ခုနစ်ရောင်စုံလေနဂါးနှင့် ချီလင်တို့သည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြကာ တုန်ခါလှိုင်းများ၊ မည်ဟိန်းသံများကို လောကတွင် ပဲ့တင်ထပ်နေစေသည်။ ခုနစ်ရောင်စုံလေနဂါးက ဟိန်းသံများ ပေးနေ၏။
မီးတောက်များ ဝန်းရံနေသည့် ချီလင်က ပို၍ပင် ကြမ်းကြုတ်နေသေးသည်။ ထိုမီးတောက်များ ပျံ့နှံ့သည့်အခါ လေသည်မီးတောက်ကို မငြှိမ်းသတ်နိုင်သည့်အပြင် ပို၍ အားကောင်းအောင်ပင် ပြုလုပ်ပေးနေ၏။
သို့ရာတွင် ခုနစ်ရောင်စုံလေနဂါးသည် လေဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ထို့ကြောင့် ၎င်းနဂါးက အထည်ဒြပ်ဟူ၍ မရှိပါ။ ၎င်း၏ခန္ဓာကိုယ်က ပျက်စီးသွားသည်နှင့် ချက်ခြင်းပြန်ဖြစ်ပေါ်နေသည်။
ထို့အတွက်ကြောင့် သည်သားရဲနှစ်ကောင်က ညှီမျှနေ၏။၎င်းတို့နှစ်ကောင် တိုက်ခိုက်မှုကနေ ထွက်ပေါ်လာသည့် ဖိသိပ်မှုအားများသည် အားကောင်းလှသောကျင့်ကြံသူနှစ်ယောက်တိုက်ခိုက်ရာကနေ ထွက်ပေါ်လာသည့် ဖိနှိပ်မှုအားထက် အားနည်းလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ကောင်းကင်ဘုံအစိတ်အပိုင်းမြေပေါ်၌ မတ်တပ်ရပ်နေ၏။ထိုအစိတ်အပိုင်းမြေက သူ့အား အကွာအကွယ်သဖွယ် စတင်၍ လှည့်ပတ်ပေးလာသည်။ လင်းထျန်ဟူ၏စကားများကို တုန့်ပြန့်သည့်အနေဖြင့် ဝမ်လင်းက တည်ငြိမ်စွာ ပြောသည်။ “သင့်ရဲ့ ချီးမြှောက်မှုအတွက် ကျေးဇူးပါ…စီနီယာ။ ငါ ဒီနေ့ကိစ္စနဲ့ ပတ်သတ်လို့ စိတ်ရှုပ်ထွေးနေရပါတယ်။ ဆရာ့ကို ဘာများ စော်ကားမိလို့ သူက ငါ့ကို နေရာမှာတင် ချက်ခြင်းသေစေနိုင်တဲ့ မန္တာန် ငါ့အပေါ်မှာ သုံးခဲ့ရတာလဲ ငါ မသိဘူး။
လင်းထျန်ဟူက ရယ်မော၍ ပြောသည်။ “ဒီအဘိုးအိုက ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီး တွေ့မြင်ခဲ့ဖူးပြီးပြီး…။အတိတ်တုန်းက…”
လင်းထျန်ဟူ၏ စကားမဆုံးသေးခင်မှာပင် ရှေးဟောင်းအသံတစ်ခုသည် လောက၌ မြည်ဟိန်းလာ၏။
“လင်းထျန်ဟူ…မင်း စကားများတာ များနေပြီ။ ငါမင်းကို တော်တော်လေး သည်းခံ့ခဲ့တယ်။ဒါပေမဲ့ မင်း ငါ့ကောင်းကင်ဘုံကံကြမ္မာကလန်ကြားက ကိစ္စကို အကြောင်းမရှိဘဲ ဝင်မစွက်ဖက်နဲ့။ မင်း အသက်ရှုသုံးခါစာကြာချိန်အတွင်း ထွက်မသွားရင် ဒီအဘိုးအို ကိုယ်တိုင် မင်းကို ထွက်သွားအောင် လုပ်မှ အပြစ်မတင်တော့နဲ့…”
လင်းထျန်ဟူက မျက်လုံးကစားလိုက်၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ အော်ပြောလိုက်သည်။ “ရှေ့ဖြစ်ဟောသူ…ငါ ဓားသူတော်စင်ဟာ မင်းကို ကြောက်နေမယ်များ ထင်နေလား။ မင်း တိုက်ခိုက်ချင်ရင်လည်း တိုက်ကြတာပေါ့။ မင်း ဘယ်လောက် သန်မာလဲ ငါ သိမြင်ချင်သေးတယ်…”
ဝမ်လင်းသည် သူတို့နှစ်ယောက် အပြန်အလှန် ပြောနေသည်ကို သေချာနားထောင်နေ၏။ ရှေ့ဖြစ်ဟောသူအဖို့ သည်နေရာသို့ ချက်ခြင်း ရောက်လာနိုင်သည့် အစွမ်းရှိသည်မှာ သံသယရှိစရာ မလိုပေ။
ဝမ်လင်းက ကိစ္စတစ်ခုနှင့် ပတ်သတ်၍ အမြဲ စိတ်ရှုပ်ထွေးမိ၏။ အတိတ်တုန်းက သူက ထိုအကြောင်းကို တွေးတောနိုင်ရန် အားနည်းလွန်းခဲ့သေးသည်။ သို့သော် ခုချိန်၌ သူကိုယ်တိုင် စွမ်းအားကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီဟု ယူဆ၍ ရသည်။ သူက လင်းထျန်ဟူနှင့် ရှေ့ဖြစ်ဟောသူတို့ကြားရှိ ခြားနားမှုကို မည်သို့ မမြင်မိဘဲ နေပါ့မည်နည်း။
လင်းထျန်ဟူသည် သွေးဘိုးဘေးထက် များစွာ သန်မာ၏။ သို့သော် အရှင်မီးတောက်၊ချင်းရွှေနှင့် အခြားလူများနှင့် နှိုင်းယှဉ်ကြည့်ပါက အများကြီးအားနည်းပေသည်။ ထို့အတွက်ကြောင့် လင်းထျန်ဟူနှင့် ရှေ့ဖြစ်ဟောသူတို့ကြား၌ ကွာခြားချက်သည်လည်း ကြီးမားနေမည်သာ ဖြစ်သည်။
သို့ရာတွင် လင်းထျန်ဟူက သည်နှစ်ပေါင်းသောင်းနှင့်ချီကြာသည့်အထိ ရှေ့ဖြစ်ဟောသူနှင့် ဆန့်ကျင်ဝံ့နေ၏။ဝမ်လင်းက ထိုကိစ္စနှင့် ပတ်သတ်၍ အတော်လေး ဝေခွဲမရ စိတ်ရှုပ်ထွေးရသည်။
ရှေ့ဖြစ်ဟောသူ၏ လေသံအရ သူသည် လင်းထျန်ဟူကို ခဏခဏ ထပ်ခါထပ်ခါ သည်းခံပေးခဲ့သည်ဟု ကောက်ချက်ချကြည့်နိုင်၏။
“သူတို့နှစ်ယောက်ကြားမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေလို့လဲ…” ဝမ်လင်းသည် တိတ်ဆိတ်နေ၏။ သူက သေချာလေ့လာ စောင့်ကြည့်နေသည်။
“မင်း သဘောတူညီချက်ကို မချိုးဖောက်သင့်ဘူး…” ရှေ့ဖြစ်ဟောသူ၏ စကားသံသည် တဖြည်းဖြည်းပေါ်လာ၏။သူ့အသံထဲ၌ ပျော်ရွှင်မှု၊ဒေါသ အစရှိသည်တို့ကို မတွေ့ရပေ။ သူ့အသံ ထွက်ပေါ်လာသည့်အခိုက်၌ တောက်ပနေသော ကောင်းကင်သည် ရုတ်တရက် မှိန်ဖျော့သွား၏။
လင်းထျန်ဟူ၏အသွင်က အလေးအနက် ဖြစ်လာကာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သူ့နောက်ရှိ မူလဓားလေးလက်ကို လေဟာနယ်ထဲသို့ ထိုးစိုက်လိုက်ရာ မွန်းစတားဆန်သည့် ဓားစိတ်ဆန္ဒ ထုတ်လွှတ်လာသည်။
“ဒီတော့ ငါ သဘောတူညီချက်ကို ချိုးဖျက်ရင်ရော…။ ရှေ့ဖြစ်ဟောသူ…မင်းက မီးခိုးရောင်ဝတ်စုံရှေ့ဖြစ်ဟောသူကို ထုတ်လာခဲ့မယ်ဆိုရင် ငါ မင်းကို ကြောက်နေမယ်လို့ ထင်နေတာလား…”
(ဘာသာပြန်သူမှတ်ချက်…ရှေ့ဖြစ်ဟောသူ၌ ကိုယ်ပွားများစွာ ရှိနေကာ မီးခိုးရောင်ဝတ်ရှေ့ဖြစ်ဟောသူသည် ထိုကိုယ်ပွားများထဲမှ တစ်ယောက် ဖြစ်၏)
လင်းထျန်ဟူက အေးစက်စက်နှာခေါင်းရှုံ့၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဓားစွမ်းအင်များကို ညွှန်သည်။ ထိုအခါ ဓားစွမ်းအင်များသည် ပျက်စီး၍ ရုတ်တရက် လောကအနှံ့ ပျော်ဝင်ပေါင်းစပ်သွားသည်။
အဆုံးမဲ့ဓားစွမ်းအင်တန်းများအောက်၌ လောကသည် တစ်ဖန် လင်းလက်လာရသည်။
မိုးကုပ်စက်ဝန်းထက်၌ မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူ ပေါ်လာ၏။ ထိုအရိပ်က အထီးကျန်မှုနှင့် မောက်မာမှုတို့ကို ပေးစွမ်းနေသည်။
သူက လင်းထျန်ဟူ ရှိရာသို့ တဖြည်းဖြည်းချင်း လှမ်းလာသည်။
ဝမ်လင်းက ထိုမီးခိုးရောင်အရိပ်ကို တွေ့မြင်သည့်အခါ သူ့စိတ်သည် တုန်ယင်မိ၏။ သူက ထိုမီးခိုးရောင်ဝတ်စုံနှင့်လူမှာ သူ့အား ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် သင်ကြားပေးခဲ့သော မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူမှန်း ချက်ခြင်း သိလိုက်သည်။
မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူ၏ မျက်လုံးတို့က အေးစက်မောက်မာလှ၏။ သူက ရှေ့သို့ ရောက်မလာခင်မှာပင် သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ကို ဖမ်းဆုပ်သည်။အဆုံးမဲ့အမှောင်ထုသည် ရွှေ့လျားလာဟန် ထင်ရကာ သူ့လက်ထံသို့ စုစည်းသည်။
ထိုမြင်ကွင်းက အမှန်ပင် ထူးဆန်းလှလေ၏။ အမှောင်ထုသည် သဘာဝ တည်ရှိမှုသာ ဖြစ်၏။ မြူနက်များနှင့် မတူပေ။ ထိုအမှောင်ထုကို မည်သို့ စုစည်းနိုင်ပါ့မည်နည်း။
သို့ရာတွင် ဝမ်လင်းသည် ထိုအမှောင်ထုမှာ ရွှေ့လျား စုစည်းနေသည်ကို ရှင်းလင်းစွာ မြင်နေရပေသည်။
“အလင်းဓာတ်ကို စုပ်ယူတဲ့ စွမ်းရည်…” ဝမ်လင်း၏မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နေ၏။
အဆုံးမဲ့အမှောင်ထုက မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူ၏ လက်ထဲ၌ စုစည်းလာကာ အနက်ရောင်ဓားတစ်လက်အသွင်သို့ ပြောင်း၏။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူက ထိုဓားကို ဝေ့ယမ်းသည်။
ချက်ခြင်းပင် မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစွမ်းအင်သည် လောက၌ စုစည်းလာသည်။ ၎င်းက သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုမဟုတ်၊ ဆယ်ခု ဖြစ်နေလေ၏။
အစစ်အမှန် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းဆယ်ခုသည် ဝမ်လင်းလေ့ကျင့်ခဲ့သည့် မပြီးပြည့်စုံသော သတ်ဖြတ်ခြင်းစွမ်းအင်နှင့် မတူညီပေ။ ဤအရာက သတ်ဖြတ်ခြင်းစွမ်းအင် အစစ်အမှန် အမျှင်တန်း မည်၏။
ဝမ်လင်းက ထိုမီးခိုးရောင်ရှေ့ဖြစ်ဟောသူနှင့် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းဆယ်ခုကို ကြည့်နေရင်း သူ့အသွင်က သုန်မှုန်နေတော့သည်။သူသာ ရှေ့ဖြစ်ဟောသူ၏ လှည့်ကွက်ကို စောစောစီးစီးသဘောမပေါက်ခဲ့ပါက ဤမီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း နောက်တစ်ခု ဖြစ်သွားခဲ့လိမ့်မည် မဟုတ်လော။
သူက ထိုအခြင်းအရာကို တွေးမိကာ သူ့စိတ်ထဲ၌ အတွေးများ လင်းလက်သွား၏။သူ့မျက်လုံးသည် တောက်ပလာသည်။ သူက တစ်စုံတစ်ခုကို သဘောပေါက်သွားသည်ဟု ထင်ရသည်။
“နေဦး…”
“ရှေ့ဖြစ်ဟောသူက အရင်တုန်းက ဘယ်တော့မှ မမှားခဲ့ဖူးတာ မဟုတ်ဘူးပဲ။ သူ ငါ့ကို သတ်ဖြတ်ခြင်းပညာရပ် သင်ကြာပေးခဲ့တုန်းက အဲ့နောက်ကွယ်မှာ လေးနက်တဲ့ အဓိပ္ပာယ် ရှိနေရမယ်။ ဒါက ဘိုင်ဝေကို သူ့လုပ်ခဲ့သလိုမျိုး ငါ့အပေါ်မှာ လုပ်ခဲ့တဲ့ ပထမဆုံးအရိပ်လက္ခဏာပဲ…”
“အတိတ်တုန်းက ရှေ့ဖြစ်ဟောသူဟာ ဘယ်တော့မှ မမှားယွင်းခဲ့တဲ့ တည်ရှိမှု။ ဒါပေမဲ့လည်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်းနတ်ဆိုးရဲ့ အကူအညီပေးမှုကြောင့် ငါဟာ ဒီ ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်ရဲ့ ချိုယွင်းချက်ကို ငါ ရှာတွေ့နိုင်ခဲ့တယ်။ ရှေးဟောင်းနတ်ဆိုးကြောင့် ရှေ့ဖြစ်ဟောသူရဲ့ အစီအစဉ်ဟာ အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်…”
“အဲ့နောက်မှာ ပြန့်ကျဲမိစ္ဆာလည်း ပေါ်လာခဲ့သေးတယ်။ ဒီအဖြစ်က သူ့အစီအစဉ်ကို ပိုကမောက်ကမ ဖြစ်သွား စေခဲ့တယ်။အဆုံးသပ်မှာ ငါဟာ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ရဲ့ ကံမ္မာကို ဖြတ်မြင်နိုင်စွမ်းရှိခဲ့ပြီး ဒီသတ်ဖြတ်ခြင်းစွမ်းအင်တွေကို လက်လွှတ်ဖို့ ဆုံးဖြတ်နိုင်ခဲ့တယ်…”
“ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ရှေ့ဖြစ်ဟောသူ ငါ့အပေါ် ကြံစည်ထားတဲ့ အစီအစဉ် မှားယွင်းသွားခဲ့တာပဲ မဟုတ်လား…”
ဝမ်လင်း၏မျက်လုံးသည် လင်းလက်လာ၏။သူက မီးခိုးရောင်ဝတ်စုံရှေ့ဖြစ်ဟောသူကို ကြည့်နေရင်း ဉာဏ်အလင်းအချို့ကို မြင်လာခဲ့သည်။
“ရှေ့ဖြစ်ဟောသူဟာ ငါ့အပေါ် ကြံစည်မှုမှာ တစ်ကြိမ် မှားယွင်းခဲ့ပြီးပြီး။ သူက ငါ ထျန်ယွမ်ဂြိုဟ်ကို ပြန်လာမယ့်နေ့ကို ကြိုမြင်နိုင်ခဲ့ပေမဲ့လည်း သူက ငါ့ခုလက်ရှိ အစစ်အမှန်ကျင့်ကြံမှုအဆင့်ကို မတွက်ချက်နိုင်ခဲ့ဘူး…” ဝမ်လင်း၏ မျက်လုံးသည် အေးစက်လာ၏။
“ဒါက အမှားအယွင်း ကြီးကြီးမားမား မဟုတ်ပေမဲ့လည်း ရှေ့ဖြစ်ဟောသူအဖို့တော့ အမှားတစ်ခုလို့ ယူဆလို့ရနိုင်တယ်…”
“ခုလက်ရှိ ရှေ့ဖြစ်ဟောသူဟာ ကြိုတင်တွက်ချက်မှုမှာ မမှားယွင်းခဲ့ဖူးတဲ့လူ မဟုတ်တော့ဘူး။ ဒီတော့ ငါ့အပေါ်မှာ ခုပိတ်လှောင်ထားတဲ့ နှစ်ထပ်အသေထောင်ချောက်ဟာလည်း မချိုးဖျက်နိုင်တဲ့အရာ မဟုတ်တော့ဘူး။ သူက တစ်ကြိမ်မှားဖူးပြီးမှတော့ နောက် ဒုတိယအကြိမ်လည်း မှားနိုင်သေးတာပဲ မဟုတ်လား…”
မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူ၏အသွင်သည် တည်ငြိမ်နေဆဲပင်။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းဆယ်ခုသည် လင်းထျန်ဟူထံသို့ အံ့မခန်းအရှိန်ဖြင့် ရွှေ့လျားလာနေ၏။
လင်းထျန်ဟူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့လက်ကို ပင့်မြှောက်၍ အော်ပြော၏။ “စတေးခြင်း၊တွင်းပေါက်၊ ချိုးဖျက်ခြင်း…ဒုတိယပုံစံ….လူငယ်လေးနောက်ကျောဘက်က ဓားသွား…” သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်သည်။ ထို့နောက် သူ့နောက်ကျောရှိ မူလဓားလေးလက်သည် မြန်ဆန်စွာလှည့်လည်၍ တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသည်။
ချက်ခြင်းလိုလိုပင် မူလဓားလေးလက်သည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားကာ တောက်ပလာ၏။ အသက်ခုနစ်နှစ်၊ရှစ်နှစ်ဝန်းကျင် ကောင်ငယ်လေးတစ်ယောက်သည် မထင်မှတ်ထားစွာပင် ထိုဓားစွမ်းအင်ထဲကနေ လှမ်းလျှောက်ထွက်လာ၏။သူ့နောက်ကျောပေါ်၌ ခရမ်းရောင်ဓားတစ်လက် ရှိနေသည်။
ထိုဓား၏ ပုံစံက အင်မတန် ထူးဆန်း၏။ထိုဓားထံမှ အားကောင်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေကာ နဂါးအသွင် ခပ်ရေးရေးဆောင်သည်။
ဝမ်လင်းသည် ထိုဓားကို တွေ့မြင်လိုက်သည်နှင့် သူ့မျက်လုံးက လင်းလက်သွား၏။
“မိုးကောင်းကင်ဘုံဓား….” ဝမ်လင်းက ထိုဓားကို ကြည့်ကာ ချက်ခြင်း မည်သည့်ဓားဖြစ်မှန်း သိသွား၏။မိုးကောင်းကင်ဘုံဓားသည် လေးပိုင်းကွဲသွားကာ နှစ်လက်သည် အလုခံလိုက်ရပေသည်။လင်းထျန်ဟူ ထုတ်ယူလိုက်သော ဓားမှာ မိုးကောင်းကင်ဘုံမြွေလိမ်ဓားပင် ဖြစ်သည်။
ထိုကောင်လေးက ရှေ့သို့ လှမ်းထွက်လာကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူနှင့် တွေ့ဆုံသည်။လင်းထျန်ဟူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ လက်ညွှန်သည်။ထိုအခါ ၎င်းကောင်လေးသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့ကြမ်းကြုတ်သည့်အကြည့်သည် ထွက်ပေါ်လာချေပြီ။
ထိုလူငယ်လေးက လှုပ်ရှားနေရင်း မြွေလိမ်ဓားသည် ရှေ့ဖြစ်ဟောသူ စေလွှတ်လိုက်သည့် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း ဆယ်ခုထံသို့ ပျံသန်းသွားလေသည်။
ချက်ခြင်းလိုလိုပင် မြွေလိမ်မိုးကောင်းကင်ဘုံဓားသည် တောက်ပ၍ စပါးအုံးမြေကြီး ပေါ်လာ၏။၎င်းမြွေကြီးက ညှီစို့စို့အနံကို ထုတ်လွှတ်ကာ ပြင်းထန်သောလေပြင်းတစ်ခုသည် ရှေ့သို့ ရိုက်ခတ်သည်။
မိုးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ အသွင်က မထူးခြားနားပင်။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းဆယ်ခုနှင့် မြွေမှ မှုတ်ထုတ်သည့် မုန်တိုင်းတို့သည် ထိပ်တိုက်တွေ့သည်။၎င်းတို့ ထိပ်တိုက်တွေ့ချိန်၌ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းဆယ်ခု၏ အတွင်းပိုင်း ပြောင်းလဲသွားမှုက ဝမ်လင်း၏အသွင်ကိုပါ ပြောင်းလဲသွားစေသည်။
အနက်ရောင်အလင်း ဖျပ်ခနဲ လင်းလက်သွား၏။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းဆယ်ခုသည် ပုံရိပ်ဆယ်ခုအဖြစ်သို့ ပြောင်းလဲသည်။ သူတို့၏အကြည့်က ကြမ်းကြုတ်လှသည်။ထိုလူများထဲ၌ ယောက်ျား၊မိန်းမ၊ကလေး၊လူကြီး မျိုးစုံပါဝင်ပေသည်။ သူတို့ထံ၌ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နှက်ကာ သူတို့၏မျက်လုံးထဲ၌ သွေးဆာမှုများ ရှိနေသည်။သူတို့က မုန်တိုင်းထံသို့ တဟုန်ထိုး တိုးဝင်လာကြသည်။
ထို့အပြင် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းမြောက်များစွာသည် ထိုးထွက်လာသေး၏။ ထိုပုံရိပ်တစ်ခုစီက အနည်းဆုံး သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းကို ထုတ်လွှတ်နေသည်။
ထို့အတွက်ကြောင့် လေထုထဲရှိ သတ်ဖြတ်ခြင်းစွမ်းအင် ပမာဏသည် တုန်လှုပ်ဖွယ်ပမာဏသို့ ရောက်လာရသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုစွမ်းအင်သည် ကောင်းကင်တစ်ခုလုံးကို ခြုံလွှမ်းထားသကဲ့သို့ ရှိနေပေမည်။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ တဝီဝီလှည့်လည်နေ၏။
ဝမ်လင်း၏မျက်နှာသည် အနည်းငယ် ဖြူရောသွား၏။သူ့မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့ညာခြေထောက်ကို နောက်သို့ လှမ်း၏။သူက သတ်ဖြတ်ခြင်းစွမ်းအင်အကြောင်း ကောင်းစွာ နားလည်ထားသည့်သူ မဟုတ်လော။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ၏ စွမ်းအားသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
***