ထိုဧရာလက်ကြီးသည် ခဏာတုံ့ဆိုင်းသွား၏။ ပျောက်ကွယ်နေရာကနေ ရပ်တန့်သွားသည်။ လေဟာနယ်ထဲကနေ ပြန်ပေါ်လာသည်။ ၎င်းက ရှေ့ဖြစ်ဟောသူရှိရာသို့ မြန်ဆန်စွာ ဆန့်တန်းလာပြန်သည်။ ရှေ့ဖြစ်ဟောသူ၏မျက်လုံးထဲရှိ ရှေ့ဖြစ်ဉာဏ်အလင်းက ပို၍ ထူးဆန်းလာ၏။သူ့လက်ကို ဆန့်ထုတ်သည်။ ခရင်းသည် လှည့်၍ တစ်ဖန်ထပ်တိုးဝင်လာသည့် ဧရာမလက်ကြီးရှိရာသို့ ဦးတည်သွားတော့သည်။
သို့ရာတွင် ၎င်းက လက်ကြီးကို ထပ်မံ၍ ထွင်းဖောက်ခါနီးအချိန်၌ ထိုလက်ကြီးက ရုတ်တရက် ၎င်းခရင်းကို စုပ်ကိုင်လိုက်သည်။ ကျယ်လောင်စွာ မြည်ဟိန်း၍ ခရင်းပေါ်၌ အက်ရာများ ဖြစ်ပေါ်လာသည်။ထိုခရင်းထံမှ ငွေရောင်အလင်းများ စိမ့်ထွက်လာကာ လက်ကြီး၏ ဝါးမြိုခြင်းကို ခံရသည်။
ချက်ခြင်းလိုလိုပင် ထိုလက်ကြီးက ခရမ်းကို ဆုပ်ကိုင်ထားရာကနေ ဖြေလျော့၍ ရှေ့ဖြစ်ဟောသူ ရှိရာသို့ တန်းတန်းမတ်မတ် ဝင်လာသည်။ရှေ့ဖြစ်ဟောသူက နောက်သို့ ဆုတ်ရန် ပြင်စဉ် ထိုလက်ကြီးသည် လေဟာနယ်ထဲကနေ ထိုးထွက်၍ သူ့အား ဆုပ်ကိုင်ညှစ်ချေ၏။
ပင့်သက်ရှိုက်မှုနှင့်အတူ ရှေ့ဖြစ်ဟောသူ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။
သူ့ခန္ဓာကိုယ်က တုန်ယင်နေရင်း အရိပ်များစွာ ထွက်ပေါ်လာ၏။ထိုအရိပ်များသည် ထွက်ပေါ်လာသည်နှင့် လက်ကြီး၏စုပ်ယူခြင်းကို ခံရသည်။
ထိုလက်ကြီး၏ စုပ်ယူသည့်နှုန်းက ရှေ့ဖြစ်ဟောသူ သူ့အရိပ်ပုံရိပ်များကို ထုတ်လွှတ်သည့်နှုန်းထက် အဆများစွာ မြန်နေသည်။ထို့အတွက်ကြောင့် ရှေ့ဖြစ်ဟောသူ ခံစားရသည့် ဆုံးရှုံးရမှုမှာ အံ့မခန်း ဖြစ်လာသည်။
အသက်ဆယ်ကြိမ်ရှုစာ ကြာမြင့်ပြီးနောက် ထိုဧရာမလက်ကြီးက အထည်ဒြပ် ဖြစ်လုနီး ဖြစ်လာ၏။သိုသော် ၎င်းက ဆက်၍ မစုပ်ယူတော့ပေ။ ၎င်းက ဆုပ်ကိုင်ထားမှုကို ဖြည်းဖြည်းချင်း ဖြေလျော့စေပြီး နောက်သို့ ခပ်နှေးနှေးပြန်ဆုတ်ကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
သည်တစ်ကြိမ်၌ ရှေ့ဖြစ်ဟောသူက နောက်ကနေ မလိုက်လံဝံ့တော့ပေ။သူ့မျက်နှာက ဖြူရောနေ၏။သူ့မျက်လုံးပင် အနည်းငယ် ရီဝေနေသည်။သူက သွေးများစွာ အန်ထုတ်လိုက်ရလေသည်။
“ငါမှားသွားခဲ့ပြီ…ပထမတစ်ကြိမ် ငါက ဝမ်လင်းနဲ့ ပတ်သတ်လို့ မှားခဲ့တဲ့အတွက် ဒီလိုအရာ ဖြစ်ပေါ်လာခဲ့တာ။ အဲ့နောက် ငါက ဒီလက်ကို ထပ်ပြီး စုပ်ယူခွင့်ပေးခဲပြီး ထပ်မှားခဲ့တယ်…” ရှေ့ဖြစ်ဟောသူ ခရင်းကို ပြန်သိမ်းဆည်းကာ စဉ်းစားနေရင်း ထျန်ယွမ်ဂြိုဟ်ရှိရာသို့ ပြန်သွား၏။ချက်ခြင်းပင် သူက တံခါးပိတ်ကျင့်ကြံဖို့ လုပ်တော့၏။
“ဒီပုံရိပ်ယောင်လက်ကြီးထဲမှာ သတ်ဖြတ်ချင်တဲ့စိတ် မပါဝင်ဘူး။၎င်းက စုပ်ယူချင်ရုံ သပ်သပ်ပဲ။ ၎င်းက လုံလောက်အောင် စုပ်ယူပြီးတာနဲ့ ပြန်ထွက်ခွာသွားတယ်…။ကံမကောင်းစွာနဲ့ ငါက ဒီဖြစ်စဉ်ရဲ့ ပထမတစ်ပိုင်းကိုပဲ တွက်ချက်နိုင်ပြီး ဒုတိယအပိုင်းကို မတွက်ချက်နိုင်ခဲ့ဘူး…။ဒီလက်က စိတ်ဝိညာဉ်တစ်ခုခုရဲ့ ထိန်းချုပ်ထားတဲ့ အရာ ဖြစ်မယ်…”
ရှေ့ဖြစ်ဟောသူသည် မချင့်ပြုံး ပြုံးမိ၏။ သူသာ တန်ပြန်မတိုက်ခိုက်ခဲ့ပါက သူ့ဆုံးရှုံးမှုသည် ခုလောက်ထိ များပြားခဲ့လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ခုချိန်၌ သူက သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
“ငါက ဒီလက်ကြီးရဲ့ ဖမ်းချုပ်မှုကို အသက်ရှုချိန်ဆယ်ကြိမ်စာလောက်ပဲ ခံခဲ့ရတာ။ဒါပေမဲ့ အခြားနိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူတစ်ယောက်သာ ဆိုရင် သူတို့ရဲ့ အသွေးအသားနဲ့ မူလစိတ်ဝိညာဉ်တောင် လုံးဝ ခြောက်သွေ့သွားနိုင်လိမ့်မယ်…”
သက်ပြင်းချနေရင်း ရှေ့ဖြစ်ဟောသူက ပို၍ အိုစာသွားသည့်ပုံ ပေါ်သည်။သူက သူ့ဆုံးရှုံးမှုသည် သူ့မူလစွမ်းအင်မျှသာ မဟုတ်ကြောင်း သိ၏။ ခုချိန်၌ သူ့ပြီးပြည့်စုံသည့်တာအိုနှလုံးသား၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ချေပြီ။
“ဒီ့မတိုင်ခင်တုန်းက ငါဟာ ဘဝမှာ တစ်ကြိမ် မှားခဲ့ဖူးသေးတယ်…” သူက ထိုအကြောင်းကို တွေးနေရင်း ကောင်းကင်ဘုံကံကြမ္မာကလန်သို့ ပြန်ရောက်လာကာ အပြာရောင်ကျောက်တုံးတစ်ခုပေါ်၌ ထိုင်ချ၏။ သူ့မျက်နှာသည် စတင်၍ ကြီးရင့်အိုစာလာတော့သည်။
“အတိတ်တုန်းက ငါဟာ မဟာမိတ်အကြီးအကဲအုပ်စုနဲ့ပတ်သတ်ပြီး ကြည့်မြင့်တဲ့အခါမှာ အမှားတစ်ခု ပြုလုပ်ခဲ့တယ်။ အဲ့နောက် ငါ့တာအိုနှလုံးသားအပေါ်မှာ အက်ကြောင်းတစ်ခု ပေါ်လာခဲ့တယ်။အဲ့နောက် ငါက သူ နဲ့တွေ့ဖို့ အခွင့်အရေးတစ်ခု ရခဲ့တယ်။ ဒါဟာ သူ့ရဲ့ အကြည့်တစ်ချက် ဖြစ်ပေမဲ့လည်း ငါ့အတွက် ဉာဏ်အလင်း ရရှိခဲ့တယ်။အဲ့အချိန်က အမှားကြောင့် ဖြစ်ခဲ့တဲ့ ငါ့တာအိုနှလုံးသားပေါ်က အက်ကြောင်းကလည်း ပြန်ကောင်းမွန်တဲ့ အရိပ်အယောင် ပြလာခဲ့တယ်။နှစ်ပေါင်းများစွာ နားလည်အောင် ကြိုးစားပြီးတဲ့နောက် ငါ့တာအိုနှလုံးသားဟာ နောက်တစ်ကြိမ် လုံးဝ ပြန်ကောင်းမွန်လာခဲ့တယ်။ငါဟာ ငါ့ကိုယ်ပိုင်တာအိုနေရာမှာ ကောင်းကင်ဘုံတာအို ကို အစားထိုး ဖြစ်ပေါ်စေမယ်…”
“ဒါပေမဲ့လည်း ငါက အခု နှစ်ကြိမ်ဆက်တိုက် မှားယွင်းသွားခဲ့ပြီ…” ရှေ့ဖြစ်ဟောသူ၏အသွင်သည် ခါးသက်သက်ဟန်ပန် ဖြစ်ပေါ်နေ၏။
“ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ဝမ်လင်းနဲ့ ပတ်သတ်ပြီး အမှားတစ်ခု ပြုလုပ်ခဲ့ပေမယ့်လည်း အဆုံးသပ်မှာ အရာအားလုံးဟာ ငါ့အစီအစဉ်တိုင်း ဖြစ်လာခဲ့တယ်။ ဒါပေမဲ့…ဒါပေမဲ့…ဒီတစ်ကြိမ် ငါ သူနဲ့ ပတ်သတ်ပြီး ပထမဆုံး မှားယင်းခဲ့တယ်…ငါ့လက်တစ်ကမ်းမှာတင် မှားယွင်းခဲ့တာ…”
ရှေ့ဖြစ်ဟောသူသည် ခေါင်းယမ်း၍ ကောင်းကင်ထက်သို့ အချိန်အတန်ကြာ ငေးကြည့်နေသည်။သူက ဖြည်းဖြည်းချင်း မျက်လုံးပြန်မှိတ်လိုက်သည်။ သူ့စိတ်နှလုံးထဲ၌ သက်ပြင်းသာ ချနေမိသည်။
လင်းထျန်ဟူကမူ သူ့မျက်နှာသည် အလွန်အမင်း ကြောက်လန့်မှုနှင့် ပြည့်နေ၏။သူ့ဦးရေပြားပင် ထုံထိုင်းနေသည်။သူက တာလော့ဂြိုဟ်၏ ဗဟိုချက်သို့ သွားနေ၏။ သူက မမြင်ရသောအလင်းတစ်ခုသည် သူ့နောက်သို့ လိုက်နေသည်ဟု ခံစားနေရ၏။ သူ ချထားခဲ့သည့် ချိပ်ပိတ်မှုများအားလုံးသည် ၎င်းအပေါ်၌ သက်ရောက်မှု ရှိမနေခဲ့ပေ။
လင်းထျန်ဟူ၏ ဂြိုဟ်ပင်မဗဟို အစွန်းနားသို့ ရောက်လာ၏။ သူက အံတင်းတင်းကြိတ်ကာ အထဲသို့ ခုန်ဝင်၏။
“ငါ တာလော့ဂြိုဟ်ကို ရရှိခဲ့ချိန်က ဒီဂြိုဟ်ကို သန့်စင်တဲ့အချိန် အသုံးပြုခဲ့တဲ့ မီးတောက်အမျှင်တန်းတစ်ခု ကျန်နေသေးတယ်ဆိုတာ သိခဲ့တယ်။ဒီလိုသေရေးရှင်ရေး အခိုက်အတန့်မှာ ဒီမီးတောက်ကတော့ ဒီအလင်းတန်းကို ခုခံနိုင်လိမ့်မယ်လို့ မျှော်လင့်ရမှာပဲ…” သူက ဂြိုဟ်ဗဟိုချက်သို့ ဝင်ရောက်လိုက်သည်နှင့် အပူလှိုင်းတစ်ခု သူ့မျက်နှာသို့ ရိုက်ခတ်လာသည်ကို ခံစားမိသည်။
ထိုမမြင်ရေသောအလင်းသည် သူ့ထံသို့ မြန်ဆန်စွာ ချဉ်းကပ်၍ ဂြိုဟ်ဗဟိုချက်သို့ တိုက်ရိုက်ဝင်လာ၏။၎င်းက ဖျပ်ခနဲပင် ဧရာမလက်ကြီးအဖြစ်သို့ ပြောင်းလဲ၍ လင်းထျန်ဟူထံသို့ ဆန့်တန်းလာသည်။
လင်းထျန်ဟူသည် ချွေးများဖြင့် ရွှဲနစ်နေ၏။သူ့ စိတ်ထဲကနေ အော်ငြီးနေမိသည်။ “ဒါဘာလဲ…ငါက ဝမ်လင်းကို ငါ့နတ်ဘုရားအာရုံနဲ့ ကြည့်မိရုံလေးလေ…ဘာကြောင့် ဒီအလင်းတန်းက ငါ့နောက်ကို လိုက်လာတာ မရပ်တန့်ရတာလဲ…”
သူက အံတင်းတင်းကြိတ်ထားမိ၏။သူက ဂြိုဟ်ဗဟိုချက် မီးတောက်ရှိရာသို့ ရွှေ့လျားလာသည်။သူက အလွန်မြန်၏။ သူက မီးတောက်နား ရောက်လာချိန်၌ သူ့နောက်ရှိ ဧရာမလက်ကြီးသည် ညင်သာစွာ ဝေ့ယမ်းလိုက်သည်။
လင်းထျန်ဟူက သွေးအပြည့်အန်ထုတ်ရ၏။ သို့သော် သူက ပို၍ မြန်ဆန်စွာသွားနေ၏။မီးတောက်ကို သူ့ရှေ့၌ မြင်နေရသည်။
ထိုမီးတောက်က အနက်ရောင်ဟင်္သာငှက်အသွင်ပုံစုံနှင့် တူသည်။
လင်းထျန်ဟူသည် အံတင်းတင်းကြိတ်ကာ ထိုဟင်္သာငှက်မီးတောက်ထံသို့ တိုးဝင်လိုက်၏။ သို့သော် သူက မီးတောက်နှင့် နီးကပ်သွားစဉ်မှာပင် ဧရာမလက်သည် သူ့အား ညင်သာစွာ ဖမ်းဆုပ်သွားသည်။
ချက်ခြင်းပင် လင်းထျန်ဟူ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူက ဘက်ပေါင်းစုံမှ ပြင်းထန်သောအားတစ်ခု သူ့အား ပိတ်လှောင်ပစ်သကဲ့သို့ ခံစားရသည်။
ထို့နောက် ၎င်းလက်ကြီးက ခပ်ကြမ်းကြမ်း ညှစ်ချေသည်။လင်းထျန်ဟူ၏မျက်နှာက ဖြူရောသွား၏။သူက သူ့အသွေးအသား၊မူလစွမ်းအင်နှင် သူ့မူလစိတ်ဝိညာဉ်တို့ပင် စုပ်ယူခြင်းခံရသည်ဟု ခံစားမိသည်။
သူမည်မျှ ကြိုးစားရုန်းကန်ပါစေ အချည်းနှီးပင်။
အသက်ရှုချိန်ခြောက်ကြိမ်စာလောက် ကြာမြင့်ပြီးနောက် လင်းထျန်ဟူသည် မျက်လုံးပြူးလား၏။သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်လာသည်။ သည်အခိုက်၌ သူက အော်ဟစ်မှုပင် မပြုလုပ်နိုင်တော့ချေ။
သို့ရာတွင် ထိုသို့ မျှော်လင့်ချက်ကင်းမဲ့နေသည့် သကာလ၌ တစ္ဆေအလင်းတစ်ခုသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထွက်ပေါ်လာကာ စုပ်အားကို ခဏတာ တန့်သွားစေသည်။
တချိန်တည်းမှာပင် ဧရာမလက်ကြီးက လင်းထျန်ဟူကို ဆုပ်ကိုင်ထားရကနေ မမျှော်လင့်ထားစွာ ပြန်ဖြေလျှော့၍ ပျောက်ကွယ်သွားတော့သည်။လင်းထျန်ဟူသည် ထိုအရာများကို စောင့်ကြည့်နေမိ၏။သူက သူသည် သေရွာကနေ ပြန်နိုးထာလာနိုင်သည့်အလား ခံစားလိုက်မိ၏။
လင်းထျန်ဟူက ၎င်းလက်ကြီးသည် ရှေ့ဖြစ်ဟောသူထံမှ ဆုံးရှုံးမှုများအောင် စုပ်ယူခဲ့ခြင်းမပြုခဲ့ပါက သူသည် လုံးဝ ဝါးမြိုခံရလိမ့်မည်ကိုမူ မသိခဲ့ပေ။
လင်းထျန်ဟူ၏စွမ်းအားအများစုကို စုပ်ယူဖို့အတွက် အသက်ရှုချိန်ခြောက်ခါကြာချိန်က လုံလောက်နေပေ၏။ သူက ခါးသီးစွာ ပြုံး၍ သက်ပြင်းချမိ၏။ သူက ရှေ့ဖြစ်ဟောသူ မည်သို့ဖြစ်ပျက်ခဲ့သည်ကိုမူ မသိနေပေ။ သူ့စိတ်ကိုယ်သူ ပြန်ပြင်ဆင်၏။သူက တက်နိုင်သမျှ အမြန်ပြန်ကောင်းမွန်ရန် တံခါးပိတ်ကျင့်ကြံ ရပေတော့မည်။
ယခုအဖြစ်အပျက်အတွက် ဝမ်လင်းကို ရှာကာ လက်စားချေဖို့ရန်မူ လင်းထျန်ဟူသည် အတော်လေး ထိတ်လန့်နေမိခဲ့လေပြီ။သူက ထိုအတွေးကို တွေးမိသည်နှင့် ချက်ခြင်း စိတ်ထဲကနေ ပြန်မောင်းထုတ်ပစ်လိုက်၏။
သူက ထိုထူးဆန်းလှသောလက်ကြီးနှင့် ရင်မဆိုင်လိုပေ။
ဝမ်လင်းသည် တာလော့ဓားကလန်၏ မျှော်စင်အပြင်ဘက်၌သာ ရှိနေသေးသည်။ မီးတောက်ပင်လယ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှ ထွက်ပေါ်သည့် အလင်းလှိုင်းတို့က အစားထိုးနေ၏။
ထိုအလင်း ထွက်ပေါ်လာသည့်အခိုက်၌ သူက ၎င်းအလင်းသည် နှစ်ပိုင်းခွဲထွက်သွားသည်ကို ခံစားမိသည်။အလင်းတန်းတစ်ခုက မျှော်စင်ကြီးပေါ်ရှိ လင်းထျန်ဟူထံသို့ ဖြစ်ကာ နောက်တစ်ခုကမူ လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။ဝမ်လင်းသည် ဒုတိယအလင်းတန်းက မည်သည့်နေရာသို့ ပျောက်ကွယ်သွားသည်ကိုမူ မသိပေ။
သို့ရာတွင် အချိန်များစွာ မကြာမီမှာပင် အလင်းတန်းနှစ်ခုသည် တစ်ပြိုင်နက်တည်းလိုလို ပြန်ရောက်လာကာ ပုတီးစေ့ထဲသို့ ပြန်ဝင်ရောက်သွားကြ၏။ဤအခိုက်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ရုတ်တရက် တုန်ယင်လာပေသည်။
ပုတီးစေ့ပေါ်ရှိ နေပုံစံကွက်သည် အလွန်တောက်ပလာ၏။အလင်းတန်းနှစ်ခု ဝင်ရောက်လာသည့်နောက် ၎င်းပုံစံကွက်သည် ဖြည်းဖြည်းချင်း စတင်လှည့်လည်သည်။
ဝမ်လင်းကလွဲ၍ မည်သူကမျှ ထိုအဖြစ်ကို သတိပြုမိမည် မဟုတ်ပါ။ လင်းထျန်ဟူ၏ အလိုစလို အသည်းအသန် တုန့်ပြန်မှုကြောင့် တာတော့ဓားကလန်မှ တပည့်များအားလုံးသည်လည်း လူခွဲနေကြ၏။ သို့သော် သူတို့က စိတ်ရှုပ်ထွေးမိနေကြ၏။
ဝမ်လင်းသည် ပုံမှန်အတိုင်းသာ ရှိနေ၏။ဘာတစ်ခုမျှ ထူးထူးခြားခြား မဖြစ်ပျက်သွားသည့်အလား။ သို့ရာတွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ အဆုံးစွန်ယန်ကို စုပ်ယူခြင်းကြောင့် သူ့ခန္ဓာကိုယ်အတွင်းတွင်မူ လှိုင်းထန်နေလေ၏။
ပုတီးစေ့ပေါ်ရှိ နေပုံစံကွက်သည် ပို၍ မြန်ဆန်စွာ လှည့်ပတ်လာနေ၏။ ၎င်းက အလင်းမုန်တိုင်းတစ်ခုအလား ဖြစ်လာခဲ့သည်။
ထိုအလင်းထဲ၌ နွေးထွေးမှု ပါဝင်၏။ ဝမ်လင်းအဖို့ အလွန့်အလွန် သက်တောင့်သက်သာ ဖြစ်မှုကို ခံစားနေရသည်။ ထိုအလင်းက သူ့န္ဓာကိုယ်ထဲ၌ ပြည့်လာချိန်တွင် ဝမ်လင်းသည် တည်ငြိမ်သထက် တည်ငြိမ်လာသည်။
သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် မြန်ဆန်စွာ စတင်လှည့်ပတ်လာသည်။၎င်းက စက်ဝန်းတစ်ခု လှည့်ပတ်ပြီးတိုင်း ငွေရောင်အလင်းအမျှင်တန်းတစ်ခုက ၎င်းအတွင်းသို့ ဝင်ရောက်၏။တဖြည်းဖြည်းဖြင့် ဝမ်လင်း၏မူလစွမ်းအင်ထဲ၌ အပူဓာတ်အငွေ့အသက်တစ်ခု ပါဝင်လာတော့သည်။
မူလစွမ်းအင်က ပြောင်းလဲနေရင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် စတင်၍ တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူ့မူလစိတ်ဝိညာဉ်သည် မူလက ရှေးဟောင်းမိုးကြိုးနဂါး ဖြစ်၏။သို့သော် ခုချိန်၌ ၎င်းနဂါးအထက်၌ အနီရောင်မြူထုကြီးတစ်ခု ပေါ်ထွက်နေသည်။
***