Switch Mode

အပိုင်း (၁၀၁၂)

ဝမ်လင်းရဲ့ ရှက်ရွှံ့မှု

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “အမလေး…ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ…”

အိမ်ခန်းမအပြင်ဘက်ရှိ အသက်ရှုသံမှာ လေးလံနေသည်။ အချိန်အတန်ကြာပြီးနောက် တံခါးတွန်းဖွင့်၍ လှပသောအမျိုးသမီးတစ်ယောက် အခန်းအတွင်းသို့ ဝင်လာသည်။သူမက အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ထိုင်ခုံတစ်ခုပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေ၏။သူမက ဝမ်လင်းကို မကြည့်ဘဲ သူမရှေ့ရှိ နေရာလွတ်ကိုသာ တိတ်ဆိတ်စွာ ငေးနေ၏။

အခန်းသည် လုံးဝ တိတ်ဆိတ်သွားပြန်၏။ ဝမ်လင်းက မျက်လုံးပြန်မှိတ်ကာ ဆက်လက်၍ ကျင့်ကြံသည်။ သို့ရာတွင် သိပ်မကြာခင်၌ ထိုအမျိုးသမီး၏ မျက်ခုံးနှစ်ခုကြားကနေ ခပ်ဖျော့ဖျော့နတ်ဘုရားအာရုံအမျှင်တန်းတစ်ခု ထွက်ပေါ်လာ၏။

ထိုနတ်ဘုရားအာရုံက ဝမ်လင်းရှိရာသို့ တုံ့ဆိုင်းဆိုင်းနှင့် ပျံ့လွင့်လာနေသည်။

နတ်ဘုရားအာရုံ အနားသို့ ချဉ်းကပ်လာသည့်အခါ ဝမ်လင်းက မျက်လုံးဖွင့်လာကာ အလင်းတန်းတစ်ခု သူ့မျက်လုံးထဲ၌ တောက်ပစွာ ထွက်ပေါ်သွားသည်။ နတ်ဘုရားအာရုံက တုန်ယင်သွားကာ နောက်သို့ ပြန်ဆုတ်လို၏။ သို့သော် ၎င်းအာရုံက လေထဲ၌ပင် အေးခဲ့သွားလေသည်။

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မျက်နှာက သေလောက်အောင် ဖြူရောသွားသည်။သူမက သူမနတ်ဘုရားအာရုံသည် ဖယ်ရှားခံရကာ ဝမ်လင်း၏ဝါးမြိုခြင်းကို ခံလိုက်ရသည်ဟု ခံစားမိလိုက်ရသည်။

ဝမ်လင်းက ထိုအမျိုးသမီးကို စူးစိုက်ကြည့်နေရင်း နတ်ဘုရားအာရုံအပေါ် သူ့ချုပ်နှောင်မှုကို ပြန်ဖြေလျော့ပေးကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်ခွင့်ပြုလိုက်သည်။ သူမက ဝမ်လင်းရှေ့၌ ဘာတစ်ခုမှ ဖုန်းကွယ်မထားနိုင်ပေ။သူမ၏ခန္ဓာကိုယ်ပေါ်၌ ချိပ်ပိတ်မှုခြောက်ခု ရှိ၏။ထိုအရာများက သူမ၏ကျင့်ကြံမှုကို ချိပ်ပိတ်ထားခြင်းပင်။ သူမက အပြင်ပိုင်းတွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တစ်ယောက်ဟုသာ ထင်ရ၏။

ဝမ်လင်းသည် မျက်မှောင်အနည်းငယ် ကြုတ်၍ ပြောလာ၏။

“အမလေးက ဘာလိုချင်တာလဲ…”

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် တခုခုပြောလိုဟန်ဖြင့် ပါးစပ်ဟသည်။သို့သော် သူမက ပြန်တိတ်ဆိတ်သွားပြန်၏။

“အမလေး ကိစ္စမရှိတော့ဘူးဆိုရင်လည်း ငါလိုက်မပို့တော့ဘူး…” ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ညင်သာသောလေပြေတစ်ခု ထွက်ပေါ်လာကာ အမျိုးသမီး၏ ခန္ဓာကိုယ်ကို တုန်ယင်၍ တံခါးဝနားသို့ မြန်ဆန်စွာ ရောက်ရှိသွားစေသည်။ တံခါးဝသို့ ရောက်သည့်အခါ ထိုအမျိုးသမီးက ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ဝမ်လင်းကို လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောလာ၏။ “ဝမ်လင်း…ခုချိန်မှာ မင်းက ဒုတိယအဆင့်ကျင့်ကြံမှုကို ရောက်ရှိခဲ့ပြီ။ မင်း ကောင်းကင်ဘုံကံကြမ္မာကလန်အပေါ် ကျရောက်တဲ့ ဘေးကပ်ဆိုးကို မကြောက်လန့်ဘူးလား…”

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက သူ့ညာလက်ကို ဆန့်ထုတ်ကာ အမျိုးသမီးကို အခန်းအတွင်းသို့ ပြန်ဝင်လာစေလိုက်သည်။သူက တည်ငြိမ်စွာ ပြောလိုက်၏။ “စီနီယာအမက ဘာကို ဆိုလိုတာများလဲ…”

ထိုအမျိုးသမီးက အံတင်းတင်ကြိတ်ကာ ဝမ်လင်းကို ကြည့်၍ နူးညံ့စွာ ပြောလာသည်။ “နင် အတိတ်တုန်းက ထွက်မပြေးခဲ့ရင် နင်က ဒီနှစ်ပေါင်းရာချီအနည်းငယ်အကြာမှာ တစ်ခုခုကို နားလည်ရခက်တာ ဖြစ်လာနေလောက်ပြီ…”

“နင်က ငါ့ပြောတဲ့အချက်ကို ဒီကောင်းကင်ဘုံကံကြမ္မာကလန်မှာ ရှိခဲ့စဉ်ကတည်းက သတိပြုမိခဲ့ပြီး ဖြစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။ ကလန်ရဲ့ အပြင်တပည့်၊အတွင်းတပည့်နဲ့ တိုက်ရိုက်တပည့်တွေတောင် ဘယ်သူမှ ပုံရိပ်ယောင်ယင်အဆင့်ကို မရောက်ခဲ့ကြဘူးဆိုတာ နင် သတိပြုမိမှာပါ…”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ထိုအမျိုးသမီးကိုသာ ကြည့်နေ၏။

“ကလန်ရဲ့ တစုံတစ်ယောက်ဟာ အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကို ချိုးဖျက်ပြီး ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်တာနဲ့ အဲ့လူဟာ တစ်နှစ်အတွင်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ရတာချီပဲ။ ဒီကိစ္စက ကောင်းကင်ဘုံကံကြမ္မာကလန်အတွင်းမှာ တားမြစ်ထားတဲ့ အရာတစ်ခုလိုပဲ။ အတိတ်တုန်းက နင့်ကျင့်ကြံမှုအဆင့်ဟာ ဒါကို သိဖို့ လုံလောက်အောင် မမြင့်မားခဲ့သေးဘူး။ နင်က ဒါကို ခုထိ မသိခဲ့ဘူးလို့ ငါ ထင်တယ်…”

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။

သူမ စကားဆုံးသည့်နောက် ဝမ်လင်း၏ဟန်အမူအရာ မပြောင်းလဲသွားသည် တွေ့သည့်အခါ သူမစိတ်ထဲ၌ တမျိုးမခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။သူမက အံတင်းတင်းကြိတ်ကာ ထပ်ပြော၏။ “နင် ငါပြောတာ မယုံကြည်တာ သိပါတယ်။ဒါပေမဲ့ ငါ ကျောက်ရှင်းမိုင်ဟာ အသက်ခုနစ်ထဲက ကလန်ကို ရောက်လာခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ ဒီနေရာမှာ ကျင့်ကြံခဲ့ပြီးပြီး…”

ကျောက်ရှင်းမိုင် စကားကို ဆုံးသည့်အထိ စောင့်မနေဘဲ ဝမ်လင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဆရာက ဒီနေရာမှာ ဒီအကြောင်းပြောနေတာ သိသွားမှာ နင် မကြောက်ဘူးလား…”

“နေ့တိုင်း မနက်ငါးနာရီဆို ဆရာဟာ တံခါးပိတ်ကျင့်ကြံတယ်။ ကိစ္စကြီးတစ်ခုခုမရှိသ၍ သူဟာ ထွက်လာလေ့ မရှိဘူး။ ဆရာဟာ ဒီအလေ့အထကို လုပ်တာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီ…” ကျောက်ရှင်းမိုင်က အနည်းငယ် အလျင်လိုနေသည့်ပုံပင်။

“ဝမ်လင်း ငါပြောတာအကုန် အမှန်ပဲ….”

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ကျောက်ရှင်းမိုင်ကို ကြည့်သည်။ထို့နောက် သူက ပြောလာ၏။ “ဒါ့ကြောင့် အမလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချိပ်ပိတ်မှုခြောက်ခု ရှိနေတာပေါ့…”

ကျောက်ရှင်းမိုင်သည် ဝမ်လင်း သူမကို ဖြတ်မြင်နိုင်စွမ်း ရှိခြင်းကြောင့် မတုန်လှုပ်မိသွားပေ။သူမက ခါးသီးစွာ ပြုံး၏။ “ဒါ့အပြင် ငါက ဘာများလုပ်နိုင်ဦးမှာလဲ။ ငါ့ စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုဟာ ဆရာ့လက်ထဲမှာ။ ဒါ့ကြောင့် ငါက ကလန်ကနေလဲ ထွက်သွားလို့ မရနိုင်ဘူး။ ငါ ထွက်သွားခဲ့ရင် ဆရာ့အဖို့ ငါ့ကို ဖျက်စီးပစ်ဖို့ အတွေးတစ်ချက်ပဲ လိုလိမ့်မယ်…”

“ကလန်ထဲမှာ ငါ့လိုမျိုး ကျင့်ကြံမှုအဆင့်ကို ချိပ်ပိတ်ထားကြတဲ့ လူတွေ အများကြီး ရှိတယ်။ သူတို့ထဲမှာ အနီရောင်အုပ်စုခွဲရဲ့ စွန်ဟုန်ကတော့ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးပဲ။ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချိပ်ပိတ်မှု(၁၁) ခု ရှိထားပြီး သူမကိုယ်သူမ အာဏာတက်ခြင်းအလယ်အဆင့်ထိမှာပဲ ရှိအောင် အတင်းဖိအားပေးထားတာ။ သူမသာ ချိပ်ပိတ်မှုတွေကို ဖြေလျော့လိုက်ရင် သူမက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ထိတောင် ခပ်မြန်မြန် ရောက်သွားနိုင်လိမ့်မယ်…”

“အနီရောင်အုပ်စုခွဲရဲ့ လုဟိုင်…။ သူသာ သူ့ချိပ်ပိတ်မှုကို ဖြေလျော့ရင် သူ့ကျင့်ကြံမှုအဆင့်ဟာ အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်ထိ ချက်ခြင်း ရောက်သွားလိမ့်မယ်…”

“အုပ်စုခွဲခုနစ်ခုကြားမှာ ငါ သိတဲ့ သူတို့ရဲ့ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထားကြ၊ချိပ်ပိတ်ထားကြတဲ့ လူတွေလည်း ရှိသေးတယ်။သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုပဲ တိုးတက်လာပါစေ သူတို့က ချိပ်ပိတ်မှုကို မဖြေလျော့ရဲကြဘူး။ ငါတို့ရဲ့ အစစ်အမှန် ကျင့်ကြံမှုအဆင့် ထွက်ပေါ်လာတာနဲ့ ငါတို့ဟာ တစ်နှစ်အတွင်း ထူးဆန်းစွာ ပျောက်ကွယ်သွားကြရလိမ့်မယ်။ ငါတို့ဟာ ဒဏ်ရာအပြင်းအထန်ရလို့ ကျင့်ကြံမှုအဆင့် လျော့ကျသွားရင်တော့ အဆင်ပြေသေးတယ်။ဒါပေမဲ့ ကျင့်ကြံမှုအဆင့်ကို ဘယ်လိုပဲ ဖုန်းကွယ်ထားပါစေ ပျောက်ကွယ်နေရတုန်းပဲ…”

“ငါ့နားလည်မှုအရ ဆရာဟာ နှစ်သောင်းနဲ့ချီ ကျင့်ကြံခဲ့ပြီး တပည့်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ဒါပေမဲ့လည်း ဘယ်သူကမျှ ပုံရိပ်ယောင်ယင်အဆင့်ကို ကျော်လွန်ပြီး ကျော်ကြားလာခဲ့တယ်လို့ မကြားဖူးခဲ့ဘူး…”

ဝမ်လင်းက ကျောက်ရှင်းမိုင်ကို ပုံမှန်အတိုင်းသာ ကြည့်နေ၏။ သူမ၏ ကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုခြောက်ခုသည် အလွန်ထူးဆန်းနေသည်။ အခုလို သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်သာ မဟုတ်ပါက ဝမ်လင်းသည် ထိုချိပ်ပိတ်မှုများကို အလွယ်တကူ တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။သို့ရာတွင် ဝမ်လင်းက ရှေ့ဖြစ်ဟောသူ၏ရှေ့တွင်မူ ထိုနည်းလမ်းသည်လည်း အသုံးမဝင်ဟု ယုံကြည်ပေသည်။

“ဆရာက ငါတို့ရဲ့ ကျင့်ကြံမှုအဆင့် ချိပ်ပိတ်ထားမှုကိုတော့ မတားဘူး။ သူက ငါတို့ကို လစ်လျူရှုထားပေးတယ်…” ကျောက်ရှင်းမိုင်၏မျက်နှာထက်၌ အကြောက်တရားသာ ကြီးစိုးနေသည်။ ထိုအရာကလည်း သူမ နားမလည်သည့်ဟာ ဖြစ်နေ၏။

“ငါတို့ ဘယ်လောက်ပဲ ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထားပါစေ သူက ဒါကို မသိသလို နေပေးနေတယ်။ဒါပေမဲ့ ချိပ်ပိတ်မှုတွေ ပွင့်ဟတာနဲ့ ငါတို့ဟာ တစ်နှစ်အတွင်း ပျောက်ကွယ်သွားရလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာလောက်က လိမ္မော်ရောင်အုပ်စုခွဲရဲ့ ကျင့်ကြံမှုအဆင့်ကို ချိပ်ပိတ်ထားတဲ့ တပည့်တစ်ယောက်၏ အကန့်အသတ်ကို ရောက်လာခဲ့တော့ သူ့ချိပ်ပိတ်မှုဟာ အတင်း ပွင့်လာခဲ့ရတယ်။နောက်နေ့မှာပဲ သူလည်း ပျောက်ကွယ်သွားခဲ့ရတယ်…”

“လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့က ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထားရင်တောင် ဒါက အကန့်အသတ် ရှိတယ်။ ငါ ဒီလိုဘဝမျိုး ဆက်ပြီး မနေချင်တော့ဘူး။ လွန်ခဲ့တဲ့နှစ်ရာချီက ငါ့ချိပ်ပိတ်မှုဟာ စတင် လျော့ကျလာခဲ့ပြီး အခုနှစ်ပိုင်းမှာတော့ ငါ့ချိပ်ပိတ်မှုဟာ ပြင်းပြင်းထန်ထန်လျော့ကျလာခဲ့ရပြီ…”

“ငါ့ကို ကယ်ပေးပါ…ဝမ်လင်း…ငါ့ကို ကယ်ပါ…။နင် ငါ့ကို ကယ်ပေးတာနဲ့ ငါ ဘာပဲ လုပ်ပေးရရပါ…” ကျောက်ရှန်းမိုင်၏မျက်လုံးထဲမှ မျက်ရည်များစီးကျလာ၏။သူမက ဝမ်လင်းကို ကြည့်နေ၏။သူမအသံက ရှိုက်သံတို့ ပါဝင်လာခဲ့သည်။

“နင် မနေ့က ပြန်လာတော့ ကောင်းကင်ဘုံကံကြမ္မာကလန်ရဲ့ ကျင့်ကြံမှုကို ချိပ်ပိတ်ထားတဲ့ လူတိုင်းရဲ့ အာရုံကို စွဲဆောင်နိုင်ခဲ့တယ်ဆိုတာ နင် သိလား။ သူတို့အားလုံးက နင် ဘယ်အချိန် ပျောက်ကွယ်သွားကြမလဲ ဆိုပြီး သိချင်နေမှာ ကျိန်းသေတယ်…”

ကျောက်ရှင်းမိုင်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားသည်။သူမက ထိုအကြောင်းကို မည်သူမျှ မပြောခဲ့ဖူးပေ။ ထိုအကြောင်းအရာက ကလန်၌ တားမြစ်ထားသည့်အရာလို ဖြစ်နေခဲ့သည့် မဟုတ်လော။

သူက အရင်တုန်းက မျှော်လင့်ချက်ကင်းမဲ့နေခဲ့၏။ သူမကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုကလည်း တဖြည်းဖြည်း တနေ့ပြီးတနေ့ လျော့လာခဲ့ကာ တနေ့၌ ချိပ်ပိတ်မှုသည် ပျက်စီးသွားရပေတော့မည်။ ထိုအခါ သူမ၏ကျင့်ကြံမှုအဆင့် အစစ်အမှန် ပေါ်လာမည်။ထိုအဖြစ်က သူမကို အတော်လေးကို ကြောက်ရွှံ့နေစေသည်။

“ပြောကြာတာကတော့ အာဏာတက်ခြင်းအဆင့်ကို ကျော်လွန်သွားတဲ့လူတိုင်းဟာ ဆရာရဲ့ ဝါးမြိုခြင်းကို ခံရတယ်တဲ့။ ဝမ်လင်း ငါက ဆရာရှိကနေ ငါ့ စိတ်ဝိညာဉ်ကို ပြန်ယူပေးဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ နင်က ငါ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်မှာပဲ ထာဝရ ရှိနေစေဖို့ ငါ့ကိုယ်ပေါ်မှာရှိိတဲ့ ချိပ်ပိတ်မှုကို ပြုပြင်ပေးဖို့ တောင်းဆိုတာပါ…”

ကျောက်ရှင်းမိုင်သည် မတ်တပ်ထရပ်၏။သူက ဝမ်လင်းကို ဦးညွတ်ရန် ပြင်သည်။

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ညင်သာသောအားတစ်ခု ပေါ်လာကာ ကျောက်ရှင်းမိုင်ကို ပြန်မတ်သွားစေသည်။သူက အနည်းငယ် စဉ်းစားပြီးနောက် တခုခုပြောရန် ပြင်လိုက်သည်။ထိုအချိန်မှာပင် သူသည် အဆောက်အဦအပြင်သို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။

ကျောက်ရှင်းမိုင်က မင်သက်သွားသည်။ခဏအကြာတွင် သူမကလည်း တစ်ခုခုကို ထောက်လှမ်းမိသွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမသည် ဝမ်လင်းနားသို့ ဖျပ်ခနဲ ရောက်လာ၏။သူမ၏ ဖိနပ်တို့ကို ချွတ်လိုက်ပြီးနောက် ဝမ်လင်း၏ အိပ်ယာထဲသို့ ဝင်ရောက်ကာ သူမကိုယ်သူမ ဖုန်းကွယ်ဖို့ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။

ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။သည်အခိုက်၌ အဆောက်အဦအပြင်ဘက်၌ ပေါ့ပေါ့ပါးပါး ခြေသံတို့ ထွက်ပေါ်လာ၏။

“ဂျူနီယာညီခုနစ်…ဘိုင်ဝေ လာလည်ပါတယ်…” ဘိုင်ဝေ၏ မိန်းမဆန်သည့်အသံသည် အခန်းထဲသို့ ဝင်ရောက်လာ၏။

ဝမ်လင်းသည် ဘိုင်ဝေအပေါ် အကောင်းနဲနဲ မြင်၏။ အတိတ်တုန်းက ဘိုင်ဝေသာ ရှေ့ဖြစ်ဟောသူနှင့် ပတ်သတ်၍ လျှို့ဝှက် သတိထားဖို့ မပြောခဲ့ပါက ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူနှင့် ပတ်သတ်၍ ခုလိုမျိုး နက်နက်နဲနဲ နားလည်နေလိမ့်မည် မဟုတ်ပေ။

“စီနီယာအစ်ကို ဘိုင်ဝေ…ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ…” ဝမ်လင်း၏အသံက တည်ငြိမ်နေသည်။ သို့ရာတွင် ခပ်ဖျော့ဖျော့ခန္ဓာကိုယ်မွှေးရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာ၏။ထိုအဖြစ်က သူ့ကို မသက်မသာ ဖြစ်စေသည်။

အခန်းတံခါး ပွင့်လာ၏။ ဘိုင်ဝေသည် လှပသည့်ဟန်ပန် ရှိနေဆဲပင်။သို့သော် ခုချိန်၌ သူက ပို၍ မိန်းမဆန်လာ၏။ အခန်းထဲသို့ ရောက်သည်နှင့် သူက ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချသည်။ “အရင်တုန်းကလိုပါပဲလား။ ညီခုနစ်….မင်းက အတိတ်တုန်းကနဲ့ ဘာမှ ပြောင်းလဲမသွားဘူး…”

“အစ်ကိုဘိုဝေလည်း တူတူပါပဲ။ ငါတို့ မတွေ့ရတာ နှစ်ရာချီ ရှိခဲ့ပြီဆိုပေမဲ့ မနေ့တနေ့ကလိုပါပဲ…” ဝမ်လင်းသည် ပြုံးလိုက်၏။

ဘိုင်ဝေက ဝမ်လင်းကို ကြည့်၍ နူးညံ့စွာ ပြောလာ၏။ “ညီခုနစ်လို့ ခေါ်တာ မှားနေပြီ။ အခု ငါက စီနီယာအစ်ကို ဘိုင်ဝေ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဂျူနီယာညီမဘိုင် လို့ သုံးနှုန်းရမယ်…”

ဝမ်လင်းသည် မချိပြုံးမပြုံးမိဘဲ မနေနိုင် ဖြစ်ရလေ၏။

ဘိုင်ဝေသည် ဝမ်လင်း၏အမူအရာကို တွေ့သည့်အခါ ပြုံး၏။သူ့မျက်လုံးက တောက်ပလာသည်။ သူက ပြုံး၍ ဆိုသည်။ “ငါ့ကို ဂျူနီယာညီမဘိုင်လို့ ခေါ်တာ ဘယ်လောက်များ ခက်ခဲနေလို့တုန်း…ငါက အမြဲတမ်း မိန်းမတစ်ယောက်ပဲလေ…”

ဝမ်လင်းသည် မနေတတ်မထိုင်တတ် ဖြစ်သလို ခံစားမိ၏။ သူ့နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံမှု၊ဘဝအတွေ့အကြုံတို့ဖြင့်ပင် သူက ဘာလုပ်ရမှန်း မသိ ဖြစ်ရ၏။ သူက ချောင်းခြောက်ဆိုးကာ ပြောလိုက်၏။ “စီနီယာအစ်ကိုဘိုင်က ဘာကြောင့် လာလည်သလဲ ငါ သိချင်မိပါတယ်…”

ဘိုင်ဝေက မျက်ခုံးပင့်ကာ ဝမ်လင်းကို ကြည့်သည်။

ဝမ်လင်း၏ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းကျင့်ကြံမှုအဆင့်၊ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်တို့ဖြင့်ပင် သူသည် ထိုအကြည့်ကို မခံနိုင်သည့်အလား ဖြစ်ရသည်။သူက ညစ်ပြုံးပြုံးကာ ပြန်ပြောလိုက်ရ၏။ “ဘိုင်…ဂျူနီယာညီမဘိုင်… နင် ဒီကိုဘာအတွက် လာခဲ့တာများလဲ…”

ဘိုင်ဝေ၏အသွင်က ကျေနပ်သွားဟန်ဖြင့် သူမက ခပ်တိုးတိုး ဆိုသည်။ “ဝမ်လင်း…နင် ဒီကို ပြန်မလာသင့်ဘူး။ ဒါက ဒီနေရာမှာ ပြောဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ နင် အားလား…။ ထျန်ယွမ်ဂြိုဟ်ပေါ်မှာ တစ္ဆေမျက်လုံးလို့ ခေါ်တဲ့ စျေး တစ်ခုရှိတယ်။ နင် အားတယ်ဆိုရင် ငါတို့ အဲ့နေရာကိုသွားတဲ့လမ်းမှာ နင့်ကို တစ်ခုခု သတင်းပေးစရာ ရှိတယ်…”

ဝမ်လင်းသည် စဉ်းစားနေသည်။သူက သည်နေရာကို ပြန်မရောက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ထို့ကြောင့် သူမရှိသည့်နှစ်ရာချီအတွင်း သည်နေရာရှိ အဖြစ်အပျက်များကို ဘိုင်ဝေထံမှ သိရခြင်းသည် သူ့အဖို့ ကောင်းပေသည်။ ထို့အပြင် သူနှင့်ဘိုင်ဝေကြားရှိ ဆက်ဆံရေးက ကောင်းမွန်ပေ၏။ ထို့ကြောင့် သူ့အတွက် ငြင်းဆိုရန် အကြောင်း မရှိပေ။

ဘိုင်ဝေကို လေ့လာကြည့်သည့်နောက် သူ့ကိုယ်ပေါ်၌ ချိပ်ပိတ်မှုများ ရှိမနေပေ။သူက အမှန်တကယ်ပင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိနေခဲ့၏။

“ကောင်းပြီ…ငါတို့ ဒီနေ့နေ့လည် ခရမ်းရောင်တောင်အောက်မှာ ဆုံကြမယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset