Switch Mode

အပိုင်း(၁၀၁၈)

ရှေ့ဖြစ်ဟောသူကို တစ်ကြိမ်မှားခိုင်းစေမယ်…

ဘိုင်ဝေက တောင်ကြားအထက်ရှိ အတားအဆီးများကို ကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုဝမ်…သင် ဒီနေရာထိ ရောက်လာခဲ့မှတော့ သင် ငါပြောခဲ့တဲ့ စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သွားတာ သေချာပါတယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ယင်စွမ်းအင်ရှိနေဆဲ ဖြစ်ရုံသာမက ၎င်းစွမ်းအင်က အလွန်အားကောင်းနေသည်။ တကယ့်ကို အံ့မခန်းအဆင့်ထိ ရောက်နေခြင်းပင်။

ထိုမျှသိပ်သည်းလှသော ယင်စွမ်းအင်သည် ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်ထဲ၌ မဖြစ်ပေါ်လာသင့်ပေ။ ဘိုင်ဝေ၏ ကျင့်ကြံမှုအဆင့်ဖြင့် ထိုသို့သောယင်စွမ်းအင်မျိုးကို လက်ခံနိုင်စွမ်း မရှိသင့်ပေ။

ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလာ၏။ “အဖြူရောင်သစ်ပင် ဖူးပွင့်လာတော့ အဖြူနဲ့အနက်ဟာ ပြောင်းပြန်ဖြစ်ခဲ့တယ်။ငါက အစ်ကိုဘိုင် ပြောချင်ခဲ့တဲ့အချို့ကို နားလည်ခဲ့ပါတယ်…”

ဘိုင်ဝေက သက်ပြင်းချ၏။ သူက မချိပြုံးပြုံးသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလာ၏။ “ငါက ခုထိ ဆရာ့ရဲ့အကြံအစည်ကနေ မလွတ်မြောက်နိုင်သေးဘူး။ ငါထင်တာက အစစ်အမှန်အန္တရာယ်ရောက်လာဖို့ သုံးလလောက်ပဲ လိုတော့တယ်။ ဒီသုံးလအတွင်း ငါက အစ်ကိုဝမ် ငါ့ကို ကူညီပေးစေချင်တာပါ။ဒါဆိုရင် ငါ့မှာ လွတ်မြောက်နိုင်ဖို့ အခွင့်ရေး (၂၀)ရာခိုင်နှုန်းလောက် ရှိလာလိမ့်မယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ငါက ဆရာ့ရဲ့ အစီအစဉ်တွေထဲမှာ ကျရှုံးခဲ့ရပြန်တယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်နေသည်။သူက စကားတော့ မဆိုပေ။

“အစ်ကိုဝမ်…ငါ အစတုန်းက သင် ခုလောက်ထိ မြန်မြန် ငါ့ကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး။ ငါက သင့်ကို မနက်ဖြန်ချရင် သဲလွန်စအရိပ်အမြွက် ထပ်ပေးဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့လည်း ခုတော့ မလိုတော့ပါဘူး။ ခုချိန်မှာ ဆရာဟာ တံခါးပိတ်ကျင့်ကြံနေတယ်။ သူ ထွက်လာတာနဲ့ သူက သာမန်မဟုတ်တာကို ချက်ခြင်း သတိပြုမိပြီး ဒီနေရာကို ရောက်လာမှာပဲ…”

“ဆရာရောက်မလာခင်….အစ်ကိုဝမ်က ဇာတ်လမ်းတစ်ခု နားထောင်ချင်ရဲ့လား…”

ဘိုင်ဝေသည် စိတ်ရှုပ်ထွေးဟန် ခါးသီးစွာ ပြုံးနေ၏။

“ငါက ထျန်ယွမ်ဂြိုဟ်ရဲ့ ချမ်းသာတဲ့ သေမျိုးမိသားစုတစ်စုကနေ မွေးဖွားလာခဲ့တာ။ ငါ မမွေးခင်က ကောင်းကင်ဟာ အနီရောင်တောက်ပနေပြီး ငါ မွေးလာတဲ့နောက် ဒီအနီရောင်အလင်းဟာ ပျောက်ကွယ်သွားခဲ့တယ်…”

“ငါကျင့်ကြံခြင်းလောကကို မဝင်ရောက်ခင်ကတည်းက ဒီအနီရောင်အလင်းဟာ အစစ်အမှန်ယန်လို့ သိခဲ့တယ်။ သင် ငါ မွေးဖွားခဲ့တဲ့အချိန်ကို ပြန်တွက်ချက်ကြည့်ရင် အဲ့အချိန်အတွင်းမှာ အဆုံးစွန်ယန်ဓာတ်တွေ ရှိနေခဲ့တာ သိလိမ့်မယ်….”

“ဒီလိုအဖြစ်မျိုးက နှစ်ပေါင်းထောင်ချီမှ တစ်ကြိမ်လောက်သာ ရှိတဲ့ ဖြစ်တောင့်ဖြစ်ခဲမျိုးပဲ။ ငါဟာ အတိတ်ကို ပြန်သွားပြီး ရှာဖွေလေ့လာကြည့်ခဲ့တယ်။အဲ့နေ့မှာ မွေးတဲ့ကလေးတိုင်းမှာ ငါက လွဲလို့ ကျန်တဲ့လူတွေအားလုံး သူတို့အမေတွေရဲ့ ဘေးနားမှာပဲ သေဆုံးခဲ့ကြတယ်…”

“အဲ့နေ့မှာ မွေးတဲ့ကလေးဟာ ယောက်ျားလေးဆိုရင် အလောင်းကောင်ဖြစ်ကျန်မယ်။ ဒါပေမဲ့ မိန်းကလေးဆိုရင် ပျောက်ကွယ်သွားခဲ့ကြတယ်…”

ဘိုင်ဝေ၏မျက်လုံးထဲ၌ နာကျင်မှုတို့ ပြည့်လာ၏။သူက ရှေ့တည့်တည့်သို့ ကြည့်နေရင်း သူမမှတ်မိလိုသည့် အတိတ်ကို ပြန်တွေးနေရပုံ ပေါ်သည်။

“ငါ့မှာ ညီမ တစ်ယောက်ရှိခဲ့တယ်။ ငါတို့က အမွှာတွေပဲ။ ယန်ဓာတ်အထွတ်အထိပ် ရောက်တဲ့အချိန် အခိုက်ဟာ အဆုံးစွန်ယင် ရှိလာတယ်။ ငါက ဒီလိုနဲ့ မွေးဖွားလာရင်း အဆုံးစွန်ယင်အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်ခဲ့တယ်။ ငါ့ညီမက ပျောက်ကွယ်သွားခဲ့ပေမဲ့လည်း သူမက အဆုံးစွန်ယင် အနည်းငယ်ကို စုပ်ယူခဲ့တယ်။ဒီလိုနဲ့ သူမရဲ့အသွေးအသားခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့ပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်ဟာ ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့တာပဲ…”

“မူလတုန်းကတော့ အရာအားလုံးဟာ အေးအေးချမ်းချမ်းပါပဲ။ ငါ့ညီမရဲ့ စိတ်ဝိညာဉ်ဟာလည်း နိုးထာမလာခဲ့ပါဘူး။ သူမက အိပ်ပျော်နေသလိုပဲ။ အဲ့အတိုင်းသာ ဆက်ဖြစ်နေခဲ့ရင် ဒီနေ့လိုအရာတွေလည်း ဖြစ်လာတော့မှာ မဟုတ်ဘူး…”

“ငါခုနစ်နစ်အရွယ်တုန်းက ငါ့ကို ကောင်းကင်ဘုံကံကြမ္မာကလန်ကို ပို့ဆောင်ခြင်း ခံရတယ်။ငါ့ပါရမီက အလွန်ကောင်းတဲ့အတွက် ကျင့်ကြံတဲ့နေရာမှာ မြန်ဆန်တယ်။သိပ်မကြာခင်မှာပဲ ငါက အပြင်တပည့်အဖြစ်ကနေ အတွင်းတပည့် ဖြစ်လာခဲ့တယ်…”

“မျက်စိတစ်မှိတ်အတွင်းမျာ နှစ်ပေါင်းရာချီ ကုန်ဆုံးသွားခဲ့ပြီး ငါလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်လာခဲ့တယ်။ငါက အတွင်းတပည့်ကနေ ခရမ်းရောင်အုပ်စုခွဲ…ဆရာရဲ့ တိုက်ရိုက်တပည့်တွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်…”

“ငါ့ကျင့်ကြံမှုအဆင့်က တိုးတက်လာနေရင်း ငါလည်း တဖြည်းဖြည်းနဲ့ ကွာခြားမှုတွေကို သတိပြုမိလာခဲ့တယ်။ငါက ငါ့စိတ်ဝိညာဉ်တစ်ဝက် ဖြစ်နေတဲ့ ငါ့ညီမရဲ့ စိတ်ဝိညာဉ်ဟာ နိုးထလာမယ့် အရိပ်အယောင် ပြနေတာကို သတိပြုမိခဲ့တယ်။ ငါ့မူလအစီအစဉ်က သူမနိုးထလာရင် ဆရာ့ကို အကူအညီတောင်းပြီး ငါ့ခန္ဓာကိုယ်ထဲကနေ သူမရဲ့ စိတ်ဝိညာဉ်ကို ထုတ်ပေး၊ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ပြန်ပို့ပေးခိုင်းမလို့ပဲ…”

ဘိုင်ဝေက ခါးသီးစွာ သက်ပြင်းချ၏။ သူ့အသွင်က ကြမ်းတမ်းလာကာ သူက လက်သီးခပ်တင်းတင်းဆုပ်သည်။

“ငါအဲ့နေ့ကို ဘယ်တော့မှ မမေ့ဘူး။ ငါ ကျင့်ကြံနေရင်း ငါ့ညီမရဲ့ စိတ်ဝိညာဉ်ဟာ နိုးထမလို ဖြစ်လာခဲ့တယ်။အဲ့နောက် ကျောက်ရှင်းရှဟာ ငါ့ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့ပြီး သူက ငါ့ကို ဒဏ်ရာရစေခဲ့တယ်။ သူက ငါ့ထက်ကျင့်ကြံမှုအဆင့် မြင့်မားတယ်လေ။ ဒါ့ကြောင့် ငါ့ညီမရဲ့ စိတ်ဝိညာဉ်ဟာ နိုးထမလို ဖြစ်နေရာကနေ ငါနဲ့ ပိုပြီး ပေါင်းစပ်သွားခဲ့တယ်။ ဒီအဖြစ်က ငါ့ကို ခုလိုမျိုး ယောက်ျား မဟုတ် မိန်းမ မဟုတ်တဲ့ စက်ဆုပ်ထိတ်လန့်ဖွယ် အခြေအနေကို ရောက်သွားစေခဲ့တာပဲ…”

ဘိုင်ဝေ၏မျက်လုံးထဲ၌ မွန်းစတားဆန်သည့် အမုန်းတရားတို့ ကြီးစိုးလာသည်။

“စိတ်ဝိညာဉ်ကို ပြန်ခွဲထုတ်ဖို့အတွက် ငါဟာ ဆရာ့ကို အကူအညီတောင်းဖို့ ရှာခဲ့တယ်။ ဆရာက ငါ့ကို ကောင်းကင်နှစ်ထပ်ဆန္ဒနည်းလမ်း ကျင့်စဉ်ကို ပေးခဲ့တယ်။သူ ‌ပြောခဲ့တာက ငါသာ ဒီကျင့်စဉ်ရဲ့ အဆင့်ကိုးကို ရောက်ခဲ့ရင် ငါ့ညီမနဲ့ငါဟာ ပြန်ခွဲထုတ်နိုင်လိမ့်မယ်တဲ့…”

“ဆရာဟာ ငါ့ကို လိမ်ခဲ့လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားမိခဲ့ဘူး။ ကောင်းကင်နှစ်ထပ်ဆန္ဒနည်းလမ်းကြောင့် ငါ့ကျင့်ကြံမှုအဆင့်ဟာ မထင်ထားလောက်အောက် ခုန်ပေါက်ပြီး အဆင့်တက်လာခဲ့တယ်။ ဒီနည်းလမ်းဟာ စိတ်ဝိညာဉ်အပေါ်မှာ အာရုံစိုက်ပြီး ငါ့ကြီးပြင်းမှုအပေါ်မှာလည်း ကြီးစွာ လွှမ်းမိုးမှု ရှိတယ်။ ဒါပေမဲ့လည်း ငါက ဒါကို ဂရုမစိုက်ခဲ့သေးဘူး။ ငါလိုချင်တာက ငါ့ညီမရဲ့ စိတ်ဝိညာဉ်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ တနေ့မှာ ပြန်ထည့်သွင်းပေးနိုင်ဖို့ပဲ…”

“ဒီလိုနဲ့ နှစ်ပေါင်းရာချီ ကုန်ဆုံးခဲ့ပြန်တယ်။ သင် ထျန်ယွမ်ဂြိုဟ်ကနေ ထွက်ခွာသွားတဲ့အချိန်မှာတော့ ငါဟာ တစ်ခုခုမှားနေပြီဆိုတာ သတိပြုမိခဲ့တယ်။ဒါပေမဲ့ နောက်ကျလွန်းခဲ့ပြီ…”

ဘိုင်ဝေ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ရှိလာ၏။သူက သူ့လက်ဖြင့် အင်္ကျီအပေါ်ပိုင်းကို ဆွဲဖြဲလိုက်သည်။ထိုအခါ သူ့လက်မောင်းနှစ်ဖက်ကနေ ချဲ့ကားနေသည့် အနီရောင်မျဉ်းလိုင်းနှင့် အစိမ်းရောင်မျဉ်းလိုင်းတို့ ရှိနေကြသည်။ထိုလိုင်းနှစ်ခုက အလယ်တွင် ယှက်လိမ်၍ သစ်ကိုင်းခတ်များလို ဖြစ်နေသည်။

“ဒါကို ကြည့်ပါ။ ငါကောင်းကင်နှစ်ထပ်ဆန္ဒကျင့်စဉ်ကို ကျင့်ကြံပြီးတဲ့နောက် ငါ့ခန္ဓာကိုယ်ပေါ်မှာ ဒီ ထူးဆန်းတဲ့အရာ ပေါ်လာခဲ့တာပဲ။ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောအားလုံးဟာ ယင်နဲ့ယန်နှစ်ထပ်ဆန္ဒနည်းလမ်းကို ကျင့်ကြံပြီးတဲ့နောက် ပြောင်းလဲသွားခဲ့တယ်…”

ထိုအခိုက်၌ ဘိုင်ဝေ၏မျက်လုံးထဲ၌ နာကျင်မှုတို့ ဖြစ်ပေါ်နေသည်။သူ့ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်က လှုပ်ရှားလာကာ ထူးဆန်းသည့်အမှတ်အသား ထပ်ပေါ်လာ၏။

“ငါ ဒီအကြောင်းကို ပြောတိုင်း ဒီအမှတ်အသားဟာ အသက်ဝင်လာပြီး ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ယင်စွမ်းအင်ဟာ ကြီးစွာ တိုးမြင့်လာတယ်။ ယင်နဲ့ယန်နှစ်ထပ်ဆန္ဒနည်းလမ်းက သူ့ဟာသူ ငါ့ထိန်းချုပ်မှုမရှိဘဲ ကျင့်ကြံမှု ပြုတော့တယ်…”

“ဆရာ့ကြောင့် အဆုံးစွန်ယန်ဓာတ်ဟာ ပြောင်းလဲသွားခဲ့တယ်ဆိုတာ ငါ သိတယ်။သူက သူ့မန္တာန်ကို အသုံးပြုပြီး အလွန့်အလွန် ရှားပါးလှတဲ့ အဆုံးစွန်ယန်ဓာတ်ကို ဖြစ်ပေါ်လာစေဖို့ပဲ။ ဒါတွေအားလုံးဟာ သူ့အစီအစဉ်ရဲ့ တစိတ်တပိုင်းပဲ…”

“ငါက ကောင်းကင်ဘုံကံကြမ္မာကလန်မှာ ဆက်နေထိုင်နေရင်း တဖြည်းဖြည်း နားလည်လာခဲ့တယ်။ ဆရာ့ရဲ့ကျင့်ကြံမှုအဆင့်ဟာ ပိတ်ဆို့မှု ကြုံနေရပြီဆိုတာ။ သူက ဒီပိတ်ဆို့မှုကြောင့် အတွင်းစိတ်နတ်ဆိုးရဲ့ လွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်ဘူး။ ငါက သူ့အတွေ့အကြုံစမ်းသပ်မှုတွေထဲက တစ်ခုမျှသာပါပဲ…”

“ဆရာဟာ ငါ့ခန္ဓာကိုယ်ထဲက အဆုံးစွန်ယင်ဓာတ် အထွတ်အထိပ်ကို ရောက်လာဖို့အတွက် စောင့်ဆိုင်းနေတယ်ဆိုတာ ငါ သိတယ်။ ဒီလိုအဆုံးစွန်ယင် ပေါ်လာတဲ့အခိုက်မှာပဲ အဆုံးစွန်ယန်လည်း ပေါ်လာလိမ့်မယ်။ သူက ငါ့ခန္ဓာကိုယ်ထဲက အဆုံးစွန်ယင်ကနေ အဆုံးစွန်ယန်ထွက်ပေါ်လာမဲ့ အခိုက်ကို စောင့်ဆိုင်းနေတာပဲ…”

ဘိုင်ဝေ၏ စကားများကို ကြားသည့်အခါ ဝမ်လင်းသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားမိ၏။ သူက ပင့်သက်ရှိုက်မိကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေသည်။

“ဒီအဆုံးစွန်ယင်နဲ့ယန်က ဘာတွေမလို့ ရှေ့ဖြစ်ဟောသူက လိုချင်နေရ တာလဲ…” ဝမ်လင်းသည် ဘိုင်ဝေကို ကြည့်နေ၏။ သူက ဘိုင်ဝေ ပြောခဲ့သမျှကို (၇၀) ရာခိုင်နှုန်းလောက် လိုချင်ပေသည်။

ဘိုင်ဝေ၏မျက်နှာထက်၌ ကြမ်းကြုတ်သည့်ဟန်ပန် ဖြစ်ပေါ်လာကာ သူက ရယ်မောလိုက်၏။ “ဝမ်လင်း ငါ့အစီအစဉ်က ကျရှုံးခဲ့ရတယ်။ ငါက ဆရာနဲ့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ သူက ငါတွေးနေသမျှအရာအားလုံးကို သိနေခဲ့တယ်။ သူ့ရှေ့မှာ ငါဟာ ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ။ ဒီပုရွတ်ဆိတ်က ဘယ်လောက်ပဲ ရုန်းကန်ပါစေ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်စွမ်း မရှိခဲ့ဘူးလေ…”

“ဒါပေမဲ့လည်း ဒီပုရွတ်ဆိတ်က သူ့ကို တုန်လှုပ်စေတဲ့ တစ်ခုခုကို လုပ်ပြမယ်။ သူက ငါ့ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာတဲ့ စိတ်ကူးကိုတော့ ကြိုမြင်နိုင်နေလိမ့်မယ်လို့ ငါ မယုံဘူး…”

“ဝမ်လင်း…ငါ့အခြေအနေကို အားလုံးထက် ငါ ပိုသိပါတယ်။ ငါ့ကို ကယ်တင်ပေးဖို့က မဖြစ်နိုင်ဘူး။ဒါပေမဲလည်း ငါ မသေခင်…ငါက ဒီနှစ်ပေါင်းများစွာ ရှေ့ဖြစ်ဟောသူ စောင့်ဆိုင်းနေတဲ့ ငါ့ကိုယ်ထဲက အဆုံးစွန်ယန်ထွက်ပေါ်လာရင် ငါ မင်းကို ပေးမယ်။ဝမ်လင်း…မင်း ဒါကို လက်ခံဝံ့လား…”

ဘိုင်ဝေသည် ဝမ်လင်းကို ကြည့်၏။သူ့အသံက တောင်ကြားထဲ၌ ပဲ့တင်ထပ်နေသည်။ သူ့စကားက ဝမ်လင်းနားထဲသို့ တိုးဝင်လာသည့်အခါ ဝမ်လင်းသည် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားမိလေသည်။

“မင်း ဒါကို ယူဝံ့လား…”

ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက မစဉ်းစားဘဲ မနေနိုင်ပေ။ သူက အဆုံးစွန်ယန်အကြောင်း သေချာ မသိပေ။ သို့သော် ရှေ့ဖြစ်ဟောသူက သည်အဆုံးစွန်ယန်နှင့် ပတ်သတ်၍ များစွာ အလေးထားနေသည့်အတွက် ထိုအရာက သူ့အတွက် အရေးကြီးပေလိမ့်မည်။ သူသာ အခု ဒီယန်ဓာတ်ကို ယူဆောင်ပါက ရှေ့ဖြစ်ဟောသူ၏ ဒေါသနှင့် ကျိန်းသေပေါက် ရင်ဆိုင်ရပေလိမ့်မည်။

“အချိန်မရှိတော့ဘူး။ ဆရာ အချိန်မရွေးရောက်လာနိုင်တယ်။ ဝမ်လင်း ငါ့ကို အဖြေ ပေးပါ။ မင်း ယူဝံ့လား၊မယူဝံ့ဘူးလား…”

ဘိုင်ဝေသည်‌ စောင့်ဆိုင်းနေရင်း စိတ်ပျက်လက်ပျက်ဟန် ဖြစ်ပေါ်လာသည်။ သူက ခေါင်းယမ်း၍ ခပ်တိုးတိုး ရေရွတ်၏။ “ဆရာဟာ အကုန်လုံးကိုများ ကြိုတွက်ချက်ထားတာများ ဖြစ်နေနိုင်မလား။ သူက ငါ ဝမ်လင်းကို ဒီအဆုံးစွန်ယန်ဓာတ်ပေးမယ်လို့ ကြိုတွက်ထား၊ဝမ်လင်းက လက်မခံလောက်ဘူးဆိုတာကိုများ ကြိုသိနေလား။ တကယ်လို့ ဝမ်လင်းက လက်ခံရင်လည်း သူ့ကို ပြန်ပေးမှာပဲလို့ တွက်ထားတာလား။ ဆရာဟာ ဒီနှစ်ပေါင်းမရေမတွက်နိုင်တဲ့အတော်အတွင်းမှာ ဘယ်တုန်းကမှ မှားယွင်းခြင်း မရှိခဲ့ဘူး။ ငါ ဒါကို မယုံနိုင်ဘူး။ မယုံနိုင်ဘူး။ ငါက သင် သင့်ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မမှားခဲ့ဘူးဆိုတာကို မယုံကြည်နိုင်ဘူး…”

ဘိုင်ဝေ၏စကားများ ဝမ်လင်းနားထဲသို့ ဝင်ရောက်လာသည့်အခါ ဝမ်လင်း၏မျက်လုံးတို့သည် စတင် တောက်ပလာသည်။

“ကြိုတင်ခန့်မှန်းတာ ဘယ်တော့မှ မမှားဘူး။ အမြဲတမ်းမှန်တယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ ရှေ့ဖြစ်ဟောသူပဲ။ ရှေ့ဖြစ်ဟောသူက ဒီလိုဆိုရင် ဘာအားနည်းချက်မှ ရှိမှာ မဟုတ်တော့ဘူး။ တယောက်ယောက်က သူ့ကို တိုက်ခိုက်ချင်ရင်တောင် မတိုက်ခင်မှာပဲ ကြိုအရေးနိမ့်နေရပြီ။ ဒါပေမဲ့လည်း သူသာ မှားယွင်းတွက်ချက်လိုက်ရင်…ဘယ်လိုဖြစ်လာမလဲ…” ဝမ်လင်း၏နှလုံးခုန်သံသည် မြန်ဆန်နေ၏။

“ရှေ့ဖြစ်ဟောသူက ငါ ဒါကို မယူဝံ့ဘူးလို့ တွက်ထားမှာပဲ။ ငါသာ ယူခဲ့ရင်လည်း သူက ငါ့ကို ကျိန်းသေပေါက် သတ်ချင်စိတ်ပေါ်လိမ့်မယ်။ ဒီသတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒဟာ ဖုံးဖိထားလို့ မရနိုင်ဘူး…”

“သူ့ရှေ့ဖြစ်ဟောမှုစွမ်းရည်က တုန်လှုပ်ဖွယ်ရာပဲ။ အရာအားလုံးဟာ သူ့တွက်ချက်မှုအတွင်း ရှိနေတယ်…”

“ငါ ဒီယန်ဓာတ်ကို ယူရမလား…မယူရဘူးလား…”

ဝမ်လင်းက အပြင်းအထန် စဉ်းစားနေရ၏။ သူက အမြဲတမ်း ပြတ်သားစွာ လုပ်ကိုင်တတ်သူ ဖြစ်သည်။ခုလိုမျိုး တွေဝေနေခြင်းမျို့ သူ့ထံ၌ ဖြစ်ခဲလှ၏။ ဝမ်လင်းက သူသည် သည်ယန်ဓာတ်ကို မယူခဲ့ပါက ရှေ့ဖြစ်ဟောသူ၏ ကြိုတင်မြင်နိုင်မှုသည် ဘယ်တော့မှ မမှားဟု သူ့စိတ်ထဲ၌ သံမှိုစွဲသွားနိုင်မည်ကို သိနေ၏။ သူက ရှေ့ဖြစ်ဟောသူနှင့် တစ်ကြိမ်မျှ မတိုက်ခိုက်သေးသော်လည်း သူတို့နှစ်ယောက်ကြား၌ ထိပ်တိုက်တွေ့မှုတို့ကတော့ ရှိနှင့်ပြီးဟု ယူဆ၍ ရသည်။

သူသာ မယူခဲ့ပါက ရှေ့ဖြစ်ဟောသူကို ဆန့်ကျင်ဖို့ ယုံကြည်ချက်သည် များစွာ လျော့ကျသွားပေမည်။

ထိုသို့သာ ဖြစ်လာခဲ့ပါက သူ့တာအိုနှလုံးသားသည် တွန့်ဆုတ်ရမည်။ သူ့ကံကြမ္မာအပေါ်ဉာဏ်အလင်း၊ မူလစွမ်းအင်ရင်းမြစ် သို့မဟုတ် တာအိုလမ်းကြောင်းကို လျှောက်လှမ်းခြင်း စသည့်အရာများကိုမူ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။ သူ့ကျင့်ကြံမှုအဆင့်က ရပ်တန့်ကာ ရှေ့ဖြစ်ဟောသူ၏ ရှေ့ကြိုမြင်သည့် အရိပ်အောက်၌ ထာဝရ နေထိုင်သွားရပေမည်။

“ငါဟာ ကောင်းကင်ဘုံဖိဆန်မယ့် ကျင့်ကြံသူ ဖြစ်တယ်…” ဝမ်လင်း၏မျက်လုံးတို့သည် တလက်လက် ဖြစ်လာ၏။ သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူ ကောင်းကင်ဘုံကို မြည်သို့ ဖိဆန်ခဲ့သည်ကို ပြန်တွေးသည်။ ရှေ့ဖြစ်ဟောသူသည် ကောင်းကင်ဘုံနှင့် မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။

“ဘိုင်ဝေမှ ကောင်းလှတဲ့ စေတနာတော့ ရှိမနေဘူး။သူ မသေခင် သူက ငါ့ကို သူနဲ့အတူ ရှေ့ဖြစ်ဟောသူကို စိန်ခေါ်ဖို့ ဆွဲသွင်းချင်တဲ့ သဘောပဲ။ သူက ရှေ့ဖြစ်ဟောသူ သူမသေခင်မှာ တစ်ယောက်ယောက်အပေါ် မှားယွင်းတွက်ချက်တာကို တွေ့မြင်ချင်နေတာ…”

ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။ သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “ငါက ဘာကြောင့် မယူဝံ့ရမှာလဲ…”

ထျန်ယွမ်ဂြိုဟ်၏ အပြင်ဘက်၌ အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနေသည်။ထိုအလင်းတန်း၌ ခရမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက် ရှိနေသည်။သူ့မျက်နှာက မောက်မာမှုတို့နှင့် ပြည့်နေ၏။

“ညီလေးလင်း (ဝမ်လင်း) ရဲ့ကျင့်ကြံမှုအဆင့်က ခုဆို ဘယ်အဆင့်များလဲ ငါ သိချင်မိတယ်။ ဒီဖန်လန်ဂြိုဟ်က မိန်းမတွေက ဒီလောက်စွမ်းအားကောင်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ သူတို့က ငါ့ကို အနိုင်ကျင့်နိုင်တာ ငါ့ကို ကူညီပေးမဲ့ ညီအစ်ကို မရှိလို့ပဲ။ ငါ ဒီမိန်းကလေးတွေနဲ့ ရင်ဆိုင်နိုင်ဖို့ ညီလေးလင်းကို သွားရှာရမယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset