အခန်း (၂၅)

ငါဘယ်တော့များမှ အင်မော်တယ်ဖြစ်လာမလဲ

အခန်း (၂၅) ငါဘယ်တော့များမှ အင်မော်တယ်ဖြစ်လာမလဲ

ကျန်းလန် လုန်ယွိ ကမ်းပေးလာသည့် ဆေးပုလင်းလေးကို လှမ်းယူလိုက်သည်။

ထို့နောက်… ဆေးပုလင်းလေးကို တအံ့တသြ ကြည့်နေမိ၏။

ဒဏ်ရာအပြင်းအထန်ရထားသည့် ဂိုဏ်းတူအစ်မက ဤဆေးပုလင်းလေးပေးရန်အတွက် သူ့ထံရောက်လာမည်ဟု ကျန်းလန် ထင်မထားခဲ့မိပေ။

ကြည့်ရသည်မှာ ကျန်းလန်ပြောပြလိုက်သည့် မြူခိုးများကိုဖယ်ရှားသော လှည့်ကွက်လေးက အလွန်အသုံးဝင်ခဲ့ဟန် ရှိသည်။ အနက်ရောင်ဝတ်လူနှင့် တိုက်ခိုက်သည့်အခါ မြူခိုးများမရှိခြင်းက များစွာ အကျိုးရှိခဲ့ဟန် တူလေသည်။

သူမသည်လည်း ကျန်းလန်ကဲ့သို့ပင် ဆွဲငင်အားမန္တန်အစီအရင်နှင့် ဝိညာဉ်စကားမန္တန်ကို ပေါင်းစပ်အသုံးပြုခဲ့ပေလိမ့်မည်။

ဂိုဏ်းတူအစ်မ… အလွန်မှ တော်ပါပေသည်…  တော်လွန်းပါပေသည်။

“ကျေးဇူးတင်ပါတယ် … ဂိုဏ်းတူအစ်မ’လုန်’…”

ကျန်းလန် လုန်ယွိကို ကျေးဇူးတင်စကား ပြောလိုက်သည်။

သူက လုန်ယွိ ပေးလာသည့် ဆေးပုလင်းလေးကို ငြင်းဆန်ခဲ့ခြင်း မရှိပေ။ ယခုဆိုလျှင်… သူတို့ တစ်ယောက်နှင့်တစ်ယောက် အကြွေးတင်နေခြင်းမရှိတော့ဟု မှတ်ယူနိုင်သည်။

သို့သော်… ကျန်းလန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးလုံးများ များစွာ ရှိသည်ကို လုန်ယွိ မသိရှာပေ။

ကျန်းလန်က နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်၏။

အခြေခံတည်ဆောက်ခြင်းဆင့်တက်ရောက်ရန်အတွက် လိုအပ်သည့်ရင်းမြစ်များအားလုံး ကျန်းလန်တွင် ပြည့်စုံစွာ ရှိနေလေသည်။

သူ့ကို ဆရာဖြစ်သူပေးထားသည့် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးလုံးများ များစွာ ရှိသည်။ ထိုဆေးလုံးများနှင့် မလုံလောက်လျှင် ဆရာဖြစ်ထံတွင် သူ့အတွက်စုဆောင်းထားသည့် နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးများ တောင်ပုံရာပုံ ရှိနေသေးသည်။

ဤသည်က… တစ်ဦးတည်းသောတပည့်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်၏။

လုန်ယွိက ကျန်းလန်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ ထို့နောက် … ထွက်ခွာသွားလေတော့သည်။

ကျန်းလန်က သူမပေးသည့် ဆေးပုလင်းကို လက်ခံလိုက်သည့်အတွက် စိတ်သက်သာရာ ရသွားမိသည်။ မဟုတ်ပါက သူမ ဘဝတစ်လျှောက်လုံး ကျန်းလန်ကို အကြွေးတင်နေသလို ခံစားရပြီး အားနာနေရပေလိမ့်မည်။

နောက်တစ်ချက်မှာ… ဂိုဏ်းတူအစ်မ တစ်ယောက်အနေဖြင့် ကျန်းလန် ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်ရန်အတွက် ကူညီပေးရမည့်တာဝန် ရှိလေသည်။

မှော်ရုံနယ်မြေအတွင်းဝင်လာသည့် ခရီးစဉ်တွင်လည်း ကျန်းလန်က သူမ၏အဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

ကျန်းလန်ကတော့ လုန်ယွိ၏ ကျောပြင်ကိုငေးမောကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

ထို့နောက်… ကျန်းလန် တင်ပျဉ်ခွေ ပြန်ထိုင်လိုက်ပြီး ဆက်လက်ကျင့်ကြံနေလိုက်သည်။

အမှန်တော့… သူ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးလုံးများစွာ စားထားပြီးသား ဖြစ်သည်။ ယခု… နောက်ထပ်တစ်လုံးထပ်စား၍လည်း ဘာမှ ထူးခြားလာမည် မဟုတ်ပေ။

မနက်ဖန်ဆိုလျှင် သူက အလိုအလျှောက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်ရောက်သွားမည့်သူ ဖြစ်၏။

အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက ဆရာဖြစ်သူထံတွင် ကိုယ်တွင်းမိစ္ဆာ ရှိ မရှိ သွားရောက် အစစ်ဆေးခံစရာ မလိုတော့ပေ။

ဆရာဖြစ်သူက သူ့ကို စစ်ဆေးပေးရန် သတိရမှသာ သွားရောက်အစစ်ဆေးခံရတော့မည် ဖြစ်သည်။

သို့သော်… ဆရာဖြစ်သူက စစ်ဆေးပေးခြင်းကို ကျန်းလန် ငြင်းဆန်မည် မဟုတ်ပေ။ သူ့တွင် ကိုယ်တွင်းမိစ္ဆာ ရှိ မရှိဆိုသည့်အချက်ကို သူကိုယ်တိုင် မသိရှိနိုင်ပေ။

တစ်စုံတစ်ယောက်က စစ်ဆေးပေးမှသာ သိရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့်… ဆရာဖြစ်သူက ကိုယ်တွင်းမိစ္ဆာ စစ်ဆေးပေးရန် မေ့လျော့နေလျှင်တောင်မှ ကျန်းလန်က စစ်ဆေးပေးပါရန် သွားရောက်တောင်းဆိုမည် ဖြစ်၏။

***

ခွန်လွန်တောင်…

နဝမတောင်ထွတ်…

မော့ကျန်းသုန့်သည် ခွန်လွန်တောင် အစွန်းတစ်နေရာတွင် မတ်တတ်ရပ်လျှက် ရှိလေသည်။ သူ၏ ရှည်လျားသည့်ဝတ်ရုံနှင့် ရှည်လျားသည့် ဆံနွယ်များက လေအဝေ့တွင် လွင့်မျောလျှက် ရှိ၏။

သူ့ကိုကြည့်ရသည်မှာ အင်မော်တယ်တစ်ပါး၏ ခမ်းနားထည်ဝါမှုအပြည့်နှင့် ဖြစ်လေသည်။

ထိုအချိန်…

မော့ကျန်းသုန့်၏ ရှေ့တွင် ရွှေရောင်စာတစ်စောင်ပေါ်လာသည်။

စာထဲတွင် ရေးသားထားသည့် အကြောင်းအရာများကို မော့ကျန်းသုန့် ဖတ်ပြီးသည်နှင့် ရွှေရောင်စာရွက်က လေထဲတွင်ပင် မီးများလောင်ကျွမ်းကာ ပျောက်ကွယ်သွားလေသည်။

စာကိုဖတ်ပြီးသည်နှင့် မော့ကျန်းသုန့်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ယှက်သန်းလာသည်။ ထို့နောက် နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

ထို့နောက်… တတိယတောင်ထွတ် တစ်နေရာတွင် မော့ကျန်းသုန့် ပြန်ပေါ်လာလေ၏။

သူ ရောက်ရှိလာသည့်နေရာက တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေအဝင်တံခါးရှေ့တွင် ဖြစ်သည်။

ထိုနေရာတွင် လူပေါင်းများစွာ စုရုံးလျှက် ရှိကြသည်။

လူအုပ်ကြီးကို ဦးဆောင်သူက အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏ လက်ထဲတွင် ကျင့်ကြံသူများကိုင်ဆောင်သည့် ဖူချန်ဟုခေါ်သည့် နှင်တံကို ကိုင်ဆောင်ထားသည်။

သူမက ကျက်သရေရှိစွာ လှပတင့်တယ်လွန်းပြီး သူမထံမှ မြင့်မားသည့် တန်ခိုးစွမ်းအားအငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

ကျင့်ကြံသူများအနေဖြင့် သူမရှေ့တွင် သေချာပေါက် ကြောက်ရွံ့သိမ်ငယ်ခြင်းကို ခံစားကြရမည် ဖြစ်သည်။

သူမက တတိယတောင်ထွတ်၏ အရှင်သခင် ကျူးချင် ဖြစ်လေ၏။

သူမက မော့ကျန်းသုန့် ရောက်ရှိလာသည်ကို တွေ့သည်နှင့် ချက်ချင်း နှုတ်ဆက်စကားဆိုလိုက်သည်။

“ဂိုဏ်းတူအစ်ကို’မော့’ … ဒီအထိ လိုက်လာတာလား…”

တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေအတွင်းသို့ တောင်ထွတ်အသီးသီးမှ တပည့်များ ဝင်ရောက်ကြခြင်း ဖြစ်သည်။

ယခု ပြဿနာကြီးရင်ဆိုင်ကြရသည့်အခါ မည်သည့်တောင်ထွတ်က တောင်သခင်မှ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြခြင်း မရှိပေ။

သို့သော် … မော့ကျန်းသုန့်ကတော့ ရောက်လာခဲ့သည်။

ကျူးချင်၏ အမေးစကားကို မော့ကျန်းသုန့်က ခေါင်းညိတ်အဖြေပေးလိုက်သည်။

ထို့နောက် မှော်ရုံနယ်မြေဝင်ပေါက်ကို တစ်ချက်ကြည့်ရင်း…

“အထဲမှာ ဘာတွေဖြစ်နေတာလဲ…”

ကျူးချင်က သူ့ကို တတိယတောင်ထွတ် မှော်ရုံနယ်မြေထဲတွင် ပြဿနာဖြစ်နေသည်ဟုသာ သတင်းပို့ခဲ့သည်။ မည်သည့်ပြဿနာဖြစ်နေကြောင်း စာထဲတွင် ရေးသားထားခြင်း မရှိပေ။

သူ၏ တစ်ဦးတည်းသော တပည့်လေးက အထဲသို့ ရောက်နေလေရာ မော့ကျန်းသုန့် များစွာ စိုးရိမ်ပူပန်လျှက် ရှိသည်။

ထိုတပည့်လေးက သူ… သဘောအကျဆုံးတပည့်လေး ဖြစ်ပြီး နဝမတောင်ထွတ်တွင် သူ… အမြဲတမ်း နေထိုင်စေလိုသည့် တပည့်လေး ဖြစ်သည်။

ထိုတပည့်လေးသာ တစ်စုံတစ်ခုဖြစ်သွားပါက သူ့အနေဖြင့် ထိုသို့သောတပည့်မျိုး နောက်တစ်ယောက် ထပ်မံရရှိရန် ခဲယဉ်းသွားပေလိမ့်မည်။

နှစ်ထောင်ပေါင်းများစွာအတွင်းတွင် ကျန်းလန်က သူ့အချစ်ဆုံး တပည့်ဖြစ်လေ၏။

ထို့ပြင်… အချိန် (၁၀)နှစ်ကြာလျှင် ကျန်းလန်က သူ၏ ဆက်ခံသူတပည့် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်… သူ့တပည့်လေးကို အဘယ်မှာ ဂရုမစိုက်ဘဲ နေဝံ့ပါမည်နည်း။

တတိယတောင်ထွတ်၏ တောင်သခင်ကျူးချင်မှာလည်း မျက်နှာသိပ်မကောင်းလှပေ။

သူမက…

“မှော်ရုံနယ်မြေကိုဝင်တဲ့ ဥမင်ထဲမှာမုန်တိုင်းက ပထမတစ်ကြိမ်ဝင်ထားတဲ့အရှိန်ကြောင့် မငြိမ်သက်သေးဘူး… ၊ ကျွန်မတို့ အထဲဝင်ဖို့ နောက်တစ်ရက်လောက် စောင့်ရဦးမယ်…”

သူမ၏ ပိုင်နက်နယ်မြေဖြစ်သည့် တတိယတောင်ထွတ်တွင် အန္တရယ်ကြုံတွေ့ရခြင်းအတွက် သူမလည်း အတော်လေး စိတ်မသက်မသာခံစားနေရသည်။

မှော်ရုံနယ်မြေထဲတွင်လည်း သူမ၏တပည့်များစွာရောက်ရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့်… မော့ကျန်းသုန့်၏ စိုးရိမ်ပူပန်မှုများကိုလည်း သူမ နားလည်ပေးနိုင်လေသည်။

နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့်က အထဲတွင် ရှိနေသည်။ ထို့ပြင်… ထိုတပည့်ငယ်က ချီစွမ်းအားသန့်စင်ခြင်းအဆင့်သာ ရှိသေးသည်။

အခန့်မသင့်လျှင် ထိုတပည့်လေး အသက်ပျောက်သွားနိုင်သည့် အခြေအနေဖြစ်သည်။

မော့ကျန်းသုန့် တိတ်ဆိတ်ငြိမ်သက်နေ၏။

အမှန်က… မှော်ရုံနယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် ကျန်းလန်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသည်။ သို့သော်… ကျန်းလန် စိတ်စွမ်းအားကောင်းလွန်းသည်ကို သိရှိသောကြောင့် မှော်ရုံနယ်မြေသို့ စေလွှတ်လိုက်ခြင်း ဖြစ်၏။

ကျန်းလန်၏ စိတ်စွမ်းအားနှင့်ဆိုလျှင်… အသေးအဖွဲအန္တရယ်လေးများကြုံရပါက သူ့ကိုယ်သူ ကာကွယ်နိုင်မည်ဖြစ်သလို အန္တရယ်ကိုလည်း ရှောင်တိမ်းနိုင်မည် ဖြစ်သည်။

သို့သော်… မထင်မှတ်စွာပင် ကြီးမားသည့် မတော်တဆမှုကြီးတစ်ခုက ဖြစ်ပျက်လာခဲ့လေပြီ…။

မော့ကျန်းသုန့် တပည့်ဖြစ်သူကို မှော်ရုံနယ်မြေထဲ လွှတ်လိုက်မိသည့်အတွက် နောင်တရနေမိသည်။

တပည့်ဖြစ်သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အဆင့်တက်ရောက်ရန်လည်း မော့ကျန်းသုန့် မမျှော်လင့်တော့ပေ။

တပည့်ဖြစ်သူ မသေမပျောက် ၊ ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိဘဲ အဆင်ပြေပြေရှိနေလျှင်ပင် ကျေနပ်ပြီဟု မော့ကျန်းသုန့် သဘောထားနေမိသည်။

တပည့်ဖြစ်သူသာ တစ်စုံတစ်ခုဖြစ်ပါက ပြဿနာရှာသူများကို သူ… ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ နဝမတောင်ထွတ်တွင် မည်သူမှ မရှိသည့်တိုင် ထိုသူများ သူ့အကြောင်းသိသွားစေရမည် ဖြစ်သည်။

နဝမတောင်ထွတ်ဆိုသည်က… မည်သူမှ အနိုင်မကျင့်ရဲ့၏သည့် နေရာတစ်ခု ဖြစ်ကြောင်း သက်သေပြရပေလိမ့်မည်။

***

နောက်တစ်နေ့နံနက်…

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။

ထို့နောက်… သူ၏ ကျင့်ကြံခြင်းအဆင့်ကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားအောင် ချိန်ညှိလိုက်သည်။ ယခုတော့… အများအမြင်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်… အခြားတပည့်များကလည်း မနှောင့်နှေးခဲ့ကြပေ။ ထိုတပည့်များအားလုံးလည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားကြလေသည်။

“တော်လိုက်ကြတာ… တကယ့်ပါရမီရှင်တွေပဲ… ရွှေပြဒါးအမြုတေအဆင့်ကို လွယ်လွယ်လေးနဲ့ အဆင့်တက်သွားကြတယ်…”

ကျန်းလန် တွေးလိုက်သည်။

ခွန်လွန်တောင်က အမှန်ပင် အံ့သြစရာကောင်းသည်ဟု ကျန်းလန် ခံစားလိုက်မိသည်။

မှော်ရုံနယ်မြေသို့ တစ်ခေါက် ခရီးထွက်လိုက်သည်နှင့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ များစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ခွန်လွန်တောင်က အလွန်နာမည်ကျော်ကြားခြင်း ဖြစ်၏။

အဓိကအချက်မှာ… ခွန်လွန်တောင်က အရည်အချင်းမရှိ ညံ့ဖျင်းသူများကို တပည့်အဖြစ် လက်ခံလေ့ မရှိပေ။

ခွန်လွန်တောင်မှ တပည့်များထဲတွင် ကျန်းလန်တစ်ယောက်ကတော့ အရည်အချင်းမရှိ ညံ့ဖျင်းသည်ဟု ထင်စရာ ရှိသည်။ သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့်က အခြားတပည့်များထက် နိမ့်ကျခြင်းမရှိကြောင်း ကျန်းလန် ကိုယ်တိုင်သာ အသိဆုံး ဖြစ်၏။

ကျန်းလန် နေရာမှထလိုက်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံခြင်းအဆင့်လည်း မြင့်တက်သွားပြီဖြစ်ရာ ယခုအချိန်က သာမန်လူများကဲ့သို့ ဟိုစပ်စပ် ဒီစပ်စပ် စမ်းသပ်ကြည့်ရန် အချိန်ကောင်းဖြစ်၏။

သို့သော်… ကျန်းလန် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည်… မှော်ရုံနယ်မြေ ကောင်းကင်ထက်တွင် ထူးခြားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

ကောင်းကင်ထက်တွင် ဥမင်ကြီးတစ်ခုအလား ပုံသဏ္ဍန်ရှိသည့် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ခွန်လွန်တောင်က အကူအညီတွေ ရောက်လာပြီ…”

တပည့်များအားလုံး အော်ဟစ်လိုက်ကြသည်။

ထိုအခါမှ… ကျန်းလန် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ခွန်လွန်တောင်မှအကူအညီများ ရောက်လာပြီဖြစ်သောကြောင့် အခြား ကြီးမားသော အန္တရယ် မရှိနိုင်တော့ပေ။

ရန်သူများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ကျန်းလန် ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်မှ သတိမလွတ်ခဲ့ပေ။

သို့သော်… နောက်ကွယ်မှ ကြိုးကိုင်သူ ဆရာကြီးက လုံး၀ ထွက်ပေါ်လာခြင်း မရှိတော့ပေ။ ထို့ကြောင့်လည်း ကျန်းလန် များစွာစိတ်သက်သာရာ ရသွားမိခြင်း ဖြစ်၏။

သူ့အနေဖြင့် ထိုသူကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့သော်… နောက်ကွယ်မှလူက အဘယ့်ကြောင့် လက်လျှော့ကာ လစ်ထွက်သွားရသည်ကို ကျန်းလန် နားမလည်နိုင်ပေ။

“ဒါပေမဲ့ သူ ငါ… ဘယ်သူလဲဆိုတာတော့ အဲဒီလူ သိနိုင်မှာ မဟုတ်လောက်ပါဘူး…”

ကျန်းလန် တွေးလိုက်မိသည်။

အနက်ရောင်ဝတ်လူနှင့်တိုက်ခိုက်စဉ်တွင်… သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသည် မဟုတ်ပါလား။ အခြားသူက မြူခိုးများဖုံးလွှမ်းနေသည့် သူ၏ပုံသဏ္ဍန်ကိုသာလျှင် တွေ့မြင်ရမည် ဖြစ်သည်။

ထို့ကြောင့်လည်း… အနက်ရောင်ဝတ်လူကို သတ်ဖြတ်ပြီးသည့်နောက် ကျန်းလန် အတော်လေး အားအင်ကုန်ခမ်းသွားသည်ကို ထိုသူ မသိရှိနိုင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

“ဟွန်း… အခုနေသာ ရောက်လာလို့ကတော့ ငါ့မှာ ရွှေခန္ဓာဆေးလုံးရှိနေပြီ… ဒါဆို အဲဒီလူကို နိုင်ချေရှိနိုင်တယ်…”

ဟု ကျန်းလန် တွေးလိုက်ပြန်၏။

သူ… တွေးနေဆဲမှာပင် ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအလယ်တွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုလမ်းကြောင်းအတွင်းမှ မြင့်မားပြင်းထန်လှသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

“အင်မော်တယ်တွေပဲ…”

ကျန်းလန် တွေးလိုက်မိသည်။

အင်မော်တယ်တန်ခိုးစွမ်းအားများက ကျန်းလန်ကို အလိုလိုနေရင်း ကြောက်ရွံ့သိမ်ငယ်စိတ်များ ဖြစ်ပေါ်လာစေသည်။

ဤသည်က လူသားများနှင့် အင်မော်တယ်များကြားမှ ခြားနားချက်ပင် ဖြစ်၏။

သို့သော်… သိပ်မကြာမီ အင်မော်တယ်တန်ခိုးစွမ်းအားများ ပျောက်ကွယ်သွားပြီး မြေပြင်ထက်သို့ လူအနည်းငယ် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

အင်မော်တယ်တန်ခိုးစွမ်းအားများကို ခံစားမိပြီးနောက် ကျန်းလန်၏ အမြင်များလည်း ပြောင်းလဲသွားသည်။

“ငါလည်း ဘယ်တော့များမှ အင်မော်တယ် ဖြစ်လာမလဲမသိဘူး…”

ကျန်းလန် ခပ်တိုးတိုး ရေရွတ်လိုက်မိလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset