အရှင်ရီချန်က ဉာဏ်အလင်း အနည်းငယ် ရရှိသွားသည့်ပုံပင်။သူက အရက်ခွက်ကို ကိုင်ထားလျက် အချိန်အတန်ကြာသည့်အထိ အောက်ပြန်မချပေ။
“အစ်ကိုဝမ်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံခြင်းမိသားစုတွေအကြောင်း ပြောနေတာလား…” အရှင်ရီချန်က စိတ်ဝင်စားဟန် ဖြစ်ပေါ်နေသည်။ ဝမ်လင်းက ခေါင်းညိတ်ပြ၏။ အရှင်ရီချန်က ဆက်၍ ဆိုသည်။ “အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက ငါတို့နဲ့ တကယ်ကွာခြားတာပဲ။ မိသားစုတွေအပေါ်မှာပဲ အာရုံစိုက်နေရင်းနဲ့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ တိုးတက်လာတာ တကယ်အံ့အောဖွယ်ပါပဲ။ မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းကသာ ဒီလို ပြောခဲ့တာ မဟုတ်ရင် ငါ ယုံနိုင်မှာတောင် မဟုတ်ဘူး…”
“အလုံးစုံကောင်းကင်နဲ့ မဟာမိတ်တို့ မြောက်ပိုင်းနယ်မြေမှာ တိုက်ခိုက်ကြတော့ မဟာမိတ်ဘက်က ပြန်ဆုတ်ခွာခဲ့ရတယ်။ဒါ့ကြောင့် သူတို့ရဲ့စွမ်းအားက လျော့တွက်လို့ မရဘူး…”
သူက ထိုသို့ပြောနေရင်းမှာပင် ညကောင်းကင်ထက်ကနေ မိုးကြိုးလျှပ်စီးများသည် စုဝေး၍ ကြယ်အလင်းများကို ဖုံးကွယ်လာသည်။ ဆိုထိုင်းစလည်း သည်ဧရိယာ၌ များလာ၏။
တချိန်တည်းမှာ မိုးစက်များသည် ရွာသွန်းကျလာသည်။
အရှင်ရီချန်၏ ဉာဏ်အလင်းက ပီပြင်လာသည့်ပုံပင်။သူက မင်သက်နေ၏။ထို့နောက် သူက ခေါင်းယမ်းကာ ပြောလာသည်။ “ထျန်ယွမ်ဂြိုဟ်ရဲ့ ရာသီဥတုဟာ ပြီးခဲ့တဲ့လပိုင်းတွေမှာ အတော်လေး ထူးဆန်းနေတယ်။ ခဏအကြာမှာ တောက်ပတဲ့ညကောင်းကင်ဖြစ်လိုက်၊ နောက်ခဏအကြာမှာ ကောင်းကင်ထက်မှာ တိမ်တွေအုံ့ဆိုင်းပြီး မိုးသည်းထန်စွာ ရွာလိုက် ဖြစ်နေတယ်…”
သက်လတ်ပိုင်းလူ အရှင်ရီရှင်းက ခေါင်းညိတ်၍ ဆိုသည်။ “ဟုတ်တယ်…ကြည့်ရတာ အားကောင်းလှတဲ့ ကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုး ပြောင်းလဲစေနေတာနဲ့တောင် တူနေသေးတယ်။
သူတို့စကားများက ဝမ်လင်းနားထဲသို့ ရောက်ရှိလာကာ သူ့ကို တုန်ယင်သွားစေသည်။သူက ရုတ်တရက် အဆောင်ပြင်ရှိ ကောင်းကင်ထက်သို့ လှမ်းကြည့်သည်။ထိုအဖြစ်က သူ့ဦးနှောက်ထဲ၌ လျှပ်စီးလက်သွားသကဲ့သို့ပင်။မူလတုန်းက သူသည် ဘိုင်ဝေ၏ကိစ္စနှင့် ပတ်သတ်၍ စိတ်ရှုပ်ထွေးနေခဲ့ရသည်။သို့သော် ခုချိန်၌ သူ့အတွက် ချန်ညီကိုနှစ်ယောက်၏စကားက အလင်းစတစ်ခု ရုတ်တရက် ရသွားစေခဲ့သည်။
“ဒီရာသီဥတုပြောင်းလဲမှုက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်နေစိတ်ထားနဲ့ တူနေတယ်။ ဒါက ထူးဆန်းစွာ ဆက်တိုက် ပြောင်းလဲနေပြိး ထွင်းဖောက်မြင်နိုင်ဖို့ မဖြစ်နိုင်ဘူး…”
“အစောပိုင်း…ဘိုင်ဝေက ငါ့ကို ထျန်ယွမ်ဂြိုဟ်ရဲ့ ရာသီဥတုဟာ လအနည်းငယ်အတွင်း ပြောင်းလဲနေလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ နေသာလိုက်၊ တိမ်ထူထပ်လိုက်နဲ့ အမြဲမပြတ် ပြောင်းလဲနေလိမ့်မယ်တဲ့…”
“ဘိုင်ဝေရဲ့ ဒီစကားက သာမန်ဆိုပေမဲ့လည်း အမှန်တကယ်တော့ လေးနက်တဲ့အဓိပ္ပာယ် ပါဝင်နေတယ်။ ထျန်ယွမ်ဂြိုဟ်ပေါ်ရဲ့ ရာသီဥတု ဆက်တိုက် ပြောင်းလဲနေမှုဆိုတဲ့စကားဟာ ဆရာရဲ့ စိတ်နေစိတ်ထားပြောင်းလဲနေမှုကို ရည်ညွှန်းတာပဲ…”
ဝမ်လင်း၏ အမူအရာသည် ချန်ညီကိုသုံးယောက်ကို တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားစေ၏။ သူတို့က ဝမ်လင်း ဘာတွေးနေသည်ကို မသိနိုင်ကြသည့်အတွက် တိတ်တဆိတ်သွာနေပေးသည်။
အရှင်ရီရှင်း၏စကားများသည် ဝမ်လင်း၏စိတ်ထဲရှိ မြူဆိုင်းဝေဝါးနေသည့် အချက်များကို ဖယ်ရှားပေးလိုက်သလိုဖြစ်ကာ သူ့အတွေးများသည် ရှင်းလင်းသွားသည်။သူက ဘိုင်ဝေ၏ အပြူအမူနှင့်စကားများကို ပြန်တွေးကြည့်လိုက်ရာ အခြေအနေအချို့ကို ဖမ်းဆုပ်သွားနိုင်သည်။
“တောင်နောက်မှာ တယောက်ယောက်စိုက်ထားတဲ့ အဖြူရောင်သစ်ပင်တစ်ပင် ရှိတယ်တဲ့။ ဒီအပင်က ဘယ်တော့မှ ပန်းပွင့်လေ့မရှိဘူး။ ဒါပေမဲ့ ပွင့်လာခဲ့ရင်းလည်း ဒီပန်းရဲ့အရောင်ဟာ အဖြူမဟုတ်ဘဲ အမည်းရောင် ဖြစ်တယ်။ ပြီးတော့ ဒီပွင့်လာတဲ့ပန်းဟာလည်း အသက်ရှူစာသုံးချိန်အတွင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရတယ်။ ဒါက လူတချို့အတွက် အံ့အားသင့်စရာပဲ။ ငါသာ အဲ့နေရာမှာ ရှိရင် ဒီပန်းပွင့်ကို ဆက်လက်တည်ရှိအောင် ကယ်တင်နိုင်ရင် သိပ်ကောင်းမှာ…”
“ဘိုင်ဝေရဲ့ ဒီစကားတွေနောက်မှာ ဖုန်းကွယ်ထားတဲ့ အဓိပ္ပာယ် ရှိနေတာပဲ။ ဒီအဖြူရောင်သစ်ပင်ဟာ ဘိုင်ဝေ သူ့ကိုယ်သည် ရည်ညွှန်းတာ။ အဖြူရောင်သစ်ပင်က ပန်းမပွင့်ဘူးဆိုတာက သူဟာ မူလတုန်းက ယောက်ျားတစ်ယောက်၊ ဒါပေမဲ့ ပွင့်လာခဲ့ရင် အဖြူရောင်မဟုတ်ဘဲ အမည်းရောင်ဆိုတဲ့စကားဟာ သူဟာ ယောက်ျားအဖြစ်ကနေ မိန်းမအဖြစ် ပြောင်းသွားတာကို ဆိုလိုတာပဲ။ ဘိုင်ဝေ ငါ့ကို ပြောခဲ့ပုံအရ အဖြူကနေ အမည်း ပြောင်းတဲ့ အချို့အကြောင်းရင်းတွေဟာ သူ ယောက်ျားကနေ မိန်းမ အဖြစ်ပြောင်းတယ်လို့ ဆိုလိုတာပါလား…”
“ပွင့်လာတဲ့ပန်းဟာလည်း အသက်ရှုချိန်သုံးခါစာ ကြာချိန်ပဲ ရှင်သန်နိုင်တယ်။ဆိုလိုတာက သူဟာ အချိန်အကြာကြီး အသက်ဆက်မရှင်သန်နိုင်ဘူးဆိုတာပဲ။ သူက ဒီအရာတွေအားလုံး ငါ့ကို စကားဝှက်နဲ့ ပြောခဲ့တာဟာ ငါ သူ့ကို ကယ်တင်ပေးစေချင်လို့ပဲ ဖြစ်ရမယ်…”
“ဒါ့အပြင့် သူ့ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအင်တွေကြောင့် ဖြစ်ပေါ်တဲ့ ထူးဆန်းတဲ့ အမှတ်အသားဟာ သူ့ဟာသူဆို မပေါ်ထွက်ဘူ။ ဒါပေမဲ့ ဘိုင်ဝေ…ကောင်းကင်နှစ်ထပ်ဆန္ဒနည်းလမ်း လို့ ပြောတဲ့အခါမှာတော့ ဒီအမှတ်အသားဟာ ပေါ်လာခဲ့တယ်။ဒါဟာ ဘိုင်ဝေ ငါ့ကို တစ်ခုခုကို သတိပြုမိစေချင်လို့ပဲ ဖြစ်ရမယ်…”
“သူ စောနက ပြောခဲ့တဲ့ ရာသီဥတုတွေ ဆက်တိုက် ပြောင်းလဲနေတယ်ဆိုတာနဲ့ ပြန်ချိတ်ဆက်ရရင် သူ ကြောက်လန့်နေတဲ့လူဟာ ရှေ့ဖြစ်ဟောသူကိုပဲ။ သူ့ကို ဒီလိုမျိုး မိန်းမတစ်ယောက် ဖြစ်လာစေခဲ့တာကလည်း ရှေ့ဖြစ်ဟောသူပဲ ဖြစ်လိမ့်မယ်…”
“ဒါ့ကြောင့် သူက ကောင်းကင်ဘုံကံကြမ္မာကလန်ကနေ ငါ့ကို ထွက်လာလို့ အားမလား လို့ မေးခဲ့တာကို…”
ဝမ်လင်းသည် ရုတ်တရက် မတ်တပ်ထရပ်၏။ သူက ချန်ညီကိုသုံးယောက်ကို နှုတ်ဆက်ကာ ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူတို့…ငါ့မှာ အရေးကြီး ကိစ္စတစ်ခုရှိလို့ သင်တို့ကို ဆက် မနှောက်ယှက်တော့ပါဘူး…” ဝမ်လင်းသည် ထိုသို့ပြောလိုက်ပြီးနောက် သူက ရှုလီကောကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး ခြေတစ်လှမ်းဖြင့်ပင် ပျောက်ကွယ်သွားတော့သည်။
ချန်ညီကိုသုံးယောက်က ပဟေဠိဖြစ်ကျန်ခဲ့ကြ၏။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက ဘိုင်ဝေအခန်းအပြင်သို့ ရောက်ရှိသွား၏။ သူက ရှေ့ဖြစ်ဟောသူ၏ လျှို့ဝှက်ချက်များကို မသိချင်ပေ။သို့သော် သူက သတိမပြတ်ထားလိုနေ၏။ ရှေ့ဖြစ်ဟောသူကို နားလည်နိုင်မှသာ သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်လား။
ထို့အတွက်ကြောင့် ဝမ်လင်းသည် ဘိုင်ဝေ မည်သို့မည်ပုံ ဖြစ်ခဲ့သည်ကို အတိအကျ သိလိုနေခြင်းပင်။
သူက အခန်းအပြင်သို့ ရောက်သည်နှင့် ဘိုင်ဝေ၏အခန်းအတွင်းမှ ခပ်ဖျော့ဖျော့အတားအဆီးလှိုင်းတစ်ခုကို ခံစားမိသည်။၎င်းအတားအဆီးက အလွန်အားပျော့၏။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက သည်နေရာနားတွင် မရှိပါက သတိမူမိလိမ့်မည် မဟုတ်ပေ။
“တခုခုမှားနေပြီ….” ဝမ်လင်း၏မျက်လုံးက လင်းလက်သွားသည်။သူ့နတ်ဘုရားအာရုံကို အခန်းထဲသို့ တိုက်ရိုက် ပို့လွှတ်လိုက်သည်။ သူ့နတ်ဘုရားအာရုံက ခပ်ဖျော့ဖျော့အတားအဆီးလှိုင်းနှင့် ထိသွားသည့်အခိုက် ပြင်းထန်သောပြန်ကန်အားတစ်ခု ပေါ်လာကာ ဝမ်လင်း၏နတ်ဘုရားအာရုံနှင့် တွေ့ဆုံသည်။
ထိုအသံက ချက်ခြင်းပင် ချန်ညီကိုသုံးယောက်၏ အာရုံကို စွဲဆောင်သွား၏။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။အခန်းကို သူအားနှင့် ဖွင့်ကြည့်လိုက်သည့်အခိုက် အခန်းသည် ရှင်းလင်းနေကာ လူတစ်ဦးတစ်ယောက်မှ အထဲ၌ ရှိမနေပေ။
ဘိုင်ဝေ ပျောက်နေ၏။
“ဘိုင်ဝေရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ငါ ဒါမှမဟုတ် ချန်ညီကိုတွေ သတိမပြုမိဘဲ ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ဒီလိုအတားအဆီးတွေ ချမှတ်ထားဖို့လည်း သူ့အတွက် မဖြစ်နိုင်ဘူး။ ဘိုင်ဝေက အတင်းအကြပ်ခေါ်ဆောင်ခံလိုက်ရတာလား…”
“ဘိုင်ဝေကို ခေါ်ဆောင်သွားတဲ့လူက ငါနဲ့ချန်ညီကိုတွေထက် ကျင့်ကြံမှုအဆင့်မြင့်မားမှ ရမှာ…”
ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။သို့သော် သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
“မှားနေပြီ…တယောက်ယောက်ကသာ ဘိုင်ဝေကို ခေါ်သွားရင် ဘာကြောင့် ဒီအခန်းကို အတားအဆီးချထားခဲ့စရာ လိုပါ့မလဲ…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေရင်း နှာခေါင်းရှုံ့၏။
ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျပ်ခနဲပင် ချက်ခြင်း ပျောက်ကွယ်သွားပြန်သည်။ သူက ကောင်းကင်ထက်၌ ပြန်ပေါ်လာ၏။ ထိုအခိုက်၌ လောကသည် မိုးများ ရွာသွန်းနေကာ တိမ်ထုများကြား၌ လျှပ်စီးများ တလက်လက် ဖြစ်နေ၍ ဂြိုဟ်အနှံ့တွင် မိုးကြိုးများ တချက်တချက် ပစ်နေသည်။
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဧရိယာကို ခြုံလွှမ်းကြည့်၏။သို့သော်် သူက ဘိုင်ဝေ၏မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့ပေ။ဝမ်လင်းက ဘိုင်ဝေသည် သည်ဧရိယာကနေ ထွက်သွားသည်မဟုတ်မှန်းသိ၏။ သို့သော် သူက သူ့နတ်ဘုရားအာရုံကို ရှောင်ရှားနိုင်သည့် တနေရာရာတွင် ရှိနေနိုင်ပေမည်။
သူ့ညာလက်ဖြင့်ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ လက်ညွှန်၍ ဆိုသည်။ “မိုးဆင့်ခေါ်ခြင်း…” သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်ထက်ရှိ လျှပ်စီးများ လင်းလက်သွား၏။ မိုးစက်များသည် ဝမ်လင်းပတ်လည်၌ ဝန်းရံလာကာ လေထုထဲ၌ အထည်ဒြပ်ပိုဆန်လာသည်ဟု ထင်ရ၏။ ၎င်းတို့က မြေကြီးပေါ်သို့ ကျဆင်းနေရာကနေလည်း ရပ်တန့်သွားသည်။
သိပ်မကြာခင်တွင် ဝမ်လင်း၏လက်ချောင်းထံမှ မမြင်ရသောအားတစ်ခု ထွက်ပေါ်လာ၏။ချက်ခြင်းပင် ကီလိုမီတာသောင်းချီအတွင်းရှိ မိုးစက်များအားလုံးသည် ထိုအားကြောင့် ကျဆင်းနေရာကနေ ရပ်တန့်သွားရသည်။
ရပ်တန့်သွားသည့် မိုးစက်တိုင်း၌ ထူးဆန်းသောအားတစ်ခု ပါနေ၏။
အဆုံးမဲ့မူလစွမ်းအင်များ ချက်ခြင်း စုဝေးလာကာ မိုးစက်တိုင်းထံသို့ ဝင်ရောက်၏။ထိုအခိုက်အတန့်၌ လောကသည် လင်းလက်လာကာ မူလစွမ်းအင်မြင့်တက်မှုက တစ္ဆေမျက်လုံးမြို့ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေသည်။
ချန်ညီကိုသုံးယောက်ကလည်း ကောင်းကင်ထက်သို့ တုန်လှုပ်ဟန်နှင့် မော့ကြည့်မိကြ၏။
အရှင်ရီချန်က ပင့်သက်ရှိုက်ကာ ခပ်တိုးတိုး ရေရွတ်မိ၏။ “ဒီလိုမန္တာန်မျိုး…ဒါက နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူတွေပဲ အသုံးပြုနိုင်တဲ့ အရာမျိုးလား…”
ဝမ်လင်း၏မျက်လုံးတို့က တလက်လက် ဖြစ်နေ၏။ သူ့လက်ကို ဝေ့ယမ်းသည်။ မိုးစက်တိုင်းထံမှ ကျယ်လောင်သောတုန်ဟီးသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းတို့က ဝမ်လင်းပတ်လည်၌ စုဝေးရင်း မျက်စိတစ်မှိတ်အတွင်း ဧရာမဝဲကတော့တစ်ခု ဖြစ်တည်လာသည်။
ထိုမုန်တိုင်း၏ တုန်ဟိန်းမှုက ကောင်းကင်အနှံ့ပဲ့တင်ထပ်၏။ ဝမ်လင်း၏နတ်ဘုရားက ပျံနှံ့၍ ၎င်းဝဲကတော့မုန်တိုင်းထဲသို့ ဝင်ရောက်စေသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ မြေကြီးထက်သို့ ညွှန်၏။ မုန်တိုင်းသည် သက်ဆင်း၍ မရေမတွက်နိုင်သောမိုးစက်မိုးပေါက်များအဖြစ် နေရာတိုင်းသို့ ပျံ့လွင့်သွားသည်။ ထိုမိုးစက်တိုင်း၌ ဝမ်လင်း၏နတ်ဘုရားအာရုံ ပါဝင်နေပေ၏။ သဘောကတော့ ဝမ်လင်း၏နတ်ဘုရားအာရုံသည် မရေမတွက်နိုင်သောကိုယ်ပွားများအဖြစ် ခွဲလိုက်သည့်သဘောပင်။
ထိုသို့ပြုလုပ်ခြင်းက ဝမ်လင်း၏နတ်ဘုရားအာရုံက ခြုံလွှမ်းနိုင်မှုဧရိယာကို တိုးတက်လာစေခြင်း မရှိသော်လည်း သူ့ရှာဖွေမှုကိုတော့ ပို၍ အဆင့်မြင့်စေ၏။
သူ့နတ်ဘုရားအာရုံကို လွှမ်းခြုံထားရင်း ဝမ်လင်း၏အကြည့်သည် တစ္ဆေမျက်လုံးမြို့နှင့်ကီလိုမီတာ သောင်းချီအကွာရှိ တောင်ကြားတစ်ခုသို့ ကျရောက်သွားသည်။
သူက ခြေတစ်လှမ်းဖြင့်ပင် တုန်ဟီးသံတစ်ခုကို ဖန်တီးလိုက်၏။ ဝမ်လင်သည် လျှပ်စီတန်းအသွင်သို့ ပြောင်း၍ ထိုတောင်ကြားရှိရာသို့ ဦးတည်သွားလေသည်။
ထိုအကွာအဝေးက သူ့အတွက် မျက်စိတစ်မှိတ်စာလောက်ဖြင့် ရောက်နိုင်သည်။ တောင်ကြားထဲ၌ အတားအဆီးတစ်ခု ရှိနေ၏။ သို့သော် ထိုအတားအဆီးက မည်သည့်တုန်ခါမှုလှိုင်းကိုမျှ ပေးစွမ်းမနေပေ။ သူ့နတ်ဘုရားအာရုံကို မိုးရေစက်များထဲသို့ ထည့်သွင်း ရှာဖွေခြင်း မပြုပါက ဝမ်လင်းသည် သည်နေရာကို သာမန်ဟုသာ ထင်ပေလိမ့်မည်။
ဝမ်လင်း ရောက်ရှိလာချိန်၌ အတားအဆီးက အလိုလိုပွင်လာ၏။ထို့နောက် အားမာန်ပါသည့်အသံတစ်ခု ထွက်ပေါ်လာ၏။
“ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ အစ်ကိုဝမ်…”
“ဘိုင်ဝေ” ဝမ်လင်း၏အသွင်သည် တည်ငြိမ်နေ၏။သို့သော် စိတ်ထဲ၌ တုန်လှုပ်မိနေသည်။ ထိုအသံက ဘိုင်ဝေ၏အသံအမှန်ပင် ဖြစ်၏။သို့ရာတွင် အရင်က ဘိုင်ဝေ၏အသံသည် မိန်းမဆန်၏။ နားထောင်သူအဖို့ ယောက်ျားသံလား၊မိန်းမသံလား ခွဲခြားဖို့ ခက်သည်။ သို့ရာတွင် အခုအခိုက်အတန့်၌ ထိုအသံထဲ၌ အားမာန်တက်ကြွမှုတို့ ပါဝင်နေကာ ယောက်ျားအသံ ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ဝမ်လင်းက တောင်ကြားထဲသို့ ဝင်လာ၏။
တောင်ကြားထဲ၌မူ မိုးများရွာသွန်းနေခြင်း မရှိပေ။ဤတောင်ကြားက အပင်များ၊ပန်းပွင့်များနှင့် ပြည့်နေသည်။ သို့သော် အရာအားလုံးက သေဆုံးသွားနှင့်နေခဲ့ပြီ ဖြစ်၏။ယင်စွမ်းအင်အမြောက်အများသည် သည်နေရာတွင် လာရောက်စုဝေးနေသည်။
ထိုတောင်ကြားထဲ၌ လူတစ်ယောက် ထိုင်နေသည်။ထိုသူက ဘိုင်ဝေပင်။
သို့ရာတွင် သူ့အော်ရာက အရင်နှင့်ကွာခြားနေ၏။ဘိုင်ဝေ၏မျက်နှာက တည်ငြိမ်နေကာ ခုချိန်၌ သူ့မိန်းမဆန်သည့်အော်ရာသည် မရှိနှင့်တော့ပေ။ ထိုအစား ပြတ်သားမှုအာရုံနှင့် သူ့မျက်လုံးက တောက်ပမှုကို ပေးစွမ်းနေ၏။
ခုလက်ရှိ၌ သူက မိန်းမတစ်ယောက်နှင့်မတူတော့ပေ။ဘယ်လိုပဲကြည့်ကြည့် ချောမောသည့်ယောက်ျားတစ်ယောက်အသွင်သာ ရှိတော့၏။
ဘိုင်ဝေက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလာ၏။ “အစ်ကိုဝမ်…သင် အံ့အားသင့်နေတာလား…”
***