Switch Mode

အပိုင်း (၁၀၁၆)

လင်းအာ

ဝမ်လင်းက တံခါးဖွင့်လိုက်ရာ အခန်းအပြင်ဘက်၌ အရှင်ရီချန်သည် ပြုံး၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ရောင်းရင်းကျင့်ကြံသူက ယဉ်ကျေးလွန်းနေပြီ…ကျေးဇူးပြုပြီး…” ဝမ်လင်းက ပြုံးလိုက်၏။

သည်မြောက်ဘက်ခြမ်း ခြံဝန်းထဲ၌ အဆောင်တစ်ခုရှိ၏။ ထိုအဆောင်က ကြီးမားခြင်းမရှိသော်လည်း သေသပ်လှပသည်။ ကောင်းကင်ဘုံကျောက်စိမ်းပြားများဖြင့် ဆောက်လုပ်ထားသည့်အတွက် စိတ်ဝိညာဉ်စွမ်းအင်များက အဆောင်ထဲ၌ စုဝေးနေကာ နေချင့်စဖွယ်ကောင်းလှသည်။

အဆောင်၏အပြင်ဘက်၌ ကွေ့ဝိုက်စီးဆင်းနေသော စမ်းချောင်းငယ် တစ်ခုရှိသည်။ ထိုမြင်ကွင်းက လူတစ်ယောက်၏ စိတ်အခြေအနေကို ကောင်းမွန်စေပေသည်။

ထိုအဆောင်ထဲ၌ ခရမ်းရောင်ဝတ်စုံသက်လတ်ပိုင်းလူ နှင့် အစိမ်းရောင်ဝတ်စုံအဘိုးအိုတို့ ထိုင်နေ၏။သူတို့နှစ်ယောက်ကြား၌ စားပွဲတစ်ခု ရှိနေသည်။ ထိုစားပွဲက အဖြူရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားကာ ချောမွတ်လှသည်။

သူတို့ဘေး၌ မိန်းမလှတစ်ယောက် ရှိနေ၏။သူမ၏ မျက်ဝန်းတို့က ကြီးမားကာ တလက်လက် တောက်နေ၏။သူမက အဆောင်ထဲသို့ ဝင်လာကြသည့် အရှင်ရီချန်နှင့်ဝမ်လင်းတို့ကို လှမ်းကြည့်နေသည်။

ဝမ်လင်းနှင့်အရှင်ရီချန်တို့ ရောက်လာချိန်၌ သက်လတ်ပိုင်းလူနှင့်အဘိုးအိုတို့သည် ထိုင်ရာက ထပ်၍ ဝမ်လင်းကို ပြုံး၍ နှုတ်ဆက်သည်။

သက်လတ်ပိုင်းလူက နေရာတစ်ခုကို ညွှန်၍ ပြုံး၍ ပြောသည်။ “အစ်ကိုဝမ်…ကျေးဇူးပြုပြီး…”

ဝမ်လင်းသည် ထိုအဆောင်ကို ကြည့်နေသလို မိန်းမလှကိုလည်း ကြည့်နေ၏။ထိုအမျိုးသမီးက ကျင့်ကြံသူတစ်ယောက်ဖြစ်၏။သို့သော် သူမ၏ အဆင့်မှာ စဦးစိတ်ဝိညာဉ်အဆင့်တွင်သာ ရှိသေးသည်။သူမက လှပရုံသာမက အပြစ်ကင်းစင်ဟန်လည်း ရှိ၏။ သည်လိုမျိုး အပြစ်ကင်းစင်မှုက ကျင့်ကြံခြင်းလောက၌ ရှားတောင့်ရှားခဲပင်။

ထိုအမျိုးသမီး အရှင်ရီချန်နှင့်လည်း ရုပ်ချင်း အနည်းငယ် ဆင်၏။

သူမက ဝမ်လင်း သူမကို ကြည့်နေသည်ကို သတိပြုမိသည့်အခါ မျက်နှာနီမြန်း၍ ခေါင်းငုံ့သွား၏။ သို့သော် သူမက မျက်လုံးထောင့်ကနေ ဝမ်လင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေတုန်းပင်။

ဝမ်လင်းသည် ပြုံး၏။ သူ့ဉာဏ်ရည်ဖြင့် သူက သူတို့၏ရည်ရွယ်ချက်ကို သိမြင်ပေသည်။ သူတို့ကြားရှိ နားလည်မှု လွဲခြင်းက ကိစ္စကြီးမဟုတ်၊ ကျင့်ကြံခြင်းလောက၌ ဖြစ်တတ်သည့်သဘောမျှသာ ဖြစ်၏။ သို့သော် သူတို့က ဖိတ်ခေါ်ခဲ့သော်လည်း ပူပန်မှုတို့ ရှိနေမြဲပင်။ ထို့ကြောင့် သူတို့က သူတို့၏ ဆွေမျိုးတစ်ယောက်ကို ဖိတ်ခေါ်ထားခြင်းဖြင့် သူတို့၏ ရင်းနှီးမှုကို သွယ်ဝိုက်သောနည်းဖြင့် ပြသနေခြင်း မဟုတ်လော။

ထိုသို့မဟုတ်ပါက သူတို့သည် သည်နေရာသို့ စဦးစိတ်ဝိညာဉ်အဆင့် ဂျူနီယာတစ်ယောက်ကို မည်သို့ ခေါ်ဆောင်လာပါ့မည်နည်း။

လူတိုင်းသည် ခုံပေါ်တွင် ထိုင်လိုက်ကြ၏။ အရှင်ရီချန်က ထိုအမျိုးသမီးနှင့် ဝမ်လင်းကို မိတ်ဆက်ပေးသည်။ “အစ်ကိုဝမ်…သူမက ငါ့မိသားစုရဲ့ ဂျူနီယာပါ။ ကျေးဇူးပြုပြီး အနာဂတ်မှာ သူ့ကို ဂရုစိုက်ပေးပါ…”

သူက ထိုသို့ ပြောနေရင်း သူ့အသွင်က အလေးအနက်ဖြစ်လာ၏။ “လင်းအာ…ဒါက စီနီယာဝမ်ပဲ။ အားကောင်းလှတဲ့ ကျင့်ကြံသူတစ်ယောက်။ ဒီအဘိုးအိုကတောင် သူ့ကို လေးစားမှုထားရတယ်။ နင့်အတွက် သူနဲ့ တွေ့ဆုံရတာ ကံကောင်းမှုတစ်ခုပဲ…”

အမျိုးသမီးက ဝမ်လင်းကို ဦးညွတ်၏။ “လင်းအာက စီနီယာ့ကို နှုတ်ဆက်ပါတယ်…”

ထိုမိန်းကလေး၏အသံက သာယာပေသည်။

ဝမ်လင်းက ထိုမိန်းကလေးကို ကြည့်နေရင်း အံ့အားသင့်သွားမိ၏။

“ရောင်းရင်းကျင့်ကြံသူဝမ်…သင်လည်း ငါ့မြေးမက ရေစိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားခဲ့တာကို သတိပြုမိတယ်မလား။ သူမရဲ့အသံကလွဲလို့ ကျန်တဲ့အရာတွေကို ဒီအဘိုးအိုက ဖုန်းကွယ်ပေးထားခဲ့တာ။ ငါက သူမကို ငါ့အနားမှာပဲ ထားရတယ်။ မဟုတ်ရင် သူမက စိတ်ယုတ်ရှိတဲ့ လူတွေရဲ့ ကိုယ်လုပ်တော်အဖြစ် ပစ်မှတ်ထားခံရလိမ့်မယ်…”

အရှင်ရီချန်က ထိုသို့ ဆို၏။

ဝမ်လင်းသည် ခေါင်းညိတ်ပြသည်။ ရေစိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ကိုယ်လုပ်တော်အဖြစ် အသုံးပြုရန် သင့်တော်ပေ၏။သို့ရာတွင် သူမက အရှင်ရီချန်အနားတွင် ရှိနေသ၍ စိတ်ပူပန်ရန် မလိုအပ်ပေ။ လူတော်တော်များများက အရှင်ရီချန်ရှိကနေ သည်အမျိုးသမီးကို လုယူဝံ့ကြလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ချန်ညီကိုသုံးယောက်က သေရေးရှင်ရေးကိစ္စမျိုး တစ်ယောက်ယောက်တွင် ကြုံရပါက သူတို့ဆက်နွှယ်မှုအရ မဖြစ်မနေ ကူညီပေးကြပေဦးမည်။ ထို့အတွက် သူတို့ကို အားကောင်းသည့် အင်အားစုဟု ဆိုနိုင်ပေသည်။

ဝမ်လင်းက ထိုမိန်းကလေး၏အသံကို ကြားလိုက်ရသည့်အခါ ခဏတာ မိန်းမောသွားမိ၏။ သူက အလျင်အမြန် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း သူ့စိတ်နှလုံးထဲ၌ ခါးသီးမှုအငွေ့အသက် နိုးထလာရပေသည်။ ထိုခါးသီးမှုက အားကောင်းလွန်းလှ၏။

“သူမ(လီမူဝမ်)ကလည်း ရေစိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားခဲ့တာပဲလေ…” ဝမ်လင်းသည် သက်ပြင်းချ၏။ တချို့အရာများသည် မေ့ပစ်၍ မရနိုင်ပေ။ လူတစ်ယောက်၏ စိတ်ထဲ၌ အမြဲလိုလို ရှိနေသည် မဟုတ်လား။

သက်ပြင်းကြိတ်ချ၍ ဝမ်လင်းအကြည့်က ထိုမိန်းကလေးလင်းအာထံသို့ ကျရောက်သွား၏။သည်တစ်ကြိမ်၌ သူမက ဝမ်လင်းကို ပြန်မကြည့်ဝံ့တော့ပေ။

သိုလှောင်အိတ်ကို ညင်သာစွာထိလိုက်ကာ ဝမ်လင်းက ကောက်ရိုးဦးထုပ်တစ်ခုကို ထုတ်ယူလိုက်၏။သူက ထိုကောက်ရိုးဦးထုပ်ကို ပြန်ထုတ်ယူသည့်အခါ၌ သူသည် ယွမ်ချွဲဇီနှင့် တွေ့ခဲ့သည့်အချိန်ကို ပြန်ခံစားမိ၏။ သူက ၎င်းဦးထုပ်ကို စားပွဲပေါ်သို့ တင်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါက ငါ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ လက်ဆောင်ပေးထားခဲ့တဲ့ဟာပါ။ ဒါက သူ့ရဲ့ အော်ရာကို ဖုံးကွယ်ပေးဖို့ ကူညီပေးနိုင်တယ်။ ရောင်းရင်းကျင့်ကြံသူရီချန်က ဒါကို ပြန်သန့်စင်မွန်းမံလိုက်ရင် ဒီဦးထုပ်ရဲ့စွမ်းအားကလည်း တိုးလာပါလိမ့်မယ်…။ငါ ဒီဟာကို ဒီကလေးအတွက် ပေးလိုက်မယ်…”

မိန်းကလေးက နှာခေါင်းရှုံ့သွား၏။ သူမက ထိုဦးထုပ်မှာ ရုပ်စိုးသည်ဟု ထင်လိုက်သည်မှာ သိသာပေသည်။

အရှင်ရီချန်က ထိုကောက်ရိုးဦးထုပ်ကို သေချာကြည့်လိုက်၏။ သူက အံ့အားတသင့် ဆိုလာသည်။ “အစ်ကိုဝမ်…ဒီဟာက ကောင်းကင်ဘုံရတနာတစ်ခု မဟုတ်ပေမဲ့လည်း အတော်လေးကောင်းမွန်လှတယ်။ ဒီဦးထုပ်ထဲမှာ ရှိတဲ့ အစီအရင်များစွာက ငါတောင် ချက်ခြင်း မမြင်လိုက်နိုင်ဘူး။ ဒီအစီအရင်အတားအဆီးအတွေ အတူပူးပေါင်း လုပ်ဆောင်ပြီး လူတစ်ယောက်ရဲ့ အော်ရာကို ဖုံးကွယ်ပေးတာပဲ။ အတားအဆီးမှာ ကျွမ်းကျင်တဲ့လူတစ်ယောက်ယောက်က ဒီဦးထုပ်ထဲက အတားအဆီးအစီအရင်တွေကို လေ့လာပြီး သူတို့ရဲ့ အတားအဆီးအပေါ် နားလည်မှုကို ပိုတိုးတက်လာအောင် လုပ်နိုင်တယ်။အစ်ကိုဝမ်…ဒီလက်ဆောင်က များလှပါပေတယ်…”

မိန်းကလေးက အရှင်ရီချန်၏စကားကို ကြားသည့်အခါ သူမ၏မျက်လုံးထဲ၌ သိချင်စိတ်တို့ ပြည့်လာသည်။

ဝမ်လင်းက ခေါင်းယမ်း၍ ဆိုသည်။ “ဒီပစ္စည်းက ငါ့အတွက် အသုံးမဝင်ပါဘူး။ဒါ့ကြောင့် ဒီကလေးမအတွက် လက်ဆောင်ပေးလိုက်တာ…”

အရှင်ရီချန်က တုံ့ဆိုင်းဆိုင်းဖြစ်ပြီးမှ ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြသည်။

ထိုမိန်းကလေးကို ကြည့်သည့််အခါ ဝမ်လင်း၏အကြည့်က အနည်းငယ် နူးညံ့သွားသည်။သူက သူ့သိုလှောင်အိတ်ထဲမှ ခေါင်းလောင်းသုံးခုကို ထုတ်ယူ၍ ပြောလိုက်၏။ “ဒါတွေလည်း ငါ မင်းကို လက်ဆောင်အဖြစ် ပေးမယ်…”

မိန်းကလေးက ခေါင်းလောင်းသုံးခုကို ကြည့်၍ ပျော်ရွှင်လို့သွားသည်။ သူမက ခေါင်းလောင်းများကို လက်ခံကာ လှုပ်၍ ကြည့်ပြီး ပျော်ရွှင်စွာ ရယ်မော၏။ ထို့နောက် သူမက ဝမ်လင်းဘက်သို့ လှည့်ကာ ပြောလာသည်။ လင်းအာက စီနီယာ့ကို ကျေးဇူးတင်ပါတယ်…”

ထိုအသံက အရင်ထက် ပိုစွဲဆောင်မှု ရှိလာ၏။သို့သော် ဝမ်လင်းအပေါ်သို့ သက်ရောက်မှု မရှိပေ။

အရှင်ရီချန်က ထိုခေါင်းလောင်းများကို တွေ့သည့်အခါ ၎င်းတို့သည် သာမန်မဟုတ်ကြောင်း သိ၏။ သူက သက်ပြင်းချ၍ မတ်တပ်ထရပ်ကာ ဝမ်လင်းကို လက်သီးနှစ်ဖက်စုပ် လေးစားဟန်ပြ၍ ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဒီအဘိုးအိုက ကျေးဇူးတင်ပါတယ်…”

ထို့နောက် အရှင်ရီချန်က ပြန်ထိုင်ချ၍ အနည်းငယ် စဉ်းစားပြီး ကျောက်တုံးနက်တစ်ခုကို ထုတ်ယူ၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်….ကျေးဇူးပြုပြီး ဒီကောင်းကင်နက်ကျောက်တုံးကို လက်ခံပါ။ ငါတို့အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေက ကိုယ်ပွားတစ်ခု ဖန်တီးဖို့ပဲ ဖြစ်ဖြစ်…ဒါမှမဟုတ် မန္တာန်စွမ်းအားကို သိုလှောင်ဖို့ပဲ ဖြစ်ဖြစ် နတ်ဘုရားအာရုံကို ဒီကျောက်တုံးနက်ထဲမှာ သိုလှောင်နိုင်တယ်။ သင်လက်မခံရင် ဒီအဘိုးအိုက အနေရခက် ပါလိမ့်မယ်…”

ဝမ်လင်းက ပြုံး၍ ထိုကျောက်တုံးကို ကောက်ယူ၍ သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်သည်။သူ့အသွင်က ပုံမှန်အတိုင်း ရှိနေသော်လည်း စိတ်ထဲတွင်မူ တုန်လှုပ်မိ၏။ထိုကျောက်တုံးနက်သည် အလွန်ထူးဆန်းကာ စုပ်အားတစ်ခုကို ထုတ်လွှတ်နေသည့် သေးငယ်သောအပေါက်များ ပါရှိနေ၏။ ၎င်းကျောက်တုံးက မန္တာန်များကိုလည်း သိုလှောင်ထားနိုင်စွမ်း ရှိနေသည်။ ၎င်းက ရွေးချယ်ခံမသေမျိုးကလန်၏ အဆောင်စာရွက်များနှင့်ပင် တူနေသေးသည်။

ထို့အပြင် လူတစ်ယောက်က အတွေးတစ်ချက်ဖြင့်ပင် ပုံရိပ်ယောင်ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်သေး၏။ထိုအရာက တကယ်လက်တွေ့ကျသည့် ရတနာတစ်ခုပင်။

ဝမ်လင်းက ခေါင်းညိတ်ပြပြီး ထိုကျောက်တုံးကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

“ဒီအဘိုးအိုက အခုထိ ငါ့ညီနှစ်ယောက်နဲ့ အစ်ကိုဝမ်ကို မိတ်မဆက်ပေးရသေးဘူး။သူက ငါ့ဒုတိယညီ လျိုယုလောင်၊ သူ့ဘွဲထူးကိုလည်း အရှင်ရီလောင် လို့လည်း ခေါ်တယ်…” အရှင်ရီချန်က ထိုသို့ပြောရင်း အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုကို လက်ညှိုးထိုးပြသည်။

ထိုအဘိုးအိုက မတ်တပ်ထရပ်၍ လက်သီးစုပ်ဟန်ပြုကာ ရယ်မော၍ ဆိုသည်။ “အရှင်ရီလောင်ဆိုတဲ့ နာမည်က အစ်ကိုဝမ် ရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး။ အစ်ကိုဝမ်က ငါ့နာမည်ကိုပဲ ခေါ်လို့ရပါတယ်…”

“ဒါကတော့ ငါ့တတိယညီ…ကျန်းရှင်းဟန်…သူ့ဘွဲ့နာမည်က အရှင်ရီရှင်းပါ…”

ခရမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူက ကျင့်ကြံမှုအဆင့်အနိမ့်ဆုံး ဖြစ်၏။ သူက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင် ရှိသော်လည်း အရှင်ရီလောင်ထက် အားနည်းသည်မှာ သိသာပေသည်။ သူကလည်း မတ်တပ်ထရပ်၍ ဝမ်လင်းကို တလေးတစား ဆိုသည်။ “အစ်ကိုဝမ်လင်းက ငါ့နာမည်ကိုပဲ ခေါ်နိုင်ပါတယ်…”

“ငါ သိချင်တာက အစ်ကိုဝမ်လင်းရဲ့ ဘွဲ့နာမည်ကရော ဘာများလဲ…” အရှင်ရီချန်က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးပြီးနောက် ဝမ်လင်းကို ကြည့်သည်။

ယနေ့အထိ ဝမ်လင်းတွင် အခြားအမည်ဘွဲ့ဟူ၍ အမှန်တကယ် မရှိိသေးပေ။သူက ရှိခဲ့လျှင်ပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ သတ်ဖြတ်သူ နတ်ဆိုးသခင်ဟုသာ ရည်ညွှန်းရပေလိမ့်မည်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “ငါ့ဘွဲ့ထူးကတော့ နတ်ဆိုးသခင်ပါ…”

သူက ထိုသို့ ပြောလိုက်ပြီးနောက် အရှင်ရီချန်နှင့်သူ့ညီကိုတို့သည် ချက်ခြင်းပင် သူတို့၏စိတ်နှလုံးအောက်ခြေမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားမိသွား၏။

“ငါက ထျန်ယွမ်ဂြိုဟ်ကို ခုမှ ပြန်ရောက်လာတာ ဖြစ်တဲ့အတွက် သင်တို့သုံးယောက်ကတော့ ငါ့နာမည်ကို ကြားဖူးကြမှာ မဟုတ်ပါဘူး…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက အရက်ခွက်ကိုကို ကိုင်ကာ တစ်ခွက်မော့သောက်၏။

သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် အဆိပ်အများစုသည် သူ့အား အန္တရာယ်မဖြစ်စေနိုင်ပေ။ အလွန်ရှေးကျ၊ရှားပါးလှသည့် ရှေးဟောင်းအချိန်က အဆိပ်အချို့သာ သူ့အတွက် အန္တရာယ် ဖြစ်ကောင်းဖြစ်နိုင်သည်။

အရှင်ရီချန်ဘေးနားရှိ မိန်းကလေးက အရက်အိုးကို အလျင်အမြန် ကောက်ယူကာ ဝမ်လင်းအတွက် နောက်တစ်ခွက် ချက်ခြင်း ထပ်ငှဲ့ပေးသည်။ ထို့နောက် သူမက အရှင်ရီချန်ဘေးနားသို့ ပြန်နေကာ တချက်တချက် သူမ၏ လှပသောမျက်လုံးများဖြင့် ဝမ်လင်းကို ကြည့်ကြည့်နေသည်။

အရှင်ရီချန်နှင့်သူ့ညီကိုတို့က ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး သူတို့က ဝမ်လင်းနှင့် စကားစမြည် ပြောဆိုကြသည်။ သူတို့က စကားစမြည် ပြောနေရင်းဖြင့် တာအိုအကြောင်း စတင် ဆွေးနွေးကြလေသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ သူတို့လေးယောက် စကားပြောနေရင်းဖြင့်ပင် ကောင်းကင်ထက်၌ လ သာလာ၏။ အရှင်ရီချန်က အရက်ခွက်ကို ကောက်ကိုက်ကာ သက်ပြင်းချ၍ ဆိုသည်။

“တာအိုလမ်းကြောင်းက ငါတို့ကို သေမျိုးလောကနဲ့ ကွာခြားစေခဲ့တယ်။ လူတစ်ယောက်က ကောင်းကင်ဘုံရဲ့ မြင့်မြတ်တဲ့တာအိုကို ပြီးပြည့်စုံစေဖို့ငှာ သူ့ကိုယ်သူ အရာအားလုံးနဲ့ သီးသန့်ဖယ်ခွာနေရတယ်။ ကံမကောင်းစွာနဲ့ ဒီအဘိုးအိုက အရာအားလုံးကို ဖြတ်တောက်နိုင်ပေမဲ့လည်း မိသားစု ဆိုတဲ့ အရာကိုတော့ ဖြတ်တောက်နိုင်စွမ်း မရှိခဲ့ဘူး…”

“သင်က ဘာကြောင့် ဖြတ်တောက်ဖို့ လိုမလဲ။ ကျင့်ကြံသူတွေဟာ ကောင်းကင်ဘုံကိုတောင် ဖိဆန်ဝံ့မှတော့ ဘာကြောင့် ဒီလိုအတွေးတွေကို လိုက်နာဖို့ လိုမလဲ။ ကျင့်ကြံခြင်းမိသားစုတွေအပေါ်မှာ အာရုံစိုက်တဲ့နေရာ ရှိတယ်လို့ ငါ ကြားခဲ့ဖူးတယ်။ ဆိုလိုတာက ဒီကျင့်ကြံသူတွေဟာ မိသားစုတွေ ရှိတယ်ဆိုတာပဲ။ ဒီလိုလူတွေကြားမှာ အားကောင်းလှတဲ့ အဆင့်ချိုးဖျက်နိုင်တဲ့ ကျင်ကြံသူတွေလည်း ရှိနေတာပဲလေ။ ဒါ့ကြောင့် အရာရာဟာ စိတ်နေအပေါ်မှာပဲ မူတည်ပါတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset