ဝမ်လင်းသည် ထိုလက်သီးချက် ထုတ်ဖော်နိုင်မည့် အခိုက်ကို စောင့်ဆိုင်းနေခြင်းပင်။
သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်ကာ သူ့လက်သီးချက်ကို ထုတ်ဖော်စေလိုက်ခြင်းပင်။ထိုလက်သီးချက် ပျံသန်းထွက်သွားသည်နှင့် လောကပင် အရောင်ပြောင်းလဲရ၏။ ထိုလက်သီးချက်က မုန်တိုင်းတစ်ခုကို ဖန်တီးကာ ဒေါမာန်ကြီးနေသည့် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်း၍ ပြိုပျက်နေသော လက်ချောင်းကြီးထံသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။
ချက်ခြင်းလိုလိုပင် ဝမ်လင်း၏ညာလက်သီးချက်နှင့် အနှီလက်ချောင်းကြီးတို့ တွေ့ဆုံ၏။
ကျယ်လောင်စွာ ပေါက်ကွဲ၏။ ဝမ်လင်း၏ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားရသည်။ သူက ကောင်းကင်ဘုံအစိတ်အပိုင်းမြေပေါ်၌ ခြေလှမ်းများစွာ ဆုတ်လိုက်ရပေသည်။ သူ့ခြေလှမ်းတိုင်း၌ ခြေရာများပင် ကျန်ခဲ့၏။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာသည်။
ဧရာမလက်ချောင်းကြီးမှာ အနီရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားလျက်ရှိကာ ဝမ်လင်း၏ လက်သီးချက် ၎င်းလက်ချောင်း၏ ပြိုကျပျက်စီးမှုကို အထွတ်အထိပ်သို့ ရောက်စေသည်။ လက်ချောင်းကြီးသည် နောက်ဆုံး၌ ပျက်စီးသွားရတော့၏။
ခြေလှမ်းအတော်အတန် ဆုတ်လိုက်ရပြီးနောက် ဝမ်လင်းက သူ့ညာခြေထောက်ဖြင့် ကြမ်းတမ်းစွာ လက်ချောင်းရှိသို့ ကန်ကျောက်ပစ်သည်။
ဝမ်လင်း၏ လက်သီးချက်လေးချက်ကလည်း တစ်ပြိုင်နက်တည်း ဆက်တိုက် လိုက်ပါသွား၏။
ဤအခိုက်၌ လက်ချောင်းကြီးသည် လုံးဝ လွင့်ပါးသွားကာ ပေါက်ကွဲ၍ မူလစွမ်းအင်အမျှင်တန်များ ပြန့်ကျဲကုန်သည်။ ၎င်းက ဖုန်မှုန့်တော်တော်များများကို ပင့်သက်၍ သဲမှုန်တိုင်းတစ်ခုအသွင်သို့ ဆောင်သည်။
ကောင်းကင်ဘုံကံကြံမ္မာကလန်၌ ခုနစ်ရောင်စုံအဝန်းဝိုင်း တည်ရှိသည့် တောင်ထိပ်တွင် ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒီကောင်လေးမှာ ခုလိုမျိုး ရတနာရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး…” ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်၍ ဝေ့ယမ်း၏။ လေပြင်းတစ်ခု ထွက်ပေါ်လာ၏။ထိုလေပြင်းကို ခုနစ်ရောင်စုံအလင်းက ဖုံးအုပ်ထားသည်။၎င်းက လေပြင်းက ချက်ခြင်းပင် ခုနစ်ရောင်စုံလေနဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းနဂါးက မာန်ဟိန်း၍ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားတော့သည်။
ထိုခုနစ်ရောင်စုံလေနဂါးက ပေတစ်ထောင်ရှည်၏။၎င်းက လှုပ်ရှားလာသည့်အခါ မုန်တိုင်းတစ်ခုကို ဖြစ်စေသည်။၎င်းက ဖုန်မှုန့်များကို ပင့်တက်ကြွလာစေပြီး တိမ်စိုင်ထုများပင် ၎င်းအတွက် လမ်းရှင်းပေးရလေ၏။
၎င်းလေနဂါးက စိတ်ကူးနိုင်သည်ထက် မြန်လွန်း၏။၎င်းနဂါးက ချက်ခြင်းပင် ဝမ်လင်းနားသို့ ရောက်ရှိလာတော့သည်။
ဝမ်လင်းအသွင်က ပို၍ သုန်မှုန်လာ၏။သူက ခုနစ်ရောင်စုံနဂါးကို စူးစိုက်ကြည့်နေမိသည်။ထိုနဂါးသည် လေနှင့်သန့်စင်ထားခြင်း ဖြစ်ရာ အလွန်မြန်လွန်းလှသည်။၎င်းထံမှ ပြင်းထန်သောအော်ရာတစ်ခုကိုလည်း ပေးစွမ်းနေသည်။
“ဒီနဂါးက မရိုးရှင်းဘူး။ ဒီထဲမှာ အစစ်အမှန်နဂါးတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ပါဝင်နေတယ်…”
ဝမ်လင်း၏မျက်လုံးတို့က အေးစက်လာ၏။
“ရှေ့ဖြစ်ဟောသူ…သင် ဘာတွေးနေတာလဲ…။ သူက အဆုံးစွန်ယန်နဲ့ ပတ်သတ်ပြီး သူ့ရှေ့ဖြစ်ဟောမှုမှာ အမှားတစ်ခုကို တကယ်ဘဲ လုပ်မိခဲ့တာလား…”
ဝမ်လင်းသည် သက်ပြင်းချမိ၏။သူ့ဘဝတွင် လူပေါင်းများစွာ တွေ့ဖူး၏။သို့သော် ရှေ့ဖြစ်ဟောသူသည်သာ သူတစ်စက်မျှ ဖမ်းဆုပ်မမိနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်။ထိုအဖြစ်က လွန်ခဲ့သော နှစ်ပေါင်းရာချီကလည်း အတူတူ၊ နောက်လာမည့်နှစ်ပေါင်းရာချီတွင်လည်း အတူတူ ဖြစ်လို့နေဆဲပင်။
သူ့ကိုယ်ပိုင် ကောက်ချက်ချ ဆင်ခြင်မှုအားလုံးသည် ရှေ့ဖြစ်ဟောသူ အစီအစဉ်၏ အစိတ်အပိုင်းအားလုံးသာ ဖြစ်နေခြင်းပေလော။
“ရှေ့ဖြစ်ဟောသူ…ငါ အဆုံးစွန်ယန်ဓာတ်ကို မယူဆောင်ရင်လည် ငါ့တာအိုနှလုံးသားအပေါ်မှာ အရိပ်တစ်ခုရှိလာလိမ့်မယ်။ ဒါပေမဲ့ အခု ငါက ဒီအဆုံးစွန်ယန်ကို ယူတော့လည်း သူ့အစီအစဉ်ထဲမှာပဲ ကျရောက်နေရသလို ခံစားမိတယ်။ ဒါက နှစ်ထပ်ထောင်ချောက်၊အကြံအစည်ပဲ။ ငါက ဒီအကြံအစည်ထဲကို အဆုံးစွန်ယန်ဓာတ် ယူယူ၊မယူယူ ကျရောက်သွားရမှာပဲ…”
“ရှေ့ဖြစ်ဟောသူရဲ့ အစစ်အမှန် ရည်ရွယ်ချက် ပန်းတိုင်က ဘာလဲ။ ဒါက သူ ဘယ်တော့မှ မမှားယွင်းဘူးဆိုတဲ့ အချက် ငါ့တာအိုနှလုံးသားထဲမှာ အရိပ်တစ်ခုလို ရှိနေစေချင်တာလား…”
“ဘိုင်ဝေက သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ အကြံဟာ ရှေ့ဖြစ်ဟောသူကို အမှားတစ်ခု ပြုလုပ်စေလိမ့်မယ်လို့ ထင်ခဲ့တယ်။ဒီအထင်ဟာ မှားနေမှာ ငါ စိုးရွှံမိတယ်။သူက သူ့ဆရာဟာ သူ့ရုတ်တရက် ရခဲ့တဲ့အတွေးစိတ်ကူးကိုတောင် ကြိုမြင်နေနိုင်ခဲ့တယ်လို့ ထင်ထားခဲ့လိမ့်မှာ မဟုတ်ဘူး…”
“ဒီအဆုံးစွန်ယန်ဟာ ငါ့လက်ထဲမှာပဲရှိရှိ၊ ဒါမှမဟုတ် ရှေ့ဖြစ်ဟောသူကိုပဲ ပြန်ပေးပေး ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့တာအိုနှလုံးသားမှာ ချိုယွင်းချက်တစ်ခု ပေါ်လာလိမ့်မယ်။ ရှေ့ဖြစ်ဟောသူဟာ ဘယ်တော့မှ မမှားနိုင်ဘူးဆိုတဲ့ အရိပ်တစ်ခု ငါ ဘာပဲလုပ်လုပ် လိုက်ပါနေလိမ့်မယ်….။ ငါ ဒီထောင်ချောက်ကနေ ချိုးဖျက်နိုင်အောင် ဘာလုပ်သင့်သလဲ…”
ဝမ်လင်းသည် မြန်ဆန်စွာ တိုးဝင်လာနေသည့် လေနဂါးကို ကြည့်ကာ သူ့စိတ်ထဲ၌ အတွေးပေါင်းများစွာ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။
“ငါက ဒီအဆုံးစွန်ယန်ကို လွှတ်ပစ်လိုက်ရင်တောင် ဘာမှ ထူးမှာ မဟုတ်တော့ဘူး။ငါက ဒီထောင်ချောက်ထဲကို မဝင်မိအောင် ဘယ်လိုပဲ လုပ်လုပ် ဒီလမ်းကြောင်းမှာပဲ ဆက်လျှောက်နေရတော့မှာ…ဒါက ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး…။ ဒီတော့ ဒီလက်ဝယ်ရရှိထားပြီးတဲ့ အဆုံးစွန်ယန်ဓာတ်ကို လွှင့်ပစ်တယ်ဆိုတာ ရူးသွပ်တဲ့အတွေးသာသာပဲ…”
“ဘယ်လိုပဲ ဖြစ်လာပါစေ….ငါ ဒီယန်ဓာတ်ကို ရှေ့ဖြစ်ဟောသူရှိ ပြန်မပေးနိုင်ဘူး…”
“ကြည့်ရတာ ဘယ်လိုပဲ ဖြစ်ဖြစ် ငါဟာ ဒီယန်ဓာတ်ကို ရှေ့ဖြစ်ဟောသူရှိ ပြန်ပေးတာဖြစ်ဖြစ် ၊မပေးတာဖြစ်ဖြစ် ဒီနှစ်ဖက်ပိတ်အသေထောင်ချောက်ထဲမှာ ရှိနေရတော့မယ့် ပုံပဲ။ ရှေ့ဖြစ်ဟောသူက ဒီလိုဖြစ်အောင် စီစဉ်ထားတာ နက်ရှိုင်းတဲ့အကြောင်းပြချက် ရှိနေလိမ့်မယ်။ ဖြစ်နိုင်တာက ဒီအစီအစဉ်ကတော့ ငါ့အပေါ် သူ့အကြံအစည်ရဲ့ ပထမခြေလှမ်းလောက်တောင် ဖြစ်နေနိုင်တယ်…”
“ရှေ့ဖြစ်ဟောသူရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာ ဘာများလဲ ငါမသိဘူး။ ဒါပေမဲ့ ငါ သူ့ကို ခုခံချင်ရင် ငါသူ့တွက်ချက်မှုကို တစ်ကြိမ်မှားအောင် လုပ်ကိုလုပ်မှ ဖြစ်မယ်။ တစ်ကြိမ်…။တစ်ကြိမ်လောက်နဲ့တင် ပြီးပြည့်စုံတဲ့ရှေ့ဖြစ်ဟောသူမှာ ဟာကွက်တစ်ခု ပေါ်လာနိုင်လိမ့်မယ်။ အဲ့နောက်မှာမှ ငါဟာ ငါ့ကို ပိတ်လှောင်ထားတဲ့ ထောင်ချောက်ကို ချိုးဖျက်ပြီး ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခု ရှာဖွေရလိမ့်မယ်…”
ဝမ်လင်း၏စိတ်ထဲ၌ အတွေးပေါင်းမြောက်များစွာ ရှိနေ၏။ သူက ထိုသို့တွေးနေရင်းဖြင့် သူ့အားဝါးမြိုရန် တိုးဝင်လာသည့် လေနဂါးကို မော့ကြည့်သည်။ထိုနဂါး၏ ဟိန်းသံက သူ့နားထဲသို့ တိုးဝင်လာလေ၏။
“ထောင်ချောက်ကို ချိုးဖျက်ဖို၊ ရှေ့ဖြစ်ဟောသူရဲ့ တွက်ချက်မှုကို အမှန်တကယ် တစ်ကြိမ် မှားယွင်းစေဖို့…” ဝမ်လင်းသည် သူ့ခေါင်းထဲ၌ အတွေးပေါင်းစုံသာ ရှိနေ၏။သူက ရှေ့ဖြစ်ဟောသူကို ရင်ဆိုင်နိုင်ရန်၊ ရှေ့ဖြစ်ဟောသူ၏ အကြံအစည်ထောင်ချောက်ကို ချိုးဖျက်နိုင်ရန် အမျိုးမျိုး ကြံဆနေသည်။
ထိုအချိန်မှာပင် လေနဂါးဟိန်းသံသည် နီးကပ်သထက် နီးကပ်လာနေ၏။ သည်အခိုက်အတန့်၌ ခုနစ်ရောင်စုံအလင်းသည် ကောင်းကင်ကို ခြုံလွှမ်းကာ လေနဂါးသည် ဝမ်လင်းကို ဝါးမြိုရန် ဆင်းသက်လာချေပြီ။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ လေနဂါးသည် အစစ်အမှန် မန္တာန်တစ်ခု ဖြစ်နေသည့်အလား သူက ၎င်းကို ခုခံနိုင်စွမ်း မရှိပေ။ သို့သော် ၎င်းနဂါးထဲ၌ နဂါးစိတ်ဝိညာဉ် ပါဝင်၏။ ဝမ်လင်းသည် လေဟာနယ်နေရာအတွင်း၌ ရွှေရောင်ဝတ်စုံနှင့်အစစ်အမှန်နဂါးကို သူ့ထံတွင်ရှိသည့် သရဖူက မည်သို့ ဖမ်းဆီးခဲ့သည်ကို လုံးဝ မေ့နေမည် မဟုတ်ပေ။
သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ထိလိုက်၏။ ဝမ်လင်းက သရဖူကို ထုတ်ယူရန် ပြင်သည်။ သို့ရာတွင် ဤအခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ ရယ်မောသံ တစ်ခု ထွက်ပေါ်လာကာ မီးတောက်ပင်လယ်တစ်ခု အကွာအဝေးတစ်ခု၌ ပေါ်လာသည်။ကြက်သွေးနီရောင်ချီလင်သည် မီးတောက်အတွင်း၌ ရှိလို့နေ၏။
ထိုချီလင်က အလွန်အမင်း ကြမ်းကြုတ်ကာ ၎င်း၏မျက်လုံးတို့က တောက်ပနေ၏။၎င်း၏ ကျော်ပေါ်၌ အဘိုးအိုတစ်ယောက် ရှိနေသည်။ ထိုသူကတော့ ဓားသူတော်စင်လင်းထျန်ဟူပင်။
မူလဓားလေးလက်က သူ့အား လှည့်လည်နေ၏။ ကြမ်းကြုတ်သည့် ဓားစွမ်းအင်များသည် ကောင်းကင်ယံသို့ ထွင်းဖောက်နေသည်။
ချီလင်၏ကြမ်းကြုတ်သည့်အကြည့်က ဝမ်လင်းထံ၌ ရှိမနေဘဲ ခုနစ်ရောင်စုံအလင်းနှင့်လေနဂါးထံတွင် ရှိနေသည်။ လင်းထျန်ဟူကြောင့်သာ မဟုတ်ပါက ၎င်းချီလင်သားရဲသည် လေနဂါးထံသို့ ချက်ခြင်း သွားရောက်တိုက်ခိုက်ပြီး ဖြစ်သည်။
လင်းထျန်ဟူက ချီလင်ပေါ်ကနေ ခုန်ချ၏။ သူက ကောင်းကင်ထက်ကို ပြုံး၍ ကြည့်သည်။ “ရှေ့ဖြစ်ဟောသူ…ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ…။ငါ ဒီနားကနေ ဖြတ်သွားရုံ ရှိသေး…မင်းတပည့်ကို အပြစ်ပေးနေတာ ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး…”
သူက ချီလင်သားရဲကိုပါ သွားခွင့်ပြုသည်။၎င်းသားရဲက ရုတ်တရက် ဟိန်းသံပေးကာ မီးတောက်ပင်လယ်များကို ထုတ်လွှတ်၍ လေနဂါးထံသို့ တိုးဝင်သွားသည်။လေနဂါးနှင့်ချီလင်သည် ရုတ်တရက် လုံးထွေးတိုက်ခိုက်ကြတော့၏။
ထိုသို့ ဖြစ်ပျက်လာမှုက ရုတ်တရက် ဆန်လွန်း၏။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။သူ့လက်နှစ်ဖက်ကိုယှက်ကာ လင်းထျန်ဟူကို တလေးတစား ပြောသည်။ “စီနီယာဓားသူတော်စင်ကို နှုတ်ဆက်ပါတယ်…”
လင်းထျန်ဟူက ဝမ်လင်းကို အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်သည်။ သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ပြည့်နေ၏။ သူက ပြောလာသည်။ “မင်း ကျင့်ကြံမှုအဆင့်က ရှေ့ဖြစ်ဟောသူရဲ့ လက်ချောင်းကို ပိတ်ဆို့နိုင်စွမ်း ရှိနေလောက်အောင် ကောင်းမွန်နေပြီပဲ…”
***