Switch Mode

အပိုင်း(၁၀၂၅)

တောက်ပသောဟင်းလင်းပြင်ရဲ့ သခင်မ

လင်းထျန်ဟူက မျက်လုံးကစားလိုက်၏။သူ့အကြည့်က ရှေ့ဖြစ်ဟောသူထံ၌ မရှိပေ။ ထိုအစား သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။သူက အော်ပြောလာသည်။ “ဝမ်လင်း…ဒီအဘိုးအိုရဲ့ တာလော့ဓားကလန်မှာ အကြီးအကဲ နေရာ လစ်လပ်နေတယ်။ မင်းက တာလော့ဓားကလန်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်လာဖို့ ဆန္ဒ ရှိလား…”

ရှေ့ဖြစ်ဟောသူက မျက်မှောင်ကြုတ်သွားသည်။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့စိတ်ထဲ၌ အတွေးများစွာ ရှိနေသည်။ထို့နောက် သူက သူ့လက်သီးနှစ်ဖက်ကို စုပ်ကာ ပြောလိုက်၏။ “ဓားသူတော်စင်ကို ကျေးဇူးတင်ပါတယ်…”

လင်းထျန်ဟူက ရှေ့ဖြစ်ဟောသူကို ကြည့်၍ နှာခေါင်းရှုံ့ကာ ဆိုသည်။ “ရှေ့ဖြစ်ဟောသူ…ငါတို့သဘောတူထားချက်အရ အခု ဒီအဘိုးအိုမှာ ဝင်ပါဖို့ အကြောင်းပြချက်တစ်ခု ရသွားပြီ…”

ရှေ့ဖြစ်ဟောသူက မျက်မှောင်ကြုတ်နေရာကနေ ဖြေလျော့လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြုံး၍ ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ သူက တည်ငြိမ်စွာ ပြောသည်။ “ဒီလိုဆိုမှတော့…ဒီကိစ္စကို မေ့လိုက်ကြတာပေါ့…”

သူက ထိုသို့ ပြောပြီးနောက် ခုနစ်ရောင်စုံအလင်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းက ဝမ်လင်း၏စိတ်ကို တုန်ယင်စေ၏။ သူက ရှေ့ဖြစ်ဟောသူ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ကာ စတင် စဉ်းစားနေသည်။

လင်းထျန်ဟူ၏အသွင်က ချက်ခြင်း သုန်မှုန်လာ၏။သူက မျက်မှောင်ကြုတ်နေသည်။ ထို့နောက် သူက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လိပ်ခွံငါးခု ထွက်ပေါ်လာ၏။၎င်းတို့က သူ့လက်ထဲ၌ လှည့်ပတ်နေသည်။လင်းထျန်ဟူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်အချို့ကို ဆက်တိုက် ပြုလုပ်လိုက်သည်။

သိပ်မကြာခင်တွင် လင်းထျန်ဟူ၏အသွင်က ပိုမို၍ပင် သုန်မှုန်လာ၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒီ မကောင်းတဲ့ကောင် ရှေ့ဖြစ်ဟောသူ ဒီလိုလုပ်သွားတာရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာကို ဆိုလိုချင်တာလဲ…”

သူက စဉ်းစားနေရင်း ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၏။

“ရှေ့ဖြစ်ဟောသူက ဝမ်လင်းအပေါ်မှာ ဒီလိုကြံစည်လာတာဆိုတော့ သူ့အတွက် ဝမ်လင်းက အတော်လေး အသုံးဝင်ရလိမ့်မယ်။ ငါ ထင်တာကတော့ ဝမ်လင်းဟာ ရှေ့ဖြစဟောသူရဲ့ တာအိုအတွက် အသုံးဝင်တာ ဖြစ်ရမယ်။ အထူးသဖြင့် ဝမ်လင်းဟာ ဟင်္သာငှက်တသီတသန်း အဖွဲ့ဝင် ဖြစ်နေတာတောင်မှပေါ့…။ ဝမ်လင်းအပေါ် ရှေ့ဖြစ်ဟောသူရဲ့ အကြံအစည်ဟာ အတော်လေး အရေးကြီးလိမ့်မယ်…မဟုတ်ရင် သူက နတ်လေးပါးကလန်ကို ဘယ်လိုလုပ် ရန်စပါ့မလဲ…”

“သူ့အကြံသာ အောင်မြင်သွားရင် သူက နတ်လေးပါးကလန်ကိုတောင် ကိုင်လှုပ်နိုင်တဲ့အစွမ်း ရကောင်းရလာနိုင်သေးတယ်။ဒါသာ အမှန်ဆိုရင် ငါက ဒီမကောင်းတဲ့ကောင် ရှေ့ဖြစ်ဟောသူကို ဟန့်တားရလိမ့်မယ်။ မဟုတ်ရင် သူ အောင်မြင်သွားတာနဲ့ ငါလည်း ငါ့တစ်ဘဝလုံး သူ့ကို ဆန့်ကျင်နိုင်တဲ့ အနေထား ရှိလာမှာ မဟုတ်တော့ဘူး…”

လင်းထျန်ဟူက စိတ်ထဲ၌ အတွေးများနေ၏။

“ဒါပေမဲ့လည်း…ဝမ်လင်းက သူ့အတွက် အရေးကြီးလှတယ်ဆိုရင် သူက ဘာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ထွက်သွားရတာလဲ။ ထူးဆန်းလိုက်တာ…” လင်းထျန်ဟူက သက်ပြင်းလေးလေးပင်ပင် မှုတ်လိုက်၏။ ထို့နောက် သူက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ဝမ်လင်း…ဒီနေ့ ငါ မင်းကို မကူညီဘူးဆိုရင်တောင် ရှေ့ဖြစ်ဟောသူက မင်းကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်မှာ မဟုတ်ဘူး။ တကယ်တော့ မင်းက ဟင်္သာငှက်တသီတသန်းရဲ့ အဖွဲ့ဝင် မဟုတ်လား…”

ဝမ်လင်းသည် အစကနေ အဆုံးထိ လင်းထျန်ဟူနှင့်ရှေ့ဖြစ်ဟောသူတို့ကြား ဆက်နွှယ်မှုအကြောင်းကိုသာ တွေးနေသည်။ သည်အခိုက်အတန့်၌ သူက လက်နှစ်ဖက်ယှက်၍ ပြော၏။ “ဟင်္သာငှက်တသီတသန်းမှာ လူသုံးယောက်ပဲ ရှိပါတယ်။ ငါက သူတို့သုံးယောက်ထဲက တစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ် ဂျူနီယာက ဓားသူတော်စင်ရဲ့ အကူအညီပေးမှုကို အမှတ်ရမိနေမှာပါ…”

လင်းထျန်ဟူက ခေါင်းညိတ်၏။သူက ပြုံး၍ ဆိုသည်။ “ဟင်္သာငှက်တော်ဝင်အင်ပါယာ စွမ်းအားကောင်းတဲ့ အချိန်တုန်းက ငါဟာ ဂျူနီယာတစ်ယောက်သာသာပဲ ရှိခဲ့တယ်။ သူ့ဂုဏ်သတင်းက ငါ့ကို အရင်တုန်းက ကူညီပေးခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ဒါက ကြာလွန်းလှပြီဆိုတော့ သူ မေ့နေ့လောက်ပါပြီ။မင်းက ဟင်္သာငှက်တသီတသန်းအဖွဲ့ဝင် ဖြစ်နေတော့ မှန်ကန်တဲ့အခွင့်အရေးကိုသာ စုပ်ကိုင်နိုင်ရင် တနေ့မှာ မင်းလည်း ဟင်္သာငှက်တော်ဝင်အင်ပါယာ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ငါတို့နှစ်ယောက်ကြားမှာ အဆင့်တူလို ပြောတာ ပိုကောင်းလိမ့်မယ်။ အခုတော့ မင်းက မကောင်းတဲ့လူအိုကြီး ရှေ့ဖြစ်ဟောသူရဲ့ တပည့် ဆက်မဟုတ်တော့ဘူး…”

ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။ သူက ပြောလာသည်။ “ဓားသူတော်စင်က ယဉ်ကျေးနေပါပြီ။ ဒီလိုဆိုမှတော့ ငါက ဓားသူတော်စင်ရဲ့ စကားကို နားထောင်ရမှာပေါ့…”

လင်းထျန်ဟူက ရယ်မော၍ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဒီအဘိုးအိုနဲ့ တာလော့ဂြိုဟ်ကို လိုက်လာခဲ့ပါ။ ဒီလှိုင်းအသူတစ်ရာချောက် ဖွင့်တဲ့အခါကျရင် ငါတို့ ကောင်းကင်ဘုံလှိုဏ်ဂူရှိ သွားကြတာပေါ့…”

ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်သည်။ “ကျေးဇူးပြုပြီး ဦးဆောင်ပါ…”

သူတို့နှစ်ယောက်က လျင်မြန်စွာ ရွှေ့လျားနေ၏။တာလော့ဂြိုဟ်သည် သိပ်မဝေးလှပေ။ထို့ကြောင့် သိပ်မကြာခင်မှာပင် သူတို့ရှေ့၌ တာလော့ဂြိုဟ်ပေါ်လာ၏။

လမ်းတစ်လျှောက်၌ လင်းထျန်ဟူသည် ဝမ်လင်း သူ့တပည့်များကို သတ်ခဲ့သည့်အကြောင်း လုံးဝ မပြောတော့ပေ။ ထိုအစားသူက ဝမ်လင်းနှင့် ကောင်းကင်ဘုံမန္တာန်များ၊တာအိုအကြောင်းကိုသာ ပြောလာ၏။ဤတစ်ကြိမ်က ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းနှင့်လင်းထျန်ဟူတို့ စကားကောင်းကောင်း ပြောသည့်အချိန်ဟု ယူဆ၍ ရနိုင်ပေသည်။

လမ်းတစ်လျှောက်၌ ဝမ်လင်းက စကားအများကြီး မပြောသော်လည်း သူပြောခဲ့သည့်စကားက လင်းထျန်ဟူ သူ့အပေါ်ကို အထင်ကြီးစေပေသည်။

“ဒီဝမ်လင်းက ဟင်္သာငှက်တသီတသန်းက လူဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ သူ့ကျင့်ကြံမှုအဆင့်ပဲ အားကောင်းရုံတင်မဟုတ်ဘူး။ သူ့ထိုးထွင်းဉာဏ်နဲ့ နားလည်မှုကလည်း အံ့အားသင့်ဖွယ်ပဲ…”

သူတို့နှစ်ယောက် ပြောနေရင်း ဝမ်လင်းက အဆုံးစွန်ယန်အကြောင်းကိုလည်း စဉ်းစားနေ၏။ သူက အစီအစဉ်တစ်ခု ပြုလုပ်နေသည်။ဝမ်လင်းက အချိန်အတန်ကြာ တွေးပြီးသည့်နောက်မှာလည်း ရှေ့ဖြစ်ဟောသူ ဘာကြောင့် အလွယ်တကူ ပြန်ဆုတ်သွားခဲ့သည်ကို နားမလည်နိုင် ဖြစ်နေသေးသည်။

သို့ရာတွင် သူက ရှေ့ဖြစ်ဟောသူ၏ လုပ်ဆောင်မှုသည် သူ့ထံသို့ ရည်ရွယ်သည်မဟုတ်မှန်း ခပ်ရေးရေး ခန့်မှန်းမိ၏။ သို့သော် ဝမ်လင်းက သူ့ဘေးရှိ လင်းထျန်ဟူကို ကြည့်လိုက်မိသည်။

“ရှေ့ဖြစ်ဟောသူရဲ့ ကြံစည်မှုက လင်းထျန်ဟူကိုများ ဖြစ်နေမလား…”

အကွာအဝေးတစ်ခုမှ ကြည့်ပါက တာလော့ဂြိုဟ်သည် ဓားစွမ်းအင်များနှင့် ပြည့်နေသည်ကို တွေ့ရပေမည်။ ထိုဓားစွမ်းအင်များက ပြန့်ကျဲတည်ရှိ၏။ သို့ရာတွင် ၎င်းဓားစွမ်းအင်များသည် သာမန်မဟုတ်ပေ။

ထိုဓားစွမ်းအင်များက ကျင့်ကြံသူများထံမှ ထုတ်လွှတ်ခြင်းမဟုတ်ဘဲ တာလော့ဂြိုဟ်ကိုယ်တိုင်က ထုတ်လွှတ်ပေးနေခြင်းပင်။

သည်ဓားစွမ်းအင်များက အတော်လေး ပြန့်ကျဲ တည်ရှိကာ ကမောက်ကမ ဖြစ်သည်ဟု ထင်ရ၏။ သို့ရာတွင် ဝမ်လင်းက တစ်စုံတစ်ယောက်ကသာ ထိုဓားစွမ်းအင်များကို ထိန်းညှိလမ်းညွှန်ပါက စွမ်းအားသည် မြေကမ္ဘာကိုပင် တုန်လှုပ်စေပေလိမ့်မည်။

“တာလော့ဂြိုဟ်က ထျန်ယွမ်ဂြိုဟ်က ပိုင်ဆိုင်မှု မရှိဘူး။ ဒီအဘိုးအိုက တောက်ပသောလေဟာနယ်ကျင့်ကြံခြင်းကလန်ကနေ ကိုယ်ရေးကိုယ်တာ တောင်းဆိုမှုတစ်ခုကို အားစိုက် ဖြည့်ရှင်းပေးပြီးတဲ့နေက် ဒီဂြိုဟ်ကို ဆုလဒ်အဖြစ် ရရှိခဲ့တာပဲ…”

“ဒီဂြိုဟ်က တောက်ပသောလေဟာနယ်ငရဲမှာ အမြဲလောင်ကျွမ်းနေတဲ့ ပုံရိပ်ယောင်ဂြိုဟ်ကနေ ရရှိလာခဲ့တာ။ ဒီပုံရိပ်ယောင်ဂြိုဟ်ဟာ အလွန်ကြီးမားပြီး ထျန်ယွမ်ဂြိုဟ်ထက် အဆထောင်ချီ ပိုကြီးမားတယ်။ တောက်ပသောလေဟာနယ်ကလန်ရဲ့ အရှင်လေဟာနယ်စိတ်ဝိညာဉ်က ဒီဂြိုဟ်ကို ဓားတစ်လက်အဖြစ် သန့်စင်မွန်းမံခဲ့တာ။ဒါဟာ တာလော့ဂြိုဟ် ဘယ်လိုဖြစ်လာရလဲ ဆိုတဲ့ အကြောင်းပဲ…”

လင်းထျန်ဟူ၏အသံက တည်ငြိမ်နေ၏။သို့သော် ဂုဏ်ယူမှုတို့ ရှိနေသည်။

“မတော်တဆတစ်ခုကြောင့် ပုံရိပ်ယောင်ဂြိုဟ်ဟာ ပျက်စီးသွားခဲ့ပြီး…တာလော့ဂြိုဟ်ဟာ ဒီပြိုပျက်သွားခဲ့တဲ့ ဂြိုဟ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်…”

“တောက်ပသောလေဟာနယ်….” ဝမ်လင်း၏အသွင်က ပြောင်းလဲသွား၏။ သည်နာမည်ကို သူကြားရသည်မှာ ဒုတိယအကြိမ် ဖြစ်၏။ ပထမဆုံးအကြိမ်က ချင်းရွှေထံကနေ ၎င်းနာမည်ကို ကြားခဲ့ရခြင်းပင်။ကြည့်ရသည်မှာ မဟာမိတ်ကြယ်အဖွဲ့အစည်းကို တစ်ချိန်က တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းဟု ခေါ်တွင်ခဲ့သည့်ပုံပင်။

“ကျင့်ကြံခြင်းကလန်….ဒီကျင့်ကြံခြင်းကလန်ရဲ့နာမည်က တောက်ပသောလေဟာနယ် မလား…” ဝမ်လင်းသည် စဉ်းစားနေ၏။

“တောက်ပသောလေဟာနယ်ကျင့်ကြံခြင်းကလန်ဟာ မဟာမိတ်အဖွဲ့အစည်းမှာ တစ်ခုတည်းသော အဆင့်ကိုးကျင့်ကြံခြင်းဂြိုဟ်ပဲ…။ဒါပေမဲ့လည်း ဒီဂြိုဟ်ကို တောက်ပသောလေဟာနယ် ကျင့်ကြံခြင်းကလန်လို့ပဲ ခေါ်ကြတာ…” လင်ထျန်ဟူသည် ဝမ်လင်း စိတ်ရှုပ်ထွေးနေသည်ကို မြင်၏။ သူက ဝမ်လင်းသည် သည်အကြောင်းနှင့်ပတ်သတ်၍ အများကြီးမသိနေမှန်း သဘောပေါက်၏။ ထို့ကြောင့် သူက နောက်ထပ် ရှင်းပြပေးလာသည်။

“တောက်ပသောလေဟာနယ် ဆိုတဲ့ နာမည်ကို ဆက်လက် ထိန်းသိမ်းခေါ်ဆိုနေတဲ့ လူတွေ ရှိပါသေးတယ်…” လင်းထျန်ဟူ၏မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့ဟန်တို့ ဖြစ်ပေါ်လာသည်။

“မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ လူတစ်ယောက်ဟာ အဆင့်တစ်ခုကို ရောက်လာတာနဲ့ ကျင့်ကြံခြင်းမဟာမိတ်ကို မဝင်ရောက်ဖို့ ရွေးချယ်လာနိုင်တယ်။ဒါပေမဲ့လည်း ဒီလူဟာ တောက်ပသောလေဟာနယ်ကျင့်ကြံခြင်းကလန်ကိုတော့ လေးစားသမှု ထားရတယ်။သူတို့ရဲ့ ဖိတ်ကြားချက်ရတာဟာ ဂုဏ်ယူဖွယ်ရာတစ်ခုလည်း ဖြစ်တယ်…”

“နှစ်သုံးထောင်တိုင်း…ဒီကလန်က ဖိတ်ခေါ်မှုကျောက်စိမ်းပြား သုံးခုကို ပို့လွှတ်ပြီး တောက်ပသောလေဟာနယ်ငရဲမှာ ကျင့်ကြံဖို့အတွက် ကျင့်ကြံသူတွေကို ဖိတ်ခေါ်တယ်။ အတိတ်တုန်းက ငါနဲ့ရှေ့ဖြစ်ဟောသူတို့ နှစ်ယောက်လုံးဟာ အတူဖိတ်ကြားမှု လက်ခံရရှိခဲ့ကြတယ်…”

“တောက်ပသောလေဟာနယ်…” ဝမ်လင်းသည် လင်းထျန်ဟု ပြောသည်ကို တိတ်ဆိတ်စွာ နားထောင်မှတ်သားနေ၏။ ခဏအကြာတွင် သူ့မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ပြောလာ၏။ “နှစ်သုံးထောင်တိုင်း လူတွေ ဝင်တဲ့အတွက် တောက်ပသောကျင့်ကြံခြင်းကလန်က လူတွေဟာလည်း အပြင်ထွက်လာလိမ့်မယ်လို့ ငါ ထင်တယ်…”

“ဟုတ်တယ်…ထွက်လာတဲ့ လူတွေ ရှိတယ်။ မင်း ပထမဆုံးအကြိမ် ထျန်ယွမ်ဂြိုဟ်ကို ပြန်လာတုန်းက သေမျိုးအမျိုးသမီးနဲ့တူတဲ့ အမျိုးသမီးကို မှတ်မိသေးလား။ အတိတ်တုန်းက ငါနဲ့ရှေ့ဖြစ်ဟောသူအပြင် တတိယမြောက် ဖိတ်ကြားမှု ခံရတာက သူမပဲ…”

“သူမရဲ့ ဘေးမှာ အမျိုးသမီးတပည့်တစ်ယောက် ရှိတယ်။ ငါ မမှားဘူးဆိုရင် သူမဟာ တောက်ပသောလေဟာနယ်ကျင့်ကြံခြင်းကလန်က လာတာ ဖြစ်လိမ့်မယ်…”

ဝမ်လင်းသည် မင်သက်သွား၏။ဝမ်လင်းက သူ့ကို ဖိတ်ခေါ်ခဲ့သည့် ပန်းရောင်နှင့်အမျိုးသမီးအကြောင်းကို အရင်ဆုံးတွေးမိသွားသည်။

“တောက်ပသောလေဟာနယ်ကျင့်ကြံခြင်းကလန်မှာ ထိန်းသိမ်းတဲ့ ရှေးရိုးရာတစ်ခု ရှိတယ်။ဒီရိုးရာဟာ တောက်ပသောဟင်းလင်းပြင်သခင်မ တစ်ယောက် အမြဲ ရှိတာပဲ။ သူမက သခင်မ ဖြစ်နေမလားတော့ ငါလည်း မသိဘူး…”

“တောက်ပသောဟင်းလင်းပြင် သခင်မ…” လင်းထျန်ဟူ သူ့ကို ပြောနေသည့်အကြောင်းများသည် သူ တစ်ခါမျှ မကြားဖူးခဲ့သည့်အရာများ ဖြစ်နေ၏။

“ဟိုး လွန်ခဲ့တဲ့ အချိန်တွေတုန်းက နတ်လေးပါးကလန်ဟာ တောက်ပသောဟင်းလင်းပြင်ရဲ့ အုပ်စိုးသူတွေ ဖြစ်ခဲ့ဖူးတယ်…” လင်းထျန်ဟူက ခေါင်းယမ်း၏။ သူက ဆက်၍ မဆိုတော့ပေ။

သို့သော် ထိုစကားမျှဖြင့်ပင် ဝမ်လင်း၏ စိတ်ကို တုန်ယင်သွားစေ၏။

“နတ်လေးပါးကလန်က တောက်ပသောဟင်းလင်းပြင်ရဲ့ အုပ်စိုးသူ တစ်ချိန်က ဖြစ်ခဲ့ဖူးတယ်လား…” ဝမ်လင်းသည် နတ်လေးပါးကလန်၏ စွမ်းအားကို ခန့်မှန်းကြည့်ဖူး၏။ သို့သော် နတ်လေးပါးကလန်သည် သူစိတ်ကူးနိုင်သည့်ထက် ကျော်၍ ရှိနေသည့်ပုံပင်။

သူတို့နှစ်ယောက် လှုပ်ရှားနေရင်း တာလော့ဂြိုဟ်သည် ပို၍ နီးသထက်နီးလာ၏။ သည်တစ်ကြိမ်က ဝမ်လင်းအဖို့ တာလော့ဂြိုဟ်သို့ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ သူက ပို၍ နီးကပ်လာလေလေ ဂြိုဟ်မှ ထုတ်လွှတ်ပေးနေသည့် ဓားစွမ်းအင်များကို ပို၍ ခံစားမိလေပင်။

သည်တာလော့ဂြိုဟ်၌ ရေထုက နေရာများစွာ ယူထား၏။ သည်ဂြိုဟ်ပေါ်၌ တာလော့ဓားကလန်တစ်ခုသာ ရှိသည်။

ဝမ်လင်း၏မျက်လုံးရှေ့၌ မျှော်စင်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။

တာလော့ဓားကလန်မှ တပည့်များသည် လေထဲသို့ ပျံသန်းလာကြသည်။ သူတို့က လေထဲ၌ ပြည့်နှက်နေ၏။ အနည်းဆုံး သောင်းချီ ရှိနိုင်သည်။

သို့ရာတွင် ဝမ်လင်းအဖို့ ထူးဆန်းစေသည်က သူတို့အများစုသည် အာဏာတက်ခြင်းအဆင့်တွင် ရှိနေကြခြင်းပင်။ အနည်းငယ်ကသာ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ ဟူ၍ တစ်ယောက်မျှ ရှိမနေပေ။

လင်းထျန်ဟူက ပြုံး၍ ဆို၏။ “မင်းက တာလော့ဓားကလန်ဟာ ဒုတိယအဆင့်ကျင့်ကြံသူတွေ နည်းလွန်းနေတာ တွေ့တယ်မလား…”

ဝမ်လင်းက ပြန်လည်မချေပပေ။သူက ခေါင်းညိတ်ပြ၏။ “ဒါက တကယ် ထူးဆန်းလှတယ်…”

“ကောင်းကင်ဘုံကံကြမ္မာကလန်ရဲ့ တပည့်တွေက သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို နေ့တိုင်း ဖိနှိပ်ထားကြတယ်။ သူတို့က သူတို့ရဲ့ ချိပ်ပိတ်မှု ပြေလျော့သွားပြီး ဟို မကောင်းတဲ့ကောင်ရှေ့ဖြစ်ဟောသူရဲ့ ဝါးမြိုခြင်းခံရမှာကို ကြောက်နေကြတာလေ။ ဒီနေရာမှာတော့ ဒီလို မဟုတ်ဘူး။ ဒုတိယအဆင့်ကျင့်ကြံခြင်းကို ဝင်ရောက်နိုင်တဲ့ လူတိုင်း တခြားနေရာတစ်ခုကို ထွက်သွားကြလို့ပဲ…”

သူတို့အောက်၌ ရှိနေကြသည့် သောင်းချီကျင့်ကြံသူများ၏ နောက်ကျော၌ ဓားကြီးတစ်လက်စီ ရှိနေကြသည်။သူတို့အားလုံးက အလွန်လေးစားသည့်ဟန်ပန်နှင့်ပင်။ ဝမ်လင်းနှင့်လင်းထျန်ဟူတို့ ဆင်းသက်လာချိန်၌ သူတို့အားလုံးက တစ်ပြိုင်နက်တည်း ဦးညွတ်ကြသည်။

“ကလန်ခေါင်းဆောင် ဓားသူတော်စင်ကို ကြိုဆိုပါတယ်…”

လင်းထျန်ဟူက ရယ်မောလိုက်၏။ သည်အခိုက်၌ လူဆယ့်နှစ်ယောက်လောက်သည် လင်းထျန်ဟူရှိရာသို့ ပျံသန်းလာကြ၏။သူတို့က အလွန်လေးစားသည့်အသွင်နှင့် ရှိနေကြကာ သူတို့ထဲမှ အချို့သည် ကောင်းကင်ဘုံကံကြမ္မာကလန်သို့ လင်းထျန်ဟူနောက်ကနေ လိုက်လာခဲ့ကြပေ၏။ထို့ကြောင့် သူတို့က ဝမ်လင်းကို သိနေသည်။

သူတို့က ဝမ်လင်းကို တွေ့မြင်ရချိန် သူတို့၏အမူအရာက ထူးဆန်းသွားကြသည်။ သူတို့က ဝမ်လင်းသည် ဘာကြောင့် လင်းထျန်ဟူနှင့် အတူ ရောက်ရှိလာကြမှန်း မခန့်မှန်းနိုင် ဖြစ်ရ၏။

ဝမ်လင်းက သည်လူထောင်သောင်းချီကို ဝေ့ကြည့်လိုက်၏။ သူက တစ်ချက် တွေးမိ၏။

“မြောက်ပိုင်းနယ်မြေမှာ မဟာမိတ်နဲ့ အလုံးစုံကောင်းကင်တို့ တိုက်ခိုက်ကြတုန်းက ငါ ချန်လုံကို အဲ့နေရာမှာ တွေ့ခဲ့တယ်။ဒါပေမဲ့ သူ့ကို ဒီနေရာမှာတော့ မတွေ့ရဘူး…”

လင်းထျန်ဟူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထို့နောက် သူက ရှေ့သို့ ပျံသန်းသွားရင်း အကြီးမားဆုံး မျှော်စင်ပေါ်သို့ ရောက်ရှိသွားသည်။

“ဒီကနေ့က စပြီး ဝမ်လင်းဟာ တာလော့ဓားကလန်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်တယ်…” လင်းထျန်ဟူက ထိုသို့ ပြောလိုက်ပြီးနောက် မျှော်စင်ကြီးထဲသို့ ပျောက်ကွယ်သွားတော့သည်။

“အကြီးအကဲဝမ်…ငါ အချိန်တို တံခါးပိတ်ကျင့်ကြံမလို့။ မင်းက တာလော့ဂြိုဟ်ပေါ်မှာ လုံခြုံပါလိမ့်မယ်…”

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံစကားက ဝမ်လင်းနားထဲသို့ ဝင်ရောက်လာလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset