တော်ဝင်ဇူကျောင်းတော်အနောက်ဘက်မှာ တောင်တန်းများစွာရှိနေပြီး စိမ်းစိုသာယာလှပတဲ့ တောင်ထိပ်တစ်ခုမှာတော့ ငွေရောင်မြစ်ကြီးတစ်ခုနဲ့ အလားသဏ္ဍာန်တူတဲ့ ရေတံခွန်တစ်ခုတည်ရှိပေသည်။ ရေစီးကျသံတဝုန်းဝုန်းက တောင်ထိပ်တစ်ခုလုံးမှာ လွင့်ပျံနေသည်။ ၎င်းကတကယ့်ကို ခံ့ညားထည်ဝါလှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ဇူယွမ်၊ စုယုဝေနဲ့ အခြားပါရမီရှင်အတန်းမှ ကျောင်းသားတွေက လက်ရှိမှာ ရေတံခွန်အောက်ခြေက ကြီးမားတဲ့ရေအိုင်ကြီးတစ်ခုရှေ့မှာ ရပ်နေလျက်ရှိကြပြီး ရေကန်ထဲကရေတွေကလည်း မှန်တစ်ချပ်အလား ကြည်လင်သန့်ရှင်းနေပေသည်။
“ဒါက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ပေါ့…”
စုယုဝေက အရှိန်ပြင်းစွာစီးကျနေသည့် ရေတွေကိုကြည့်နေလျက်က သူမရဲ့မျက်နှာပေါ်မှာ သိချင်စိတ်ပြင်းပြမှုတွေနဲ့ ပြည့်နှက်နေသည်။ သူမအနေနဲ့ ဒီရေတံခွန်အကြောင်းကို ယခင်ကတည်းက ကြားခဲ့ဖူးပုံပေါ်ပေသည်။
ဆောင်ချူရွှီက ဘေးမှခေါင်းညိတ်ပြလျက် ပြုံး၍ပြောသည်… “ဒါက ငါတို့ တော်ဝင်ဇူကျောင်းတော်ရဲ့ တန်ခိုးကျင့်ရာနယ်မြေတစ်ခုဖြစ်တဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ပဲ… ရေတံခွန်ထိပ်မှာ ခရမ်းရောင်သလင်းကျောက်ဝိညာဉ်က ကြီးထွားလာပြီးတော့ အောက်ကိုစီးကျနေတဲ့ရေထဲမှာ အရမ်းကိုနူးညံ့သိမ်မွေ့တဲ့ သတ္တုဓာတ်စွမ်းအင်တွေ ပါဝင်နေတယ်လို့ ပြောကြတယ်… ရေတံခွန်က အရှိန်နဲ့စီးကျနေတဲ့ရေတွေက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ရိုက်မိခဲ့မယ်ဆိုရင် ဒီသတ္တုဓာတ်စွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီးတော့ ငါတို့ရဲ့စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းကို အကူအညီပေးနိုင်တယ်…”
“တကယ်တော့ အရေးအကြီးဆုံးအချက်က ဒီနူးညံ့သိမ်မွေ့တဲ့ သတ္တုဓာတ်စွမ်းအင်တွေက ငါတို့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ထိခိုက်မှုရှိစေလိမ့်မှာမဟုတ်ဘူး… ငါတို့က ဝင်ပေါက်ဖွင့်ခြင်းနည်းလမ်းတွေကို အသုံးပြုပြီးတော့ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းမှာ တစ်နေ့တာရဲ့အကန့်အသတ်ကို ရောက်ရှိသွားခဲ့ရင်တောင်မှပဲ ဒီကျောက်စိမ်းဝိညာဉ်ရေတံခွန်ကိုအသုံးချပြီး ငါတို့ရဲ့ဝင်ပေါက်ဖွင့်ခြင်းကို ဆက်ပြီးလေ့ကျင့်နိုင်လိမ့်မယ်…”
ဒီစကားကို ကြားလိုက်ရသည့်အခါ စုယုဝေရဲ့မျက်လုံးတွေက ထူးထူးခြားခြားလင်းလက်တောက်ပလာခဲ့ရသည်။ စွမ်းအင်ဝင်ပေါက်တွေရဲ့ ခံနိုင်စွမ်းအရ လူတစ်ယောက်အတွက် တစ်နေ့တာဝင်ပေါက်ဖွင့်ခြင်းလေ့ကျင့်ရာမှာ အကန့်အသတ်ဆိုတာရှိပေသည်။ ဒါပေမဲ့ သူမရဲ့ရှေ့က ဒီကျောက်စိမ်းဝိညာဉ်ရေတံခွန်ကတော့ ဝင်ပေါက်တွေက သူတို့ရဲ့အကန့်အသတ်ကို ရောက်ရှိသွားသည့်တိုင်အောင် သူတို့ကိုထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိဘဲနဲ့ ဆက်လက်လေ့ကျင့်နိုင်အောင် ကူညီပေးနိုင်ပေသည်။ ဒီအချက်ကပင် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ တန်ဖိုးကို နားလည်စေနိုင်သည်။
ဇူယွမ်လည်းပြုံး၍ ခေါင်းညိတ်လိုက်မိသည်။ ဒါက သူ့အနေနဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို အရေးကြီးတဲ့အရာတစ်ခုအဖြစ် ဘာကြောင့်စောင့်ကြည့်နေခဲ့သည်ဆိုတာပင်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေက တစ်နေ့တာအတွင်းမှာ အကြိမ်များစွာလေ့ကျင့်ပြီးတဲ့နောက်မှာ သူတို့ရဲ့အကန့်အသတ်ကို ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး ဒီကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကူအညီနဲ့ဆိုရင် သူ့အနေနဲ့ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နိုင်ပေလိမ့်မည်။
ဒါက သူ့ရဲ့လေ့ကျင့်မှုနှုန်း အရမ်းကိုမြန်ဆန်သွားလိမ့်မည်ဆိုတာကို သံသယရှိရန်မလိုအပ်ပေ။
“ဒါပေမဲ့လည်း ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ကမ္ဘာမြေကြီးပေါ်က သဘာဝမူလချီတွေကိုစုပ်ယူပြီး သတ္တုဓာတ်စွမ်းအင်တွေကို ခိုင်မြဲအောင်ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်တယ်… ဒါ့အပြင်ကို ဒီနေရာက တစ်ကြိမ်မှာ လေ့ကျင့်ဖို့နှစ်ရက်ပဲဖွင့်ပေးတယ်…”
ယန်ဇန်းက ဇူယွမ်နဲ့စုယုဝေတို့ကို ရယ်ပြလိုက်ပြီးမှ ဆက်ပြောသည်… “မင်းတို့တွေ ပါရမီရှင်အတန်းကို ဝင်ရောက်လာတဲ့အချိန်မှာ ဒီလိုအခွင့်အရေးမျိုးရတာ အရမ်းကိုကံကောင်းတယ်…”
ဇူယွမ်က ခရမ်းရောင်အမှုန်အမွှားလေးတွေပါဝင်နေတဲ့ ရေတံခွန်ကိုစိုက်ကြည့်နေလျက်မှ တွေးတွေးဆဆဖြင့်မေးလိုက်သည်… “အချိန်က ဘယ်လိုခွဲထားတာလဲ…”
အားလုံးထဲမှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က တစ်ခုသာရှိပြီးတော့ တော်ဝင်ဇူကျောင်းတော်ထဲမှာတော့ အတန်းငါးတန်းနဲ့ ကျောင်းသားရာပေါင်းများစွာရှိလေသည်။ ဒါက လူတိုင်းအနေဖြင့် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ လေ့ကျင့်ဖို့အတွက် တစ်ပြိုင်နက်တည်း ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဒါ့ကြောင့်ပင် သေချာပေါက် အချိန်တွေခွဲခြားထားပေလိမ့်မည်။
ယန်ဇန်းက ရှင်းပြလိုက်သည်… “ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို ၁၆နာရီကြာ ဖွင့်ပေးတယ်… စည်းမျဉ်းတွေအရ ငါတို့ပါရမီရှင်အတန်းက အချိန် ၆ နာရီရပြီးတော့ ဒုတိယအတန်းက ၄ နာရီနဲ့ အခြားအတန်းတွေကတော့ ၂ နာရီစီပဲရကြတယ်… ငါတို့က ပါရမီရှင်အတန်းဖြစ်တဲ့အတွက် ငါတို့ရရှိတဲ့အချိန်က အကြာဆုံးနဲ့ အကောင်းဆုံးပဲ…”
ဇူယွမ်က နားလည်ကြောင်း ခေါင်းညိတ်ပြခဲ့လိုက်သည်။ မကြာမီမှာပဲ သူကလျှာတစ်ချက်သပ်လိုက်မိပြီး ပြောလိုက်၏… “ငါတို့က ၆ နာရီပဲရလိမ့်မယ်လို့ မထင်ထားမိဘူး…”
ယန်ဇန်းက နူးညံ့စွာရယ်မောလိုက်ပြီး… “၆ နာရီဆိုတာ လုံလောက်ပါတယ်… ဒါအပြင်ကို မင်းက ဒီလောက်အချိန်အကြာကြီး ရပ်နေနိုင်လိမ့်မှာမဟုတ်ဘူး…”
“အာ…” ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။
ယန်ဇန်းက ကျီစယ်သည့်သဘောဖြင့်ရယ်မောလိုက်ပြီး အသေးစိတ်ရှင်းမပြခဲ့တော့ပေ။ ထို့နောက်သူကပြောလိုက်သည်… “မင်းခဏနေရင် တွေ့ရပါလိမ့်မယ်…”
“ကောင်းပြီ… ပေါက်ကရပြောတာတွေရပ်ကြတော့… အခန်းတွေထဲကိုဝင်ပြီးတော့ မင်းတို့ရဲ့ မူလမှော်စာလုံးတွေရေးဆွဲဖို့ပြင်ကြတော့…” အရှေ့မှာရှိတဲ့ ချူထျန်းယန်က သူ့ရဲ့လက်နှစ်ဖက်နဲ့ လက်ခုပ်တီးလိုက်ပြီး လူတိုင်းရဲ့ပြောဆိုနေမှုတွေကို ကြားဖြတ်ပြီးဝင်ပြောလိုက်သည်။ သူက ရေကန်ရဲ့ဘေးမှာရှိတဲ့ ဝါးဖြင့်ဆောက်လုပ်ထားသည့် ကြီးမားတဲ့အခန်းနှစ်ခုရှိရာနေရာကို ညွှန်ပြလိုက်ခဲ့သည်။
“ငါတို့က မူလမှော်စာလုံးတွေ ရေးဆွဲဖို့လိုလို့လား…” ဇူယွမ်နဲ့ စုယုဝေက ဒါကိုကြားလိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့ရသည်။
ဆောင်ချူရွှီက ရှင်းပြလိုက်သည်… “ဟုတ်တယ်… ငါတို့တွေ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို လေ့ကျင့်ဖို့လာရောက်တဲ့အချိန်တိုင်း လူတိုင်းကို မူလစုစည်းခြင်းမှော်စာလုံးရေးဆွဲပေးဖို့ ကျွမ်းကျင်တဲ့မူလမှော်စာလုံးရေးဆွဲပေးတဲ့ ဆရာတွေကို ကျောင်းတော်က စေလွှတ်ပေးလိမ့်မယ်… ဒါက အဆင့် ၁ မူလမှော်စာလုံးဖြစ်ပြီးတော့ ရေတံခွန်က သတ္တုဓာတ်စွမ်းအင်ကို စုပ်ယူတဲ့နေရာမှာ ပိုပြီးတော့ အကျိုးရှိစေတယ်…”
သူတို့တွေက စကားပြောနေစဉ်မှာပဲ ဝါးဖြင့်ဆောက်လုပ်ထားသည့် အခန်းတွေရှိရာသို့ ရောက်ရှိလာခဲ့သည်။ ဒီနေရာမှာ အခန်းနှစ်ခန်းရှိနေပြီးတော့ တစ်ခန်းက ယောက်ျားလေးတွေအတွက်ဖြစ်ကာ နောက်တစ်ခန်းက မိန်းကလေးတွေအတွက်ဖြစ်ပေသည်။ လူတိုင်းက ဝင်ပေါက်မှာတန်းစီလိုက်ကြပြီး ယောက်ျားလေးတွေက တန်းစီနေသော်ငြား သူတို့ရဲ့အကြည့်တွေက အချိန်တိုင်းအချိန်တိုင်း မိန်းကလေးတွေ အခန်းရှိရာဘက်ကို ရောက်ရှိလို့သွားခဲ့ကြသည်။
ဇူယွမ်ရဲ့အလှည့်က လျင်မြန်စွာဖြင့် ရောက်ရှိလို့လာခဲ့သည်။ သူက အခန်းထဲကို ဝင်လိုက်သည့်အခါ ဆရာတစ်ယောက်က မူလမှော်စာလုံးစုတ်တံတစ်ချောင်းကို ကိုင်ထားလျက်က သူ့ကိုဝှေ့ယမ်းပြလိုက်ပြီး သူ့ရဲ့အဝတ်အစားတွေကို ချွတ်ကာခုံပေါ်မှာ လဲလျောင်းဖို့ ညွှန်ကြားလိုက်သည်ကို မြင်လိုက်ရသည်။ စုတ်တံရဲ့ထိပ်ပိုင်းက ဇူယွမ်ရဲ့ကျောပေါ်ကို ကျဆင်းလာခဲ့ပြီး ဖြည်းညှင်းစွာဖြင့် မူလမှော်စာလုံးတစ်ခုကို ရေးဆွဲခဲ့ပေသည်။ နောက်ဆုံးသော စုတ်ချက်ပြီးသွားသည့်အခါ ဇူယွမ်ရဲ့ကျောပြင်မှ ခပ်မှိန်မှိန်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ၎င်းကပြန်လည်၍ ကွယ်ပျောက်သွားခဲ့သည်။ မူလမှော်စာလုံးက ပြည့်စုံသွားသည့်အခါ ဇူယွမ်တစ်ယောက် ပတ်ဝန်းကျင်က မူလချီတွေကို ပိုပြီးတော့အာရုံခံနိုင်စွမ်းရှိလာသည်ကို ခံစားခဲ့လိုက်ရသည်။
“ဒီမူလစုစည်းခြင်းမှော်စာလုံးက မူလစုစည်းခြင်းကျောက်စိမ်းနဲ့ သိပ်မကွာပေမဲ့လည်း ဒါက အချိန်တိုအတွင်းမှာပဲ အသုံးပြုလို့ရလိမ့်မယ်…” ဇူယွမ် သူ့ရဲ့အဝတ်အစားတွေကို ပြန်ဝတ်လိုက်ပြီး ဆရာကိုဦးညွတ်လိုက်ကာ အခန်းထဲမှ ပြန်လည်ထွက်ခွာလာခဲ့လိုက်သည်။
မူလစုစည်းခြင်းကျောက်စိမ်းဆိုမှ ဇူယွမ်ကသတိရသွားမိကာ သူ့ရဲ့ခေါင်းကိုငုံ့၍ သူ့လည်ပင်းမှာဆွဲထားသည့် ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်သည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုဖွင့်၍ ကျင့်ကြံမှုကိုစတင်နိုင်စဉ်ကတည်းက စုယုဝေက သူ့ကို ဒီကျောက်စိမ်းဆွဲပြားအား ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ဒါကသူ့ကို ပြောစရာစကားမဲ့သွားစေခဲ့သည်။ ဒါပေမဲ့လည်း သူက သူမရဲ့ခေါင်းမာတဲ့စရိုက်ကို သိထားခဲ့သည့်အတွက် ဒီဆွဲပြားကို သူမအားထပ်မပေးခဲ့တော့ပေ။
အခန်းထဲက ထွက်လာခဲ့ပြီးတဲ့နောက်မှာ ဇူယွမ်က တစ်ဖက်အခန်းထဲမှ ထွက်လာသည့် စုယုဝေကို တွေ့လိုက်ရသည်။ သူက စုယုဝေရှိသည့်နေရာကို လျှောက်သွားခဲ့လိုက်ပြီး သူမရဲ့ကျောပြင်ကို ကြည့်လိုက်မိသည်။ သူမရဲ့ကြော့ရှင်းတဲ့လည်တိုင်လေးကို ကျော်လွန် သွားတဲ့အခါ ဇူယွမ်က မှိန်ဖျော့ဖျော့မှော်စာလုံးအလင်းရောင်တစ်စွန်းတစ်စကို မြင်တွေ့လိုက်ရသည်။
“နင်က ဘယ်နေရာကို ကြည့်နေတာလဲ…” သူ့ရဲ့အကြည့်ကို ခံစားမိလိုက်သည့်အခါ စုယုဝေက သူ့ကိုစိုက်ကြည့်လိုက်သကဲ့သို့ သူမရဲ့လှပတဲ့မျက်နှာလေးကလည်း အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရသည်။
ဇူယွမ်ရယ်လိုက်မိသည်။ သူက အခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာလာတဲ့ မိန်းကလေးတွေဆီကို ကြည့်လိုက်ရင်းမှ စုယုဝေကို မေးလိုက်သည်… “အဲ့ဒီနေရာမှာရှိနေတဲ့ဆရာက ယောက်ျားလေးလား…”
ဒီလိုသာဆိုရင် ဒါက အရမ်းကိုကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားရပေလိမ့်မည်။
စုယုဝေက မျက်နှာပျက်စွာဖြင့် ဇူယွမ်ရဲ့ခြေထောက်ကို ခပ်ဖွဖွဆောင့်နင်းလိုက်ပြီး ဒေါသထွက်သည့်အမူအယာဖြင့် သွားကိုတင်းတင်းစေ့ကိုက်လိုက်ရင်းမှ ပြောသည်… “နင်က ဘာမဟုတ်တာတွေ ပြောနေတာလဲ… အဲ့ဒီမှာရှိနေတာက အမျိုးသမီးတစ်ယောက်ပဲ…”
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မူလမှော်စာလုံးတွေရေးဆွဲဖို့က သူ့ရဲ့အဝတ်အစားတွေကို ချွတ်ဖို့လိုအပ်ပေသည်။ မိန်းကလေးတွေအတွက် အမျိုးသားဆရာတစ်ယောက်ကိုသာ စေခိုင်းခဲ့မယ်ဆိုရင် ဒါကအရမ်းကို ရက်စက်လွန်းရာကျပေသည်။
ဇူယွမ် ဟန်လုပ်၍ ရယ်လိုက်မိသည်။ သူတို့နှစ်ယောက်ကြားက ကျီစယ်မှုတွေက အခြားပါရမီရှင်အတန်းက ကျောင်းသားတွေအားလုံးကို မနာလိုဖြစ်သွားစေခဲ့သည်။ ချူထျန်းယန်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရေတံခွန်ဆီသို့ လူတိုင်းကို ဦးဆောင်ခေါ်သွားခဲ့လိုက်သည်။
ဝုန်း…
ပြင်းထန်တဲ့ရေစီးကျသံတွေက ရေနဂါးတစ်ကောင်အော်ဟစ်နေသည့်အလားပင်။ ရေတွေက ရေကန်ထဲကို တဝုန်းဝုန်းနဲ့ကျဆင်းနေသလို ကြီးမားတဲ့လှိုင်းလုံးတွေကို ဖြစ်ပေါ်စေပြီး လေထဲမှာလည်း ရေမှုန်ရေမွှားတွေဖြင့် ပြည့်နှက်နေရပေသည်။
ချူထျန်းယန်က ကြီးမားတဲ့အမွှေးတိုင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီးထွန်းညှိကာ သူ့ရဲ့ဘေးတွင်ရှိသည့် ကျောက်တုံးအက်ကြောင်းထဲမှာ ထိုးစိုက်လိုက်သည်။ ထို့နောက်မှာ သူက ဇူယွမ်တို့လူစုကို တင်းကျပ်စွာကြည့်လိုက်ပြီးပြောသည်… “အဆင့်သင်ပြင်တော့… မင်းတို့မှာ အချိန် ၆ နာရီရှိတယ်… မင်းတို့က ဒီအခွင့်အရေးကို အလကားဖြစ်စေလိမ့်မှာမဟုတ်ဘူးလို့ ငါမျှော်လင့်တယ်…”
သူကပြောလိုက်သကဲ့သို့ ဇူယွမ်၊ စုယုဝေနဲ့ ပါရမီရှင်အတန်းကို ဝင်ရောက်ခဲ့တဲ့ နောက်ထပ်ကျောင်းသားတစ်ယောက်တို့ကို ကြည့်လိုက်ပြီး ဆက်ပြောသည်… “မင်းတို့သုံးယောက်က အရင်ဆုံး ဒီနေရာကနေစောင့်ကြည့်ပြီး လေ့လာကြဦး…”
ဇူယွမ်တို့သုံးယောက်က ခေါင်းညိတ်ပြလိုက်ပြီး ယန်ဇန်း၊ ဆောင်ချူရွှီနဲ့ ကျန်တဲ့သူတွေကို ကြည့်လိုက်သည်။ သူတို့ရဲ့အကြည့်တွေထဲမှာ မျှော်လင့်ချက်တွေနဲ့ အနည်းငယ်ကြောက်ရွံ့မှုတို့ဖြင့် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို ကြည့်နေလျက်ရှိကြသည်။ အဆုံးမှာတော့ သူတို့က အသက်ကိုပြင်းစွာရှူလိုက်ကြပြီး အံကိုတင်းတင်းကြိတ်လျက် ရေတံခွန်အလယ်တွင်ရှိသည့် လေ့ကျင့်ရေးစင်မြင့်ရှိရာသို့ တိုးကပ်သွားလိုက်ကြသည်။
ဝုန်း…
အဆုံးမရှိတဲ့ ကျယ်လောင်သည့်ရေစီးကျသံတွေက ထွက်ပေါ်နေလျက်ရှိပေသည်။ ယန်ဇန်းနဲ့အခြားသူတွေက ရေတံခွန်ထဲကို တိုးဝင်သွားခဲ့ပြီး သူတို့ရဲ့ခြေထောက်တွေကို ကျောက်တုံးအလား မြဲမြံစွာရပ်လျက် သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကို ရေတွေစီးကျစေလိုက်ကြသည်။
ဒီကြီးမားတဲ့ရေတံခွန်ကြီးရဲ့ ရေစီးကျသည့်အားက သံသယရှိစရာမလိုလောက်အောင် ပြင်းထန်အားကောင်းလှသည်။ ဒါ့ကြောင့်ပင် ယန်ဇန်းနဲ့ ကျန်တဲ့လူတွေအားလုံးက သူတို့ရဲ့ခွန်အားအကုန်အသုံးပြုသည့်တိုင်အောင် သူတို့ရဲ့ခန္ဓာကိုယ်တွေက လှုပ်ခါနေလျက်ရှိပေသည်။
သူတို့တွေက အံကိုတင်းတင်းကြိတ်လျက် ဒလဟောစီးကျနေတဲ့ရေတွေကို သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ ရိုက်ခတ်စေလိုက်သည်။ ၎င်းကအဆက်မပြတ်ရိုက်နှက်ခြင်းခံနေရသလိုဖြစ်သည့်အတွက် နာကျင်မှုအနည်းငယ်ကိုခံစားလိုက်ရပြီး သူတို့ရဲ့မျက်နှာတွေက ရှုံ့မဲ့သွားခဲ့ရသည်။
သူတို့ရဲ့ကျောပေါ်က မူလမှော်စာလုံးထံမှ ခပ်မှိန်မှိန်အလင်းရောင်တစ်ခုပေါ်ထွက်လာခဲ့သလို သူတို့အပေါ်ကို ရေတွေစီးကျနေတဲ့အချိန်အတွင်းမှာပင် ခရမ်းရောင်စွမ်းအင်အမျှင်တန်းတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲ စီးဝင်သွားခဲ့တာကို မြင်တွေ့နိုင်ပေသည်။
ဝုန်း…
များစွာသောကျောင်းသားတွေက ရေတံခွန်ရဲ့ အဆက်မပြတ်ထိုးနှက်မှုတွေကို ကြံ့ကြံ့ခံနေကြလျက်ရှိသည်။ ဆယ်မိနစ်လောက်ကြာသည့်အခါ အချို့ကစတင်ပြီး ယိမ်းယိုင်လာခဲ့ကြသည်။ အဆုံးမှာတော့ ကျောင်းသားတွေက ကျယ်လောင်စွာအော်ဟစ်လျက် တစ်ယောက်ပြီးတစ်ယောက် ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့ရသည်။
ယန်ဇန်းနဲ့ဆောင်ချူရွှီတို့က အချိန်အကြာဆုံးခုခံနိုင်ခဲ့ပြီး သူတို့နှစ်ယောက်စလုံးက မိနစ်နှစ်ဆယ်ကျော်နောက်ပိုင်းမှသာ ရေထဲကိုပြုတ်ကျသွားခဲ့ရသည်။
သူတို့တွေ ရေကန်ထဲမှ ကူးခတ်ထွက်လာသည့်အခါ ရေစီးကြောင်းရဲ့ အဆက်မပြတ်ရိုက်ခတ်မှုကြောင့် သူတို့ရဲ့အရေပြားပေါ်မှာ ပွန်းပဲ့ဒဏ်ရာတွေနှင့် ပြည့်နှက်နေကြပေသည်။ သူတို့ရဲ့ သနားစရာကောင်းလောက်အောင်ရှုံ့မဲ့နေတဲ့ အမူအယာတွေအရ သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကိုခံစားနေရသည်မှာ ထင်ရှားလှပေသည်။
သူတို့တွေ ဘာကြောင့်ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို သဘောလည်းကျသလို မုန်းလည်းမုန်းကြတာလဲဆိုတာကို ဇူယွမ်အခုအချိန်မှာ နားလည်ခဲ့ရသည်။ သတ္တုဓာတ်စွမ်းအင်က သူတို့ရဲ့စွမ်းအင်ဝင်ပေါက်အတားအဆီးကို ထိုးနှက်တိုက်ခိုက်ဖို့ ကူညီပေးနိုင်သော်လည်း သူတို့က အချိန်တိုင်းရေအားကြောင့် ဒဏ်ရာဒဏ်ချက်တွေရရှိရပေလိမ့်မည်။ ဒါက အဆက်မပြတ်ရိုက်နှက်ခံရခြင်းနှင့် တူလှပေသည်။
ချူထျန်းယန်က ဇူယွမ်၊ စုယုဝေနဲ့ နောက်ထပ်ကျန်နေသေးတဲ့ကျောင်းသားတစ်ယောက်ကို ပြောလိုက်သည်… “မင်းတို့သုံးယောက်အလှည့်ပဲ…”
“ဟဲဟဲ… ကံကောင်းပါစေကွာ… ပထမဆုံးအကြိမ်က အမြဲတမ်းလျင်မြန်စွာနဲ့ပဲ အဆုံးသတ်သွားလေ့ရှိကြတယ်…” ယန်ဇန်းက ဇူယွမ်ကို နောက်ပြောင်ကျီစယ်၍ ရယ်မောကာ ပြောလိုက်သည်။
သူတို့သုံးယောက်က အရှိန်ပြင်းစွာစီးကျနေတဲ့ ရေတံခွန်ရဲ့ရှေ့မှာရပ်တန့်လိုက်ပြီး ရေတံခွန်အောက်ကို မဝင်ရောက်ခင်မှာ ဇူယွမ်က စုယုဝေကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူတို့တွေက အံကိုတင်းတင်းကြိတ်လိုက်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို စတင်ရွေ့လျားခဲ့လိုက်သည်။
ဇူယွမ်ရဲ့အသားအရေက ရေတံခွန်ထဲကို ဝင်ရောက်လိုက်သည့်အခါ တောင့်တင်းသွားခဲ့ရပြီး သူ့ရဲ့ခြေထောက်တွေက သစ်ပင်ရဲ့အမြစ်တွေအလား မြေပြင်ပေါ်မှာ မြဲမြံစွာရပ်တန့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ရေတံခွန်အပေါ်မှရေတွေက သူ့အပေါ်ကို ပြင်းထန်တဲ့အင်အားတွေသယ်ဆောင်ပြီး ကျရောက်လာတာကို ခံစားခဲ့လိုက်ရကာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရေထဲမှာ နစ်မြှုပ်သွားခဲ့သည်။
“ဘယ်လိုတောင် နာကျင်ရတာလဲ…”
အဆုံးမရှိ ဒလဟောစီးဆင်းနေတဲ့ရေတွေရဲ့ အဆက်မပြတ်ထိုးနှက်မှုက ဇူယွမ့်ကို အသက်ရှူမှားသွားစေခဲ့သည်။ ဒီအင်အားက တကယ့်ကို လူမဆန်စွာရက်စက်ပြင်းထန်လှပြီး သူ့ကိုရေကန်ထဲ ပြုတ်ကျလုနီးနီးဖြစ်သွားစေခဲ့သည်။
သို့ပေမဲ့လည်း ရေတွေက သူ့ကိုတဝုန်းဝုန်းနဲ့ ဝင်ဆောင့်နေခဲ့သလို သူ့ရဲ့ကျောပေါ်က မူလစုစည်းခြင်းမှော်စာလုံးထံမှ ထွက်ပေါ်လာတဲ့ စုပ်ယူအားတစ်ခုကို ခံစားနိုင်ခဲ့ရပြီး လွန်စွာနူးညံ့သိမ်မွေ့တဲ့စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲကို စီးဝင်လာခဲ့ရသည်။
“ဒါက သတ္တုဓာတ်စွမ်းအင်လား…” ဇူယွမ်ရဲ့နှလုံးက လှုပ်ရှားသွားခဲ့ရသည်။ ဒီအချိန်အတွင်းမှာ သူ့ခန္ဓာကိုယ်ထဲက တတိယမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက အနည်းငယ်လျော့ပါးသွားတာကို ခံစားမိခဲ့လိုက်သည်။
ဒီလိုပြောင်းလဲမှုကို ခံစားနိုင်လိုက်တဲ့အတွက် ဇူယွမ်က ချက်ချင်းကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်ခဲ့ပြီး အံကိုတင်းတင်းကြိတ်လိုက်ကာ အဆက်မပြတ်ကျဆင်းနေတဲ့ ရေထဲမှာပါဝင်နေသည့် နည်းပါးတဲ့သတ္တုဓာတ်စွမ်းအင်တွေကို လောဘတကြီးစုပ်ယူလိုက်မိသည်။
အား…
ဇူယွမ်အံကိုတင်းတင်းကြိတ်ကာ တောင့်ခံထားလျက်ရှိစဉ်မှာပင် သူ့ရဲ့ဘေးမှ အော်သံတစ်ခုကို ကြားလိုက်ရသည်။ အခြားကျောင်းသားသစ်တစ်ယောက်က ဆက်လက်တောင့်ခံနိုင်ခြင်းမရှိခဲ့ဘဲ ပြင်းထန်စွာစီးကျနေတဲ့ ရေရဲ့အရှိန်ကြောင့် ရေကန်ထဲကို လွင့်ထွက်သွားခဲ့ရသည်။
ဇူယွမ် သူ့ကိုယ်သူ အံကြိတ်တောင့်ခံထားနေရင်းမှ သူ့ရဲ့မျက်လုံးထောင့်စွန်းက ဒေါသတကြီးစီးကျနေတဲ့ ရေစီးအောက်မှာ ပြိုလဲလုနီးပါးဖြစ်နေတဲ့ စုယုဝေရဲ့လှပတဲ့ ပုံရိပ်ကလေးကို မြင်လိုက်ရသည်။ သို့ပေမဲ့လည်း သူမက မရမကတောင့်ခံထားလျက်ပင် ရှိနေသေးသည်။
“ဒီသတ္တုဓာတ်စွမ်းအင်က အမှန်တကယ်ကို အကျိုးရှိတာပဲ… ဒါပေမဲ့လည်း ဒါကအရမ်းကို နည်းပါးလွန်းတယ်…” အတွေးတွေက ဇူယွမ်ရဲ့ခေါင်းထဲမှာ လှည့်လည်နေခဲ့သည်။ တကယ်လို့သာ သူက ဒီသတ္တုဓာတ်စွမ်းအင်တွေကို ပိုပြီးစုပ်ယူနိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ အဆုံးမရှိစီးဆင်းနေတဲ့ရေကြောင့် ဖြစ်ပေါ်နေရတဲ့ ခန္ဓာကိုယ်နာကျင်မှုတွေက လုံးဝပျောက်ကွယ်သွားလိမ့်မည်။ ဒီလိုသာဆိုရင် သူ့အနေနဲ့ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်စွမ်းရှိလာလိမ့်မည်ဖြစ်သည်။
သို့ပေမဲ့လည်း ကျောက်စိမ်းဝိညာဉ်ရေတံခွန်က အရမ်းကိုကျယ်ပြန့်လှပြီး သူ့ခန္ဓာကိုယ်ပေါ်ကို ကျဆင်းနေတဲ့ရေထဲမှာလည်း သတ္တုဓာတ်စွမ်းအင်အမျှင်တန်းတစ်ခုသာ အများဆုံးပါဝင်ပေသည်။ သူ့အနေနဲ့ ဒီထက်ပိုပြီးတော့လည်း ရရှိနိုင်မည့်ပုံမပေါ်ပေ။
သူ့ရဲ့အတွေးတွေက ဒီအချက်ကိုရောက်လာသည့်အခါ ဇူယွမ်က ဘာမှတတ်နိုင်ခြင်းမရှိခဲ့ဘဲ သူ့ရဲ့ခေါင်းကိုသာ ခါရမ်းလိုက်မိသည်။ သို့သော်ငြားလည်း သိပ်မကြာခင်မှာပင် အကြံဉာဏ်တစ်ခုက ထွက်ပေါ်လို့လာခဲ့ရသည်။ အခြားကျောင်းသားတွေက သတ္တုဓာတ်စွမ်းအင်ကို အာရုံခံနိုင်စွမ်းမရှိပေမဲ့လည်း ဒါကသူ့အတွက်တော့မဟုတ်ပေ။ သူ့ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည့်အတွက် အာရုံခံနိုင်တဲ့စွမ်းရည်မှာ ဝင်ပေါက်ဖွင့်ခြင်းအဆင့်က ဘယ်သူမှ သူနဲ့ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
“ငါဒါကို ကြိုးစားကြည့်ရမယ်…”
ဇူယွမ် သူ့ရဲ့မျက်လုံးတွေကို တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ မှိတ်ခဲ့လိုက်သည်။ စိတ်ဝိညာဉ်က သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ နိုးထလာခဲ့ပြီး သူ့ရဲ့အာရုံခံစားမှုက အပြင်ဘက်ကို ပျံ့နှံ့သွားခဲ့သည်။ မိုးခြိမ်းသံအလား ကျယ်လောင်စွာထွက်ပေါ်နေတဲ့ ရေစီးသံတွေက ရုတ်ချည်းတိတ်ဆိတ်သွားခဲ့ရပြီး ဇူယွမ်က အဆုံးမရှိစီးဆင်းနေတဲ့ ရေထဲမှာပါဝင်နေတဲ့ ခရမ်းရောင်စွမ်းအင်တွေကို စတင်ပြီးအာရုံခံနိုင်လာခဲ့သည်။
“ငါတကယ်ကို သတ္တုဓာတ်စွမ်းအင်ကို အာရုံခံနိုင်တာပဲ…”
ဇူယွမ့်နှလုံးသားထဲမှာ ကျေနပ်အံ့အားသင့်မှုတွေ မြင့်တက်လာခဲ့ရသည်။ သူက သူ့ရဲ့စိတ်ဝိညာဉ်ကို အတွေးတစ်ခုနဲ့ ထိတွေ့လိုက်သည့်အခါ သူ့ရဲ့မျက်ခုံးနှစ်ခုကြားကနေ ထူးဆန်းတဲ့အလင်းရောင်တစ်ခု ပေါ်ပေါက်လာခဲ့ရသည်။ အဲ့ဒီနေရာမှာ ဖောက်ထွင်းမြင်နိုင်လောက်တဲ့ ပုံရိပ်တစ်ခုထိုင်နေတာကို လူတစ်ယောက်က မှုန်ဝါးဝါးမြင်တွေ့နိုင်ပေသည်။ ထိုအရာက ဇူယွမ်ရဲ့ စိတ်ဝိညာဉ်ပင်ဖြစ်သည်။
ဒီဖွဲ့စည်းထားတဲ့ပုံရိပ်ကနေ စုပ်ယူအားတစ်ခုထွက်ပေါ်လို့လာခဲ့ရသည်။ ဒီစုပ်ယူအားက ပြင်းထန်ခြင်းမရှိဘဲ ၎င်းက စီးဆင်းနေတဲ့ခရမ်းရောင်စွမ်းအင်အမျှင်တန်းလေးတွေကိုသာ ပစ်မှတ်ထားစုပ်ယူနေလျက်ရှိသည်။
ဇူယွမ်က သူ့ရဲ့စိတ်ဝိညာဉ်ကို အသုံးပြုပြီး ခရမ်းရောင်စွမ်းအင်တွေကို စုပ်ယူနေစဉ်မှာ ရေထဲကနေ ခပ်မှိန်မှိန်ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ်တိုးဝင်လာသကဲ့သို့ ၎င်းတို့ကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိုပိုပြီးစုဆောင်းလာနိုင်ခဲ့သည်။
ဇူယွမ်ရဲ့မျက်လုံးတွေက ရုတ်တရက်ဖြည်းညှင်းစွာပွင့်လာခဲ့ပြီး ပျော်ရွှင်မှုတွေ စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေရပေသည်။ ဒီအခိုက်အတန့်အတွင်း သူ့ခန္ဓာကိုယ်ထဲမှာ သတ္တုဓာတ်စွမ်းအင်ပမာဏများစွာစီးဆင်းနေမှုကို ခံစားနိုင်ခဲ့ရသည်။
“ဒါကတကယ်ကို အလုပ်ဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး…”
ဇူယွမ်သူ့ခန္ဓာကိုယ်ထဲက တတိယမြောက်စွမ်းအင်ဝင်ပေါက်ရဲ့အတားအဆီးက လွန်စွာလျော့ပါးလာတာကို ခံစားမိခဲ့လိုက်သည့်အတွက် စိတ်လှုပ်ရှားစွာ ထခုန်လိုက်မိသည်။
ဝုန်း…
သို့ပေမဲ့လည်း ဒီခုန်ပေါက်မှုက ချက်ချင်းဆိုသလို သူ့ကိုမြေပြင်နှင့် ကင်းကွာသွားစေခဲ့သည်။ အရှိန်ပြင်းစွာစီးကျနေတဲ့ရေတွေက သူ့ကိုပြင်းထန်စွာရိုက်နှက်သွားခဲ့မိပြီး သနားစရာကောင်းလောက်အောင် ရေကန်ထဲကို လွင့်ထွက်သွားခဲ့ရပေသည်။