ပျံ့နှံ့လာသည့် သတ်ဖြတ်ခြင်းစွမ်းအင်များထဲမှ အချို့သည် ဝမ်လင်းရှိရာသို့ ရောက်လာ၏။ ကောင်းကင်ဘုံအစိတ်အပိုင်းမြေသည် ဝမ်လင်းပတ်လည်၌ ပိုမိုမြန်ဆန်စွာ လှည့်ပတ်ကာ ဝဲကတော့တစ်ခု ဖြစ်စေ၍ သူ့အား လုံးဝ အကွာအကွယ်ပေးထားသည်။
ထိခိုက်သံများ သူ့နားထဲသို့ တိုးဝင်လာနေရင်း ဝမ်လင်းသည် နောက်သို့ ဆုတ်နေ၏။ ထိုအသံသည် သတ်ဖြတ်ခြင်းစွမ်းအင် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းကို ထိရိုက်ချိန်၌ ထွက်ပေါ်လာခြင်းပင်။
“သတ်ဖြတ်ခြင်းစွမ်းအင်က များလွန်နေပေမဲ့ ဒီမီးခိုးရောင်ရှေ့ဖြစ်ဟောသူက အကုန်လုံး ထုတ်လွှတ်တာ မဟုတ်မှန်း သိသာနေတယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူက သည်ထောင်ချောက်ကို မည်သို့ချိုးဖျက်ရမည်ကို တွေးနေ၏။
“ငါ ဒီအဆုံးစွန်ယန်ဓာတ်ကို စုပ်ယူလိုက်ချိန်က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က တုန်ခါသွားတယ်…” ဝမ်လင်း၏ စိတ်ထဲ၌ အတွေးများစွာ တဖျပ်ဖျပ် ဖြစ်နေ၏။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ဒြပ်စင်ငါးခု ပြီးပြည့်စုံသွားခဲ့တဲ့အချိန်မှာ ဒီသတ္တု၊သစ်သား၊ရေ၊မီးနဲ့ မြေ ဒြပ်စင်တွေရဲ့ သင်္ကေတဟာ ပျောက်ကွယ်သွားခဲ့ပြီး ယင်နဲ့ယန် သင်္ကေတ အစားထိုးလာခဲ့တယ်…” ဤအခိုက်အတန့်၌ ဝမ်လင်းသည် တစ်ခုခုကို ဉာဏ်အလင်း ရသွားလေသည်။
“မှန်တယ်…။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ စုပ်ယူဖို့ လိုအပ်နေတာက ယင်နဲ့ယန်ပဲ။ ဒီအဆုံးစွန်ယန်ဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ လိုအပ်ချက်အတွက် သင့်တော်လိမ့်မယ်…”
ဝမ်လင်းသည် ဒြပ်စင်ငါးခုလုံးဝ ပြီးပြည့်စုံပြီးနောက် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ယင်နှင့်ယန်ဓာတ်တို့ကို မည်သို့ ဖြည့်တင်းရမည်နည်းကို တွေးခဲ့၏။
သို့ရာတွင် သူ မည်မျှ ကြိုးစားပါစေ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပေါ်ရှိ ယန်နှင့်ယန်အမှတ်အသား(သို့မဟုတ်) နေနှင့်လ အမှတ်အသားတို့သည် မည်သို့မျှ ပြောင်းလဲမှု မရှိခဲ့ပေ။
“ရှေ့ဖြစ်ဟောသူရဲ့ မြင်နိုင်စွမ်းက ဘယ်လောက်ပဲ အစွမ်းထက်လှပါစေ…သူက ငါ့ရှိမှာ ဒီကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေတာကို ကြိုမြင်နိုင်မှာ မဟုတ်ဘူး…”
“ဒါ့ကြောင့် သူ့တွက်ချက်မှုက မှားနေဦးမှာပဲ။ဒါဆိုရင် ငါက ဒီအကြံအစည်ထောင်ချောက်ကို ချိုးဖျက်နိုင်ပြီ…” ဝမ်လင်းက မီးခိုးရောင်ရှေ့ဖြစ်ဟောသူကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသည် အေးစက်လာသည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရှာတွေ့နိုင်ဖို့ အခွင့်အရေး…ငါ ဒီပုတီးစေ့ကို ရရှိခဲ့ကတည်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဆန်းကြယ်လှတဲ့ တတိယအဆင့်ကျင့်ကြံသူတောင် ဒီပုတီးစေ့ကို မထောက်လှမ်းနိုင်ခဲ့ဘူး။ ရှေ့ဖြစ်ဟောသူက ဒါကို ထောက်လှမ်းနိုင်လိမ့်မယ်ဆိုတာ ငါ မယုံကြည်ဘူး…”
လင်းထျန်ဟူ၏အသွင်ကမူ သုန်မှုန်နေသည်။ သူက သည်နေရာသို့ ရောက်လာရခြင်းမှာ ဝမ်လင်းကို ကူညီဖို့ မဟုတ်ပေ။ သူက ရှေ့ဖြစ်ဟောသူကို ဒုက္ခများစေလိုခြင်းကြောင့်သာ ဖြစ်သည်။
ထို့အပြင် ရှေ့ဖြစ်ဟောသူအပေါ် သူ့နားလည်မှုအရ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူအတွက် အရေးကြီးနေသည်ကို သူ ခပ်ရေးရေး ခန့်မှန်းမိ၏။ ရှေ့ဖြစ်ဟောသူအတွက် ပို၍ အရေးကြီးသည့်အရာ ဖြစ်လေလေ သူက ပို၍ ဝင်ရှုပ်ဖို့ စိတ်ဝင်စားလေပင် ဖြစ်သည်။
“မင်းက ငါမင်းကို ကြောက်နေမယ်များ ထင်နေတာလား…” လင်းထျန်ဟူက နှာခေါင်းရှုံ့လိုက်ရင်း သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သူက လက်ညွှန်၍ အော်ပြောလိုက်၏။ “တတိယပုံစံ ချိုးဖျက်ခြင်း…ဓားစိတ်ဝိညာဉ်ကောင်လေး စတေးခြင်း…”
သူက ထိုသို့ ပြောလိုက်သည့်နောက် သတ်ဖြတ်ခြင်းစွမ်းအင်များစွာ ခြုံလွှမ်းထားခြင်း ခံနေရသည့် ကောင်လေးထံမှ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူက ရှေ့သို့ ခြေလှမ်းကာ မြွေလိမ်ကောင်းကင်ဘုံဓားကြောင့် ဖြစ်ပေါ်နေသည့် စပါးအုံးမြွေပေါ်သို့ ခြေချ၏။
ထိုကောင်လေးက ခြေချလိုက်သည်နှင့် ခေါင်း ဆတ်ခနဲ မော့ကာ စူးစူးရှရှ အော်သည်။ ထိုအော်သံက ခပ်ရှရှဓားတစ်လက် သတ်ဖြတ်ခြင်းစွမ်းအင်ကို ထွင်းဖောက်ခြင်းကို ဖြစ်လာစေ၏။
ထိုကောင်လေး အော်ဟစ်လိုက်သည့်အခိုက်၌ သူ့ခန္ဓာကိုယ်သည် အစိမ်းရောင်မြူအဖြစ်သို့ ပြိုပျက်ကာ ကောင်းကင်ဘုံဓားထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားလေ၏။
“စတေးခြင်းဓား…”
မြေလိမ်ကောင်းကင်ဘုံဓားသည် ကောင်းလေး၏ စတေးမှုကို စုပ်ယူလိုက်သည့်အလား တုန်ယင်လာ၏။ဓားတေးသံတစ်ခုသည် ကောင်းကင်ယံကို ထွင်းဖောက်၍ ပေါ်လာကာ အံ့မခန်းအားဖြင့် သတ်ဖြတ်ခြင်းစွမ်းအင်များကို ရိုက်ချလာလေသည်။
ဝုန်း…ဝုန်း…။
ကျယ်လောင်စွာ မြည်ဟိန်း၍ မုန်တိုင်းများ ဤဧရိယာတွင် လှိုင်းထန်လာ၏။
ဆက်တိုက်ဖိသိပ်မှုများ ဖြစ်ပေါ်နေရင်း သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် ထိုဓားစွမ်းအင်အောက်၌ လွင့်ပြယ်လာရသည်။ သည်အခိုက်၌ လောကသည် ဓားစွမ်းအင်သာ ခြုံလွှမ်း၏။
လင်းထျန်ဟူ ပတ်လည်၌ ဓားစွမ်းအင်ဝဲကတော့တစ်ခု ဖြစ်လာ၏။
“မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူ၏ အသွင်က မထူးခြားနားပင်။ သူက ထိုဓားစွမ်းအင်များကို ပုံမှန်အသွင်ဖြင့်သာ ကြည့်နေ၏။ သူက လင်းထျန်ဟူကို တည်ငြိမ်စွာ ကြည့်၍ သူ့ညာလက်ကို ပင့်မြှောက်ကာ အေးစက်စက်ပြောသည်။ မင်းရဲ့ ဓားစွမ်းအင်က တိုးတက်လာတာပဲ။ မင်းက ဒီအဘိုးအိုရဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို လက်ခံနိုင်ရင် ငါဟာ မင်းနဲ့ ဒီရှေ့ဖြစ်ဟောသူတို့ကြား ကိစ္စတို့ကို ဝင်မပါတော့ဘူး…” ထိုသို့ ပြောပြီးနောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်စေကာ လင်းထျန်ဟူထံသို့ လက်ညွှန်၏။
သူ လက်ညွှန်လိုက်ချိန်၌ ကောင်းကင်တစ်ခုလုံးသည် နက်မှောင်သွားသည်။ ထိုနက်မှောင်မှု အမှောင်ထုသည် တဝီဝီလှည့်လည်၏။
“မင်းက ဓားတွေကနေ တစ်ဆင့် သူတော်စင် ဖြစ်လာမှတော့ ငါလည်း မင်းကို ဓားတစ်လက်နဲ့ တိုက်ခိုက်ပေးမယ်။ သတ်ဖြတ်သူ…ဓားအသွင်ပြောင်း…” မီးခိုးရောင် ရှေ့ဖြစ်ဟောသူ၏အသံက ရှင်းလင်းသည်။ သူ့လက်ညှိုးညွှန်ချက် ကျရောက်လာချိန်၌ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် သူ့ထံသို့ အရူးအမူး စုစည်းလာသည်။
ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုချင်းစီ၌ ဘဝတစ်ခု၊အသက်တစ်ခု ပါဝင်နေခဲ့၏။ သတ်ဖြတ်ခြင်းစွမ်းအင် သန်းချီ စုစည်းနေသည့် မြင်ကွင်းက ဝမ်လင်းကို ပင့်သက်ရှိုက်မိစေသည်။
အစောပိုင်းက သူ့နောက်သို့ လိုက်လာခဲ့သည့် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည်လည်း နောက်ပြန်ဆုတ်ကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ လက်ညွှန်သည့်နေရာသို့ သွားရောက် စုဝေးကုန်ကြသည်။
ချက်ခြင်းပင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် ပေါင်းစပ်ကာ ခုနစ်လက်မရှည်သည့် အနီရောင်ဓားရှည်တစ်လက်မှာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ ရှေ့၌ ပေါ်လာ၏။
ထိုဓားသည် အခိုးအငွေ့အမျှင်တန်းများကို ပေးစွမ်းနေသည်။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်တုန်ဟီးစေမည့် ဓားတေးသံတစ်ခု ထွက်ပေါ်လာသည်။ ထိုဓားက အနီရောင်လိုင်းအဖြစ်သို့ ပြောင်းလဲကာ လင်းထျန်ဟူ၏ မြွေလိမ်ကောင်းကင်ဘုံဓားထံသို့ တိုးဝင်သွားချေသည်။
ဓားနှစ်လက်က မြန်ဆန်စွာ လှုပ်ရှားနေကြရင်း အသံပေါက်ကွဲမှုများ ဖြစ်ပေါ်စေသည်။ချက်ခြင်းပင် ထိုဓားနှစ်လက်သည် ထိပ်တိုက်တွေ့ဆုံသည်။
ထိုဓားနှစ်လက်သည် အမှန်တကယ် ထိတွေ့မိကြခြင်းတော့ မဟုတ်ပါ။ တစ်လက်နှင့်တစ်လက် ခုနစ်လက်မ အကွာတွင်ရှိနေကြ၏။ ထိုခုနစ်လက်မခြား နေရာကနေပင် တုန်ဟီးသံများ ထွက်ပေါ်၍ မရေမတွက်နိုင်သော ဓားစွမ်းအင်တန်းများ ထိပ်တိုက် တွေ့ဆုံလေကြသည်။
အလင်းတန်းမြောက်များစွာသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲ၏။
စွမ်းအားမြောက်များစွာသည် ဓားနှစ်လက်ကြား အဟနေရာ၌ စုစည်း၏။ မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “မဆိုးပါဘူး။မင်းရဲ့ ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်လာသားပဲ။ ဒါပေမဲ့လည်း မင်း ဒီနေ့လုပ်ခဲ့တဲ့ အရာတွေအတွက် မင်းကို ငါက ဒီထျန်ယွမ်ဂြိုဟ်ကနေ ကန်ထုတ်ပစ်ရလိမ့်မယ်…”
လင်းထျန်ဟူက နှာခေါင်းရှုံ့ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။သူက အော်ပြောလိုက်၏။ “ငါ…လင်းထျန်ဟူဟာ ဓားများရဲ့ တာအိုကို ကျင့်ကြံခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အတော်အတန်က ငါဟာ ဓားများရဲ့ ဥပဒေကို ဉာဏ်အလင်း ရရှိခဲ့တယ်။ မီးခိုးရောင်….မင်းဟာ ဘာကြောင့် သူ ကြိုးကိုင်တာခံရလဲ ငါ မသိဘူး။ ဒါပေမဲ့ မင်း ဒီနေရာကို ထွက်ပေါ်လာတာဟာ အတိတ်တုန်းက မင်းနဲ့ငါ့ကြားက မိတ်ဆွေဖြစ်မှုကို အဆုံးသပ်လိုက်တာပဲ…”
မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူက စဉ်းစားနေ၏။သို့သော် သူက စကားတော့ မဆိုပေ။
လင်းထျန်ဟူက အသက်ဝဝရှုသွင်း၏။သူ့လက်ကို ဝေ့ယမ်းသည်။သူ့မျက်ခုံးနှစ်ခုကြား၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ အနက်ရောင်အလင်း ထိုးထွက်လာသည့်နောက် ၎င်းက လင်းထျန်ဟူကို ချက်ခြင်း ဝန်းရံသွားသည်။သိပ်မကြာခင်တွင် လင်းထျန်ဟူ၏ပုံရိပ်ကို မြင်ရဖို့ မဖြစ်နိုင်တော့ချေ။
“ငါက ဓားစိတ်ဝိညာဉ်ကို သန့်စင်မွန်းမံဖို့ ငါ့မူလစိတ်ဝိညာဉ်ကို အသုံးပြုခဲ့တယ်။ငါဟာ ဓားတစ်လက်ကို သန့်စင်မွန်းမံနိုင်ဖို့ ငါ့အသွေးအသားကို အသုံးပြုခဲ့တယ်။ ငါဟာ ဓားပဲ။ ဓားဟာ ငါပဲ…”
အနက်ရောင်အလင်းထဲမှ လင်းထျန်ဟူ၏အသံသည် ထူးဆန်းသည့်လေသံဖြင့် ထွက်ပေါ်လာသည်။ချက်ခြင်းပင် အနက်ရောင်အလင်းသည် ပို၍ သိပ်သည်းလာသည်။ လင်းထျန်ဟူက ၎င်းအနက်ရောင်အလင်းအတွင်း၌ ထိုင်ချ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ အဟအက်ကြောင်းတစ်ခုက ထူးဆန်းသောနည်းလမ်းဖြင့် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေ၏။ သူ့မျက်လုံးက နတ်ဆိုးအလင်းတစ်ခုကို ထုတ်လွှတ်ပေးသွားပြီး ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။
သူ့မျက်လုံးမှိတ်လိုက်သည့်အခိုက်၌ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ့နှဖူးထက်မှ အရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုအရိပ်မှာ ဓား တစ်လက်ပင်။
လင်းထျန်ဟူ သူကိုယ်တိုင် သူ့မူလစိတ်ဝိညာဉ် ဖြင့် သန့်စင်ထားသည် ဓားသည် သူ့ဘဝပင်။
ထိုဓားထွက်ပေါ်လာသည်နှင့် ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ဓားအားလုံးသည်ပူဇော်သည့်အလား ဓားတေးသံများ ထွက်ပေါ်လာရ၏။
ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ဓားအားလုံးသည် စတင် တုန်ယင်လာ၏။ဓားအရိပ်သည် ဖျပ်ခနဲ အနက်ရောင်အလင်းကို ထွင်းဖောက်၍ မြွေလိမ်ကောင်းကင်ဘုံဓား ရှိရာသို့ သွားသည်။
မြွေလိမ်ကောင်းကင်ဘုံဓားသည် ဉာဏ်ရှိသည့်အလား အနီရောင်ဖျပ်ခနဲ လင်းလက်၍ ရှေ့သို့ တိုးလာ၏။ ခုနစ်လက်မသာ ကွာဟနေသည့် စောနက ဓားနှစ်လက်ကြားအကွာအဝေးသည် သုံးလက်မအထိ ကျုံ့သွားလေ၏။
ထိုဓားအရိပ် ရွှေ့လျားသွားသည့်အခိုက်၌ ကောင်းကင်တလွှားတွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ မထူးခြားနားအသွင်သည် ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွား၏။ သူက ထိုဓားအရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသည် တောက်ပလာသည်။ သူက ရယ်မော၍ ပြော၏။ “ကောင်းတယ်….လင်းထျန်ဟူ…။ မင်းက ဓားတစ်လက်ကို ဒီအဆင့်ထိ ရောက်အောင် သန့်စင်နိုင်မှတော့ မင်းနဲ့တိုက်ဖို့ ငါ့စွမ်းအား (၇)ရာခိုင်နှုန်းကို အသုံးပြုရတော့မှာပေါ့…”
မီးခိုးရောင်ဝတ်စုံ ရှေ့ဖြစ်ဟောသူက သူ့စကားအဆုံးသပ်သွားသည့်နောက် သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ သူ့ပါးစပ်ကို ဟ၍ မာန်သွင်းသည်။သူ့မျက်နှာသည် အလွန်ကြမ်းကြုတ်သည့်ပုံ ဖြစ်ပေါ်သွား၏။သူက မာန်သွင်းလိုက်ရာ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်သည် သူ့အား ဝန်းရံထားပြီးနောက် နောက်ဆုံးတွင် သူက ရှေ့တည့်တည့်သို့ တိုးဝင်သွားလေသည်။
၎င်းက သတ်ဖြတ်ခြင်းဓားနှင့် ပေါင်းစပ်ကာ သတ်ဖြတ်ခြင်းဓား၏စွမ်းအားကို ကြီးစွာ မြင့်တက်စေ၏။
ဓားနှစ်လက်ကြားရှိ သုံးလက်မအဟသည် ချက်ခြင်းပင် ပြိုပျက်သွား၏။ဓားနှစ်လက်က အံ့မခန်းစွမ်းအားကို သယ်ဆောင်ကာ အမှန်အကန် ထိပ်တိုက်တွေ့တော့သည်။
ဘုန်း…။
ချက်ခြင်းလိုလိုပင် နက်မှောင်နေသည့် ကောင်းကင်ထက်၌ ခုနစ်ရောင်စုံအလင်းများစွာ ပေါ်လာ၏။ထိုခုနစ်ရောင်စုံအလင်းသည် ၎င်းတို့အား ဝန်းရံပြီးနောက် ၎င်းတို့က ဂြိုဟ်အပြင်ဘက်ရှိ ဟင်းလင်းပြင်ထိ ပျံ့နှံ့ရောက်ရှိသည်။
ဓားနှစ်လက်၏ ထိပ်ဖျားတို့က ဟင်းလင်းပြင်ထဲ၌ ထိပ်တိုက်တွေ့နေကြတော့သည်။
ဘုန်း…ဘန်း…ဘုန်း…ဘုန်း…။
ထိုဓားနှစ်လက် ထိပ်တိုက်တွေ့နေရင်း ပြင်းထန်သောမုန်တိုင်းတစ်ခု ဟင်းလင်းပြင်ထဲ၌ ဖြစ်ပေါ်လာ၏။ ဓားနှစ်လက်သည် ဆက်တိုက် ထိပ်တိုက် တိုက်ခိုက်နေကြရင်း နောက်ဆုံးတွင် သတ်ဖြတ်ခြင်းစွမ်းအင်ဓားသည် ပြိုပျက်ကာ နောက်ဆုတ်သွားရ၏။၎င်းဓားက မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် လွင့်ပြယ်သွားတော့သည်။
မြွေလိမ်ဓားကမူ ၎င်း၏အလယ်၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်၍ ၎င်းသည်လည်း နောက်သို့ ပြန်ဆုတ်သွား၏။
သတ်ဖြတ်ခြင်းစွမ်းအင်များသည် အသက်ရှုချိန်သုံးကြိမ်စာလောက် ကြာမြင့်ပြီး ၎င်းက တဖြည်းဖြည်း ပြိုပျက်ကာ မရေမတွက်နိုင်သော မီးခိုးရောင်အခိုးငွေ့များသည် မီးခိုးရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူ ရှိရာသို့ ပြန်ရောက်သွားကြ၏။ ထိုရှေ့ဖြစ်ဟောသူက ပြုံး၏။ ထို့နောက် သူက ပြန်လှည့်ကာ ထျန်ယွမ်ဂြိုဟ်ပေါ်သို့ ဦးတည်သွားတော့သည်။
“လင်းထျန်ဟူ…ဒီအဘိုးအိုက မင်းကိစ္စကို ဆက်ပြီး အရေးမစိုက်တေ့ဘူး…”
မြွေလိမ်ကောင်းကင်ဘုံဓားသည် နောက်ဆုတ်သွားရင်း အက်ကြောင်းမှ အရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ထိုအရိပ်က လင်းထျန်ဟူ အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ သူက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေရင်း နှာခေါင်းရှုံ့၏။ “ရှေ့ဖြစ်ဟောသူ…မကောင်းတဲ့ကောင်…နောက်ဆုံးတော့ မင်းကိုယ်တိုင် ပေါ်လာရပြီပေါ့…”
လင်းထျန်ဟူ စူးစိုက်ကြည့်နေသော နေရာ၌ ခုနစ်ရောင်စုံအလင်းတို့ ရှိနေ၏။ထို့နောက် ရှေ့ဖြစ်ဟောသူ၏ပုံရိပ်သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်က ခုနစ်ရောင်စုံအလင်းဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်ပင်။ သူ ပေါ်လာသည့်နောက် သူက လင်းထျန်ဟူကို ကြည့်၍ တည်ငြိမ်စွာ ပြောသည်။
“လင်းထျန်ဟူ…ငါတို့ တိုက်ခိုက်ပြီးသွားကြပြီ။ ဒါပေမဲ့ မင်းက ငါ့ကောင်းကင်ဘုံကံကြမ္မာကလန် ကိစ္စမှာ ဝင်ရှုပ်ဖို့ ဘာအကြောင်းမှ မရှိဘူး…”
***