်းတစ်လျှောက်၌ သူ့မူလစွမ်းအင်၌သာ ဝမ်လင်းက နစ်မြုပ်၍ ဈဉ်ဝင်စားကာ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်ကို ဆင်ခြင်နေသည်။

ဝမ်လင်း၏မျက်လုံးတို့က တလက်လက် ဖြစ်နေကာ သူ့စိတ်ထဲကနေ တွေးလိုက်သည်။ “အတိတ်တုန်းက ငါ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်နဲ့ ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်တို့ ပေါင်းစပ်မှုအစွမ်းနဲ့ဆိုရင် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်တိုက်နိုင်တယ်။ ခုငါ့ ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအလယ်ပိုင်းအဆင့်ထိ တိုးတက်လာပြီ ဖြစ်တဲ့အတွက် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ဆိုတာ ငါ့အတွက် ဘာပြဿနာမှ မရှိတော့ဘူး။ငါက ခုဆို နိဗ္ဗာနသန့်စင်ခြင်းအလယ်ပိုင်းအဆင့်တွေကြားမှာ မားမားရပ်နိုင်ပြီ…”

“အတိတ်တုန်းက သွေးဘိုးဘေးဟာ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်ပဲ။ ခုလက်ရှိငါ့အဆင့်နဲ့ဆိုရင် သူနဲ့တောင် ယှဉ်နိုင်စွမ်း ရှိနေပြီ။ခုလက်ရှိမှာ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်တစ်ယောက်ကို အနိုင်ရဖို့ အခွင့်ရေးက နည်းနေသေးပေမဲ့ ဒီအဆင့်ကျင့်ကြံသူကလည်း ငါ့ကို သတ်ချင်ရင် လွယ်ကူတော့မှာ မဟုတ်ဘူး…”

သည်အခိုက်အတန့်၌ ဝမ်လင်းတို့နှင့် ကီလိုမီတာငါးထောင်အကွာကနေ လှေအသွင် အရာဝတ္ထုတစ်ခု ရွှေ့လျားလာနေ၏။ ထိုလှေက လုံးဝ နက်မှောင်ကာ ပေသုံးရာ ရှည်လျားပြီး တုန်ခါလှိုင်းများ ထုတ်လွှတ်လို့နေသည်။

၎င်းအရာမှ သိပ်သည်းသောစိတ်ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်နေသည်။ ထိုအရာကို တွေ့မြင်သည့်သူတိုင်း ၎င်းအရာမှာ သာမန်မဟုတ်ကြောင်း သဘောပေါက်နိုင်သည်။

ထိုလှေထဲ၌ လက်တင်ကုထားလိုင်တစ်ခု ရှိနေကာ ၎င်းထိုင်ခုံပေါ်၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ့ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားလှကာ အသွေးအသားတောင်ပုံအလားပင်။

သူ့ဘေး၌ မိန်းမလှ ခုနစ်ယောက် ရှစ်ယောက်ခန့် ရှိသည်။ ထိုအမျိုးသမီးများက ညှို့ငင်အား ပြင်းကြ၏။ သူတို့က စကားတစ်ထိုး၍ တစ်ဖုံ၊အရက်အိုးများကိုင်၍ တစ်နည်း အဘိုးအို ဘေးနား၌ ရှိနေကြသည်။အချို့က အဘိုးအို၏ ကျောကိုပါ နှိပ်ပေးနေကြသည်။

အဘိုးအိုပတ်လည်၌ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားခုနစ်ယောက်လည်း ရှိနေကြသည်။ သူတို့က မလှုပ်မယှက် ရှိနေကြ၏။ သို့သော် သူတို့ထံမှ ကြမ်းကြုတ်သောအော်ရာတစ်ခု ထွက်ပေါ်နေသည်။သူတို့က စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့တည့်တည့်သို့သာ အေးစက်စက်ကြည့်သည်။

ထိုလှေပတ်လည်၌ ကျင့်ကြံသူပေါင်းရာချီခန့် ရှိမည်။သူတို့က အဘိုးအို၏ အစောင့်များသာ ဖြစ်သည်။

ဤအခိုက်၌ အကွာအဝေးတစ်ခုမှ လှိုင်းများ ထွက်ပေါ်လာ၏။ ပုံရိပ်တစ်ခုသည် ထိုလှေရှိရာအတိုင်း လှမ်းလာနေခြင်းပင်။

“သူပဲ…” အသွေးအသားတောင်အဘိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူ့မျက်လုံးတို့က တောက်ပလာသည်။သူက သူ့လက်ထဲရှိ အရက်ခွက်ကို တစ်ကြိုက်တည်း သောက်ချပစ်သည်။

သည်အခိုက်အတန့်၌ လှေပေါ်ရှိ အနက်ရောင်ဝတ်စုံနှင့်လူခုနစ်ယောက်သည် တစ်ပြိုင်နက်တည်း ခေါင်းမော့လာကြ၏။သူတို့၏မျက်လုံးက တလက်လက် ဖြစ်လာကာ ထိုခုနစ်ယောက်သည် အလင်းတန်းခုနစ်ခုအဖြစ်သို့ ပြောင်းလဲ၍ တစ်ချိန်တည်း ပျံသန်းထွက်သွားကြသည်။

“ကျူးကျော်လာတဲ့လူ…သင် လမ်းဖယ်ပေးဖို့ အချိန်သုံးစက္ကန့်ရမယ်။ မနာခံရင် အသတ်ခံရမယ်…”

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်စက်အလင်းပေါ်လာ၏။သူက သူ့မူလစွမ်းအင်ထဲ၌ နစ်မြုပ်နေသော်လည်း သူ့နတ်ဘုရားအာရုံကိုမူ ခြုံလွှမ်းဖြန့်ကျက်သည်။အသွေးအသားတောင်လိုအဘိုးအိုက ဝမ်လင်းကို တွေ့ရှိချိန်၌ သူကလည်း ထိုအဘိုးအိုကို တွေ့ရှိပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset