ရှေ့ဖြစ်ဟောသူသည် မဟာမိတ်အကြီးအကဲအုပ်စု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည့်အတွက် သူက အားကောင်းလှသောမန္တာန်များကို သိထားကြပေသည်။ ရှေ့ဖြစ်ဟောသူ သူ့အထွတ်အထိပ်အချိန်တုန်းက ရွှမ်ပေါင်ပင် သူ့ကို အတော်လေး ကြောက်ရွှံ့ရကာ လွယ်လင့်တကူ ရှေ့ဖြစ်ဟောသူအား မထိပါးဝံ့ခဲ့ချေ။
ရှေ့ဖြစ်ဟောသူက မဟာမိတ်အကြီးအကဲအုပ်စု၌ စွမ်းအားအကောင်းဆုံး မဟုတ်သော်လည်း သန်မာလှသောအဖွဲ့ဝင်များပင် ရှေ့ဖြစ်ဟောသူနှင့် ဆန့်ကျင်ဘက်မှာ နေလိုကြခြင်း မရှိခဲ့ပေ။
ထိုအရာများက ရှေ့ဖြစ်ဟောသူ၏ စွမ်အား မည်သို့မည်ပုံ ကောင်းလှသည်ကို ရှင်းပြနိုင်ပေ၏။
သို့ရာတွင် ရှေ့ဖြစ်ဟောသူက နှိမ့်ချ၍ မထင်မရှားနေလွန်းရာ အပြင်လူတော်တော်များများသည် သူ့ကို မသိကြပေ။
ဤအခိုက်အတန့်၌ ထျန်ယွမ်ဂြိုဟ်အပြင်ဘက်၌ ဖြစ်ပေါ်လာသည့် လက်ချောင်းကြီးက ဂြိုဟ်ပေါ်သို့ သက်ဆင်းလာနေ၏။
၎င်းလက်ချောင်းက နှေးကွေးဟန်ပေါက်သော်လည်း အမှန်တော့ အလွန်မြန်လှ၏။ ဖိအားတစ်ခုသည် ကောင်းကင်အနှံ့ ဖြစ်တည်လာ၏။ ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိကြ၏။
အကြောင်းမူကား လက်ချောင်းထံသို့ မူလစွမ်းအင်မြောက်များစွာ မစုစည်းခင်ကပင် စက်ဝန်းတစ်ခုသည် လက်ချောင်းအရင် ပေါ်ထွက်ကာ ထျန်ယွမ်ဂြိုဟ်နှင့် ဦးဆုံး ထိတွေ့ခဲ့ခြင်းကြောင့် ဖြစ်၏။
ဂြိုဟ်တစ်ခုလုံးပင် တုန်ခါလာသည်ဟု ထင်ရ၏။ ထိုမူလစွမ်းအင်များက လက်ချောင်း အရင် ရောက်ရှိလာ၏။ ထိုအဖြစ်က ဂြိုဟ်အချို့နေရာများကို ပျက်စီး တွန့်ကြေစေသည်။
လောကအနှံ့ မိုးကြိုးတုန်ဟီးသံများ ဟိန်း၍ လက်ချောင်းက လေထုထဲသို့ ကျဆင်းလာနေ၏။လေထုသည် ချက်ခြင်း ပြိုပျက်ကာ ခုနစ်ရောင်စုံအလင်းသည် ဤဧရိယာအနှံ့သို့ ပျံ့လွင့်သည်။
ထိုလက်ချောင်းကြီးကြောင့် အက်ကြောင်းတစ်ခု ပွင့်ဟလာ၏။ယင်းအက်ကြောင်းက ချဲ့ထွက်နေရင်း ပတ်ဝန်းကျင်ရှိ ရာသီဥတုကိုပါ ရုတ်တရက် ပြောင်းလဲသွားစေသည်။
မြေပြင်ထက်မှ ကောင်းကင်သို့ လှမ်းကြည့်ပါက လက်ချောင်းသည် ကောင်းကင်ဘုံကနေ ထိုးဖောက်၍ ဖြည်းဖြည်းချင်း သက်ဆင်းလာသည့်အလား ထင်မှတ်ရပေမည်။
ထိုလက်ချောင်းက တစ္ဆေမျက်လုံးမြို့ အပြင်ဘက် ကီလိုမီတာသောင်းချီအကွာရှိ တောင်ကြားသို့ ရည်ရွယ်၏။
ထိုလက်ချောင်း မဆင်းသက်လာခင် အံ့မခန်းဖိအားတစ်ခုသည် ကျရောက်၍ မြေကြီးထုသည် အက်ကွဲရသည်။ ကျင့်ကြံသူအားလုံးက တစ်ခုခုအပြောင်းအလဲကြီး ဖြစ်သည်ကို တွေးမိကြသော်လည်း မည်သူကမျှ ပျံသန်း၍ မကြည့်ဝံ့ကြပေ။
ပြင်းထန်သောဖိအား ပျံ့နှံ့လာချိန်၌ သူတို့၏စိတ်မှာ တုန်ယင်ရသည်။
မူလတုန်းက တစ္ဆေမျက်လုံးမြို့ပေါ်သို့ ကျဆင်းနေသည့် မိုးများ ရွာသွန်း၍ လျှပ်စီးများ ထန်နေခဲ့၏။ သို့ရာတွင် ယခုအခိုက်၌ ထိုဧရာမလက်ချောင်း သက်ဆင်းလာရင်း တိမ်တိုက်တိမ်စိုင်များအားလုံး လွင့်စင်သွားရ၏။
ထိုလက်ချောင်းနှင့် ထိတွေ့မိသော တိမ်စိုင်များက ပေါက်ကွဲထွက်ကာ ကော်းကင်ထက်၌ တောက်ပ၏။ထိုတောက်ပမှုမြင်ကွင်းက ခန်းနားလှပမှုကို ဆောင်၏။
မိုးကြိုးများ ကောင်းကင်အနှံ့ တဟုန်းဟုန်း ပဲ့တင်ထပ်သည်။ လက်ချောင်းကြီးဆင်းသက်လာနေရင်း ကောင်းကင်ပင် ပြိုဆင်းသွားသည့်အလား ထင်မှားရသည်။
ဝမ်လင်းသည် တောင်ကြားထဲ၌ မားမားရပ်နေရင်း ကောင်းကင်ထက်မှ ဆင်းသက်လာသည့် လက်ချောင်းကြီးကို သုန်မှုန်စွာ ကြည့်နေ၏။ သူက ထိုလက်ချောင်းထံမှ ထွက်ပေါ်နေသည့် အော်ရာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ထိုအော်ရာမှာ ရှေ့ဖြစ်ဟောသူ၏ အော်ရာပင်။
“ဒါက ဘယ်လိုမန္တာန်မျိုးလဲ…” ဝမ်လင်းသည် သူ့လက်ထဲ၌ အဆုံးစွန်ယန်ကို ကိုင်ထား၏။ ထိုအခိုက်၌ သူသည် သူ့မူလစိတ်ဝိညာဉ်ထဲရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က တုန်ယင်သွားသည်ကို ခံစားမိသည်။
အခုချိန်၌ သူက ထိုပုတီးစေ့အကြောင်းကို တွေးနေဖို့ အချိန်မရှိပေ။ ဝမ်လင်းက အဆုံးစွန်ယန်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်၏။ထို့နောက် သူက ကောင်းကင်ထက်မှ သက်ဆင်းလာသည့် ဧရာမလက်ချောင်းကြီးကို စူးစိုက်ကြည့်သည်။
၎င်းလက်ချောင်းကြီးက ခုနစ်ရောင်စုံတောက်ပမှုကို ပေးစွမ်းကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။ဟင်းလင်းပြင်၌ အက်ကြောင်းများပေါ်လာကာ ဝမ်လင်းထံသို့ ယင်းလက်ချောင်းသည် တိုက်ရိုက် သက်ဆင်းလာသည်။
အံ့မခန်းဖိအားက ကောင်းကင်ထက်မှ သက်ဆင်းလာကာ ဝမ်လင်းပတ်လည်၌ စုဝေးသည်။
“ရှေ့ဖြစ်ဟောသူ…” ဝမ်လင်းက သုန်မှုန်စွာ ရှိနေ၏။ ထို့နောက် သူက သူ့သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူသည်။ ထိုအရာမှာ ချင်းရွှေသူ့ကို ပေးခဲ့သော မိုးဆင့်ခေါ်ခြင်းအစွမ်းကို အသုံးပြုနိုင်သည့် သလင်းတုံးပင်။
အတိတ်တုန်းက ချင်းရွှေသည် ထိုသလင်းတုံးထဲ၌ မိုးဆင့်ခေါ်ခြင်းမန္တာန်ကို သုံးကြိမ်အသုံးပြုနိုင်သည့် အစွမ်းကို ချိပ်ပိတ်ထားသည်ဟု ပြောခဲ့၏။ ချင်းရွှေ ဖော်ထုတ်သည့် မိုးဆင့်ခေါ်ခြင်းအစွမ်းသည် သာမန်မဟုတ်ပေ။ ဝမ်လင်းက ၎င်းအစွမ်းကို ခုချိန်ထိ အသုံးမပြုရသေးဘဲ သူ့အသက်ကယ်ဝှက်ဖဲအဖြစ် သိမ်းထားခဲ့ခြင်းပင်။
အခုချိန်တွင်မူ ၎င်းအစွမ်းကို အသုံးပြုရမည့် အချိန် ရောက်လာပေပြီ။
ထိုဧရာမလက်ချောင်းကြီးက ဝမ်လင်းထံသို့ တိုးဝင်လာနေ၏။ ကျယ်လောင်တုန်ဟီးသံများ ပဲ့တင်ထပ်နေသည်။ ဆင်းသက်လာသည့်ဖိအားကြောင့် မြေကြီးထုပင် နောက်တစ်ဖန် အက်ကွဲရပြန်၏။
တစ္ဆေမျက်လုံးမြို့ပင် သက်ရောက်ခြင်း ခံရသည်။မြို့နံရံတော်တော်များများ ပြိုပျက်ရ၏။
ထျန်ယွမ်ဂြိုဟ်နှင့် အတော်လှမ်းသောနေရာတွင် တာလော့ ဂြိုဟ်ဟူ၍ ရှိ၏။သို့သော် ထိုဂြိုဟ်က ထျန်ယွမ်ဂြိုဟ်၏ သက်ရောက်မှု ပိုင်နက်အတွင်း၌သာ ရှိနေခြင်းပင်။
ထိုဂြိုဟ်ပေါ်၌ ကလန်တစ်ခုသည် ရှိ၏။ထိုကလန်ကို တာလော့ဓားကလန်ဟု ခေါ်သည်။
တာလော့ဓားကလန်က ဂြိုဟ်၏ နေရာအများစုကို လွှမ်းမိုးထားကာ ကောင်းကင်ဘုံကံကြမ္မာကလန်ထက် ပို၍ ကြီးမားသည်။
တာလော့ဓားကလန်တည်ရှိသည့် နေရာတိုင်းရှိ တောင်တန်းများတွင် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။အဆောက်အဦများစွာနှင့် မျှော်စင်များစွာလည်း ရှိနေ၏။ မျှော်စင်ပေါင်း (၉၉၉) ခုရှိလို့နေကာ ဧရာမအစီအရင်ကြီးတစ်ခုကဲ့သို့ အခြေချထားသည်။
ထိုမျှော်စင်များ၊အဆောက်အဦများကြား၌ တသီးတသန့် ဖြစ်နေသော မျှော်စင်ကြီး တစ်ခုလည်းရှိသည်။ ၎င်းမျှော်စင်က အခြားမျှော်စင်များထက် ဆယ်ဆ ပို၍ မြင့်မားပေသည်။
ထိုမျှော်စင်၏ထိပ် ဓားသူတော်စင်လင်းထျန်ဟူ ရှိလို့နေ၏။ ဓားလေးလက်က သူ့အားလှည့်ပတ်၍ တလက်လက် ရှိလို့နေသည်။
ကြမ်းကြုတ်သောဓားစိတ်ဆန္ဒက မျှော်စင်ထက်ကနေ ဖြာကျ၍ ပျံ့နှံ့ကာ တာလော့ဂြိုဟ်ကိုပင် တုန်လှုပ်ဖွယ်ဓားစိတ်ဆန္ဒနှင့် ပြည့်နှက်စေသည်။
“စိတ်ဝင်စားစရာပဲ…စိတ်ဝင်စားစရာပဲ…” လင်းထျန်ဟူက ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။သူ့မျက်နှာထက်၌ အပြုံးတစ်ခု ဆင်မြန်းထားသည်။
“ဆရာက တပည့်တွေအပေါ်မှာ သစ္စာဖောက်တာ ဘယ်နှစ်ကြိမ်များ ရှိနေပြီလဲ။ ဒီအဘိုးအိုက ခုလိုမျိုး ရှေ့ဖြစ်ဟောသူ ကြုံနေရတာကို သဘောကျတယ်။ ဒါပေမဲ့လည်း ဒီဝမ်လင်းဟာ ဟင်္သာငှက်တသီတသန်း အဖွဲ့ဝင်ပဲ။ မဟာမိတ်က အကြီးအကဲတွေတောင် ဟင်္သာငှက်တသီတသန်းအဖွဲ့ဝင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ သေချာစဉ်းစားရလိမ့်မယ်။ တကယ်တော့ ဘယ်သူကမှ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း(ယခု မဟာမိတ်ကြယ်အဖွဲ့အစည်း) ရဲ့ တချိန်က လွှမ်းမိုးနိုင်ခဲ့တဲ့ နတ်လေးပါးကလန်ကို ရန်စလိုတဲ့ ဆန္ဒရှိကြမှာ မဟုတ်ပါဘူးလေ…”
“ထားလိုက်ပါတော့…ဝမ်လင်း…မင်းက ဒီမန္တာန်ကို တောင့်ခံနိုင်ခံရင်၊မသေခဲ့ရင် ဒီအဘိုးအိုက မင်းကို ကူညီပေးမယ်…” လင်းထျန်ဟူက ပြုံးနေ၏။ သူ့နှစ်သက်သည့်အရာမှာ ရှေ့ဖြစ်ဟောသူကို နှောက်ယှက်ဒုက္ခပေးခြင်း မဟုတ်လော။
***