ဝမ်လင်းက လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။ အံ့မခန်းအနက်ရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဘုရားအာရုံနဂါးကို ဖြစ်ပေါ်စေသည့် နတ်ဘုရားအာရုံများထဲမှ တစ်ခုသည် ဝမ်လင်း၏ လက်သီးချက် ထိမှန်ခြင်း ခံလိုက်ရသည်။
ထိုနတ်ဘုရားအာရုံက ခုခံနိုင်ခြင်း မရှိခင်မှာပင် ပျက်စီးသွားရသည်။
နတ်ဘုရားအာရုံ လွင့်ပြယ်သွားသည့်အခိုက်၌ တစ္ဆေမြို့တော်ရှိ အဆောက်အဦကြီးတစ်ခုထဲ၌ ခရမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် အရှေ့ဘက်ခြမ်း ဒုတိယအခန်းထဲ၌ လဘ္ဘက်ရည်သောက်နေ၏။ရုတ်တရက် သူ့လဘ္ဘက်ရည်ခွက်သည် ကွဲအက် လဘ္ဘက်ရည်များ ဖိတ်ကျသွားသည်။ ထိုသက်လတ်ပိုင်းလူ၏ မျက်နှာသည်လည်း ဖြူရောသွား၏။ သူက သွေးအန်ထုတ်လိုက်ရပြီး သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်ခြင်းတို့ ရှိလာသည်။
သူက အံ့အားတသင့် ဆိုမိ၏။ “နိဗ္ဗာနသန့်စင်ခြင်းအဆင့် ဖြစ်နိုင်လား…” သူ့အသွင်က ပြောင်းလဲသွား၏။ထို့နောက် သူက အံတင်းတင်းကြိတ်ကာ အခန်းထဲကနေ ပျောက်ကွယ်လို့သွားသည်။
ဝမ်လင်းသည် လေထဲ၌ ပျံဝဲနေရင်း သူ့နတ်ဘုရားအာရုံသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရော်ကလာ၏။သူက နောက်ဆုံးကျန်နေသေးသည့် နတ်ဘုရားအာရုံတစ်ခုကို အေးစက်စွာ ကြည့်သည်။ထိုနတ်ဘုရားအာရုံ၏ ပိုင်ရှင်မှာ အရှင်ရီချန်ဆိုသူပင် ဖြစ်၏။
ဖြစ်ပျက်သမျှသည် မြန်ဆန်လွန်းလှ၏။ နောက်ဆုံးကျန်နေသေးသည့် နတ်ဘုရားအာရုံက နောက်သို့ အလျင်အမြန် ဆုတ်သည်။
မထူးခြားနားအသွင်ဖြင့် ဝမ်လင်းက သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်၏။ နောက်ဆုံးကျန်သည့် နတ်ဘုရားအာရုံသည်လည်း ဝမ်လင်း၏ ညှစ်ချေခြင်းကို ခံရပြီး ဝမ်လင်းထံသို့ ဆွဲယူခြင်း ခံလိုက်ရတော့သည်။ဝမ်လင်းက ၎င်းကို ဖမ်းဆုပ်ကာ ချက်ခြင်း ချေမွပစ်လိုက်၏။
တစ္ဆေမြို့ထဲရှိ အဆောက်အဦကြီး၏ အရှေ့ဘက်ခြမ်း ပထမခန်းထဲ၌ ဆံပင်ဖြူများနှင့်အဘိုးအိုတစ်ယောက် ထိုင်နေ၏။သူက သူ့လက်ထဲ၌ စုတ်တံကိုင်ထားကာ စားပွဲပေါ်ရှိ စက္ကူချပ်ပေါ်၌ ရေးဆွဲခြင်း ပြုနေ၏။
သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့လက်ထဲရှိ စုတ်တံမှာ ပျက်စီးသွားကာ သူသည် ရုတ်တရက် မော့ကြည့်သည်။ သူ့မျက်နှာက ချက်ခြင်း ဖြူရောသွား၏။ သွေးများက သူ့လည်ချောင်းထဲသို့ စို့တက်လာခဲ့ကာ သူက အတင်းပြန်ဖိနှိပ်လိုက်ရသည်။
“မဆိုးပါဘူး…” အဘိုးအိုက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူသည် အဆုံးစွန်အမြန်နှုန်းဖြင့် ရှေ့သို့ ထိုးထွက်သွားတော့သည်။
တစ္ဆေမြို့တော်ထဲရှိ အတားအဆီးအလင်း ပျက်စီးမှုကြောင့် ကျင့်ကြံသူအားလုံးက အာရုံစိုက်မိလာကြ၏။ သူတို့အားလုံးက ကျင့်ကြံမှုအဆင့်အမျိုးမျိုးရှိကာ ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။သူက ကြမ်းတမ်း ပြလိုက်ပြီး ဖြစ်၏။ သူတို့သုံးယောက်သာ သူ့နတ်ဘုရားအာရုံကို ပြန်လွှတ်ပေးလျှင် ခုလိုမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။
မြို့ထဲကနေ အလင်းတန်းသုံးခု ပျံသန်းလာ၏။ သူတို့က ဝမ်လင်းရှေ့သို့ ရောက်လာကြသည်။ ထိုအလင်းတန်းသုံးခုမှာ ချန်ညီကိုသုံးယောက်ပင်။
ဆံပင်ဖြူနှင့်အဘိုးအိုက အရှင်ရီချန်ဖြစ်၏။ သူ့နောက်တွင် အစိမ်းရောင်ဝတ်စုံဖြင့် အဘိုးအို နှင့် ခရမ်းရောင်ဝတ်စုံဖြင့်သက်လတ်ပိုင်းလူတစ်ယောက်တို့ ရှိနေကြသည်။
သူတို့က သူတို့၏ နတ်ဘုရားအာရုံ ဖျက်စီးခံလိုက်ရသည်နှင့် အလွန်ထိတ်လန့်သွားကြလိမ့်မည် မဟုတ်ပေ။သို့ရာတွင် သူတို့ကို ကြောက်လန့်သွားစေသည်က ဝမ်လင်းက သူတို့၏နတ်ဘုရားအာရုံကို လွယ်ကူစွာ ဖျက်စီးပစ်လိုက်ခြင်းပင်။
တစ်ချက်ဖမ်းဆုပ်မှု၊ လက်သီးတစ်ချက်၊ ခြေမွခြင်းတစ်ကြိမ်။ ရိုးရှင်းသောလှုပ်ရှားမှု သုံးခုဖြင့်သာ သူတို့၏ နတ်ဘုရားအာရုံသုံးခုသည် ဖျက်စီးခံလိုက်ရခြင်း မဟုတ်လော။
မည်သည့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူကမျှ ထိုသို့ မလုပ်နိုင်ပေ။ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့် ရှိသည့် ကျင့်ကြံသူပင် ထိုသို့ မလုပ်နိုင်ချေ။ ထို့ကြောင့် ထိုသို့ လုပ်နိုင်ရသည့်အကြောင်းရင်းမှာ ထိုလူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ရန်သာ ရှိတော့၏။
“ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ…ရောင်းရင်းကျင့်ကြံသူဝမ်။ ဒီကိစ္စက ငါတို့အမှားပါ…” အရှင်ရီချန်က ခါးသီးစွာ ပြုံး၏။ သူတို့သုံးယောက်သည် ဝမ်လင်းရှေ့၌ ရပ်နေရင်း ရှက်ရွှံ့မှုကို ခံစားရ၏။ သူတို့သုံးယောက်လုံးသည် ထျန်ယွမ်ဂြိုဟ်ပေါ်၌ ကျော်ကြားလှသူများပင်။ ခုချိန်၌ သူတို့က ရန်မစသင့်သည့်သူကို ရန်သွားစမိခဲ့ကြ၏။
သူတို့သုံးယောက် အမြင်၌ အခြားတစ်ဘက်ကလူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ဟု ထင်နေသည့်အတွက် နတ်ဘုရားအာရုံကို ခပ်ကြမ်းကြမ်း ခြုံလွှမ်းလျှင်ပင် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။
သူတို့ကသာ ထိုလူ၏ ကျင့်ကြံမှုအဆင့်အမှန်ကို သိခဲ့ပါက သူ့ကို တားဆီးဝံ့ကြလိမ့်မည် မဟုတ်ပေ။ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ တစ္ဆေမျက်လုံးမြို့သို့ လာသည်ကို မည်သူက မေးခွန်းထုတ်ဝံ့ပါ့မည်နည်း။ ထိုသို့သော လူမျိုးက ဖိတ်ကြားချက် မရလျှင်ပင် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဆက်ဆံရမည်သာ ဖြစ်သည်။
“ထျန်ယွမ်ဂြိုဟ်နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဂြိုဟ်တွေမှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ဆိုတာ တကယ်ရှားလှတယ်။ ဒီလူတွေဟာ သူတို့ ခြေတစ်ချက်စောင့်တာနဲ့ ဂြိုဟ်တစ်ခုကို ဖျက်စီးနိုင်ကြစွမ်း ရှိတဲ့လူတွေ။ ဒါပေမဲ့လည်း ဝမ်လင်းဆိုတဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကိုတွေ့ ငါ တစ်ခါမျှ မကြားဖူးခဲ့ဘူး။ သူက သူ့ကိုယ်သူ ကောင်းကင်ဘုံကံကြမ္မာကလန်ကလို့ ပြောတယ်။ ဖြစ်နိုင်တာက သူဟာ ရှေ့ဖြစ်ဟောသူရဲ့ မျိုးဆက်ဟောင်းတပည့်တွေထဲက တစ်ယောက်များလား…”
ချန်ညီကိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့၏မျက်လုံးထဲ၌ သံသယတို့ ရှိနေ၏။သို့သော် စောနက ဝမ်လင်းပြသခဲ့သည့်ခွန်အားသည် အမှန်ပင် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ဖြစ်ဖို့ ထိုက်တန်နေပေ၏။
အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက ရှက်ရွှံကြောက်လန့်မှုကို ခံစားနေရသည်။သူက ပြောလာ၏။ “ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့…ရောင်းရင်းကျင့်ကြံသူဝမ်….။ငါတို့သုံးယောက် ဒီမြို့ကို စောင့်ကြပ်ပေးနေရတာ ဖြစ်တဲ့အတွက် သင့်ကို နှောက်ယှက်ဟန်တားမိတာပါ။ ကျေးဇူးပြုပြီး…ငါတို့ကို ခွင့်လွှတ်ပေးပါ…”
သက်လတ်ပိုင်းလူကလည်း မချိပြုံးပြုံး၍ တွေးနေမိ၏။ “ချန်ညီကိုသုံးယောက်ရဲ့ ဂုဏ်သတင်းဟာ တကယ်တော့ ကျဆင်းမသွားနိုင်ပါဘူးလေ။ တကယ်တော့ ဘယ်သူကများ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို ရန်စဝံ့ပါ့မလဲ…”
သူတို့သုံးယောက်လုံးက အသနားခံသည့်အသွင်ဟန်ပန်များ ရှိိနေကြကာ သူတို့၏အမှားကို ဝန်ခံနေကြ၏။ဝမ်လင်း၏အသွင်က စိတ်သက်သာရာ ရသွားသည်။သူက တည်ငြိမ်စွာ ဆိုလာ၏။ “အရင်ဆုံး အမှားလုပ်ခဲ့တဲ့ လူက ငါပါ။ ဒါ့ကြောင့် ငါတို့ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့…”
သူတို့သုံးယောက်သည် ခုမှ စိတ်သက်သာရာ ရတော့၏။ ဝမ်လင်းသည် သည်လိုမျိုး အပြီးမသပ်ခဲ့ပါက သူတို့အဖို့ ထွက်ပြေးရန်သာ ရှိတော့၏။ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို စော်ကားခြင်းက ကိုယ့်သေတွင်းကိုယ် တူးခြင်း မဟုတ်လား။
အရှင်ရီချန်က ယဉ်ကျေးစွာ ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူဝမ်က တစ္ဆေမြို့ကို လာခဲ့တာ ခရမ်းကျောက်စိမ်းရည် ပုလင်းအတွက်များလား။ ဒါပေမဲ့လည်း လေလံပွဲစဖို့က ရက်အတော်အတန် လိုသေးတယ်။ ရောင်းရင်းကျင့်ကြံသူ နေဖို့ နေရာ ရှိပြီးသားလား။ မဟုတ်ရင် ငါတို့ သင့်အတွက် နေရာတစ်ခု စီစဉ်ပေးမယ်လေ…”
ခရမ်းရောင်ဝတ်စုံသက်လတ်ပိုင်းလူနှင့် အစိမ်းရောင်ဝတ်စုံအဘိုးအိုတို့သည်လည်း ဖိတ်ခေါ်ဟန်ဖြင့် ဝမ်လင်းကို ကြည့်လိုက်ကြသည်။
သူတို့သုံးယောက် မည်မျှပင် မောက်မာပါစေ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရချိန်၌ သူတို့သည် မောက်မာမှုကို မထုတ်ဖော်ဝံ့ကြချေ။ ထိုအစား သူတို့က ရင်းနှီးလိုကြောင်းကိုသာ ပြသရသည်။
“ခရမ်းကျောက်စိမ်းရည်လား…” ထိုနာမည်သည် ဝမ်လင်းအဖို့ ရင်းနှီးနေသည်။ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူက သူတို့သုံးယောက်ကို ကြည့်၍ ခေါင်းညိတ်သည်။ “ဒီတော့ ငါက ရောင်းရင်းကျင့်ကြံသူ သုံးယောက်ကို ဒုက္ခပေးရတော့မှာပေါ့…”
အရှင်ရီချန်က ရယ်မော၍ ပြောသည်။ ပြဿနာမရှိပါဘူး။ “ရောင်းရင်းကျင့်ကြံသူဝမ်နဲ့ ခုလို ဆုံရတာ ကံကြမ္မာပါပေပဲ…” သူက ပြုံး၍ ဝမ်လင်းကို ကြိုဆိုလိုက်၏။
ဝမ်လင်းသည် နောက်လှည့်၍ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ မြို့ဂိတ်ပေါက်၌ ဘိုင်ဝေသည် သူ့ကို စူးစိုက်ကြည့်နေ၏။ သူ့နောက်၌ ရှုလီကော ရှိနေသည်။
“လာခဲ့ကြ…” ဝမ်လင်း၏အသံက မကျယ်လှပေ။ သို့သော် ဘိုင်ဝေနားထဲသို့ သူ့အသံသည် ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားသည်။
ဘိုင်ဝေသည် ခဏတာတုံ့ဆိုင်းနေပြီးနောက် လေထဲသို့ ပျံသန်းလာသည်။ ရှုလီကောက ဘိုင်ဝေ၏ နောက်ကျောကို ကြည့်ကာ မှတ်သားထား၏။ ထို့နောက် သူသည် နောက်ကနေ အမြန်လိုက်ပါသွားသည်။
သူတို့သုံးယောက်သည် ဘိုင်ဝေကို တွေ့မြင်သည့်အခါ မင်သက်သွားကြ၏။ သို့သော် သူတို့က ဘာမှတော့ မပြောကြပေ။ သူတို့က မြို့၏ အရှေ့ဘက်ခြမ်းရှိ ခမ်းနားသည့် လေးထပ်ဆောင်အဆောက်အဦ တစ်ခုထံသို့ ဦးတည်သွားကြ၏။ ထိုနေရာတွင် ခြံဝန်းနှင့် တောင်တုများရှိနေသလို စိတ်ဝိညာဉ်စွမ်းအင်လည်း သိပ်သည်းစွာ ရှိိနေ၏။
အရှင်ရီချန်က ပြုံး၍ ဆိုသည်။ “ဒါက ငါတို့ သုံးယောက်နေတဲ့ နေရာပဲ။ ရောင်းရင်းကျင့်ကြံသူဝမ်လင်း အခန်းတစ်ခန်း ယူနိုင်ပါတယ်…”
ဝမ်လင်းသည် သူ့လက်သီးစုပ်ဟန်ပြုကာ ပြုံး၍ ပြန်ပြောသည်။ “ကျေးဇူးအများကြီး တင်ပါတယ်…”
ဝမ်လင်းအပြုံးကို မြင်မှ ချန်ညီကိုသုံးယောက်သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။ ခရမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူသည် ရယ်မော၍ ဆို၏။ “အစ်ကိုဝမ်…အရင်ဆုံး နားလိုက်ပါဦး။ ငါ သစ်သီးအချို့ လာပို့ခိုင်းလိုက်မယ်…။ ငါတို့ညီကိုတွေက အစ်ကိုဝမ်နဲ့ တာအို ဆွေးနွေးကြတာပေါ့…”
အရှင်ရီချန်က ခေါင်းညိတ်၍ ပြုံးသည်။ အစိမ်းရောင်ဝတ်စုံနှင်အဘိုးအိုက ရယ်မောလိုက်၏။ “ညီသုံး ပြောတာ မှန်တယ်။ ရောင်းရင်းဝမ်နဲ့တွေ့ရတာ တကယ့်ကို သမိုင်းဝင်တယ်လို့ ဆိုနိုင်တယ်…”
ဝမ်လင်းသည် ပြုံးရုံသာ ပြုံးနေ၏။ သူက သူတို့၏နွေးထွေးစွာ ဖိတ်ခေါ်မှုကို ငြင်းပယ်ဖို့ မလိုပေ။ ထို့အပြင် သူက ခရမ်းကျောက်စိမ်းရည်ကိုလည်း စိတ်ဝင်စားနေမိ၏။ သူက ခေါင်းညိတ်ပြသည်။ “ဒီလိုဆိုမှတော့ ငါကလည်း ကျေးဇူးတင်ရမှာပေါ့…”
“အစ်ကိုဝမ်က ယဉ်ကျေးလွန်းနေပါပြီ…” ထို့နောက် အရှင်ရီချန်သည် သူ့ညီကိုနှစ်ယောက်နှင့်အတူ ပြန်ထွက်ခွာသွားကြသည်။
ဘိုင်ဝေသည် ထိုအရာများနှင့် အသားမကျပေ။ ရှေ့ဖြစ်ဟောသူ၏ တပည့်ဖြစ်နေလျှင်ပင် သူက သူ့ကျင့်ကြံမှုအဆင့်ဖြင့် ထိုအဆင့်ကျင့်ကြံသူများနှင့် ပတ်သတ်ခဲ့ဖူးခြင်း မရှိပေ။
သိပ်မကြာခင်တွင် အစေခံများသည် သူတို့အတွက် အခန်းစီစဉ်ပေးကြ၏။ သည်နေရာတွင် အခန်းလွန်များစွာ ရှိနေသည်။ ဘိုင်ဝေ ထွက်ခွာသွားသည့်နောက် ရှုလီကောကလည်း အလိုလို လိုက်ပါသွား၏။ သို့သေ်ာ ဝမ်လင်း၏ အေးစက်စက်အကြည့်အောက်၌ သူက ဝမ်လင်းနောက်သို့သာ နာခံစွာလိုက်လာရတော့သည်။
ဝမ်လင်း ရွေးချယ်လိုက်သော အခန်းသည် ဒုတိယထပ်ရှိ အတော်လေး သေသေသပ်သပ် ရှိသည့်အခန်းတစ်ခုပင်။ အခန်းထဲ၌ ခရမ်းရောင်သစ်သားစားပွဲနှင့် ကုလားထိုင်၊ အနီရောင်သစ်သားဗီရို နှင့် နံရံထက်၌ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။
အခန်းက ကြီးလှခြင်း မရှိပေ။ သို့သော် ဝမ်လင်းအဖို့ စိတ်ကျေနပ်စေ၏။ ရှုလီကောက လေထဲ၌ မြောလွင့်နေရင်း ပတ်ပတ်လည်သို့ ကြည့်နေသည်။ သူ့စိတ်ထဲ၌ အထင်သေးမှုနှင့် ပြည့်နေ၏။ သူက သည်နေရာက ဘာများကောင်းလဲဟု တွေးနေခြင်းပင်။
“ဒီမိစ္ဆာကောင်ဝမ်လင်းက သူ့ကိုယ်သူ ဘယ်လိုဇိမ်ခံရမလဲ တကယ် မသိဘူးပဲ။ ငါသာ ဆိုရင် မိန်းကလေးတွေ အများကြီးနဲ့ နေရာကို ရွေးမှာပေါ့။ အို…ဒါကမှ တကယ် သက်တောင့်သက်သာ ရှိမှာ…”
ဝမ်လင်းသည် အခန်းထဲတွင် ထိုင်ကာ မျက်လုံးမှေးလိုက်သည်။။သူက အခန်းပြတင်းပေါက်ကို လှမ်းကြည့်နေသလို ပြုမူသည်။သို့သော် အမှန်တော့ သူက ဘိုင်ဝေ၏ လုပ်ဆောင်မှုများကို တွေးနေခြင်းပင်။
“ဘိုင်ဝေ ငါ့ကို ဘာကြောင့် လာရှာရတာလဲ။ သူက ငါ့ကို ဒီနေရာကို ဘာမှမဟုတ်ဘဲနဲ့တော့ ခေါ်လာမှာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ထဲမှာလည်း ထူးဆန်းတဲ့ အမှတ်အသားတစ်ခု ရှိနေတယ်…” ဝမ်လင်းသည် စဉ်းစားနေ၏။သူက ဘိုင်ဝေသည် သူ့ကို တစ်ခုခု ပြောချင်နေသည်ဟု အမြဲ ခံစားမိနေသည်။
ဒီမြို့ကိုလာတဲ့ လမ်းတစ်လျှောက်မှာ သူငါ့ကို ပြောခဲ့တာတွေက အဓိပ္ပာယ်မရှိ အရည်မရအဖတ်မရတွေပဲ…။ သူ ငါ့ကို ဘာပြောချင်နေတာလဲ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်ရင်း ဘိုင်ဝေပြောခဲ့သမျှကို ပြန်စဉ်းစားကြည့်နေ၏. ထို့နောက် သူ့မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။
“ဘိုင်ဝေက ငါ့ကို ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေထဲမှာ ပါဝင်နေတဲ့ တစ်ခုခုကို ပြောချင်တာ ဖြစ်နိုင်လား။ ဒီလိုသာဆိုရင် သူက ငါ့ကို တိုက်ရိုက်မပြောဝံ့လောက်အောင် အခက်အခဲ အချို့ ရှိနေမှာ သေချာတယ်။သူက ငါ့ကို ကြောက်တာတော့ မဟုတ်လောက်ဘူး…ဆရာ့ကို ကြောက်တာပဲ ဖြစ်ရမယ်…”
“ဖြစ်နိုင်တာက သူ့ငါ့ကို မပြောဖို့ သူ့ကို အတားအဆီးတွေနဲ့ တားဆီးထားတာများလား…။ဒါ့ကြောင့် သူက ငါ့ကို သဲလွန်စတွေပဲ ပေးနေတဲ့ သဘောလား…”
ဝမ်လင်းသည် ဘိုင်ဝေ၏ ကျင့်ကြံမှုနည်းလမ်းကို သူ မေးလိုက်ချိန်၌ ဖြစ်ပျက်သွားသည့် တုံပြန်သည့်အမူအရာကို ပြန်စဉ်းစားကြည့်နေမိ၏။
ဝမ်လင်းသည် ဘိုင်ဝေ၏ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်လှုပ်ရှားမှုကနေ ထူးဆန်းသည့်အမှတ်အသားတစ်ခု ဖြစ်ပေါ်ခဲ့သည့်ကို ထိုအခိုက်အတန့်၌ သတိပြုမိခဲ့သည်။
“ဘိုင်ဝေ ပြောချင်နေတာက ဘာများလဲ…” ဝမ်လင်းသည် စဉ်းစားနေ၏။ထို့နောက် သူက တံခါးဝသို့ လှမ်းကြည့်လိုက်သည်။ခဏအကြာတွင် အရှင်ရီချန်၏အသံ ထွက်ပေါ်လာ၏။
“အစ်ကိုဝမ်…သစ်သီးနဲ့ဝတ်ရည်တွေ ပြင်ဆင်ပြီးပါပြီ။ ကောင်းကင်ကလည်း အခုထိ မမှောင်သေးဘူးဆိုတော့ ငါတို့လေးယောက် တာအိုအကြောင်း ဆွေးနွေးကြရင် ကောင်းမလား…”
***